← Chapters

အခန်း ၁၈၅

Vol. 10 Ch. 185

အခန်း ၁၈၅

Vol. 10 Ch. 185

အပိုင်း(၁၈၅) ရင်းနှီးနေသော အလုပ်

ယနေ့ ညစာကို ချန်းရီ တစ်ယောက်တည်းသာ စားနေသည်။

ခေါင်းဆောင်ချူ ဖြစ်သော ချူချယ်က အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသောကြောင့် ယခုအချိန်တွင် အိပ်ပျော်နေပြီ ဖြစ်သည်။

ကျန်းယန်ဖင်းက ခေါင်းဆောင်ချူအတွက် ဝေစုကို သေချာ ထုပ်ပိုးထားပေးပြီး ခေါင်းဆောင်ချူ နိုးလာပါက အနည်းငယ် နွှေး၍ စားနိုင်ရန် အသင့်ပြင်ထားပေးသည်။

အစွမ်းပိုင်ရှင်များ၏ ထမင်းချက်အဖြစ် တာဝန်ယူရသောကြောင့် ကျန်းယန်ဖင်းသည်လည်း ရွှီနန်ပေးသော လုပ်အားခကို ရရှိခဲ့သည်။

ချန်းရီ ညစာစားနေစဉ်မှာပင် ဒေါက်တာလော် ရောက်လာခဲ့ပြီး သူ၏ နောက်တွင် ကြောက်ရွံ့တုံဆိုင်းနေသော အမျိုးသမီးတစ်ဦးလည်း ပါလာခဲ့သည်။

ချန်းရီ ထမင်းစားနေသည်ကို မြင်သောအခါ ဒေါက်တာလော်က ချန်းရီကို အကျယ်ကြီး အော်ပြောလိုက်သည်။

"ချန်းရီ... မင်း သိပ်မလွန်လာနဲ့... ဒီယာဉ်တန်းက မင်းတစ်ယောက်တည်း ဗိုလ်ကျလို့ရတဲ့ နေရာမဟုတ်ဘူး"

ဒေါက်တာလော်၏ မျက်နှာပေါ်ရှိ အမူအရာက အလွန် ဒေါသထွက်နေပုံရပြီး မလာမီကတည်းက ချန်းရီသာ အလွန်အကျွံ လုပ်လာပါက အသေခံ၍ ရင်ဆိုင်မည်ဟုပင် တွေးထားခဲ့သည်။

သို့သော် ချန်းရီက ထိုသွေးရောင် မျက်လုံးဖြင့် သူ့ကို အေးစက်စက် တစ်ချက်မျှသာ လှမ်းကြည့်လိုက်သည်။

မလာမီက စုဆောင်းလာခဲ့သော ရဲစွမ်းသတ္တိများမှာ ဤတစ်ခဏအတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့ရ၏။

ယခုအချိန်တွင် ဒေါက်တာလော်မှာ အနည်းငယ်ပင် ကြောက်ရွံ့လာပြီး ခန္ဓာကိုယ်မှာလည်း တသိမ့်သိမ့် တုန်ယင်နေသည်။

သို့တိုင်အောင် ဒေါက်တာလော်က သူ၏ ဇနီးရှေ့တွင် အသေအလဲ ဝင်ရောက် ကာကွယ်ပေးထားဆဲ ဖြစ်သည်။

သူ၏ ဇနီးဖြစ်သူမှာ ဒေါက်တာလော်၏ ကျောဘက်တွင် ပုန်းကွယ်နေပြီး မျက်နှာပေါ်ရှိ အမူအရာက ကြောက်ရွံ့နေသည့်အပြင် မတတ်သာသော အရိပ်အယောင်များလည်း ဖုံးလွှမ်းနေသည်။

ယခင်ကလည်း ဤကဲ့သို့ ကိစ္စမျိုး တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။

ဤအမျိုးသမီးသည်လည်း သူမ ဘာကို ရင်ဆိုင်ရမည်ဆိုသည်ကို ကောင်းကောင်း သိထားသည်။

သို့သော်လည်း။

ဤလူက ရူးနေတာများလား၊ သူမ၏ ခင်ပွန်းကို အကူအညီတောင်းချင်သည်ကို သူမအား ဓားစာခံလုပ်၍ ခြိမ်းခြောက်နေရသလား။

ဒေါက်တာလော်၏ ဒေါသတကြီး အော်ဟစ်မှုကို ရင်ဆိုင်ရသော်လည်း ချန်းရီ၏ စိတ်ထဲတွင် အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်း မရှိသလို မျက်ခွံပင် ပင့်မကြည့်ခဲ့ပေ။

သူ့ရှေ့ရှိ ညစာကိုသာ အာရုံစိုက်ကာ စားသောက်နေသည်။

သာမန်လူတစ်ယောက်သည် ချန်းရီအတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်နိုင်ချေ။

ဒေါက်တာလော်ကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားလျှင်ပင် သူ့ကို သတ်ဖြတ်နိုင်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

"ခဏနေ ထမင်းစားပြီးရင်... ကျုပ်ရဲ့ ညာဘက်မျက်လုံးကို ထုတ်ပေး"

"မင်း... ဒီ အရူးကောင်"

ဒေါက်တာလော်က မည်သို့သော စကားလုံးများဖြင့် ဖော်ပြရမည်ကို မသိတော့ဘဲ သူ့ရှေ့မှ လူသည် အရူးတစ်ယောက်ဖြစ်သည်ဟုသာ ခံစားနေရသည်။

"ကျုပ်ပြောတဲ့အတိုင်းသာ လုပ်... ကျန်တဲ့ကိစ္စတွေအတွက် ခင်ဗျားရဲ့ သဘောထားကို မလိုအပ်ဘူး"

"ခင်ဗျား သွားပြီး ပြင်ဆင်လိုက်တော့"

"နာရီဝက်နေရင် ကျုပ်ဆီကို လာခဲ့"

"ခွဲစိတ်လို့ ပြီးသွားရင်... ကျုပ် ခင်ဗျားတို့ကို ခေါက်ဆွဲခြောက် တစ်ဖာ ပေးမယ်... ဒါ ဘာကို ဆိုလိုသလဲဆိုတာ ခင်ဗျား သိမှာပါ"

ချန်းရီ၏ အနောက်ခုံတွင် ခေါက်ဆွဲခြောက် တစ်ဖာ ကျန်ရှိနေသေးသဖြင့် ၎င်းကိုပင် လုပ်အားခအဖြစ် ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဒေါက်တာလော်က ပါးစပ်ဟလိုက်သော်လည်း ဘာမှ ဆက်မပြောဖြစ်တော့ပေ။

ဒါက ခေါက်ဆွဲခြောက် တစ်ဖာလုံး ဖြစ်သည်။

ယခင်က ချန်းရီကို ခွဲစိတ်ပေးခဲ့စဉ်က ဓာတ်ဆီတစ်ပုံး ရရှိခဲ့ပြီး ထိုဓာတ်ဆီပုံးကို အားကိုး၍ ဇနီးမောင်နှံနှစ်ဦး၏ နေထိုင်စားသောက်မှုက အခြား အသက်ရှင်ကျန်ရစ်သူများထက် အများကြီး ပိုမို ကောင်းမွန်ခဲ့သည်။

ဤကဲ့သို့သော ပတ်ဝန်းကျင် အခြေအနေမျိုးတွင် ဤသို့သော ခွဲစိတ်မှုမျိုးကို လုပ်ဆောင်ရမည်။

ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် ဒေါက်တာလော်သည် ဆရာဝန်လိုင်စင်ပင် ရုပ်သိမ်းခံရနိုင်ခြေ ရှိသည်။

သို့သော် ယခုအချိန်က ကမ္ဘာပျက်ကပ် ဖြစ်နေပြီး လူနာကလည်း သာမန်လူ မဟုတ်ပေ။

ဒေါက်တာလော်က သူ၏ ဇနီးဖြစ်သူကို ဆွဲထူရန် ပြင်လိုက်ချိန်မှာပင်။

မီးခိုးငွေ့များထဲမှ မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော လူပုံစံတစ်ခု ထွက်ပေါ်လာရာ ဒေါက်တာလော်မှာ လန့်ဖြန့်သွားပြီး သူ၏ ဇနီးကို ကာကွယ်ရင်း နောက်သို့ တရစပ် ဆုတ်သွားလေသည်။

"အရင်စည်းမျဉ်းအတိုင်းပဲ... ခင်ဗျား မိန်းမကို ဒီမှာ ထားခဲ့"

"မင်း..."

ဒေါက်တာလော်က ချန်းရီကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း ချန်းရီကမူ သူ၏ ထမင်းကိုသာ ဆက်လက် စားသောက်နေပြီး မော့ကြည့်သည့် လှုပ်ရှားမှုလေးပင် မရှိခဲ့ပေ။

မည်သို့ပင် ဆိုစေကာမူ ၎င်းက ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်တော့သဖြင့် ဒေါက်တာလော်မှာလည်း ပထမအကြိမ်ကလောက် ထိတ်လန့်တုန်လှုပ်ခြင်း မရှိတော့ပေ။

သူ၏ ဇနီးကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးပြီးနောက် ချက်ချင်း အပြေးအလွှား ထွက်သွားတော့သည်။

စောစောက ကျန်းယန်ဖင်းသည် ဒေါက်တာလော်ကို သွားရောက် ခေါ်ဆောင်စဉ်က ချန်းရီက သူ့ကို ရှာနေကြောင်းသာ ပြောခဲ့သည်။

ဒေါက်တာလော်ကလည်း ချန်းရီသည် နောက်ထပ် မျက်လုံးတစ်ဖက်ကို ထုတ်ပစ်ရန် သူ့ကို ခေါ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

ထို့ကြောင့် မည်သည့် ခွဲစိတ်ကိရိယာကိုမျှ ယူဆောင်လာခဲ့ခြင်း မရှိပေ။

ဒေါက်တာလော်၏ ဇနီးက ချန်းရီကို တစ်ချက် ကြည့်လိုက်ပြီး ဘေးနားရှိ မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော ထူးဆန်းသည့် လူပုံစံကိုလည်း တစ်ချက် လှမ်းကြည့်ကာ လိမ္မာရေးခြားရှိစွာဖြင့် နေရာတစ်ခုရှာ၍ ထိုင်နေလိုက်သည်။

ဒေါက်တာလော်၏ ဇနီးသည် ဒေါက်တာလော်နှင့် အသက်အရွယ် အတူတူလောက်ပင် ဖြစ်ပြီး အသက် လေးဆယ်အရွယ် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။ မျက်နှာတွင် မျက်မှန်ကိုင်းသေးသေးလေးကို တပ်ဆင်ထားကာ ရုပ်ရည်က သာမန်သာ ဖြစ်သော်လည်း တည်ငြိမ်အေးချမ်းသော အငွေ့အသက်များ ရှိပြီး ပညာတတ် တစ်ဦးနှင့် တူသည်။

ဒေါက်တာလော်က သူမအပေါ် ဆက်ဆံသည့် အပြုအမူကို ကြည့်ခြင်းအားဖြင့် ဇနီးမောင်နှံနှစ်ဦး၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်ကြောင်း သိသာနိုင်သည်။

ချန်းရီက မူလကတည်းက မိန်းမလှလေးများကို မြင်သည်နှင့် ခြေလှမ်းမရွှေ့နိုင်တော့သည့် လူစားမျိုး မဟုတ်သဖြင့် ဤကဲ့သို့သော အမျိုးသမီးမျိုးကို တစ်ခုခု လုပ်ဆောင်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

သူတို့ နှစ်ဦးကြားရှိ လေထုမှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး စကားတစ်ခွန်းမျှပင် မပြောခဲ့ကြချေ။

ထို မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော လူပုံစံမှာ အခြေခံအကျဆုံး လူပုံစံ ဖန်တီးထားခြင်းမျှသာ ဖြစ်ပြီး မည်သည့် ထူးခြားသော အစွမ်းအစမှ မရှိပေ။

သာမန်လူတစ်ယောက်ကို ကိုင်တွယ်ရန်အတွက်မူ ဤအဆင့်က လုံလောက်နေပြီ ဖြစ်သည်။

ဆယ်မိနစ်ခန့်သာ ကြာပြီးနောက် ဒေါက်တာလော်က အဖြူရောင် သေတ္တာငယ်လေး တစ်လုံးကို ကိုင်ကာ ပြန်ရောက်လာခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ဒေါက်တာလော်၏ ပြင်ဆင်မှုက ယခင်ကထက် များစွာ ပိုမို ပြည့်စုံနေခဲ့သည်။

ချန်းရီသည်လည်း ညစာ စားသောက်ပြီးသွားခဲ့ပြီ ဖြစ်သည်။

ဤ ငါးအသားလွှာကြော်ဆိုင်တွင် သီးသန့်အခန်း နှစ်ခန်း ရှိသေးရာ ထိုအထဲမှ တစ်ခန်းတွင် နေထိုင်သူမှာ သေချာပေါက် ချူချယ်ပင် ဖြစ်သည်။

အခြား သီးသန့်အခန်း တစ်ခန်းတွင် နေထိုင်သူမှာ ချန်းရီပင် ဖြစ်သည်။

ထယ်ရှီး အတွက်ကတော့။

အသက်ရှင်ကျန်ရစ်သူ အချို့က သူ့ကို ထမ်း၍ ဧည့်ခန်းမဆောင်ထဲတွင် သိပ်ထားခဲ့ပြီး ဤဖြစ်စဉ် တစ်ခုလုံးတွင် နိုးလာမည့် အရိပ်အယောင် လုံးဝ မရှိခဲ့ပေ။

ခွဲစိတ်မှု လုပ်ငန်းစဉ်က အလွန် ထူးဆန်းကြောက်မက်ဖွယ် ကောင်းလှသည်။

မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော လူပုံစံတစ်ခုက ဒေါက်တာလော်၏ ဇနီးဘေးတွင် မတ်တတ်ရပ်ကာ စောင့်ကြပ်နေသည်။

ချန်းရီက ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် ဟင်းသီးဟင်းရွက်လှီး ဓားမတစ်လက်ကို ကိုင်ကာ ဒေါက်တာလော်၏ လည်ပင်းပေါ်တွင် တင်ထားသည်။

ယစ်ပူဇော်ခြင်း မပြုရသေးသော ထင်းခုတ်ဓားမကို ချန်းရီက ထိုမျှလောက် စိတ်မချနိုင်သေးပေ။

ထို့ကြောင့် ဟင်းသီးဟင်းရွက်လှီး ဓားမတစ်လက်ကိုသာ ကျပန်း ရှာဖွေခဲ့ခြင်း ဖြစ်သည်။

သူ ခွဲစိတ်မှု လုပ်နေစဉ်အတွင်း ဤထူးဆန်းသော ထင်းခုတ်ဓားမက ဘာတွေများ ရူးကြောင်ကြောင် ထလုပ်မည်ကို မည်သူက သိနိုင်မည်နည်း။

နံပါတ်စဉ် (၂၀၀၁) ရှိသော သဘာဝလွန်ပစ္စည်းက အရင်က ကြုံတွေ့ခဲ့ဖူးသော သဘာဝလွန်ပစ္စည်းများ အားလုံးနှင့် မတူညီသကဲ့သို့ ဖြစ်နေသည်။

ဤကဲ့သို့သော ခံစားချက်မျိုးကို ပထမဆုံးအကြိမ် တွေ့ကြုံရခြင်း မဟုတ်လျှင်တောင်မှ ဒေါက်တာလော်မှာ စိုးရိမ်ပူပန်မှုကို ခံစားနေရဆဲပင်။

လက်ထဲရှိ ခွဲစိတ်ဓားမှာ အဆက်မပြတ် တုန်ယင်နေပြီး နဖူးတွင်လည်း ချွေးစေးများ ပျံ့နှံ့နေပြီ ဖြစ်သည်။

ထယ်ရှီးသာ အိပ်မပျော်နေပါက ချန်းရီသည် ဒေါက်တာလော်ကို ခြိမ်းခြောက်ရာတွင် ကူညီရန် သေချာပေါက် ထယ်ရှီးကို ခေါ်ယူမည် ဖြစ်သည်။

ခေါင်းဆောင်ချူအတွက်ကတော့။

ချန်းရီက တွေးပင် မတွေးတော့ဘဲ ထိုရွေးချယ်မှုကို ငြင်းပယ်လိုက်သည်။

ခေါင်းဆောင်ချူသည် အတွေးအခေါ် နက်နဲလွန်းလှပြီး ဤလူ နေ့စဉ်နေ့တိုင်း ခေါင်းထဲတွင် ဘာတွေ တွေးနေသလဲဆိုတာကို ချန်းရီ လုံးဝ မသိနိုင်ပေ။

အကယ်၍ ချူချယ်ကသာ သူ့ကို မဖြစ်မနေ ကူညီပေးမည်ဆိုပါက ချန်းရီက ဤခွဲစိတ်မှုကို မလုပ်ဘဲ နေလိုက်မည်ကိုပင် ပို၍ သဘောကျမိလိမ့်မည်။

ဒေါက်တာလော်က ဤကဲ့သို့သော ထူးဆန်းသည့် ခွဲစိတ်မှုမျိုးကို တစ်ခါမှ မလုပ်ဖူးခဲ့ပေ၊ လည်ပင်းတွင် ဓားအတင်ခံရပြီး ခွဲစိတ်မှုကို လုပ်ဆောင်ရခြင်း ဖြစ်သည်။

ထားလိုက်တော့၊ ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းကတော့ ခေါင်းပေါ်မှာ ထင်းခုတ်ဓားမတစ်လက် တွဲလောင်းကျနေခဲ့တာပဲ။

အခုကလည်း ဘာမှသိပ်မထူးပါဘူး။

ထိုစဉ်က ထုတ်ယူခဲ့သည်မှာ ဘယ်ဘက်မျက်လုံး ဖြစ်သည်။

ခွဲစိတ်မှုက ချောမွေ့ခဲ့သည်ဟု ဆိုနိုင်သည်။

နာရီဝက်ခန့်သာ အချိန်ယူခဲ့ရသည်။

ဒေါက်တာလော်က ပြည့်စုံသော မျက်လုံးတစ်လုံးကို ဘေးနားရှိ လင်ဗန်းထဲသို့ ပစ်ချလိုက်သည်။

ထိုအချိန်ရောက်မှသာ ဒေါက်တာလော်က လည်ပင်းပေါ်ရှိ ဟင်းသီးဟင်းရွက်လှီး ဓားမ ဖယ်ရှားခံလိုက်ရသည်ကို ခံစားလိုက်ရသည်။

သူ့ရှေ့ရှိ ဤဘီလူးကောင်ကို ကြည့်ရင်း ဒေါက်တာလော်၏ ရင်ထဲ အနက်ရှိုင်းဆုံးနေရာမှ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်၊ ဤ လမ်းစဉ် အစွမ်းပိုင်ရှင်များသည် အဆုံးသတ်တွင် လူသားများအဖြစ် သတ်မှတ်လို့ ရနိုင်သေးရဲ့လား။

မည်သူကမျှ မေ့ဆေးမထိုးဘဲ ဤကဲ့သို့သော ခွဲစိတ်မှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သို့သော် သူ့ရှေ့ရှိ ဤလူကမူ လုပ်နိုင်စွမ်း ရှိနေပုံရသည်။

ဒါက သူ အစွမ်းပိုင်ရှင်များနှင့် ဒုတိယအကြိမ် ထိတွေ့ဆက်ဆံရခြင်း ဖြစ်သည်။

ထိတွေ့ဆက်ဆံရသည့် အကြိမ်တိုင်းတွင် ဒေါက်တာလော်၏ ရင်ထဲ၌ သက်ပြင်းချစရာများစွာ တိုးလာစေသလို ထိတ်လန့်ကြောက်ရွံ့မှုများစွာကိုလည်း တိုးလာစေသည်။

ချန်းရီ၏ ညာဘက်မျက်လုံးရှိ မူလ မျက်လုံးနေရာတွင် လူကို အလွန် မသက်မသာ ဖြစ်စေသော မျက်ခေါင်းပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။

ချန်းရီ တစ်ကိုယ်လုံးမှာလည်း ယခုအချိန်တွင် ချွေးများ ရွှဲနစ်နေပြီး ဒေါက်တာလော်ထက် အများကြီး ပိုမကောင်းလှပေ။

ဒေါက်တာလော်က ချန်းရီ၏ ညာဘက်မျက်လုံးရှိ ဒဏ်ရာကို သွက်လက်စွာ ကုသပေးလိုက်သည်။

မကြာမီ ညာဘက်မျက်လုံးနေရာတွင် ရိုးရှင်းစွာ ပတ်တီးစည်းထားသော မျက်လုံးဖုံး တစ်ခု တိုးလာခဲ့သည်။

ချန်းရီ၏ မျက်နှာပေါ်တွင် သွေးရောင် ဘယ်ဘက်မျက်လုံးသာ ရှိနေပြီး အနည်းငယ် တောက်ပနေပုံရသည်။

"ရပြီ... ခင်ဗျား အပြင်ထွက်သွားလို့ရပြီ"

ယခုအချိန်တွင် ချန်းရီ၏ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ် တုန်ယင်နေဆဲ ဖြစ်သော်လည်း ချန်းရီက ဤစကားကိုပင် ပြောလိုက်သည်။

ယခင်က သီးသန့်အခန်း တံခါးဝတွင် အမြဲ ရပ်နေခဲ့သော မီးခိုးငွေ့ လူပုံစံမှာ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး တစ်ခါမှ မပေါ်လာခဲ့ဖူးသကဲ့သို့ ဖြစ်သွားသည်။

ဒေါက်တာလော်က သူ၏ ခွဲစိတ်ကိရိယာများ အားလုံးကို လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီး သူ၏ ဇနီးကလည်း ခေါင်းငုံ့ကာ လာရောက် ကူညီပေးသော်လည်း တစ်ချိန်လုံး ချန်းရီကို မကြည့်ရဲခဲ့ပေ။

"ရွှီနန်က ခင်ဗျားတို့ကို ပစ္စည်းလာ ပေးလိမ့်မယ်"

ဒေါက်တာလော် ထွက်ခွာသွားချိန်တွင် ချန်းရီက ဤစကားကို ပြောလိုက်သည်။

ဒေါက်တာလော်က တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးပါ"

ချန်းရီ၏ ဤစကားအပေါ် ဒေါက်တာလော်က မည်သည့် သံသယမှ မရှိခဲ့ပေ။

ချန်းရီဆိုသော ဤလူက လူကောင်းတစ်ယောက် မဟုတ်ဘဲ သူတစ်ပါး၏ မိသားစုဝင်များကို ဓားစာခံအဖြစ် ခြိမ်းခြောက်ရန် နှစ်သက်သော်လည်း။

ကတိသစ္စာတော့ တည်ဆဲဖြစ်သည်။

အခန်းတံခါးကို တွန်းဖွင့်ကာ အမြန် ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။

ရွှီနန်က ဝင်လာပြီး ချန်းရီကို တစ်ချက် ကြည့်လိုက်သည်။ အထူးသဖြင့် ချန်းရီ၏ သွေးရောင် ဘယ်ဘက်မျက်လုံးနှင့် အကြည့်ချင်း ဆုံလိုက်ချိန်တွင် ရွှီနန်၏ ရင်ထဲ၌ အနည်းငယ် လှုပ်ရှားသွားသလို ခံစားလိုက်ရပြီး ကြောက်ရွံ့သည့် ခံစားချက်တစ်ခု မြင့်တက်လာခဲ့သည်။

ရွှီနန်က မျက်လွှာကို အနည်းငယ် ချလိုက်ပြီး လက်ထဲရှိ ပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူကာ ပြောလိုက်သည်။

"ခေါင်းဆောင်ချူက ကျွန်တော့်ကို ယူလာပေးခိုင်းတာပါ"

"ဆရာချန်း... ဆရာ အဆင်ပြေရဲ့လား"

ချန်းရီက ပုလင်းငယ်လေးကို တစ်ချက် ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ ရွှီနန်ကို အေးစက်စက် စိုက်ကြည့်နေကာ ပါးစပ်မှ စကားတစ်ခွန်းသာ ထွက်လာခဲ့သည်။

"ထွက်သွား"

ရွှီနန်လည်း အလျင်အမြန် ခါးညွတ်အရိုအသေပေးကာ ထွက်ခွာသွားတော့သည်။

သီးသန့်အခန်း တံခါးမှ ထွက်လာသောအခါ ရွှီနန်သည် သူ၏ ကျောဘက်တွင် အနည်းငယ် ချွေးစေးများ ပျံ့နှံ့နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

ယခုအချိန်သည် သူ အားအနည်းဆုံး အချိန်ဖြစ်သဖြင့် ရွှီနန်ဖြစ်နေလျှင်တောင်မှ ချန်းရီက သတိဝီရိယ အပြည့်အဝ ထားရှိနေခြင်း ဖြစ်သည်။

အကယ်၍ ရွှီနန်က တစ်ခုခု ပုံမှန်မဟုတ်သော လှုပ်ရှားမှု လုပ်ဆောင်လာပါက သူသည် တစ်ဖက်လူကို ချက်ချင်း သတ်ပစ်ရန် ဝန်လေးမည် မဟုတ်ပေ။

ချန်းရီက ထိုအချိန်ရောက်မှသာ ထိုပုလင်းငယ်လေးကို လှမ်းယူလိုက်သည်။

ဤ ရင်းနှီးနေသော အရောင်ကို ကြည့်လိုက်ရာ ၎င်းက ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည် တစ်ပုလင်း ဖြစ်နေသည်။

ခေါင်းဆောင်ချူတွင် ဤအရာ ရှိနေသေးလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

အနည်းငယ် နမ်းကြည့်လိုက်ရာ အနံ့မှာ ထူးထူးခြားခြား မရှိလှပေ။

ဆေးရည် ပါးစပ်ထဲ ဝင်သွားသည်နှင့် ချန်းရီသည် ညာဘက်မျက်လုံး၏ နာကျင်မှုမှာ အနည်းငယ် သက်သာသွားပြီး မသက်မသာ ဖြစ်နေမှုများ တဖြည်းဖြည်း သက်သာပျောက်ကင်းလာသည်ကို ခံစားလိုက်ရသည်။

ချန်းရီသည် စိတ်အခြေအနေကို အနည်းငယ် ငြိမ်သက်သွားစေပြီးမှ အမြဲတမ်း တသိမ့်သိမ့် တုန်ယင်နေသော သွေးရောင်ဓားအိမ်နှင့် ထင်းခုတ်ဓားမကို ကြည့်လိုက်သည်။

လက်လှမ်း၍ ဤထင်းခုတ်ဓားမကို ကိုင်လိုက်ချိန်တွင် ချန်းရီသည် ထင်းခုတ်ဓားမ၏ စိတ်လှုပ်ရှားနေမှုကို ခံစားလိုက်ရသည်။

ထို့အပြင် အချိန်မရွေး ထွက်ပေါ်လာတတ်သော တိုက်တွန်းနေသည့် အသိအာရုံလည်း ပါဝင်နေသည်။

ချန်းရီကို မြန်မြန်ယစ်ပူဇော်ရန် တိုက်တွန်းနေပုံရပြီး အချိန် သိပ်မကျန်တော့ပေ။

ဆက်ရန်...

All Chapters