အခန်း ၁၈၄
Vol. 10 Ch. 184
အပိုင်း(၁၈၄) ရက်စက်သော တန်ဖိုး
သူ့ရှေ့ရှိ ဟောင်းနွမ်းနေသော ထင်းခုတ်ဓားမကို ကြည့်ရင်း ချန်းရီက တစ်ခဏမျှ သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောလိုက်မိသည်။
ဤထင်းခုတ်ဓားမကို အဆင့်(၁၀)အတွင်းရှိ သဘာဝလွန်ပစ္စည်းများနှင့် သွားရောက်နှိုင်းယှဉ်မိသည်မှာ သူ တကယ်ကို လွန်လွန်းသွားခဲ့ပြီ ဖြစ်သည်။
ထိပ်ဆုံးဆယ်ခုစာရင်းဝင် သဘာဝလွန်ပစ္စည်းများသည် ၎င်းတို့၏ မူလဇာစ်မြစ်ဖြစ်စေ၊ ဖန်တီးသူဖြစ်စေ၊ ၎င်းတို့၌ ကိန်းအောင်းနေသော ဒဏ္ဍာရီဆန်သည့် ဂုဏ်သတ္တိများဖြစ်စေ အားလုံးမှာ သန်းပေါင်းများစွာတွင်မှ တစ်ခုသာ ရှိသော အရာများ ဖြစ်ကြသည်။
သူ၏ ဤထင်းခုတ်ဓားမမှာမူ စက်မှုခေတ်၏ ထုတ်ကုန်တစ်ခုမျှသာဖြစ်ပြီး အသုံးပြုထားသော ပစ္စည်းများမှာလည်း အလွန်သာမန်ဆန်လှသည်။
စွန်းချန်းချန်း ထိုကောင်မလေး ပြောခဲ့သည့် လက်မှုပညာဖြင့် ပြုလုပ်ထားသည်ဆိုသော စကားများ...
ဖြစ်နိုင်ခြေအများဆုံးမှာ အလကား လျှောက်ပြောနေခြင်းသာဖြစ်ပြီး စက်ရုံထုတ် ပစ္စည်းတစ်ခုသာ ဖြစ်မည်မှာ သေချာသည်။
၎င်းကို ထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာလည်း ကြမ်းတမ်းသော အလုပ်များတွင် အသုံးပြုရန်သာ ဖြစ်ပေလိမ့်မည်။
စွန်းချန်းချန်း၏ ထိုဓားမှာမူ သူမ အဘိုး၏ စုဆောင်းထားသော ပစ္စည်းတစ်ခု ဖြစ်သည်။
စွန်းချန်းချန်းက သူမအဘိုး၏ နောက်ခံရာထူးအဆင့်အတန်းကို မပြောပြခဲ့ဖူးသော်လည်း ထိုကဲ့သို့သော မိသားစုမျိုး ရှိနေခြင်းကို ထောက်ရှုပါက သူမ၏ အဘိုးမှာလည်း သာမန်လူတစ်ယောက် မဟုတ်နိုင်မှန်း သိသာလှသည်။
သူမအဘိုး၏ စုဆောင်းမှုကို ခံရခြင်းဖြစ်၍ ထိုဓားသည်လည်း ကြီးမြတ်သော မူလဇာစ်မြစ်တစ်ခု ရှိပေလိမ့်မည်။
မျက်မှောက်ရှိ ဤထင်းခုတ်ဓားမနှင့် နှိုင်းယှဉ်လိုက်ပါက တောဘက်မှ ဆင်းရဲသားကောင်လေးနှင့် မြို့ပေါ်မှ သူဌေးသမီးလေးတို့လို ကွာခြားလွန်းလှသည်။
ခေါင်းထဲမှ ကမောက်ကမ အတွေးများကို ဖယ်ရှားပစ်လိုက်သည်။
ချန်းရီသည် "အမုန်းတရား" ၏ အခြားသော အချက်အလက်များကို ဆက်လက် စစ်ဆေးကြည့်လိုက်သည်။
[တန်ဖိုး - "အမုန်းတရား" ၏ ပိုင်ရှင်သည် ကြီးမားသော စွမ်းအားအတွက် ကြောက်မက်ဖွယ်ကောင်းသော တန်ဖိုးတစ်ခုကို ပြုလုပ်ရမည် ဖြစ်သည်။ အကယ်၍ သင်သာ ပေးဆပ်ဝံ့ပါက "အမုန်းတရား" က သင့်ကို သေချာပေါက် စိတ်ပျက်စေမည် မဟုတ်ပါ။]
[ပိုင်ရှင်၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုကို "အမုန်းတရား" ထံသို့ ယဇ်ပစ္စည်းအဖြစ် ပူဇော်ရန် လိုအပ်သည်။ အမြင်အာရုံ၊ အကြားအာရုံ၊ အရသာခံအာရုံ၊ အနံ့ခံအာရုံ သို့မဟုတ် ခြေလက်အင်္ဂါလေးပါးထဲမှ တစ်ခုခုကို ဦးစားပေး ပူဇော်နိုင်သည်]
[အမြင်အာရုံက အကောင်းဆုံးဖြစ်ပြီး "အမုန်းတရား" ၏ အဆင့်ကိုပင် မြှင့်တင်ပေးနိုင်စွမ်း ရှိသည်]
[ပေးဆပ်ရသည့် တန်ဖိုး ကြီးမားလေလေ၊ "အမုန်းတရား" ရရှိမည့် အကျိုးကျေးဇူးကလည်း ပိုမို အားကောင်းလာလေလေ ဖြစ်ပါလိမ့်မည်]
[သတိပြုရန် (၁) - ဤပူဇော်ခြင်းကို တစ်ကြိမ်သာ ပြုလုပ်ရန် လိုအပ်ပြီး "အမုန်းတရား" ၏ သစ္စာစောင့်သိမှုကို ထာဝရ ရရှိခံစားနိုင်မည် ဖြစ်သည်]
[သတိပြုရန် (၂) - ဤ "အမုန်းတရား" ကို ရရှိပြီးနောက် ပိုင်ရှင်သည် (၃) နာရီအတွင်း မည်သည့်အရာကို ပူဇော်မည်ဆိုသည်အား ဆုံးဖြတ်ရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက ကြောက်မက်ဖွယ်ကောင်းသော ဆိုးကျိုးများ ဖြစ်ပေါ်လာပါလိမ့်မည်။]
ဤအချက်အလက်ကို မြင်လိုက်ရသောအခါ ချန်းရီသည် တိတ်ဆိတ်သွားခဲ့၏။
သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုကို ဤထင်းခုတ်ဓားမအတွက် ယဇ်ပစ္စည်းအဖြစ် ပူဇော်ရမည် ဟုတ်လား။
သူသည် အနီးကပ်တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော လမ်းစဉ် အစွမ်းပိုင်ရှင်တစ်ယောက် မဟုတ်လျှင်တောင်မှ ချန်းရီသည် အနည်းငယ် တွေဝေသွားမိသည်။
သို့သော် သူ၏ ခြေလက်များကို ခုတ်ဖြတ်ကာ ထင်းခုတ်ဓားမ တစ်လက်အား ပူဇော်ရမည်ဟု တွေးလိုက်မိသည်နှင့်...
ချန်းရီက လုံးဝ ဆန္ဒမရှိပေ။
ဤတန်ဖိုးက ကြီးမားလွန်းလှပြီး ၎င်းမှာ နံပါတ်စဉ် (၂၀၀၁) ရှိသော သဘာဝလွန်ပစ္စည်းတစ်ခုသာ ဖြစ်နေသေးသည်။
သူ့အတွက် အစွမ်းအထက်ဆုံး သဘာဝလွန်ပစ္စည်းဖြစ်နေလျှင်ပင် မတန်ဟု ခံစားရသေးသည်။
အကြားအာရုံ ဟုတ်လား။
သူ့နားရွက်တစ်ဖက်ကို ဖြတ်ပေးရမှာလား။
ချန်းရီက အနည်းငယ် တွေဝေသွားသည်။
အရသာခံအာရုံ ဟုတ်လား။
ဒါကတော့ ဖြစ်နိုင်ချေ ရှိသည်။
လျှာကို ဖြတ်ထုတ်ရမှာလား။
ဖြတ်ထုတ်ပြီးသွားရင် ဘယ်လို စကားပြောရတော့မလဲ။
အနံ့ခံအာရုံကရော။
နှာခေါင်းကို ဖြတ်ရမှာလား။
မဖြစ်ဘူး... မဖြစ်ဘူး။
တကယ်ကို ရက်စက်လှတဲ့ တန်ဖိုးပါလား။
သို့သော် နံပါတ်စဉ် (၂၀၀၁) ရှိသော ဤထင်းခုတ်ဓားမကို လက်လွှတ်လိုက်ရန်မှာလည်း ချန်းရီအတွက် အနည်းငယ် မကျေမချမ်း ဖြစ်မိသည်။
နံပါတ်စဉ်က ဤအဆင့်အထိ ရောက်နေပြီဖြစ်ရာ တစ်ကမ္ဘာလုံးတွင်မှ သဘာဝလွန်ပစ္စည်း အခု (၂၀၀၀) သာ ၎င်း၏ အရှေ့တွင် ရှိနေခြင်း ဖြစ်သည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက မိစ္ဆာပစ်ကပ်ကားအဖြစ်သို့ အဆင့်မြှင့်တင်ပြီးသွားမည့် နေ့တွင် ထင်းခုတ်ဓားမ၏ နံပါတ်စဉ်ထက် သေချာပေါက် ပိုမို ရှေ့ရောက်သွားမည်ဟု ချန်းရီ ယုံကြည်ထားသည်။
သို့သော် ၎င်းမှာ အချိန်အတော်ကြာပြီးနောက်မှ ဖြစ်လာမည့် ကိစ္စရပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ညာဘက်မျက်လုံး ဆိုရင်ကော။
ချန်းရီက ညာဘက်မျက်လုံးကို တွေးမိသွားသည်။
လမ်းစဉ် အဆင့် (၂) သို့ ရောက်ရှိပြီးကတည်းက သူ၏ ညာဘက်မျက်လုံး အမြင်အာရုံမှာလည်း နေ့စဉ်နှင့်အမျှ အားနည်းလာခဲ့သည်။
ယခုကဲ့သို့ မြူနှင်းများ ထူထပ်နေသော ပတ်ဝန်းကျင်မျိုးတွင် ညာဘက်မျက်လုံးမှာ မျက်ကန်းတစ်ပိုင်း အခြေအနေသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဘယ်ဘက် မျက်လုံးဖြစ်သော သွေးမျက်လုံးမှာမူ ခန္ဓာကိုယ်နှင့် ပိုမို ပေါင်းစပ်လာသည်နှင့်အမျှ...
ဘယ်ဘက် သွေးမျက်လုံး၏ အမြင်အာရုံမှာ သာမန်လူတစ်ယောက်၏ အမြင်အာရုံ အမြင့်ဆုံးအဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာကြောင်းကို ချန်းရီ ခံစားနေရသည်။
သို့သော် ထိုသို့ဖြစ်နေသည့်တိုင် ချန်းရီမှာ အနည်းငယ် တွေဝေနေဆဲပင်။
နေပါဦး... ဒီတန်ဖိုးဆိုတာက ခန္ဓာကိုယ် အစိတ်အပိုင်းကို ယဇ်ပစ္စည်းအဖြစ် ပူဇော်ရမယ်လို့ ပြောထားတာ မဟုတ်လား။
သူက ဦးစားပေးရမယ်လို့ပဲ ပြောထားတာလေ၊ မဖြစ်မနေ ပေးရမယ်လို့မှ မပြောထားတာ။
ငါ... လိပ်ခေါင်းကို အသုံးပြုလိုက်ရင်ရော ဘယ်လိုနေမလဲ။
လိပ်ခေါင်းဆိုတာလည်း ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာက လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန် ခွဲထုတ်ပစ်ရမယ့် အရာပဲလေ၊ အနှေးနဲ့ အမြန်ပဲ ကွာတာ။
နောက်မှ ခွဲရမယ့်အစား အခုပဲ ခွဲထုတ်လိုက်တာက ပိုကောင်းတာပေါ့။
ဖြစ်နိုင်ချေ... ရှိလောက်တယ်။
ချန်းရီက တွေးလေလေ ထိုအကြံအစည်မှာ ဖြစ်နိုင်ချေ ရှိလေလေဟု ခံစားလာရသည်။
လိပ်ခေါင်း မရရင်တောင် ချိုင်းမွှေးတွေ ပေးလို့ ရသေးတာပဲလေ။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ငါ့ခန္ဓာကိုယ်ပေါ်မှာ ပေါက်နေတာချည်းပဲဟာ။
"အမုန်းတရား" ထင်းခုတ်ဓားမက အငြိုးအတေးတစ်ခုကို ခံစားလိုက်ရပုံပေါ်ပြီး ဓားမကိုယ်ထည်တစ်ခုလုံး ရူးသွပ်မတတ် တုန်ခါလာလေသည်။
ပြင်းထန်သော ဆန့်ကျင်ဘက် အသိစိတ်တစ်ခုက ချန်းရီ၏ ခေါင်းထဲသို့ တိုက်ရိုက် ရောက်ရှိလာတော့သည်။
ဓားအိမ်၏ အက်ကွဲကြောင်းများထဲမှနေ၍ မရေမတွက်နိုင်သော သွေးမျှင်ရှည်များပင် ထွက်ပေါ်လာပြီး ရူးသွပ်စွာ ဆန္ဒပြနေသကဲ့သို့ ဖြစ်နေသည်။
ချန်းရီပင် ကြောင်အမ်းသွားခဲ့၏။
ကျစ်... ဒီဓားစုတ်က ဒီလိုမျိုး လုပ်နိုင်သေးတာလား။
ဒီလို တုံ့ပြန်မှုမျိုးတောင် ရှိသေးတယ်ပေါ့။
တောက်။
ချန်းရီသာ အဆုံးအဖြတ်ချလိုက်မည်ဆိုပါက ဤထင်းခုတ်ဓားမက ချက်ချင်း သပိတ်မှောက်ပြမည့်ပုံ ပေါ်နေသည်။
အကယ်၍သာ "အမုန်းတရား" သည် လူတစ်ယောက်ဖြစ်နေခဲ့ပါက ယခုအချိန်တွင် ချန်းရီအား ဒေါသတကြီးဖြင့် ဆဲဆိုနေလောက်ပြီ ဖြစ်သည်။
ချန်းရီက ထိုအတွေးကို ဖျောက်ဖျက်လိုက်ပြီးနောက်မှသာ ထင်းခုတ်ဓားမက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး တစ်ခါတစ်ရံမှသာ ဓားကိုယ်ထည်က ဆတ်ကနဲ တုန်သွားတော့သည်။
၎င်းမှာ ခေါင်းမာပြီး ရှိုက်ငိုနေသော ကလေးတစ်ယောက်နှင့် ပုံစံတူလှသည်။
ဓားအိမ်ပေါ်ရှိ သွေးမျှင်များကလည်း ဓားအိမ်ထဲသို့ တဖြည်းဖြည်း ပြန်ဝင်သွားကြသည်။
"အေးပါ... အေးပါ... ငါ အဲဒီလို မလုပ်တော့ပါဘူး"
ချန်းရီက ဆေးလိပ်ကို ကိုက်ထားရင်း သွေးရောင်ဓားအိမ်ကို လက်လှမ်းကာ ပွတ်သပ်ပေးလိုက်သည်။
ထင်းခုတ်ဓားမမှာ တုန်ခါနေဆဲဖြစ်ပြီး ချန်းရီ ပြောသည်ကို လုံးဝ မယုံကြည်သည့်ပုံ ပေါ်နေသည်။
ချန်းရီက ဤစိတ်အနှောင့်အယှက်ဖြစ်စရာကို ဖိနှိပ်ထားလိုက်သည်။
ထို့နောက် ထင်းခုတ်ဓားမ၏ နောက်ဆုံး အချက်အလက်များကို ဆက်လက် စစ်ဆေးကြည့်လိုက်သည်။
["အမုန်းတရား" ၏ စကား - "တောက်... အဲဒီ မျိုးမစစ်ဓား... မင်းကြောင့် ငါ့ရဲ့ နံပါတ်စဉ် (၂၀၀၀) နေရာလေး လွင့်သွားရပြီ... ငါ မကျေနပ်ဘူး... မင်း စောင့်နေလိုက်... ဒီရန်ငြိုးကို ငါ မှတ်ထားတယ်"]
၎င်းမှာ "အမုန်းတရား" ထင်းခုတ်ဓားမနှင့် ပတ်သက်သည့် အောက်ဆုံးမှ ဒုတိယမြောက် အချက်အလက် ဖြစ်သည်။
ဤအချက်အလက်ကို မြင်လိုက်ရသောအခါ ချန်းရီ အနည်းငယ် ကြောင်အမ်းသွားခဲ့၏။
နောက်ဆုံး စာကြောင်းက ဤထင်းခုတ်ဓားမ အပြောချင်ဆုံး စကားကို ရည်ညွှန်းနေတာများလား။
သဘာဝလွန်ပစ္စည်းများသည် အိမ်မွေးတိရစ္ဆာန်များနှင့် တူကြပြီး ပစ္စည်းတိုင်းတွင် ကိုယ်ပိုင် တွေးခေါ်မှုများ ရှိကြသည်။
အချို့သော သဘာဝလွန်ပစ္စည်းများမှာ ဟက်စကီးခွေးများနှင့် တူကြပြီး အချို့မှာမူ တိတ်ဆိတ်ငြိမ်သက်နေသော ကြောင်လေးတစ်ကောင်နှင့် တူကြသည်။
ဤနံပါတ်စဉ် (၂၀၀၁) ရှိသော ထင်းခုတ်ဓားမမှာ ဟက်စကီးခွေးတစ်ကောင်နှင့် ပိုတူနေမှန်း သိသာလှသည်။
ဒါပေမဲ့ "အဲဒီ မျိုးမစစ်ဓား" ဟုတ်လား။
ဓားတစ်လက်က ထိပ်ဆုံး နံပါတ်စဉ် နှစ်ထောင်အတွင်းသို့ တိုးဝင်လာခြင်းကြောင့် "အမုန်းတရား" အား (၂၀၀၁) နေရာသို့ တွန်းပို့လိုက်သလို ဖြစ်သွားခြင်းများလား။
ထို့ကြောင့်ပင် "အမုန်းတရား" က ဤ "မျိုးမစစ်ဓား" ကို မုန်းတီးသွားခဲ့ခြင်း ဖြစ်ပေမည်။
သို့သော် ဤနောက်ဆုံး စာကြောင်းလေးက "အမုန်းတရား" ဆိုသည့် နာမည်နှင့်တော့ အတော်လေး လိုက်ဖက်လှပေသည်။
နောက်ဆုံး တားမြစ်ချက်မှာ သွေးသားတော်စပ်သူများရှေ့တွင် ဓားမထုတ်ရဆိုသည့် အချက်ပင် ဖြစ်သည်။
ထိုသို့မဟုတ်ပါက "အမုန်းတရား" က ပိုင်ရှင်၏ သွေးသားတော်စပ်သူကို ချက်ချင်း ခုတ်ထစ်သတ်ဖြတ်ပစ်မည် ဖြစ်သည်။
လက်ထဲရှိ ထင်းခုတ်ဓားမထံမှ မငြိမ်မသက်ဖြစ်နေသော အသိစိတ်တစ်ခုက ထွက်ပေါ်လာပြီး ချန်းရီအား ပူဇော်မှု ပြုလုပ်မည့် ဆုံးဖြတ်ချက်ကို အမြန်ဆုံး ချမှတ်ရန် တိုက်တွန်းနေသည့်ပုံ ပေါ်နေသည်။
ထို့အပြင် ထိုအသိစိတ်က တဖြည်းဖြည်း ပိုမို အားကောင်းလာခဲ့သည်။
အသိပေးချက်အရ ချန်းရီသည် (၃) နာရီအတွင်း မည်သည့်အရာကို ပူဇော်မည်ဆိုသည်အား မဖြစ်မနေ ဆုံးဖြတ်ရမည် ဖြစ်သည်။
ချန်းရီက လက်ထဲရှိ ထင်းခုတ်ဓားမကို ကြည့်လိုက်သည်။
ထို့နောက် သူ့လက်ကိုဆန့်ထုတ်ကာ ကိုယ်ပိုင် ညာဘက်မျက်လုံးကို ပွတ်သပ်လိုက်သည်။
လမ်းစဉ် မြင့်တက်လာသည်နှင့်အမျှ လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိသွားချိန်တွင်...
ညာဘက်မျက်လုံးမှာလည်း မျက်ကန်းဖြစ်သွားရန် ရာခိုင်နှုန်း များပြားလှသည်။
ယခုအချိန်တွင် ဘယ်ဘက်မျက်လုံး ရှိနေပြီဖြစ်ရာ ညာဘက်မျက်လုံးမှာ သိပ်အရေးမကြီးတော့သကဲ့သို့ ဖြစ်နေသည်။
နှုတ်ခမ်းထောင့်ရှိ ဟွာဇီးဆေးလိပ်မှာ တဖြည်းဖြည်း လောင်ကျွမ်းသွားပြီးနောက် ချန်းရီက အံကြိတ်လိုက်ကာ ဘေးနားရှိ အမျိုးသမီးအား ပြောလိုက်သည်။
"သွား... ဒေါက်တာလော်ကို ခေါ်လာခဲ့"
အမျိုးသမီး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်... ဟုတ်ကဲ့... အခုပဲ သွားလိုက်ပါ့မယ်"
"မှတ်ထားနော်... ဒေါက်တာလော်ကို သူ့မိန်းမပါ ခေါ်လာခဲ့လို့ ပြောလိုက်"
အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ထပ်မံ တုန်ယင်သွားပြန်ပြီး အလျင်အမြန် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
သို့သော် သူမ၏ စိတ်ထဲတွင်မူ သံသယဖြစ်နေမိသည်။ ဒေါက်တာလော်၏ မိန်းမမှာ သာမန်ရုပ်ရည်မျိုးသာ ဖြစ်ပြီး သူမလောက်ပင် မလှချေ။
ဒါမှမဟုတ် ဆရာချန်းက သူများမယားကိုမှ သဘောကျတတ်တဲ့ အကျင့်များ ရှိနေတာလား။
စောစောက ချန်းရီ၏ မျက်နှာအမူအရာမှာ တစ်ချက်ကောင်း တစ်ချက်ဆိုးဖြစ်နေပြီး လက်ထဲရှိ ထင်းခုတ်ဓားမကို ပွတ်သပ်နေပုံမှာ ရူးသွပ်နေသည့် စိတ်ဖောက်ပြန်သူတစ်ယောက်နှင့်ပင် တူနေသေးသည်။
ကျန်းယန့်ဖိန်ဟု ခေါ်သော ဤအလယ်အလတ်အရွယ် အမျိုးသမီးမှာ ကြောက်လန့်လွန်း၍ သေးပင် ထွက်ကျတော့မတတ် ဖြစ်နေခဲ့သည်။
ညစာ စားနေသော ဒေါက်တာလော်သည် ချန်းရီက သူ့အား ခေါ်ခိုင်းလိုက်သည်ကို ကြားလိုက်ရသောအခါ မျက်နှာ အလွန် ပျက်ယွင်းသွားခဲ့သည်။
ချန်းရီက သူ့မိန်းမကိုပါ ခေါ်လာခိုင်းကြောင်း ထပ်မံ ကြားလိုက်ရသောအခါ ဒေါက်တာလော်သည် မကောင်းသော မှတ်ဉာဏ်အချို့ကို ချက်ချင်း တွေးမိသွားတော့သည်။
ဒီ ခွေးမသား။
ငါ့ကို အလုပ် ထပ်ခိုင်းဦးမလို့ပဲ။
ငါ့ကို ထပ်ပြီး ခြိမ်းခြောက်ဦးမလို့ပဲ။
သိကြားမင်းက ဒီကောင့်ကို ဘာလို့ မိုးကြိုးပစ်ချပြီး သတ်မပစ်သေးတာလဲ။
ဆက်ရန်...