အခန်း ၁၈၈
Vol. 10 Ch. 188
အပိုင်း(၁၈၈) တဝူမြို့မှ ထွက်ခွာတော့မည်
နောက်တစ်နေ့ မိုးမလင်းမီမှာပင် ယာဉ်တန်းထဲ၌ လူအချို့ စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။
ဤအခန်း၏ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် ထူထပ်သော မြူခိုးများမှလွဲ၍ အခြားမည်သည့် အရောင်ကိုမျှ မမြင်ရပေ။
ဤကဲ့သို့ မှုန်မှိုင်းနေသော ပတ်ဝန်းကျင်မျိုးတွင် အချိန်ကြာမြင့်စွာ နေထိုင်ရသဖြင့် လူတစ်ကိုယ်လုံးပင် အနည်းငယ် မှိုင်းတွေနေသကဲ့သို့ ခံစားလာရ၏။
စွန်းချန်းချန်းနှင့် တင်းတုံတို့ကို ရှာတွေ့ပြီးသည်နှင့် ယာဉ်တန်းက တဝူမြို့မှ ထွက်ခွာတော့မည် ဖြစ်သည်။
ယခင်က သဲကန္တာရ၊ ထို့နောက် နှင်းမုန်တိုင်း၊ ယခုတော့ မြူခိုးများ။
ဤကမ္ဘာကြီးသည် ချန်းရီပင်လျှင် မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
တစ်ခါတစ်ရံ၌ ဤနေရာသည် ယခင်က သူရင်းနှီးကျွမ်းဝင်ခဲ့သော ကမ္ဘာကြီး မဟုတ်တော့ဘူးဟုပင် ထင်မှတ်မိစေ၏။
သဘာဝလွန် ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပေါ်လာရခြင်းမှာ အခြားသော ကမ္ဘာများနှင့် ပေါင်းစပ်သွားခြင်းကြောင့်ဟု တစ်ယောက်ယောက်က ပြောခဲ့ဖူးသည် မဟုတ်ပါလော။
လမ်းတစ်လျှောက် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ပြန်လည်တွေးတောကြည့်လိုက်သည်။
ချန်းရီကလည်း ထိုအဆိုကို စတင် ယုံကြည်လာခဲ့ပြီ ဖြစ်၏။
"ဝှား..."
နိုးလာလာချင်း သူ ပထမဆုံး လုပ်သည့်အရာမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိမရှိကို ခံစားကြည့်ခြင်းပင် ဖြစ်သည်။
မိနစ်အနည်းငယ်ခန့် ခံစားကြည့်ပြီးနောက် ခန္ဓာကိုယ်တွင် မည်သည့်ပြောင်းလဲမှုမျှ မရှိကြောင်း တွေ့ရှိလိုက်ရ၏။
ဤခံစားချက်မှာ ယခင်က လမ်းစဉ်ဆေးထိုးအပ်ကို အသုံးပြုခဲ့စဉ်က အတိုင်းပင် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ဆေးအာနိသင် ဆက်လက် ပြသလာမည့်အချိန်ကို စောင့်ဆိုင်းပြီးမှသာ ပြောင်းလဲမှုများကို မြင်တွေ့နိုင်မည် ထင်သည်။
ဤကိစ္စနှင့် ပတ်သက်၍ ချန်းရီက လုံးဝ စိုးရိမ်ပူပန်နေခြင်း မရှိပေ။ စနစ်မှ ထုတ်ပေးသော ပစ္စည်းများသည် သူ့ကို တစ်ကြိမ်တစ်ခါမျှ စိတ်ပျက်စေခဲ့ခြင်း မရှိခဲ့သောကြောင့် ဖြစ်၏။
အခန်းအပြင်ဘက်မှ လှုပ်ရှားရုန်းကန်နေကြသော အသံများကို ကြားလိုက်ရသည်။
ချန်းရီက မတ်တတ်ထရပ်ကာ တံခါးကို တွန်းဖွင့်လိုက်၏။
ဧည့်ခန်းမဆောင်ထဲတွင် အိပ်ရာထနောက်ကျနေသူ တစ်ယောက်မျှ မရှိတော့ပေ။
ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် လူတိုင်း အိပ်ရာထနောက်ကျခွင့် ရှိခဲ့ကြသည်။ အလုပ်မသွားရသည့် အချိန်များတွင် အိပ်ချင်သည့်အချိန်အထိ အိပ်နိုင်ခဲ့ကြ၏။
သို့သော် ကမ္ဘာပျက်ကပ်တွင်မူ အစွမ်းပိုင်ရှင်များမှလွဲ၍ သာမန် အသက်ရှင်ကျန်ရစ်သူများအတွက် အိပ်ရာထနောက်ကျခွင့်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော မျှော်လင့်ချက်တစ်ခုသာ ဖြစ်ပေသည်။
နေ့စဉ် မထွက်ခွာမီ ကားများကို တစ်ကြိမ် စစ်ဆေးရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကားများကို သန့်ရှင်းသပ်ရပ်နေစေရန်လည်း ထိန်းသိမ်းထားရမည် ဖြစ်သည်။
ချန်းရီ၏ ဆေးသားကောင်းကောင်း တစ်ကွက်မျှ မကျန်တော့သော ပစ်ကပ်ကားကိုပင်လျှင် မထွက်ခွာမီ၌ ရွှီနန်က လူအချို့ကို စီစဉ်ပေးကာ သန့်ရှင်းနေအောင် တိုက်ချွတ်ဆေးကြောခိုင်းထားခဲ့သည်။
ထို့အပြင် နေ့စဉ် နံနက်စာကိုလည်း ချက်ပြုတ်ပေးမည့်သူ လိုအပ်ပေသည်။
ရက်လွန်နေသော ပေါင်မုန့်တစ်ဝက်ကို နံနက်စာအဖြစ် စားရမည်ဆိုလျှင်ပင် ထိုအရာကို ခွဲဝေပေးမည့်သူ လိုအပ်နေသေး၏။
ဥပမာအားဖြင့် ရာထူးတက်လာခါစဖြစ်သော အမျိုးသမီး ကျန်းယန်ဖင်းကို ကူညီလုပ်ကိုင်ပေးရသော သာမန် အသက်ရှင်ကျန်ရစ်သူချည်းပင် သုံးယောက်တိတိ ရှိနေသည်။
ထိုသူများသည် ကမ္ဘာပျက်ကပ် မတိုင်မီက ကုမ္ပဏီတစ်ခုခု၏ ဌာနမှူးများ သို့မဟုတ် နိုင်ငံခြားကုမ္ပဏီတစ်ခုခုမှ ထူးချွန်သူများ ဖြစ်ခဲ့ကောင်း ဖြစ်နိုင်သော်လည်း ယခုအချိန်တွင်မူ သူတို့၌ အလွန်သာမန်ဆန်လှသော ဂုဏ်ပုဒ်တစ်ခုသာ ရှိတော့သည်။ ၎င်းမှာ အသက်ရှင်ကျန်ရစ်သူ ဆိုသည်ပင်တည်း။
ခေါင်းဆောင်ချူက ယာဉ်တန်းတစ်ခုလုံး တရားမျှတမှု ရှိစေရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သော်လည်း ယာဉ်တန်းထဲတွင် အဆင့်အတန်း ခွဲခြားမှု အရိပ်အယောင်များက ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
အမြင့်ဆုံးအဆင့်တွင် ရှိနေသူများမှာ သဘာဝကျစွာပင် ချန်းရီတို့ကဲ့သို့သော အစွမ်းပိုင်ရှင်များပင် ဖြစ်၏။
ထို့နောက်တွင်တော့ ရွှီနန်၊ ရှောင်ဖူ တို့ကဲ့သို့သော အုပ်ချုပ်သူများ ဖြစ်ကြသည်။
ရှောင်ယွီ၊ လောင်ဝမ် တို့ကဲ့သို့ အစွမ်းပိုင်ရှင်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သူများကိုလည်း ဒုတိယအဆင့်ဟု သတ်မှတ်၍ ရနိုင်ပေသည်။
ထိုအောက်တွင်မှ ကျန်းယန်ဖင်းကဲ့သို့ အစွမ်းပိုင်ရှင်များကို တိုက်ရိုက် ဝန်ဆောင်မှုပေးနိုင်သူများ ဖြစ်ကြ၏။
ရှုလီနာသည်လည်း ချန်းရီနှင့် ပတ်သက်သည့် မသေချာမရေရာသော ကောလာဟလများကြောင့် တတိယအဆင့်တွင် ရှိနေနိုင်ပေသည်။
နောက်ဆုံးတွင်တော့ သာမန် အသက်ရှင်ကျန်ရစ်သူများပင် ဖြစ်သည်။
တစ်ချိန်က အနာဂတ်ကြယ်ပွင့်လေး ဖြစ်ခဲ့ဖူးသော ကျိုးရှောင်ရှောင် သည်ပင်လျှင် ယခုအခါ စတုတ္ထအဆင့်တွင်သာ ရှိနေတော့သည်။
ချန်းရီတို့ လူစုက ဤကိစ္စများကို ဂရုမစိုက်ကြသော်လည်း...
ယာဉ်တန်းထဲတွင်တော့ အဆင့်အတန်း ခွဲခြားမှုများက တိတ်တဆိတ် ပေါက်ဖွားလာခဲ့ပြီ ဖြစ်၏။
ဤကိစ္စနှင့် ပတ်သက်၍ ခေါင်းဆောင်ချူမှာလည်း ဘာမှမတတ်နိုင်သကဲ့သို့ မည်သည့် နည်းလမ်းကောင်းမှလည်း မရှိခဲ့ပေ။
အသက်ရှင်ကျန်ရစ်သူများသည် ချန်းရီ အခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရသောအခါ ချန်းရီကို မြင်သူတိုင်း တစ်ကိုယ်လုံး တုန်တက်သွားကြပြီး အလျင်စလို ခေါင်းငုံ့သွားကာ ဘာမှမမြင်လိုက်ရသကဲ့သို့ ဟန်ဆောင်နေကြ၏။
မြူခိုးများကြောင့် အမြင်အာရုံမှာ အလွန်တရာ အားနည်းနေသဖြင့် ချန်းရီသည် နေကာမျက်မှန် တပ်လေ့မရှိပေ။
ထို့ကြောင့် ချန်းရီ၏ သွေးမျက်လုံးကို အသက်ရှင်ကျန်ရစ်သူ အများအပြား မြင်တွေ့ခဲ့ဖူးကြသည်။
မည်သို့ပင်ဆိုစေ ထိုအရာက ထူးဆန်းသောအရာများ၏ ခန္ဓာကိုယ်မှ ကျလာသော အရာဖြစ်သဖြင့် သာမန်လူများမှာ ထိုကဲ့သို့သော အရာများကို မွေးရာပါ ကြောက်ရွံ့စိတ် ရှိနေတတ်ကြသည်။
ယခုအခါတွင် ချန်းရီက ထိုအရာကို သူ့ခန္ဓာကိုယ်တွင် အစားထိုး တပ်ဆင်ထားခဲ့ပြီ ဖြစ်၏။
အသက်ရှင်ကျန်ရစ်သူ အများစု၏ မျက်လုံးထဲတွင်တော့ ချန်းရီသည် ရူးသွပ်နေသူ တစ်ယောက်သာ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုအရူးက သူ၏ ညာဘက်မျက်လုံးကိုပါ ထုတ်ပစ်လိုက်ပြန်၏။
မူလက ခပ်ချောချောဟု ဆိုနိုင်သော ထိုမျက်နှာလေးမှာ ယခုအခါ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလာခဲ့ပြီ ဖြစ်သည်။
ညာဘက်မျက်လုံးပေါ်ရှိ ပတ်တီးစကို ချန်းရီက လွှင့်ပစ်လိုက်ပြီဖြစ်ရာ ယခုအချိန်တွင် ချန်းရီ၏ ညာဘက်မျက်လုံးနေရာ၌ သွေးထွက်နေသော အပေါက်ကြီးတစ်ခုသာ ရှိနေတော့သည်။
ထို့အပြင် ဘယ်ဘက်မျက်လုံးမှ သွေးမျက်လုံးနှင့်ပါ ပေါင်းစပ်လိုက်သောအခါ...
မည်သူကမျှ ချန်းရီ၏ အာရုံစိုက်မှုကို မခံချင်ကြတော့ပေ။
"သောက်ကျိုးနည်း... ချန်းရီ... မင်းကွာ... လူကောင်းပကတိကနေ သရဲလိုဖြစ်အောင် သက်သက်လုပ်နေတာပဲ... အခုတော့ ကြည့်စမ်း... လူတိုင်းက မင်းကို အရူးလို့ ထင်ကုန်ကြပြီ"
ဘေးဘက် အခန်းဆီမှ ခေါင်းဆောင်ချူ၏ အသံ ထွက်ပေါ်လာသည်။
ယနေ့ ခေါင်းဆောင်ချူ၏ စိတ်အခြေအနေက မဆိုးလှပေ။
ခေါင်းဆောင်ချူက ချန်းရီ၏ မျက်နှာကို ကြည့်ကာ ချီးကျူးသလိုဖြင့် ပြောလိုက်သည်။
"ဒီလိုကိစ္စမျိုးကို မင်းမှပဲ လုပ်ရဲမှာပါကွာ"
"မြင်ရတာ တော်တော် ကြောက်ဖို့ကောင်းတယ်... နောက်ဆိုရင် မင်း မျက်မှန်ပဲ ပြန်တပ်ထားပါကွာ"
ချန်းရီက ခေါင်းဆောင်ချူကို ကြည့်ကာ သွေးမျက်လုံးကို အနည်းငယ် မှေးလိုက်သည်။
"ခေါင်းဆောင်ချူ... မင်းမှာ ဒါတွေအပြင် ပြောစရာ တခြားကိစ္စ မရှိတော့ဘူးလား"
ခေါင်းဆောင်ချူက ချန်းရီ ဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွား၏။
ယခင်က ထိုအဖွဲ့ငယ်လေးနှင့် ကြုံတွေ့ခဲ့စဉ်က သေနတ်များစွာကို ရရှိခဲ့သေးသည်။
ထိုအထဲတွင် သဘာဝလွန်ပစ္စည်းများနှင့် ဆင်တူသော အရာများလည်း ပါဝင်နေပုံရသည်။
ခေါင်းဆောင်ချူက သက်ပြင်းတစ်ချက်ချကာ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
"ချန်းချန်းနဲ့ တင်းတုံကို ရှာတွေ့မှပဲ ငါတို့တွေ ခွဲဝေကြတာပေါ့"
ခေါင်းဆောင်ချူက အဘယ်ကြောင့် ဤသို့ပြောရသည်ကို ချန်းရီ နားမလည်သော်လည်း ခေါင်းဆောင်ချူအပေါ် ယုံကြည်မှုကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်၏။
"ခေါင်းဆောင်ချူ... အဲဒီ မိန်းမနှစ်ယောက်က ဒီအနီးအနားမှာ ရှိနေတာလား"
"သိပ်မဝေးပါဘူး... သူတို့ကို ရှာတွေ့တာနဲ့ ရိက္ခာတွေ နည်းနည်း ထပ်ဖြည့်ပြီး ဒီကနေ ထွက်သွားလို့ ရပြီ... ဒီနေရာကြီးက လူကို အမြဲတမ်း ကျောချမ်းစရာကောင်းတဲ့ ခံစားချက်မျိုး ပေးနေတာပဲ"
ရိက္ခာများ ဖြည့်တင်းခြင်း။
ဝန်ခံရမည်ဆိုလျှင် သူ၏ ရိက္ခာများလည်း သိပ်မကျန်တော့ပေ။
အရင်က စုဆောင်းထားခဲ့သော ဓာတ်ဆီ အများအပြားအတွက်တော့ တကယ် နှမြောစရာပင်။
ထယ်ရှီး ကတော့ အခုထိ အိပ်ပျော်နေဆဲ ဖြစ်သည်။ သို့သော် သူ၏ လက်ရှိ နလန်ထူလာသော အခြေအနေကို ကြည့်ရလျှင် မကြာမီ နိုးထလာတော့မည်မှာ သေချာလှ၏။
နံနက်စာ စားရန် အချိန် အနည်းငယ် လိုသေးသည်ကို မြင်လိုက်ရသဖြင့်...
ချန်းရီက ကားကို ယာယီ အဆင့်မြှင့်တင်ရန် စဉ်းစားလိုက်သည်။
နှိုင်းယှဉ်စဉ်းစားကြည့်ပြီးနောက် ချန်းရီက ကားအတွက် နောက်တွဲခန်းတစ်ခုကို အရင် အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်၏။
ထိုမျှ ကျယ်ဝန်းသော နေရာလွတ်ကြီးကို အပြည့်အဝ အသုံးမချရခြင်းမှာ တကယ်ကို နှမြောစရာပင် ဖြစ်သည်။
ခေါင်းဆောင်ချူက တံခါးပေါက်တွင် ရပ်ကာ ဤမြို့ကြီး၏ မြူခိုးများကို အကဲခတ်နေသည်။
အမြင်အာရုံမှာ လွန်ခဲ့သော ရက်အနည်းငယ်ကထက် ပိုမို အားနည်းလာပုံရပြီး ထိုအရာကပင် ခေါင်းဆောင်ချူကို ပို၍ ထိတ်လန့်စရာ ခံစားချက်မျိုး ပေးနေ၏။
လမ်းပြသူလမ်းစဉ် အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်သဖြင့် အန္တရာယ်ကို ခံစားသိရှိနိုင်စွမ်းမှာ အလွန် သိသာထင်ရှားလှပေသည်။
မြူခိုးကျွန် များသည် ဤမြို့ကြီးထဲတွင် အစွမ်းအညံ့ဆုံးသော ထူးဆန်းသည့် အရာများသာ ဖြစ်လိမ့်မည်ဟု ခေါင်းဆောင်ချူထံ၌ ကြိုတင်ခံစားသိရှိမှု တစ်ခု ရှိနေသည်။
၎င်းတို့သည် စည်းမျဉ်းသတ်မှတ်ချက်ရှိသော ထူးဆန်းသည့် အရာများ ဖြစ်နေသည့်တိုင်အောင်ပင်...
ဤမြို့ကြီးထဲတွင် သူတို့ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာများ ရှိနေသေး၏။
ဥပမာအားဖြင့် ဝူကျန်းမြစ် ထဲရှိ မြွေကြီးကဲ့သို့ပင်။
ထိုမြွေကြီး တဝူမြို့မှ မထွက်ခွာသွားသေးကြောင်း ခေါင်းဆောင်ချူ ခံစားသိရှိနေရသည်။
ထိုအချိန်မှာပင် ခေါင်းဆောင်ချူ၏ မျက်စိရှေ့၌ မီးခိုးငွေ့များ တစ်ဟုန်ထိုး လွင့်စင်လာသည်ကို မြင်လိုက်ရ၏။
ချန်းရီက သံသေတ္တာကြီး တစ်လုံးကို ထမ်းကာ မြူခိုးများကို ဖြတ်သန်း၍ ခေါင်းဆောင်ချူရှေ့သို့ ရောက်လာခဲ့ပြီး ထိုမြင်ကွင်းက ခေါင်းဆောင်ချူကို အံ့ဩမှင်တက်သွားစေသည်။
သံသေတ္တာကြီးဟု ဆိုလျှင်လည်း အတိအကျတော့ မမှန်လှပေ။
ကြည့်ရသည်မှာ ချန်းရီက ကုန်တင်ကားတစ်စီး၏ နောက်တွဲခန်းကို ဖြုတ်ယူလာခဲ့ပုံရ၏။
"မင်း... တကယ် လန်းတယ်ကွာ"
ခေါင်းဆောင်ချူမှာ အချိန်အတော်ကြာအောင် အောင့်ထားပြီးမှ ဤစကားတစ်ခွန်းကိုသာ ပြောနိုင်တော့သည်။
ချန်းရီကလည်း ခေါင်းဆောင်ချူကို အဖက်မလုပ်တော့ပေ။
မနေ့က ဤနေရာသို့ ရောက်လာစဉ်ကတည်းက လမ်းဘေးတွင် ကုန်တင်ကား အတော်များများ ရှိနေသည်ကို ချန်းရီ သတိထားမိခဲ့သည်။
သူနှင့် သင့်တော်မည့် ကားတစ်စီးကို ရွေးချယ်လိုက်ပြီး ထင်းခုတ်ဓားမကို အသုံးပြုကာ နောက်တွဲခန်းကို အကြမ်းပတမ်း ဖြတ်တောက်ယူလိုက်ခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် နံပါတ်စဉ် နှစ်ထောင်ရှိသော သဘာဝလွန်ပစ္စည်း တစ်ခုဖြစ်ရာ ဤကဲ့သို့သော ကိစ္စမျိုး လုပ်ရသည်မှာ အလွန် လွယ်ကူလွန်းလှပေသည်။
ချန်းရီက သူ အကြမ်းပတမ်း ဖြတ်တောက်ယူလာခဲ့သော နောက်တွဲခန်းကို သူ၏ ကားနောက်ခန်းပေါ်သို့ တင်လိုက်သည်။
အမှန်တိုင်းပြောရလျှင်... သူ ရှာတွေ့လာသော နောက်တွဲခန်းမှာ အနည်းငယ် ကြီးနေပြီး သူ၏ ကားနောက်ခန်းနှင့်တော့ သိပ်ပြီး မကိုက်ညီလှပေ။
သို့သော် သူ့ထံတွင် စနစ်ရှိနေသဖြင့် အရာအားလုံးက ပြဿနာ မဟုတ်တော့ပေ။
ချန်းရီက ရွှီနန်ကို သံကြိုးတချို့ ရှာခိုင်းလိုက်ပြီး ထိုနောက်တွဲခန်းကို ကားနောက်ခန်းပေါ်တွင် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်၏။
ကားတစ်စီးလုံး၏ ကမ္ဘာပျက်ကပ် အငွေ့အသက်မှာ အနည်းငယ် ပို၍ သိသာလာခဲ့သည်။
ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် ချန်းရီ၏ ဤကားသည် ကမ္ဘာပျက်ကပ် ခေါင်းစဉ်ဖြင့် ပြုလုပ်သော ပြိုင်ပွဲအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်လောက်သည်အထိ သေချာပေါက် အရည်အချင်း ပြည့်မီနေပေလိမ့်မည်။
ချန်းရီက လမ်းဘေးမှ လမ်းကြမ်းမောင်းကား နှစ်စီးကိုလည်း ရှာတွေ့ခဲ့ပြီး ၎င်းတို့၏ ဆီတိုင်ကီများကို အကြမ်းပတမ်း ဖြတ်တောက်ကာ သူ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားပေါ်တွင် တပ်ဆင်ရန် ရည်ရွယ်ထားသည်။
နှင်းခွဲ မီးသီး အချို့ကိုပင် ဖြုတ်ယူလာခဲ့သေး၏။
ပင်ပင်ပမ်းပမ်း လှုပ်ရှားရုန်းကန်ပြီးနောက် ချန်းရီက စနစ် မျက်နှာပြင်ပေါ်တွင် အဆင့်မြှင့်တင်မည့် အစီအစဉ်ကို အတည်ပြုလိုက်သည်။
ကားနောက်တွဲခန်းကို အံဝင်ခွင်ကျဖြစ်အောင် တပ်ဆင်ခြင်း၊ ဆီတိုင်ကီကို အံဝင်ခွင်ကျဖြစ်အောင် တပ်ဆင်ခြင်းနှင့် ကားမီးသီးများကို အံဝင်ခွင်ကျဖြစ်အောင် တပ်ဆင်ခြင်း။
စနစ်မှ တွက်ချက်ပြလာသော ဈေးနှုန်းမှာ သတ်ဖြတ်မှတ် သုံးထောင်ငါးရာမှတ် ဖြစ်သည်။
ဤအရာများအားလုံးကို စနစ်ကသာ အစအဆုံး တာဝန်ယူပြီး လုပ်ဆောင်ပေးရမည်ဆိုပါက သတ်ဖြတ်မှတ် တစ်သောင်းကျော်လောက် ကုန်ကျနိုင်ပေသည်။
ယခုအခါ စနစ်ကို အံဝင်ခွင်ကျဖြစ်အောင် တပ်ဆင်ခိုင်းရုံသာ ဖြစ်သဖြင့် ကုန်ကျစရိတ်မှာ ထက်ဝက်ကျော်ခန့် လျော့ကျသွားခဲ့၏။
ဤကိစ္စနှင့် ပတ်သက်၍ ချန်းရီက အလွန် ကျေနပ်နေသည်။
အဆင့်မြှင့်တင်ရန်အတွက် ခုနစ်နာရီ အချိန်ယူရမည် ဖြစ်သည်။
အချိန်က သိပ်မကြာလှပေ။
သေချာသည်မှာ ချန်းရီက ဤကိစ္စများကို လုပ်ဆောင်နေချိန်တွင် သူ၏ လှုပ်ရှားမှု နယ်ပယ်တစ်ခုလုံးကို မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းထားပြီး သူ၏ သက်ရှိလူသား အငွေ့အသက်များကို ကာကွယ်ဖုံးကွယ်ထားခဲ့ပြီး ဖြစ်သည်။
နံနက်စာ စားပြီးနောက် ယာဉ်တန်းက ထွက်ခွာရန် ပြင်ဆင်လိုက်ကြတော့သည်။
ဆက်ရန်...