အခန်း ၁၈၆
Vol. 10 Ch. 186
အပိုင်း(၁၈၆) ရန်သူတော်
ချန်းရီက ထုတ်ယူထားသော မျက်လုံးကို ထင်းခုတ်ဓားမနှင့်အတူ ယှဉ်တွဲ၍ ထားလိုက်သည်။
ချန်းရီ၏ သွေးရောင်မျက်လုံး အကြည့်အောက်တွင်ပင် သွေးရောင်ဓားအိမ်ဆီမှ ရှည်လျားသော သွေးကြောမျှင်များစွာ ထွက်ပေါ်လာပြီး မျက်လုံးဆီသို့ ရူးသွပ်စွာ တိုးဝင်သွားလေသည်။
သွေးကြောမျှင်များက မျက်လုံးကို တိုက်ရိုက် ရစ်ပတ်လိုက်ပြီး သွေးရောင်ဓားအိမ်ဆီသို့ ဆွဲယူသွားသည်။
သွေးရောင်ဓားအိမ်သည် သေးငယ်ပြီး အနည်းငယ် ချစ်စရာကောင်းနေသေးသည့် ချွန်ထက်သော သွားများ အပြည့်ရှိသည့် ပါးစပ်ပေါက်လေးတစ်ခုကို ဟလိုက်ကာ ချန်းရီ၏ မျက်လုံးကို တစ်ချိုက်တည်း မျိုချလိုက်လေသည်။
မျက်လုံးမှာ ကြီးမားနေသည့်အတွက် မျိုချရသည်မှာ အနည်းငယ် ခက်ခဲနေပုံရ၏။
သို့သော် နောက်ဆုံးတွင်တော့ အောင်မြင်စွာ မျိုချနိုင်ခဲ့သည်။
လူတစ်ယောက်ကဲ့သို့ပင် ထိုမျက်လုံးကို ကျေနပ်အားရစွာ ဝါးစားနေသည်။
သွေးတစ်စက်မျှပင် စီးကျလာခြင်း မရှိချေ။
ထိုခဏလေးမှာပင် ချန်းရီသည် သူ့ရှေ့ရှိ ထင်းခုတ်ဓားမနှင့် သူ၏အကြား၌ တစ်စုံတစ်ရာ ဆက်နွယ်မှု ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုခံစားချက်မှာ အလွန်တရာ ထူးဆန်းအံ့သြဖွယ် ကောင်းလှ၏။
ဓားအိမ်ကို သေချာ ဂရုတစိုက် ကြည့်လိုက်သောအခါ ဓားအိမ်ပေါ်တွင် မျက်လုံးပုံစံ အမှတ်အသားတစ်ခု ထပ်တိုးလာသည်ကို တွေ့ရသည်။
ချန်းရီက ထိုမျက်လုံး အမှတ်အသားကို စိုက်ကြည့်လိုက်ချိန်တွင် ထိုမျက်လုံး အမှတ်အသားရှိ သူငယ်အိမ်ကလည်း လှည့်လာကာ ချန်းရီ၏ သွေးရောင်မျက်လုံးကို ပြန်လည် စိုက်ကြည့်လာလေသည်။
ဤအချိန်၌ ဤဓားသည် သူ၏ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလိုပင် ချန်းရီ ခံစားလိုက်ရသည်။
ချန်းရီသည် အမုန်းတရား၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
အမုန်းတရား၏ နံပါတ်စဉ်မှာ ပြောင်းလဲသွားပြီ ဖြစ်ကြောင်းကို အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။
[အမုန်းတရား ထင်းခုတ်ဓားမ - နံပါတ်စဉ် ၂၀၀၀]
နံပါတ်စဉ်က တစ်ဆင့်သာ တက်သွားတာလား။
နံပါတ်စဉ် ရှေ့ရောက်လေလေ အဆင့်မြှင့်တင်ရန် ပိုမို ခက်ခဲလေလေ ဖြစ်ကြောင်းကို သိထားသော်လည်း...
အထူးသဖြင့် ထိပ်ဆုံး နံပါတ်စဉ် နှစ်ထောင်အတွင်း ဝင်လာပါက အဆင့်တစ်ဆင့်စီ တက်ရန်မှာ အလွန်တရာ ခဲယဉ်းလှသည်။
သို့သော် သူသည် ညာဘက်မျက်လုံး တစ်လုံးကိုပါ ပူဇော်ပေးဆပ်ခဲ့သည် မဟုတ်ပါလော။
ချန်းရီသည် အလွန် ထူးခြားလှသော အမုန်းတရား၏ စကားသံကို မြင်တွေ့လိုက်ရသည်။
[အမုန်းတရား၏ စကားသံ - လေးစားရပါသော ပိုင်ရှင်... သင့်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်... အဲဒီအတွက် ကျွန်တော်က ပိုပြီး အားကောင်းတဲ့ ဝိညာဉ်ရေးရာနဲ့ စွမ်းအားတွေကို ပိုင်ဆိုင်သွားပြီ... နံပါတ်စဉ် ၂၀၀၀ ဆိုတာ ကျွန်တော့်ရဲ့ အဆုံးသတ် မဟုတ်သေးပါဘူး... ကျွန်တော့်ရဲ့ နံပါတ်စဉ်က ဆက်ပြီး တက်လာဦးမှာမို့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေကို မျှော်လင့်ထားလိုက်ပါ]
[ပြီးတော့ ဟို မျိုးမစစ်ဓားစုတ်... ဟားဟားဟား... ဒီသခင်ကြီးက ကိုယ်နဲ့ထိုက်တန်တဲ့ နေရာကို ရောက်လာပြီ... မင်းကတော့ ဒီသခင်ကြီးရဲ့ ဖုန်ကိုပဲ ရှူဖို့ စောင့်နေလိုက်တော့... ဟားဟားဟားဟား]
ဤမောက်မာသော လေသံကြီးမှာ အခွင့်ကောင်းရသွားသည့် လူယုတ်မာ ဗီလိန်တစ်ကောင်နှင့်ပင် တူနေသေး၏။
နံပါတ်စဉ်က ဆက်ပြီး တက်လာဦးမည်တဲ့လား။
ဤအချက်ကပင် ချန်းရီ၏ နောင်တရနေမှုများကို အနည်းငယ် လျော့ပါးသွားစေသည်။
သူ၏ ညာဘက်မျက်လုံးမှာ ပေးဆပ်ရသည့် တန်ဖိုးတစ်ခုမျှသာ ဖြစ်ပြီး အမုန်းတရား ထင်းခုတ်ဓားမကို ကောင်းကင်အထိ တဟုန်ထိုး တက်သွားစေနိုင်သော တန်ခိုးစွမ်းအင်ရှိသည့် မှော်ဆေးစွမ်း တစ်ခွက် မဟုတ်ပေ။
ဆက်လက် စစ်ဆေးကြည့်ရာ အမုန်းတရား၏ အစွမ်းများတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
[အစွမ်း (၂) - မိုးမခကိုင်းများသည် သင့်လက်မောင်းများပမာ ဖြစ်လာပြီး ပိုမို တိကျသော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ကာ အရှည်ဆုံး ပေ ၂၃၀ အထိ ဆန့်ထွက်နိုင်သည် (အဆင့်မြှင့်တင်မှု အကျိုးသက်ရောက်မှု - သွေးရောင်လမင်းအောက်တွင် နှစ်ဆ တိုးမည်)]
ယခင်က ဤအစွမ်း (၂) တွင် မိုးမခကိုင်းများသည် အသက်ဝင်နေသော ရေဘဝဲလက်တံများကဲ့သို့ ဖြစ်သည်ဟု ရေးသားထားသော်လည်း ယခုအခါ သင့်လက်မောင်းများပမာဟု ပြောင်းလဲသွားခဲ့သည်။
အရှည်ဆုံး ဆန့်ထွက်နိုင်သည့် အကွာအဝေးမှာလည်း ယခင် ၁၆၅ ပေ မှ ယခု ပေ ၂၃၀ သို့ ပြောင်းလဲသွားခဲ့၏။
အကယ်၍ သွေးရောင်လမင်းအောက်တွင် နှစ်ဆသာ တိုးမည်ဆိုပါက ပေ ၄၆၀ အထိ ဆန့်ထွက်နိုင်မည် ဖြစ်သည်။
အချို့သော အထူးပတ်ဝန်းကျင် အခြေအနေမျိုးတွင် ဤသည်က ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
အမြင်အာရုံ ဆုံးရှုံးလုနီးပါး ဖြစ်နေသော မျက်လုံးတစ်လုံးကို အသုံးပြု၍ ထင်းခုတ်ဓားမကို နံပါတ်စဉ် ၁ ဆင့် တက်သွားစေရန် လဲလှယ်လိုက်ခြင်းမှာ ဓားအတွက် မတန်ဟု ပြော၍ရသည်။
ချန်းရီ၏ အမြင်တွင် လမ်းစဉ် (၃) သို့ ရောက်ရှိသွားပါက ညာဘက်မျက်လုံးမှာ သေချာပေါက် ကန်းသွားမည် ဖြစ်သည်။
လမ်းစဉ် (၃) သို့ မရောက်သေးခင် လမ်းစဉ် (၂) ၏ အတိုင်းအတာအတွင်း စွမ်းအားကို မြှင့်တင်မည်ဆိုလျှင်ပင် ညာဘက်မျက်လုံး ကန်းသွားမည့် ဖြစ်စဉ်မှာ ပိုမို မြန်ဆန်လာပေလိမ့်မည်။
သေချာပေါက် ကန်းတော့မည့် မျက်လုံးတစ်လုံးကို အသုံးပြု၍ နံပါတ်စဉ် ၂၀၀၀ ရှိသော သဘာဝလွန်ပစ္စည်း တစ်ခုနှင့် လဲလှယ်လိုက်ခြင်းမှာ တန်သည်ဟု ဆိုနိုင်ပေသည်။
(မူရင်းရဲ့ ဒီနေရာမှာ နံပါတ်စဉ် ၁၉၉၇ တဲ့၊ ဒါပေမဲ့ အပေါ်မှာတင် ၂၀၀၀ လို့ပြောထားတော့ မင်မင် ၂၀၀၀ လို့ပဲ ပြန်လိုက်တယ်။ ဖြစ်နိုင်တာက ဒီဓားရဲ့မူလနံပါတ်စဉ်က ၁၉၉၇ ဖြစ်နိုင်တယ်)
နောင်တွင် အမုန်းတရား ထင်းခုတ်ဓားမသည် သူ၏ လက်ထဲ၌ နံပါတ်စဉ် အမြင့်ဆုံးသော သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်လာတော့မည်။
အကယ်၍ ထိုမြူခိုးကျွန်များနှင့် ထပ်မံ ကြုံတွေ့ရပါက ကြီးမားသော အကျိုးသက်ရောက်မှုကို ပြသနိုင်မည်ဟု သူ တွေးလိုက်မိသည်။
...
"မီးလျှံနီ... အမြန်ထွက်... နဂါးဝိညာဉ် ကောင်းကင်ကို ခွဲထွက်စေ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် သူမ၏ လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းကာ ပါးစပ်မှလည်း မန္တန်များကို ရွတ်ဆိုနေပြီး မန္တန်တစ်ကြောင်း ရွတ်ဆိုလိုက်တိုင်း လက်ထဲမှ ဓားရှည်သည် နှလုံးခုန်သံကဲ့သို့ တစ်ချက်ကဲ့သို့ လှုပ်ရှားသွားလေသည်။
တစ်ချိန်တည်းမှာပင် အလွန်တရာ ပြင်းထန်လှသော အပူချိန်ကို ပေါက်ကွဲထွက်စေပြီး ပတ်ဝန်းကျင်ရှိ မြူခိုးများကို အကုန်အစင် ဖယ်ရှားပစ်လိုက်သည်။
ပြေးဝင်လာသော မြူခိုးကျွန်များအားလုံး ခြေလှမ်းများ တန့်သွားကြ၏။
ကောင်မလေး၏ ပန်းရောင်ဆံပင်များသည် လေမတိုက်ဘဲ လွင့်ဝဲနေပြီး သေသပ်လှပသော မျက်နှာသွင်ပြင်မှာ နတ်သမီးတစ်ပါးအလား ထင်မှတ်ရသည်။
သူမ၏ မျက်နှာပေါ်ရှိ ခက်ထန်ရိုင်းစိုင်းသော အမူအရာများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
မျက်နှာပေါ်ရှိ အမူအရာမှာ ခန့်ညားတည်ကြည်မှုနှင့် အေးစက်မှုများသာ ရှိနေတော့သည်။
မျက်နှာပေါ်ရှိ ဒဏ်ရာများနှင့် ကိုယ်ပေါ်ရှိ စုတ်ပြဲနေသော အဝတ်အစားများမှာ ဤအချိန်၌ အကျည်းတန်နေခြင်း အလျဉ်းမရှိပေ။
ပတ်ဝန်းကျင်ရှိ ပုံပျက်ပန်းပျက်နှင့် ထူးဆန်းသော အရိပ်ကြီးများမှာ စောစောကပင် ကောင်မလေးကို မြူခိုးများထဲသို့ ဆွဲသွင်းရန် ပြင်ဆင်နေခဲ့ကြသည်။
ယခုမူ အနည်းငယ် တုံ့ဆိုင်းကာ ကြောက်ရွံ့နေကြပုံရ၏။
"မိစ္ဆာတွေကို မီးရှို့ဖျက်ဆီးစေ"
"အရပ်ရှစ်မျက်နှာ ပြာကျစေ"
ကောင်မလေး၏ နှုတ်ခမ်းမှ နောက်ဆုံး စကားလုံး အချို့ကို ရွတ်ဆိုလိုက်သည်။
ဓားရှည်သည် ရုန်းကန်လှုပ်ရှားကာ နဂါးဟိန်းဟောက်သံတစ်သံကို မြည်ဟည်းလိုက်ပြီး မီးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ မြူခိုးကျွန်များဆီသို့ ဒေါသတကြီး ဟိန်းဟောက် ပြေးဝင်သွားလေသည်။
အကယ်၍ ချန်းရီနှင့် ချူချယ်တို့ နှစ်ယောက်သာ ဤအချိန်၌ ရှိနေခဲ့မည်ဆိုပါက ဤမီးနဂါးကို မြင်တွေ့ပြီး အံ့သြမှင်သက်သွားကြမည်မှာ သေချာလှသည်။
ယခုတစ်ကြိမ် မီးနဂါးသည် ယခင် မူလတန်းကျောင်းတွင် မြင်တွေ့ခဲ့ရသည်ထက် အဆပေါင်းများစွာ ပိုမို ကြီးမားနေသည်။
၎င်း၏ အရှိန်အဝါမှာလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလှ၏။
မီးနဂါးနှင့် ထိတွေ့မိသော မြူခိုးကျွန်များအားလုံးသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားကြသည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် လွတ်ကင်းနေသော ဟာလာဟင်းလင်းပြင်ကြီး တစ်ခု ချက်ချင်း ပေါ်လာလေသည်။
အံကြိတ်ကာ အတင်းတောင့်ခံထားရသော တင်းတုံ ပင်လျှင် ဤအချိန်၌ ဖိအားများ ပေါ့ပါးသွားပြီး ကောင်မလေး၏ ဘေးတွင် လှည့်ပတ်နေသော မီးနဂါးကိုသာ ကြည့်နေမိတော့သည်။
သူမ၏ ဒူးနှစ်ဖက်စလုံး ခွေကျသွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက် ကျသွားလေသည်။
ဤလမ်းတစ်လျှောက်လုံးတွင် ချန်းချန်း ၏ ကာကွယ်စောင့်ရှောက်မှုသာ မရှိခဲ့ပါက သူမသည် စောစောကပင် သေဆုံးနေလောက်ပြီ ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က...
ချန်းချန်း သည် ပို၍ စွမ်းဆောင်ရည် မြင့်မားလာပုံရသည်။
သတ်၍မသေနိုင်သော ဤမြူခိုးကျွန်များကို ရင်ဆိုင်ရာတွင်ပင် ယခင်ကလို အခြေအနေဆိုးမျိုး မဖြစ်တော့ပေ။
သို့သော်... ထိုဓားသည် မွေးရာပါ သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်ပုံရသည်။
တကယ်ကို အားကျစရာ ကောင်းလှပေသည်။
သို့သော် အားကျရုံ သက်သက်သာ ဖြစ်ပြီး အမြဲတမ်း ရိုးရှင်းအေးဆေးစွာ နေတတ်သော သာမန် ရုပ်ရည်ရှိသည့် ဤကောင်မလေး၏ မျက်လုံးများထဲတွင် လောဘရမ္မက်များ ရှိမနေခဲ့ပေ။
အားကျခြင်းသည်ပင် ခဏတဖြုတ်မျှသာ ဖြစ်သည်။
...
တင်းတုံ သည် ချန်းရီ၏ ကားဖြင့် တိုက်မိခြင်းကြောင့် အသက်တစ်ဝက်ခန့် ထွက်လုမတတ် ဖြစ်ခဲ့ရသည်။
ဝူကျန့်ရှန်း သေဆုံးသွားပြီးနောက်တွင် သူမသည် ဝူကျန့်ရှန်း၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်းကို တင်းတုံ ချက်ချင်း နားလည်သွားခဲ့သည်။
ချန်းရီကို တိုက်ခိုက်ခဲ့မိသည့် ကိစ္စအတွက် တင်းတုံ သည်လည်း အလွန် ရှက်ရွံ့နေခဲ့မိသည်။
နောက်တစ်ကြိမ် ချန်းရီနှင့် တွေ့ဆုံသည့်အခါ သူ့ကို သေချာပေါက် တောင်းပန်ရန် သူမ ရည်ရွယ်ထားခဲ့၏။
သူတို့နှစ်ဦး ကျောင်းပေါက်ဝသို့ ထွက်ပြေး လွတ်မြောက်လာချိန်တွင်...
သတိပြန်လည်လာပြီ ဖြစ်သော တင်းတုံ သည် ပစ္စည်းတင်ကားကြီးကို သွားရောက် မောင်းနှင်ယူလာရန် ရုန်းကန်ကာ ကြိုးစားခဲ့သည်။
ထိုအချိန်တွင် ချန်းရီသည် ကားကို မောင်းနှင်ကာ ခပ်ဝေးဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျောင်းတစ်ကျောင်းလုံးတွင် မိစ္ဆာများ သောင်းကျန်းနေသည်ဟု ဆိုလျှင်ပင် လွန်မည် မထင်ပေ။
ကံကောင်းသည်မှာ စွန်းချန်းချန်း သည် အနည်းငယ်မျှသာ တုံ့ဆိုင်းပြီးနောက် တင်းတုံ နှင့်အတူ ပြန်လိုက်သွားရန် သဘောတူခဲ့ခြင်းပင် ဖြစ်သည်။
ထိုကားထဲတွင် ယာဉ်တန်း၏ ရိက္ခာပစ္စည်းများစွာ ပါရှိနေပြီး ဤအတိုင်း စွန့်လွှတ်လိုက်ရမည်ကို အလွန် နှမြောစရာ ကောင်းကြောင်း စွန်းချန်းချန်း လည်း နားလည်ထားသည်။
ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်က ခေါင်းဆောင်ချူ ပြောခဲ့သော စကားများလည်း ရှိသေးသည်။
ထိုအချိန်က တင်းတုံ ၏ အခြေအနေမှာ အလွန် ဆိုးရွားနေပြီး ချန်းရီ၏ တိုက်မိမှုကြောင့် အသက်တစ်ဝက်မျှ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
သူမသည် အတင်းတောင့်ခံကာ စွန်းချန်းချန်း နှင့်အတူ ကျောင်းထဲသို့ ပြန်ဝင်ပြီး ထိုကားကို မောင်းနှင်ထွက်လာချိန်တွင်...
သံချေးတက်နေသော ဓားမကို ကိုင်ဆောင်ထားသည့် အရပ်မြင့်မြင့် ထူးဆန်းသော အရာတစ်ခုနှင့် တင်းတုံ ရင်ဆိုင်ခဲ့ရသည်။
ထိုအရာက တင်းတုံ ၏ ညာဘက်လက်မောင်းကို တစ်ချက်တည်းနှင့် ခုတ်ပိုင်းလိုက်လေသည်။
အကယ်၍ စွန်းချန်းချန်း သာ အချိန်မီ ရောက်မလာခဲ့ပါက တင်းတုံ သည် စောစောကပင် သေဆုံးနေလောက်ပြီ ဖြစ်သည်။
ကံကောင်းသည်မှာ လက်ဝှေ့သမား လမ်းစဉ်သည် တိုက်တန် လမ်းစဉ်ကဲ့သို့ ပြင်းထန်သော အသက်စွမ်းအင်မျိုး မရှိသော်လည်း ချန်းရီနှင့် ချူချယ်တို့၏ လမ်းစဉ်များထက်မူ အသက်စွမ်းအင် ပိုမို အားကောင်းသေးသည်။
သူမသည် အတင်းတောင့်ခံကာ ထိုကားကို မောင်းနှင် ထွက်လာနိုင်ခဲ့၏။
ဤလမ်းတစ်လျှောက်လုံးတွင် ကြုံတွေ့ခဲ့ရသော ဖော်ပြရန် ခက်ခဲသည့် ထူးဆန်းသော အရာများမှာ ပြန်လည်တွေးတောရုံမျှဖြင့်ပင် ရင်ထဲ၌ ကျောချမ်းသွားစေသည်။
ချန်းချန်း သာ မရှိခဲ့ပါက သူမသည် စောစောကပင် သေဆုံးနေလောက်ပြီ ဖြစ်သည်။
လက်ဝှေ့သမား တစ်ယောက်အနေဖြင့် ညာဘက်လက်မောင်း ဆုံးရှုံးသွားခြင်းသည် မိမိ၏ တိုက်ခိုက်ရေးစွမ်းရည် ထက်ဝက်ကျော်ကို ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။
လက်ဝှေ့သမား လမ်းစဉ်သည် တိုက်တန် လမ်းစဉ် မဟုတ်သည့်အတွက် လက်မောင်း ပြတ်သွားပါက ပြတ်သွားပြီ ဖြစ်ကာ ပြန်လည် ထွက်ပေါ်လာမည် မဟုတ်ပေ။
သို့သော် အရာအားလုံးသည် တန်ဖိုးရှိခဲ့ပါသည်။
အနည်းဆုံးတော့ ရိက္ခာပစ္စည်းများကို ကာကွယ်နိုင်ခဲ့သည် မဟုတ်ပါလော။
အနည်းဆုံးတော့ တင်းတုံ ကိုယ်တိုင်က ထိုသို့ တွေးထင်ထားခဲ့သည်။
ယခုမူ ဤပစ္စည်းတင်ကားကြီးသည် တင်းတုံ အတွက် တစ်ခုတည်းသော အားကိုးရာ ဖြစ်လာခဲ့လေပြီ။
သူမသည် အသုံးမကျသော သူတစ်ယောက် မဟုတ်ကြောင်း သူမကိုယ်သူမ ခံစားရစေရန် ဖြစ်၏။
...
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဤဓားချက်အပြီးတွင် ပတ်ဝန်းကျင်ရှိ မြူခိုးကျွန်များ အားလုံး အသီးသီး လွင့်စင်ပျောက်ကွယ်သွားကြသည်။
မြူခိုးကျွန်များသည် မြူခိုးများထဲတွင် ပျောက်ကွယ်သွားကြ၏။
သုံးမိနစ် အချိန်ပြည့်သွားခဲ့ပြီ ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် တင်းတုံ တို့ နှစ်ဦးစလုံး သက်ပြင်းချနိုင်သွားကြသည်။
ကားထဲတွင် အမြဲတမ်း ပုန်းအောင်းနေသော ရှောင်ယွီ ပင်လျှင် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ကျသွားလေသည်။
"တင်းတုံ... အမ... အဆင်ပြေရဲ့လား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက တင်းတုံ ကို အလျင်အမြန် သွားရောက် တွဲထူပေးလိုက်သည်။
သိပ်ပြီး အဆင်မပြေသော ဘယ်ဘက်လက်မောင်း တစ်ဖက်တည်းဖြင့် ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်းမှာ အလွန်တရာ ရှားပါးလှပေသည်။
"အမ... အဆင်ပြေပါတယ်"
တင်းတုံ သည် သူမ၏ စိတ်ခံစားချက်များကို အနည်းငယ် တည်ငြိမ်သွားစေရန် ထိန်းချုပ်လိုက်ပြီးနောက် အလေးအနက် ပြောလိုက်သည်။ "ချန်းချန်း... ညီမရဲ့ ဓားက မွေးရာပါ သဘာဝလွန်ပစ္စည်း ဖြစ်ရမယ်"
စွန်းချန်းချန်း မှာ အနည်းငယ် အနေခက်သွားပြီး သူမ၏ မျက်နှာလေးမှာ အားနာသွားပုံရသည်။ " အမတင်းတုံ... ညီမ အမကို တမင် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး"
"တမင် ဖုံးကွယ်ထားရင်လည်း ကိစ္စမရှိပါဘူး... ဒါပေမဲ့ ဒီကိစ္စကို နောက်ဆို ဘယ်သူ့ကိုမှ မပြောပြနဲ့... ချန်းရီကိုတောင် ညီမလေး မပြောတာ အကောင်းဆုံးပဲ"
"ညီမလည်း သိပါတယ်... အမတင်းတုံ... သူ အရင်က မေးဖူးပေမဲ့ ညီမ တစ်ခါမှ မပြောပြခဲ့ပါဘူး"
"အမမှာ သဘာဝလွန်ပစ္စည်း မရှိပေမဲ့ အစွမ်းပိုင်ရှင်တစ်ယောက်အနေနဲ့ သဘာဝလွန်ပစ္စည်း တစ်ခုရဲ့ တန်ဖိုးကိုတော့ အမ သိပါတယ်... အိမ်တစ်လုံးကြောင့်တောင် သားအဖ ညီအစ်ကိုတွေ သေခန်းပြတ် ရန်သူတွေ ဖြစ်သွားနိုင်သေးတာပဲ... မွေးရာပါ သဘာဝလွန်ပစ္စည်း တစ်ခုဆိုရင် ပိုဆိုးမှာပေါ့"
ကောင်မလေးက ခေါင်းညိတ်လိုက်ပြီး သူမ၏ အကြည့်များက လက်ထဲရှိ ဓားရှည်ပေါ်သို့ ကျရောက်သွားသည်။
ထိုစဉ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လက်နက်တစ်ခု ယူဆောင်လာချင်ရုံ သက်သက်သာ ဖြစ်ပြီး အဘိုး၏ စုဆောင်းမှုများထဲမှ ယူလာခဲ့သော ဤဓားရှည်သည် မွေးရာပါ သဘာဝလွန်ပစ္စည်း ဖြစ်နေမည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဤသည်က ကောင်မလေးအတွက် လုံးဝ မျှော်လင့်မထားသော အရာပင် ဖြစ်သည်။
ခေါင်းဆောင်ချူ ၏ အဆိုအရ မွေးရာပါ သဘာဝလွန်ပစ္စည်းများသည် အလွန်တရာ ရှားပါးပြီး မွေးရာပါ သဘာဝလွန်ပစ္စည်းတိုင်းသည် ထိပ်ဆုံး နံပါတ်စဉ် ဆယ်ခုအတွင်း ဝင်လာနိုင်ချေ ရှိသည်ဟု သိရသည်။
စွန်းချန်းချန်း သည် သူမလက်ထဲရှိ ဓားရှည်ကို ကောင်းကင်ဝေလငါး ကဲ့သို့သော သဘာဝလွန်ပစ္စည်းမျိုး ဖြစ်လာရန် မျှော်လင့်မထားပေ။
ထိပ်ဆုံး နံပါတ်စဉ် တစ်ရာအတွင်း ဝင်လာလျှင်ပင် လုံလောက်ပြီ ဖြစ်သည်။
လွန်ခဲ့သော အချိန်တိုလေးအတွင်းကပင် မီးနဂါးဓားသည် နောက်တစ်ကြိမ် အဆင့်ဆင့် ပြောင်းလဲမှု ဖြစ်ပေါ်သွားခဲ့ပုံရ၏။
နံပါတ်စဉ် အဆင့်မှာ ပြောင်းလဲသွားခဲ့ပြီး ယခု လက်ရှိ နံပါတ်စဉ်မှာ ၂၀၀၀ ဖြစ်သည်။
နံပါတ်စဉ် နှစ်ထောင် တိတိပင်။
အချိန်ဘယ်လောက်မှ မကြာသေးဘဲ အဆင့်တက်နှုန်းက အလွန်တရာ မြန်ဆန်လွန်းလှသည်။
နံပါတ်စဉ် နှစ်ထောင် ရှိသော မီးနဂါးဓားသည် စောစောက ထိုမြူခိုးကျွန်များနှင့် ထပ်မံ ကြုံတွေ့ရချိန်တွင်...
ထိုစည်းမျဉ်းသတ်မှတ်ချက်ရှိသော ထူးဆန်းသည့် အရာများကို အပြည့်အဝ ဖိနှိပ်ထားနိုင်ခြင်း မရှိသေးသော်လည်း အနည်းဆုံးတော့ သူမ၏ ဖိအားများကို များစွာ လျော့ကျသွားစေခဲ့သည်။
ဟင်။
မဟုတ်သေးပါဘူး။
မီးနဂါးဓားရဲ့ နံပါတ်စဉ်က ဘယ်လိုလုပ်ပြီး ၂၀၀၁ ဖြစ်သွားရတာလဲ။
ဆက်ရန်...