← Chapters

အခန်း ၁၈၁

Vol. 10 Ch. 181

အခန်း ၁၈၁

Vol. 10 Ch. 181

အပိုင်း(၁၈၁) ငါ ချောကလက် မကြိုက်ဘူး

စနစ်ထဲရှိ လက်ကျန် သတ်ဖြတ်မှတ်များက ခြောက်သောင်းကျော်ပင် ရှိနေသည်။

ဤအရာက ချန်းရီကို အံ့အားသင့် ဝမ်းသာသွားစေခဲ့၏။

ပြီးခဲ့သည့်အကြိမ် မူလတန်းကျောင်းမှ ထွက်ပြေးလွတ်မြောက်လာစဉ်က ချန်းရီက တိုက်ပွဲများတွင် များများစားစား ပါဝင်ခဲ့ရခြင်း မရှိပေ။

အဓိကအားဖြင့် လမ်းစဉ်အဆင့်(၃) ဖြစ်သော ဝူကျန့်ရှန်းကို သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးသည့် လမ်းတစ်လျှောက်တွင် "အမြီး" အချို့ကို အသုံးပြုခဲ့ကာ တိုက်ပွဲဝင်ချိန်က မကြာလိုက်ချေ။

ထို့ပြင် ထိုစဉ်က ချန်းရီက အဆုံးအစမရှိသော တိုက်ပွဲဝဲကတော့ထဲသို့ ကျရောက်သွားမည်ကို စိုးရိမ်၍ တိုက်ပွဲများ မဖြစ်ပွားစေရန် တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်။

ထို့ကြောင့် သတ်ဖြတ်မှတ်က သိပ်မများခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ ချန်းရီက မြူခိုးကျွန်များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

တစ်ကြိမ် သတ်ဖြတ်မှုအတွက် ရရှိသော သတ်ဖြတ်မှတ်က နည်းပါးသော်လည်း တိုက်ခိုက်မှုများက အလွန်တရာ ထူထပ်များပြားလှပေသည်။

အချိန်က သုံးမိနစ်မျှသာ ကြာမြင့်ခဲ့ခြင်း ဖြစ်၏။

သို့သော် သတ်ဖြတ်မှတ်က ခြောက်သောင်းကျော်ပင် ရရှိခဲ့သည်။

ဤအရာကို သေချာပေါက် အစီအစဉ်တကျ အသုံးပြုရန် လိုအပ်ပေသည်။

စနစ်တွင် မပြီးဆုံးသေးသော တာဝန်တစ်ခု ကျန်ရှိနေသေးပြီး ထိုတာဝန် ပြီးဆုံးမှသာ နောက်ထပ် တာဝန်အသစ်ကို စတင်နိုင်မည် ဖြစ်သည်။

ထို့ပြင် ကားကိုလည်း အနည်းငယ် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်၏။

ယခုလက်ရှိ ဤကား၏ အခြေအနေမှာ အလွန်တရာ စိတ်ပျက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။

စောစောက အလောတကြီးဖြင့် လမ်းဘေးရှိ ပန်းခုံကို ဝင်တိုက်မိခဲ့သော်လည်း ကား၏ အဓိကအစိတ်အပိုင်းများမှာ ပြဿနာ မရှိခဲ့ပေ။

သို့သော် ကားကိုယ်ထည်၏ နေရာတော်တော်များများတွင် ချိုင့်ခွက်များ ဖြစ်ပေါ်နေခဲ့သည်။

သတ်ဖြတ်မှတ် ခြောက်သောင်းကျော်ဆိုသည်မှာ ကားနောက်ခန်းအတွက် အမိုးတစ်ခု တပ်ဆင်ရန် လုံလောက်ပေသည်။

ထိုသို့လုပ်လိုက်ပါက နောင်တွင် ညဘက်၌ တဲထိုးအိပ်ရန် လိုအပ်တော့မည် မဟုတ်ချေ။

ကားအဲကွန်း တစ်လုံးလည်း တပ်ဆင်ရပေမည်။

ကားဆီတိုင်ကီကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်သေး၏။

လူမျက်နှာ ခြေလက်ရှစ်ဖက်၏ စုပ်ခွက်လက်တံများကို အဆင့်မြှင့်တင်ရန်က သတ်ဖြတ်မှတ် နှစ်သိန်း လိုအပ်နေသေးသည်။

ဤသို့ တွက်ကြည့်လိုက်လျှင် သတ်ဖြတ်မှတ်က လုံလောက်မှု မရှိသေးသကဲ့သို့ ဖြစ်နေသည်။

ဤသတ်ဖြတ်မှတ်များသည် ဘဏ်ကတ်ထဲမှ ငွေလက်ကျန်ကဲ့သို့ပင် ဘယ်တော့မှ လုံလောက်မည် မဟုတ်ပေ။

ခေါင်းဆောင်ချူက နောက်ဆုံးတွင် သဘောကောင်းသွားပြီး ယာဉ်တန်းကို ထိုနေရာ၌ပင် မိနစ်သုံးဆယ်ခန့် အနားယူစေခဲ့သည်။

ထယ်ရှီးကို ရှာတွေ့သွားပြီဖြစ်၍ ခေါင်းဆောင်ချူ၏ စိတ်ပူပန်နေမှုများက အနည်းငယ် သက်သာရာရသွားခဲ့သည်။

စွန်းချန်းချန်း ဟူသော ခေါင်းမာသည့် ကောင်မလေးအတွက်မူ ခေါင်းဆောင်ချူက သိပ်ပြီး စိတ်ပူမနေခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ထိုကောင်မလေး၏ ယာဉ်တန်းတွင် နံပါတ်တစ် အတော်ဆုံးဆိုသည့် ဂုဏ်ပုဒ်က အလကားရထားခြင်း မဟုတ်ပါလော။

မိနစ်သုံးဆယ်အတွင်း အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ကားထိုင်ခုံများပေါ်တွင် ထိုင်ကာ မြူခိုးများကို ကြည့်ရင်း ငေးမောနေကြသည်။

သို့မဟုတ် ကားပေါ်မှဆင်းကာ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြေရှင်းရန် နေရာရှာနေကြ၏။

ထိုအချိန်ကို အခွင့်ကောင်းယူ၍ ချန်းရီ ပထမဆုံး လုပ်ရမည့်အရာမှာ ယာဉ်မောင်းဘေးခုံမှ ထိုင်ခုံကို ဖြုတ်ချပြီး လွှင့်ပစ်ရန်ပင် ဖြစ်သည်။

အဝတ်ဖြင့် ပြုလုပ်ထားသော ထိုင်ခုံသည် ထိုအဝါရောင် အရည်များကို အပြည့်အဝ စုပ်ယူထားပြီး ဖြစ်သည်။

ကံကောင်းသည်မှာ ယခုတစ်ကြိမ်တွင် ပတ်ဝန်းကျင်၌ ကားများ အများအပြား ရှိနေခြင်းပင်။

ချန်းရီက လမ်းကြမ်းမောင်းကား တစ်စီးပေါ်မှ ထိုင်ခုံတစ်ခုကို တိုက်ရိုက် ဖြုတ်ယူ၍ အစားထိုးလိုက်သည်။

ရွှီနန်က ထိုအရာကို မြင်သောအခါ အမြန်ပြေးလာပြီး ဝိုင်းကူပေးလေသည်။

ချန်းရီက ဟောင်းနွမ်းနေသော ဗင်ကားတစ်စီးထဲမှ ကား ကက်ဆက် တစ်ခုကိုပင် ရှာတွေ့ခဲ့သေးသည်။

၎င်းမှာ ကက်ဆက်ခွေ ထည့်ဖွင့်ရသော အမျိုးအစား ဖြစ်၏။

ဤအရာက ချန်းရီကို အနည်းငယ် ဝမ်းသာသွားစေခဲ့သည်။

ယခင်က ကက်ဆက်ခွေ အချို့ကို စုဆောင်းထားခဲ့သော်လည်း နောင်တွင် အသုံးပြုခွင့် ရတော့မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုလို အင်တာနက် မရှိတော့သည့် အချိန်မျိုးတွင် ဤကဲ့သို့သော ကက်ဆက်ခွေ ဖွင့်စက်က ဘလူးတုသ် စပီကာများထက် အများကြီး ပို၍ အသုံးဝင်လှပေသည်။

ထိုအရာများကို စုဆောင်းကာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားထဲတွင် တပ်ဆင်လိုက်သည်။

ကမ္ဘာပျက်ကပ် စတင်ချိန်မှ ယခုအချိန်အထိ သီချင်းတစ်ပုဒ်မျှပင် နားမထောင်ခဲ့ရချေ။

တကယ်ကိုပင် ဘဝကြီးက အလွန် ခြောက်သွေ့လွန်းလှပေသည်။

တစ်ခါတစ်ရံ ခေါင်းဆောင်ချူနှင့် ပန်းရောင်ဆံပင် ကောင်မလေးတို့၏ ကားထဲမှ ထွက်ပေါ်လာသော သီချင်းသံများကို ကြားရတိုင်း ချန်းရီမှာ အလွန် အားကျမိသည်။

ရွှီနန်က ချန်းရီကို ထိုင်ခုံ တပ်ဆင်ရာတွင် ဝိုင်းကူပေးနေသည်။

ချန်းရီက လူအုပ်ထဲတွင် ရှာဖွေနေခဲ့ပြီး အမြင်အာရုံက အလွန် ဆိုးရွားနေသောကြောင့် ခေါင်းဆောင်ချူကို အတော်ကြာမှ ရှာတွေ့ခဲ့ရသည်။

ချန်းရီက ခေါင်းဆောင်ချူ ယခင်က လူစုလေးထံမှ ယူထားခဲ့သော သေနတ်ကို မှတ်မိနေသေးသည်။

သို့သော် ထိုအချိန်တွင် ခေါင်းဆောင်ချူက ဦးလေးအားပေါင်နှင့် ရှောင်ဝမ်တို့အတွက် အဝတ်အစားများဖြင့် သင်္ချိုင်းဂူ ပြုလုပ်ပေးနေသည်။

ရှုလီနာနှင့် ကျိုးရှောင်ရှောင်တို့က ခေါင်းဆောင်ချူ၏ ဘေးတွင် ဝိုင်းကူပေးနေကြ၏။

ဦးလေးအားပေါင်နှင့် ရှောင်ဝမ်တို့ ဝတ်ဆင်ခဲ့ဖူးသော အဝတ်အစားအချို့ကို ထုတ်ယူလာပြီး လမ်းဘေး ပန်းခုံတွင် တွင်းငယ်လေးတစ်တွင်း တူးကာ ထိုအရာများကို မြှုပ်နှံပေးနေကြသည်။

မီးရှို့ပေးရန် ငွေစက္ကူအတုများ မရှိပေ။

ထို့ကြောင့် ခေါင်းဆောင်ချူက လက်ကမ်းစာစောင်များ၊ စာအုပ်များနှင့် သတင်းစာအချို့ကို ရှာဖွေလာခဲ့သည်။

အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က ထိုစက္ကူများကို ရွှေတုံးပုံစံ ခေါက်ကာ မီးရှို့ပေးလိုက်သည်။

အသက်ရှင်ကျန်ရစ်သူ အချို့က ဦးလေးအားပေါင်နှင့် ရှောင်ဝမ်တို့၏ သင်္ချိုင်းဂူကို ကြည့်ရင်း တိုးတိတ်စွာ ရှိုက်ငိုနေကြ၏။

ချန်းရီက စဉ်းစားလိုက်ပြီးနောက် ထိုနေရာသို့ မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။

သူ့ကိုယ်သူ အခြေခံစည်းမျဉ်း နိမ့်ကျသူဟု ဆိုနိုင်သော်ငြားလည်း။

သူ့တွင်လည်း ကိုယ်ပိုင် အခြေခံ စည်းမျဉ်းများ ရှိနေသေးသည်။

ခေါင်းဆောင်ချူအတွက် အချိန်အနည်းငယ် ပေးလိုက်ခြင်းက ပြဿနာမရှိနိုင်ပေ။

ချန်းရီက သူ့ကားရှေ့သို့ ပြန်ရောက်လာပြီး ပုံပျက်နေသော ကားခေါင်းဖုံးပေါ်သို့ မှီချကာ မေးလိုက်သည်။

"ပြီးသွားပြီလား"

ရွှီနန်က ချွေးသံတရွဲရွဲဖြင့် ယာဉ်မောင်းခန်းထဲမှ ထွက်လာပြီး အင်္ကျီလက်ဖြင့် နဖူးမှ ချွေးများကို သုတ်ကာ မောဟိုက်စွာဖြင့် ပြန်ဖြေသည်။

"ပြီးသွားပါပြီ... ဒါပေမဲ့ ရာနှုန်းပြည့် အံမဝင်ဘူး... ထိုင်ခုံက နည်းနည်း လှုပ်နေတော့ ထပ်ပြီး ခိုင်အောင် လုပ်ဖို့ လိုသေးတယ်"

"ရတယ်... ဒီအတိုင်းပဲ ထားလိုက်... နောက်ပိုင်းကိစ္စတွေ မင်း ဆက်လုပ်စရာ မလိုတော့ဘူး"

ရွှီနန် ယာဉ်မောင်းခန်းထဲမှ ထွက်လာချိန်တွင် ယာဉ်မောင်းခန်း တစ်ခုလုံးကို အလွန် သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းထားသည်ကို ချန်းရီ မြင်လိုက်ရသည်။

ထိုသူက အနားမယူဘဲ ချန်းရီ၏ ကားကို စတင် သုတ်သင်ပေးနေ၏။

ရွှီနန်၏ အင်္ကျီအိတ်ကပ်ထဲမှ ချောကလက်ကဲ့သို့သော သကြားလုံး အိတ်ခွံထောင့်စွန်းလေးများ ထွက်နေသည်ကို ချန်းရီ မြင်တွေ့လိုက်ရသည်။

ကမ္ဘာပျက်ကပ် စတင်ချိန်မှ ယခုအချိန်အထိ ချောကလက်ကဲ့သို့သော အရာမျိုးကို မမြင်ရသည်မှာ အတော်ကြာမြင့်နေပြီ ဖြစ်သည်။

"မင်းဆီမှာ ချောကလက် ရှိသေးတာလား"

ချန်းရီ၏ အမေးကို ကြားမှသာ ရွှီနန်က သတိဝင်လာပြီး ရယ်မောကာ ပြန်ဖြေသည်။

"အော်ဟုတ်တယ်... အရင်တုန်းက ဓာတ်ဆီပေးပြီး အဲဒီ မရဏနတ်ဂိုဏ်းသားတွေဆီကနေ လဲထားတာပါ"

"ကျွန်တော့် ညီမလေးက ချောကလက်စားရတာ ကြိုက်လို့လေ... သူ့ကို ရှာတွေ့တဲ့အခါကျရင် ပေးမလို့"

ရွှီနန် ဤစကားကို ပြောနေချိန်တွင် သူ၏ အသံက ဖော်ပြ၍မရအောင် နူးညံ့နေပြီး အမာရွတ်များဖြင့် ပျက်စီးနေသော မျက်နှာပေါ်တွင်လည်း နွေးထွေးမှုများ အပြည့်ရှိနေသည်။

ချစ်စရာကောင်းသော ညီမလေးက သူ၏ မျက်စိရှေ့တွင် ရှိနေသကဲ့သို့ပင်။

ချန်းရီ ကြောင်အမ်းသွားပြီးနောက် ပြန်လည် သတိရသွားသည်။

ယခင်က မူလတန်းကျောင်းမှ ထွက်ခွာလာစဉ် အလျင်စလို ကြည့်လိုက်ရာတွင် ရွှီနန် တစ်ယောက် ရူးသွပ်နေသူကဲ့သို့ စာသင်ဆောင်ဘက်သို့ ပြေးဝင်သွားသည်ကို သူ မြင်တွေ့ခဲ့ရသည်။

ထိုစဉ်က ဤအရူးကောင် ရွှီနန် သေချာပေါက် သေပြီဟု သူ ထင်မှတ်ထားခဲ့၏။

"အဲဒီတုန်းက မင်း အနောက်ကို ပြန်ပြေးသွားတာ ချောကလက် သွားယူဖို့လား"

ဤစကားကို မေးလိုက်ပြီးနောက် သူ၏ မေးခွန်းက အနည်းငယ် ရူးကြောင်ကြောင် နိုင်လွန်းသည်ဟု ချန်းရီ ကိုယ်တိုင်ပင် ခံစားလိုက်ရသည်။

ချောကလက် အနည်းငယ်အတွက် မည်သူက အသက်စွန့်ရဲမည်နည်း။

ကိုယ့်ညီမလေး စားရတာ ကြိုက်ရုံသက်သက်ဖြင့်လား။

ရွှီနန်က ထိုမျှလောက်အထိ မမိုက်မဲနိုင်လောက်ပေ။

ရွှီနန်က သွားဖြီးကာ ရယ်မောလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြန်ပြောသည်။

"အခုချိန်မှာ ချောကလက် ရှာဖို့က မလွယ်ဘူးလေ... ဒီအနည်းအကျဉ်းလေးကိုတောင် ပြီးခဲ့တဲ့တစ်ခေါက်က စုဆောင်းထားတဲ့ ဓာတ်ဆီတွေနဲ့ လဲထားရတာပါ"

သောက်ကျိုးနည်း... တကယ်ကြီး ဖြစ်နေတာပဲ။

"ချောကလက် တစ်ခုတည်းအတွက်တော့ မဟုတ်ပါဘူး... တခြား ရိက္ခာပစ္စည်းတချို့လည်း ပါပါတယ်"

"ကျွန်တော် သူ့ကို သေချာ ကာကွယ်မပေးနိုင်ခဲ့ဘူး... နောက်တစ်ခေါက် ပြန်တွေ့တဲ့အခါကျရင် သူ ကျွန်တော့်ကို စိတ်မဆိုးဖို့ မျှော်လင့်ရတာပဲ"

ထိုစကားကို ပြောနေစဉ် ရွှီနန်က ခေါင်းနောက်စေ့ကို ကုတ်ကာ အလွန် ရှက်ရွံ့နေသည့် ပုံစံ ပေါက်နေသည်။

ချန်းရီက ရွှီနန်ကို အေးစက်စက် ကြည့်နေလိုက်သည်။

သူ ကိစ္စအချို့ကို စဉ်းစားမိသွားသည်။

ယခင်က ဖတ်ခဲ့ရသော ဒိုင်ယာရီထဲတွင် ရွှီချင်း အမည်ရှိ မိန်းကလေးတစ်ယောက် ပါဝင်ပြီး သူမ၏ အစ်ကိုမှာလည်း ဖော်လိုဝါ သန်းချီရှိသော နာမည်ကြီး အင်တာနက် အနုပညာရှင် တစ်ယောက် ဖြစ်ပုံရသည်။

ဖြစ်များ ဖြစ်နိုင်မလားဟု ထိုစဉ်ကတည်းက အနည်းငယ် သံသယ ဖြစ်နေခဲ့သည်။

တကယ်ပဲ ဖြစ်နေမလား။

"ဆရာချန်း... ဆရာချန်း"

ချန်းရီ ငေးမောနေသည်ကို မြင်သောအခါ ရွှီနန်က ချန်းရီ၏ မျက်စိရှေ့တွင် လက်ကို ယမ်းပြလိုက်သည်။

ချန်းရီ သတိပြန်ဝင်လာပြီး ရင်ထဲမှ လှုပ်ရှားမှုများကို အတင်းဖိနှိပ်ကာ အလွန် တည်ငြိမ်သော လေသံဖြင့် မေးလိုက်၏။

"ဒါနဲ့... မင်းက ညီမလေး ညီမလေး ဆိုပြီး အမြဲ ပြောနေတာ... မင်း ညီမလေး နာမည်က ဘာလဲ"

"ရွှီချင်း... ကျွန်တော့် ညီမလေး နာမည်က ရွှီချင်း ပါ... ဆရာချန်း ဒီနာမည်ကို ကြားဖူးလို့လား"

ချန်းရီက ဤမျှလောက်အထိ စိတ်ဝင်တစား မေးမြန်းလိမ့်မည်ဟု ရွှီနန် ထင်မထားခဲ့သဖြင့် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ချန်းရီ၏ ပါးစပ်မှ သူ၏ ညီမလေးနှင့် ပတ်သက်သည့် သတင်းစကား ကြားရရန် မျှော်လင့်နေပုံရသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက သတင်းဖြစ်နေလျှင်ပင် ကောင်းလှပြီ ဖြစ်သည်။

"မကြားဖူးဘူး"

"နောက်ပိုင်း ဒီနာမည်ကို ကြားမိရင် မင်းကို ပြောပြပေးမယ်"

ချန်းရီက ဆေးလိပ်ကို ရှိုက်ဖွာလိုက်ပြီး အစွမ်းကို အသုံးမပြုခဲ့ပေ။

နီကိုတင်း၏ အကူအညီဖြင့် ရင်ထဲမှ ဖိအားများကို သက်သာစေရန်သာ ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ချန်းရီ၏ စကားကို ကြားသောအခါ ရွှီနန်၏ မျက်နှာက ချက်ချင်း ညှိုးနွမ်းသွားသည်။

"ဟုတ်ပြီ... ရွှီနန်... ကားကို ဆက်သုတ်စရာ မလိုတော့ဘူး... မင်း လုပ်စရာရှိတာ သွားလုပ်တော့"

ရွှီနန်က လက်ထဲမှ အဝတ်စုတ်ကို ချထားခဲ့ပြီး ချန်းရီကို လေးစားစွာဖြင့် ဦးညွှတ်အရိုအသေပေးကာ လှည့်ထွက်သွားသည်။

ခြေနှစ်လှမ်းခန့် လျှောက်ပြီးနောက် ရွှီနန်က အလွန် အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ပုံရ၏။

အိတ်ကပ်ထဲမှ ချောကလက် တစ်တုံးကို အခက်အခဲဖြင့် ထုတ်ယူကာ နောက်သို့ လှည့်လာပြီး ချန်းရီ၏ ရှေ့သို့ ချောကလက်ကို ကမ်းပေးလိုက်သည်။

"ဆရာချန်း... ဆရာ စားချင်တယ်ဆိုရင် ကျွန်တော် တစ်တုံး ခွဲပေးလို့ ရပါတယ်"

ချန်းရီက ထိုချောကလက်ကို ကြည့်ရင်း အတော်ကြာသည်အထိ ဘာပြောရမှန်း မသိဖြစ်နေသည်။

စောစောက သူ၏ မေးခွန်းကြောင့် ရွှီနန်က အထင်လွဲသွားပြီး သူကိုယ်တိုင် ချောကလက် စားချင်နေသည်ဟု ထင်မှတ်သွားခြင်း ဖြစ်ပေလိမ့်မည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေမှုကြောင့် ရွှီနန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။

ချောကလက် တစ်တုံးတည်းက ချန်းရီ၏ အစာစားချင်စိတ်ကို မပြည့်ဝစေနိုင်ဟုပင် ထင်မှတ်နေခဲ့၏။

ရွှီနန်၏ လက်များက အနည်းငယ် တုန်ယင်နေပြီး သူ၏ မျက်နှာတွင် အလွန် ဝေခွဲရခက်နေသည့် အမူအရာများ ပေါ်လွင်နေသည်။

အကယ်၍ အခြားအရာတစ်ခုခုသာ ဆိုလျှင် ရွှီနန်က တုံဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ချန်းရီကို ပေးလိုက်မည်မှာ သေချာလှသည်။

သို့သော် ချောကလက်ကတော့ လုံးဝ မဖြစ်နိုင်ပေ။

သူ၏ ညီမလေးက စားရသည်ကို အလွန် ကြိုက်နှစ်သက်သည် မဟုတ်ပါလော။ ယခင်က သူမကို ဝယ်ပေးရန် အမြဲ ပူဆာတတ်သော်လည်း ထိုစဉ်က သူ အလွန် အလုပ်များနေခဲ့သဖြင့် လုံးဝ ဂရုမစိုက်နိုင်ခဲ့ပေ။

ယခုအချိန်တွင်မူ ချောကလက်က မည်မျှ ရှာရခက်ခဲကြောင်း သူ သေသေချာချာ သိထားသည်။

ရွှီနန် တစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာပင်။

ချန်းရီ၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။

"ပြန်သိမ်းထားလိုက်ပါ... ငါ ချောကလက် မကြိုက်ဘူး"

ဆက်ရန်...

All Chapters