← Chapters

အခန်း ၁၉၁

Vol. 10 Ch. 191

အခန်း ၁၉၁

Vol. 10 Ch. 191

အပိုင်း(၁၉၁) နဂါးအဖြစ် ပြောင်းလဲသွားသော မြွေကြီး

ထိုနဂါးဟိန်းဟောက်သံကြောင့် ယာဉ်တန်းရှိ လူအချို့က လန့်ဖျပ်သွားသော ယုန်ငယ်လေးများအလား တုန်လှုပ်သွားကြပြီး လှိုင်းထန်နေသော မြူခိုးထုကြီးဆီသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြ၏။

လက်ရှိနေရာမှ ကြည့်လိုက်လျှင် မျက်မှောက်ရှိ မြူခိုးထူထူကြီးသည် လျင်မြန်စွာ လှိုင်းထန်ကျုံ့ဝင်နေရုံသာမက တဝူမြို့ တစ်မြို့လုံးရှိ မြူခိုးများသည်လည်း မျက်တောင်တစ်ခတ်အတွင်း အဆင့်များစွာ ပိုမို ထူထပ်လာခဲ့သည်။

ခေါင်းဆောင်ချူ၏ မျက်နှာက ပျက်ယွင်းသွားပြီး အလျင်အမြန် အမိန့်ပေးလိုက်သည်။

"အားလုံး ကားပေါ်တက်... ဒီနေရာကနေ ထွက်ကြမယ်"

ခေါင်းဆောင်ချူက ရှေ့မှ လူသဏ္ဍာန် မြူခိုးကျွန် နှစ်ကောင်ကို နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်ပြီးနောက် အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားဆီသို့ နှမြောတသစွာဖြင့် ပြေးသွားခဲ့သည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများသည်လည်း အလန့်တကြား ထွက်ပြေးကြကာ မိမိတို့၏ ကားများဆီသို့ အပြေးအလွှား သွားကြလေသည်။

ဦးလေးအားပေါင်နှင့် ရှောင်ဝမ်တို့နှင့် ဆင်တူသော ထိုမြူခိုးကျွန်နှစ်ကောင်က လူအားလုံး ထွက်ခွာသွားသည်ကို ရပ်ကြည့်နေကြ၏။

ရုတ်တရက်... ၎င်းတို့နှစ်ဦးက လက်ကိုမြှောက်ကာ အသက်ရှင်ကျန်ရစ်သူ အားလုံးကို လက်ပြလိုက်ကြသည်။ လူအားလုံးကို နှုတ်ဆက်နေသည့်အလားပင်။

ရှောင်ယွီက ပြေးရင်းလွှားရင်း မနေနိုင်တော့ဘဲ အသံထွက်ကာ ငိုချလိုက်တော့သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည်ပင် မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များ ဝဲတက်လာခဲ့သည်။

"ခေါင်းဆောင်ချူ..."

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ပြေးရင်းနှင့် ခေါင်းဆောင်ချူကို မနေနိုင်ဘဲ လှမ်းခေါ်လိုက်သည်။

ခေါင်းဆောင်ချူက အံကြိတ်လိုက်ပြီး ပြောလိုက်သည်။

"စကားများမနေနဲ့... ဒီနေရာကနေ အမြန်ထွက်ကြ"

ခေါင်းဆောင်ချူအနေဖြင့် ဦးလေးအားပေါင်၊ ရှောင်ဝမ်နှင့် အခြား အသက်ရှင်ကျန်ရစ်သူများကို ခေါ်မသွားချင်ဘဲ နေမည်လား။

သို့သော်... ယခုအခါ သူတို့သည် မြူခိုးကျွန်များ ဖြစ်သွားခဲ့ပြီမို့ ပြန်လာ၍ မရနိုင်တော့ပေ။

ချန်းရီက ချက်ချင်းပင် ကားထဲသို့ ပြန်ဝင်လိုက်သည်။ ခေါင်းဆောင်ချူ၏ ကားက သူ့ကားဘေးမှ ဖြတ်မောင်းသွားချိန်တွင် ချန်းရီကလည်း လီဗာကို နင်းကာ ဖုန်တလုံးလုံး ထစေလျက် နောက်မှ လိုက်ပါသွားခဲ့၏။

ဤတစ်ကြိမ်တွင် အမြင်အာရုံကို ကွယ်စေမည့် မြူခိုးထူထူများ မရှိတော့သဖြင့် ကား၏ အမြန်နှုန်းမှာ မနှေးကွေးလှပေ။

တဝူမြို့ တစ်မြို့လုံးသည် မွှေနှောက်ခံထားရသော ရေအိုးကြီးတစ်လုံးအလား ဖြစ်နေသည်ကို နောက်ကြည့်မှန်ထဲမှနေ၍ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။ ဧရာမ သတ္တဝါကြီးတစ်ကောင်က တဝူမြို့ထဲမှနေ၍ အပြင်သို့ ထိုးဖောက်ထွက်လာချင်နေသည့်ပုံပင်။

ဧရာမ သတ္တဝါကြီး... ဟုတ်လား။

ချန်းရီ၏ စိတ်ထဲတွင် ဝူကျန်းတံတားအောက်ရှိ ထိုအကောင်ကြီးကို ချက်ချင်း ပြေးမြင်လိုက်မိသည်။

ထိုအတွေးက သိပ်မကြာခင်မှာပင် အတည်ပြုနိုင်ခဲ့သည်။ ဧရာမ မြွေခေါင်းကြီး တစ်ခုက ရေတွက်၍မရနိုင်သော မြူခိုးထု၏ ပိတ်ဆို့မှုများကို ဖောက်ထွက်လာခဲ့၏။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက လေထဲတွင် အရူးအမူး တွန့်လိမ်လှုပ်ရှားကာ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားပြီး ၎င်း၏ ကိုယ်ပေါ်တွင် တွယ်ကပ်နေသော မြူခိုးများကို ဖယ်ခွာပစ်လိုက်သည်။

တစ်စုံတစ်ရာသော အချုပ်အနှောင်များကို ချိုးဖျက်ပြီး ပိုမိုမြင့်မားသော အတိုင်းအတာတစ်ခုဆီသို့ ထိုးဖောက်ဝင်ရောက်ချင်နေသည့်အလားပင်။

ထိုမြူခိုးများသည် ထိုမြွေကြီးကို ပိတ်လှောင်ထားသည့် လှောင်ချိုင့်ကြီးနှင့် တူလှသည်။

အဆုံးအစမရှိသော မြူခိုးများက အထက်သို့ တက်နေသော မြွေကြီး၏ ခန္ဓာကိုယ်ကို အရူးအမူး ဆွဲချကာ အောက်ဘက်ရှိ ထူထပ်သော မြူခိုးထုထဲသို့ ပြန်လည် ဆွဲသွင်းရန် ကြိုးစားနေကြ၏။

"ဂါး"

ဒီအသံပဲ။

နဂါးတစ်ကောင်နှင့် တူသော်လည်း နဂါးတော့ မဟုတ်ပေ။

ကျားတစ်ကောင်ကဲ့သို့ ဩဇာတိက္ကမ ကြီးမားကာ ဖိနှိပ်နိုင်စွမ်း ရှိသည်။

နွားတစ်ကောင်ကဲ့သို့ ဩဇာသံပါပါနှင့် တုန်လှုပ်ဖွယ်ရာလည်း ကောင်းလှသည်။

၎င်းမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ထူးဆန်းသော အော်ဟစ်သံကြီးပင် ဖြစ်တော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ချန်းရီတစ်ယောက် အံ့သြမှင်တက်သွားခဲ့ရ၏။

တကယ်ကြီး ဖြစ်နေတာပဲ။

ဒီအတိုင်း ရမ်းခန့်မှန်းလိုက်တာကို တကယ်ကြီး မှန်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဒါ... ဒါက နဂါးအဖြစ် ပြောင်းလဲတော့မှာများလား။

ချန်းရီတစ်ယောက်တည်း ဤမြင်ကွင်းကို မြင်လိုက်ရခြင်း မဟုတ်ပေ။ စွန်းချန်းချန်းကလည်း ကားပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ မျက်လုံးကြီးများ ပြူးကျယ်လျက် ထိုမြွေကြီးက ကောင်းကင်ယံသို့ ထိုးတက်ရန် အဆက်မပြတ် ကြိုးစားနေသည်ကို စိုက်ကြည့်နေမိသည်။

ထိုမြူခိုးများက မြွေကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ကြိမ်ပြီးတစ်ကြိမ် တွယ်တက်နေကြသည်။

တစ်ကြိမ်ပြီးတစ်ကြိမ် ဖုံးလွှမ်းပစ်နေကြ၏။

"ဂါး"

မြွေကြီးက လက်မခံနိုင်ပေ။

ကောင်းကင်ယံသို့ နောက်တစ်ကြိမ် ထပ်မံ ထိုးတက်သွားပြန်သည်။

ကောင်းကင်ယံဆီသို့ နောက်တစ်ကြိမ် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

မြူခိုးများက ၎င်းကို နောက်ထပ် ဖုံးလွှမ်းသွားပြန်သည်။

ချန်းရီသည် ထိုအော်ဟစ်သံထဲမှ ပြင်းထန်သော နာကြည်းမှုများနှင့် မကျေနပ်မှုများကို ကြားသိနိုင်ပေသည်။

ကျောင်းကားထဲရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်တက်နေကြသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ရုပ်မြင်သံကြား သို့မဟုတ် ရုပ်ရှင်များထဲရှိ အထူးပြုလုပ်ချက်များတွင်သာ မြင်တွေ့နိုင်မည် ဖြစ်သည်။

သို့သော် ယခုတော့...

ချန်းရီက ဖုန်းကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် စတီယာရင်ကို ထိန်းကာ ကားခေါင်းကို ကွေ့၍ လမ်းဘေးတွင် တိုက်ရိုက် ရပ်လိုက်သည်။

ဖုန်းကို ထုတ်လိုက်သည်။

ဗီဒီယို စတင် ရိုက်ကူးလိုက်၏။

အနီးကပ်ဆွဲလိုက်သည်။

ထပ်ပြီး အနီးကပ်ဆွဲလိုက်သည်။

ချန်းရီသည် ဖုန်းကင်မရာထဲမှနေ၍ အလွန် ရှင်းလင်းစွာ မြင်လိုက်ရသည်။

အဲဒါ ထိုမြွေကြီးပင် ဖြစ်သည်။

ဝူကျန်းတံတားအောက်ရှိ ထိုမြွေကြီးပင် ဖြစ်တော့သည်။

အကယ်၍များ...

အကယ်၍များ တစ်နေ့နေ့တွင် မိမိ၏ မီးခိုးငွေ့ဖြင့် ဤမြွေကြီးကို ပုံဖော်နိုင်ခဲ့မည်ဆိုလျှင်...

ဤအတွေးလေး တွေးလိုက်မိရုံဖြင့် ချန်းရီ တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားခဲ့သည်။

သို့သော် သိပ်မကြာခင်မှာပင် ထိုအတွေးက ရေပွက်ပမာ ပျောက်ကွယ်သွားခဲ့၏။

ဤမြွေကြီးကိုတော့ ထားလိုက်ပါတော့။

မရဏနတ်သမီးကို ပုံဖော်ခြင်းကိုပင် မိမိကိုယ်တိုင် သေချာ နားမလည်သေးပေ။

ချန်းရီ ရပ်လိုက်သည်ကို မြင်သောအခါ ခေါင်းဆောင်ချူ၏ ကားကလည်း ရပ်တန့်သွားသည်။

အခြားသော ကားများသည်လည်း ရပ်တန့်သွားကြပြီး အားလုံးက အဝေးရှိ တဝူမြို့ဆီသို့ လှမ်းကြည့်လိုက်ကြ၏။

ထိုမြွေကြီးက ကောင်းကင်ယံသို့ ဆက်လက် မထိုးတက်တော့သည့် အချိန်အထိပင်။

နဂါးနှင့်တူသော်လည်း နဂါးမဟုတ်သည့် ဟိန်းဟောက်သံများသာ တရစပ် ထွက်ပေါ်လာနေတော့သည်။

"ဒီနေ့ မြူခိုးကျွန်တွေ ငါတို့ကို မတိုက်ခိုက်တာ... အဲဒီအကောင်ကြီးကြောင့် ဖြစ်ရမယ်"

ခေါင်းဆောင်ချူ၏ အသံက နားထဲသို့ ဝင်လာသည်။

ချန်းရီက ခေါင်းညိတ်ပြလိုက်ပြီး ခေါင်းဆောင်ချူ၏ ခန့်မှန်းချက်သည် အမှန်တကယ် ဖြစ်နိုင်ခြေများကြောင်း တွေးမိလိုက်၏။

တဝူမြို့ရှိ ထိုမြွေကြီးသည် အလွန်အရေးကြီးသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားပုံရသည်။

သို့သော်လည်း... ဤကိစ္စရပ်များသည် မိမိကဲ့သို့ သာမန်လူတစ်ယောက် ဖြေရှင်းနိုင်မည့် အရာမျိုး မဟုတ်ပေ။

လောလောဆယ် အသက်ရှင်အောင် နေနိုင်ဖို့က အဓိကပဲဟု တွေးလိုက်သည်။

လူအားလုံး ကားထဲသို့ ပြန်လည် ဝင်ရောက်သွားကြပြီး ယာဉ်တန်းက ဖြည်းညင်းစွာ စတင် မောင်းနှင်သွား၏။

ယာဉ်တန်းသည် ယခင်က မောင်းနှင်သည့် အရှိန်အဟုန်အတိုင်း ပြန်လည် ရောက်ရှိသွားသည်။

အရှေ့ဆုံးတွင် ခေါင်းဆောင်ချူ၏ ကားက ရှိနေသည်။

ထို့နောက်တွင် ချန်းရီ၏ ပစ်ကပ်ကား ရှိပြီး ၎င်း၏ နောက်တွင်တော့ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ကား ရှိနေသည်။

ပြီးနောက်တွင် ကျောင်းကား ပါရှိသည်။

နောက်ဆုံးတွင်တော့ သေတ္တာပုံစံ ကားငယ်လေး တစ်စီး အပိုပါလာခဲ့၏။

ဤတစ်ကြိမ် တဝူမြို့နှင့် ရုံမြို့တွင် ကိစ္စရပ်များ အလွန်များပြားစွာ ဖြစ်ပျက်ခဲ့သည်။

ဤကမ္ဘာကြီးသည် မိမိနှင့် တဖြည်းဖြည်း ပို၍ စိမ်းသက်လာသည့် ပုံစံမျိုး ပြောင်းလဲသွားသကဲ့သို့ ရှိတော့သည်။

ယခင်က ဤကဲ့သို့ ပြင်းထန်ဆိုးရွားသော ရာသီဥတုမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ပေ။

ထို့အပြင် ထိုထူးဆန်းသည့် အရာများက ချန်းရီအား အလွန်နက်ရှိုင်းသော အန္တရာယ်ရှိနေသည့် ခံစားချက်မျိုးကို ဖြစ်ပေါ်စေခဲ့၏။

လမ်းစဉ် အဆင့် (၂) သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ချန်းရီသည် မိမိကိုယ်မိမိ ပုရွက်ဆိတ်တစ်ကောင်ပမာ သေးငယ်နုံချာလှသည်ဟု ခံစားနေရဆဲပင်။

ဝူကျန်းတံတားအောက်ရှိ ထိုမြွေကြီး၊ ကောင်းကင်တွင် ပျံသန်းနေသော ကောင်းကင်ဝေလငါး၊ ထို့အပြင် ကြားသာကြားဖူးပြီး မမြင်ဖူးသေးသည့် နတ်ဆင်ကြီး။

ဤအရာအားလုံးသည် နားထောင်ကြည့်လျှင် ဒဏ္ဍာရီပုံပြင်များနှင့် တူလှသည်။

သို့သော် ယခုအခါ မိမိမျက်စိရှေ့တွင် အမှန်တကယ်ပင် ဖြစ်ပျက်နေခဲ့ပြီ။

တစ်ခုတည်းသော နှစ်သိမ့်စရာအချက်မှာ တဝူမြို့မှ ထွက်ခွာလာပြီးနောက် ရာသီဥတုက သာယာနေပြီး အပူချိန်မှာလည်း မျှတနေခြင်းပင် ဖြစ်သည်။

လမ်းဘေးရှိ သစ်ပင်ပန်းမန်များလည်း များစွာ ပိုမို ပေါက်ရောက်နေပြီး မျက်စိရှေ့တွင် စိမ်းလန်းစိုပြည်နေသည်။

အနည်းငယ် အလှမ်းဝေးသော နေရာများတွင်ပင် ပန်းပွင့်လေးများက အလှဆင်ထားသေး၏။

ယာဉ်တန်းက ရှေ့သို့ ဆက်လက် မောင်းနှင်သွားသည်။

ညနေ ၃ နာရီခန့် အချိန်ရောက်သောအခါ ရှုခင်းလှပသော ရေကန်စပ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုအခါမှ စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ အသံ ထွက်ပေါ်လာသည်။

"ကဲ... ကဲ... ဒီနေ့တော့ ဒီလောက်ပဲ ရပ်ကြတာပေါ့"

ခေါင်းဆောင်ချူ၏ ကားက ဖြည်းညင်းစွာ ရပ်တန့်သွား၏။

ထို့နောက် ရွှီနန်သည် မည်သည့်နေရာမှ ရလာမှန်း မသိသော အလံငယ်လေး တစ်ခုကို ကားပြတင်းပေါက်မှ အပြင်သို့ ထုတ်ကာ အဆက်မပြတ် ဝှေ့ယမ်းပြနေသည်ကို ချန်းရီ မြင်လိုက်ရသည်။

ယာဉ်တန်းရှိ ကားများအားလုံး တဖြည်းဖြည်း စက်သတ်လိုက်ကြသည်။

ခေါင်းဆောင်ချူ ယနေ့ ရွေးချယ်ထားသော စခန်းချမည့်နေရာသည် အမှန်တကယ်ပင် ကောင်းမွန်လှသည်ဟု ပြောရပေမည်။

မြစိမ်းရောင် ရေကန်ပြင်ပေါ်မှ ဖြတ်သန်းတိုက်ခတ်လာသော လေပြေလေးများက လူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ စိတ်အေးချမ်းသာယာမှုကို ခံစားရစေသည်။

အနည်းငယ် လှမ်းသောနေရာတွင် ပန်းခင်းတစ်ခု ရှိနေသေး၏။

လေပြေလေးများ တိုက်ခတ်လိုက်သည်နှင့် ထိုပန်းလေးများက အဆက်မပြတ် ယိမ်းနွဲ့သွားကြပြီး ဤဖိတ်ခေါ်မထားသော ဧည့်သည်များကို စပ်စုလိုစိတ်ဖြင့် အကဲခတ်နေသည့်အလားပင်။

ဤနေရာမျိုးသာ ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ခြံခတ်ပြီး ဝင်ကြေး ကောက်ခံမည့်နေရာ ဖြစ်ရန် ရာခိုင်နှုန်း တော်တော်များများ သေချာသည်။

အသက်ရှင်ကျန်ရစ်သူများက ကားပေါ်မှ အသီးသီး ဆင်းလာကြသည်။

လေပြေလေးများက ထိုလူများ၏ ဆံပင်များကို တိုက်ခတ်သွား၏။

လူတိုင်း၏ မျက်နှာပေါ်ရှိ ပူဆွေးသောကများကို လွင့်စင်သွားစေသည်။

ထိုအသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာပေါ်ရှိ အမူအရာများကို ကြည့်ခြင်းအားဖြင့် ယခုအချိန်တွင် သူတို့၏ စိတ်အခြေအနေက အလွန် ကြည်နူးနေကြောင်း သိသာလှပေသည်။

ရှုလီနာသည် လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး သူမ၏ မျက်နှာပေါ်တွင် သာယာကြည်နူးနေသည့် အမူအရာက ပေါ်လွင်နေသည်။

အသက်ရှင်ကျန်ရစ်သူ အတော်များများက ရှုလီနာ၏ ခန္ဓာကိုယ်ကို ခိုးကြည့်နေကြ၏။

ဝန်ခံရမည်ဆိုလျှင်... ဤအမျိုးသမီးသည် အမှန်တကယ်ပင် ချောမောလှပပေသည်။

ချန်းရီက ကားဘေးတွင် ရပ်နေရင်း သူ၏ အကြည့်များကလည်း အလိုအလျောက် တစ်ချက် လှမ်းကြည့်မိသွားသည်။

ထိုသို့ လှမ်းကြည့်လိုက်သည်ကို ရှုလီနာက အတိအကျပင် မြင်သွားခဲ့သည်။ ဤအမျိုးသမီးသည် ဆုရသွားသော ကလေးငယ်တစ်ယောက်အလား ရေကန်စပ်တွင် ရုတ်တရက် ကခုန်လာတော့၏။

ကခုန်နေရင်းနှင့် ချန်းရီအား မကြာခဏဆိုသလို မျက်ရိပ်မျက်ကဲများ ပစ်ပေးနေသေးသည်။

ယခုအချိန်တွင် ချန်းရီ၏ စိတ်အခြေအနေမှာလည်း မဆိုးလှပေ။

ထို့ကြောင့် သူမ၏ အကကို အလိုက်တသိဖြင့် ကြည့်ရှုခံစားနေမိသည်။

ဤကဲ့သို့ ရှားပါးလှသော အေးချမ်းသည့် အချိန်လေးက ဤကဲ့သို့သော အခိုက်အတန့်မျိုးမှာ ရရန် အလွန်ခဲယဉ်းကြောင်း ချန်းရီအား ခံစားရစေသည်။

အသက်ရှင်ကျန်ရစ်သူ အများအပြားလည်း အနားသို့ ဝိုင်းအုံလာကြပြီး ရှုလီနာအတွက် စည်းချက် လိုက်တီးပေးသူများပင် ရှိနေ၏။

ရှုလီနာ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသော လောဘရမ္မက် မျက်လုံးအချို့လည်း ရှိနေသော်လည်း ချန်းရီကို မြင်လိုက်ရချိန်တွင် ထိုရမ္မက်မျက်လုံးများ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။

"ဘယ်လိုလဲ... ကြည့်လို့ကောင်းရဲ့လား"

ဘေးနားမှ ရင်းနှီးနေသော ကောင်မလေးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

ချန်းရီက လှည့်မကြည့်ဘဲနှင့်ပင် မည်သူမှန်း သိနေသည်။ သို့သော် သူ၏ ခါးရှိ ထင်းခုတ်ဓားမဆီမှ အလွန်ထူးဆန်းသော လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာပုံရ၏။

စွန်းချန်းချန်းက ချန်းရီအနားသို့ ချဉ်းကပ်လာချိန်တွင် သူမလက်ထဲရှိ ဓားရှည်ဆီမှ ထူးဆန်းသော ခံစားချက်ကို သတိထားမိလိုက်သည်။

"မဆိုးပါဘူး... ဒါပေမဲ့ ဝန်ခံရရင်တော့ ဒီမိန်းမက တကယ်ကို လှတာ"

"ဟွန့်... သူ့စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ... တစ်ယာဉ်တန်းလုံး သိလောက်တယ်... ရှင်ကရော စိတ်မလှုပ်ရှားဘူးလား"

စွန်းချန်းချန်းက ဓားကို ပိုက်ထားပြီး ရှုလီနာ၏ ကဟန်ကို ကြည့်ရင်း အနည်းငယ် မနာလိုသော လေသံဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ သိပ်လည်းမထူးခြားပါဘူး"

တကယ်တမ်းတွင်လည်း ရှုလီနာ၏ အကမှာ သာမန်မျှသာ ဖြစ်သည်။

ဤအမျိုးသမီး၏ မိသားစု နောက်ခံမှာ သာမန်မျှသာ ဖြစ်ပြီး ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာခြင်း မဟုတ်ပေ။

ထို့ကြောင့် ငယ်စဉ်က ကျောင်းတက်ရုံမှလွဲ၍ အိမ်ပြန်ရောက်သည်နှင့် အိမ်ရှိ လယ်ယာလုပ်ငန်းခွင်များတွင် ကူညီလုပ်ကိုင်ပေးခဲ့ရသည်။

နောက်ပိုင်း အရွယ်ရောက်လာပြီး ငွေကြေး အနည်းငယ် ပြည့်စုံလာချိန်မှသာ အကကို အနည်းငယ် သွားရောက် သင်ယူခဲ့ခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ဤအမျိုးသမီး၏ ရုပ်ရည်သွင်ပြင်က အလွန်ကောင်းမွန်သဖြင့် ကခုန်လိုက်သောအခါ ကြည့်ကောင်းနေကာ သူမ၏ အားနည်းချက် တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ပေးနိုင်ခဲ့ခြင်းပင်။

"ငါသာ အစွမ်းပိုင်ရှင် တစ်ယောက် မဟုတ်ခဲ့ရင်... ဒီမိန်းမက ငါ့ရှေ့မှာ လာကပြနေပါ့မလား"

"ရှင်က ကိုယ့်အခြေအနေကို ကောင်းကောင်း သိသားပဲ"

ချန်းရီက ထိုအမျိုးသမီး၏ လေသံ ထူးဆန်းနေသည်ကို ကြားလိုက်ရသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားကာ...

"နေပါဦး... နင်က ငါ့ကို ဘာလာလုပ်တာလဲ... ငါ့ကို ရွဲ့ဖို့ သက်သက် လာတာလား"

"ကျွန်မ ရှင့်ကို တောင်းပန်ဖို့ လာတာပါ... အရင်က ရုံမြို့မှာတုန်းက ကိစ္စအတွက်... တောင်းပန်ပါတယ်"

ကောင်မလေး၏ တောင်းပန်မှုမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။ တောင်းပန်နေသော်လည်း သူမ၏ ခေါင်းလေးကို မော့ထားဆဲဖြစ်ပြီး ပီပြင်လှသော မေးရိုးလေးက ပေါ်လွင်နေကာ ခေါင်းပေါ်ရှိ ပန်းရောင် မြင်းမြီးဆံပင်လေးကလည်း တယိမ်းယိမ်း ဖြစ်နေ၏။

ချန်းရီက ပခုံးတွန့်ပြလိုက်ပြီး...

"ငါက အဲဒီလောက် သဘောထားမသေးပါဘူး... ငါ့နေရာမှာဆိုရင်လည်း ငါလည်း နင့်ကို တိုက်ခိုက်မိမှာပဲ"

တကယ်တမ်းတွင် ချန်းရီမှာ သိပ်ပြီး ဒေါသမထွက်မိပေ။

ထိုအချိန်က စွန်းချန်းချန်းသည် ဝူကျန့်ရှန်းဘက်တွင် ရပ်တည်နေခဲ့သော်လည်း အစမှအဆုံးထိ မိမိအား တစ်ချက်မျှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း မရှိပေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ ချန်းရီက ဤသို့ ပြောလိုက်လိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ရုတ်တရက် ဒေါသထွက်ကာ ပါးပြင်လေးများ ဖောင်းတက်သွားပြီး သူမလက်ထဲရှိ ဓားရှည်မှာလည်း ပို၍ ဂဏာမငြိမ် ဖြစ်လာတော့သည်။

ချန်းရီ၏ ခါးနောက်ရှိ ထင်းခုတ်ဓားမကလည်း တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး စတင် ဂဏာမငြိမ် ဖြစ်လာ၏။

ကောင်မလေးက အေးစက်စက် တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာပေါ်တွင် မကျေနပ်မှုများ အပြည့်ဖြင့် ပန်းရောင် မြင်းမြီးဆံပင်လေးကို ခါယမ်းကာ ချက်ချင်း လှည့်ထွက်သွားတော့သည်။

သို့သော် သူမ၏ လက်ထဲတွင်မူ ဓားရှည်၏ လက်ကိုင်ရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။

ကောင်မလေး ထွက်သွားပြီးနောက်...

"သူက ရှင့်ကို တောင်းပန်ဖို့ လာတာပါ... ရှင် ဝူကျန့်ရှန်းကို သတ်လိုက်တော့... ကျွန်မတို့ အကုန်လုံး သတိဝင်လာခဲ့တာလေ... သူ ရှင့်ကို ရန်လိုခဲ့မိတဲ့အပေါ် အရမ်း နောင်တရနေတာ"

သိမ်မွေ့ပြီး ခံစားချက်ကင်းမဲ့သော အသံတစ်သံက သဲ့သဲ့လေး ထွက်ပေါ်လာသည်။

တင်းတုံ ပင် ဖြစ်သည်။

ဤအမျိုးသမီးကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့ရချိန်တွင် ထိုသာမန်မျှသာရှိသော ရုပ်ရည်မှလွဲ၍ ဘယ်ဘက်လက် တစ်ဖက်သာ ကျန်ရှိတော့သည်။

ချန်းရီက အမျိုးသမီး၏ ကျန်ရစ်သော လက်တစ်ဖက်ကို အကဲခတ်ကြည့်လိုက်ရာ စိတ်ထဲတွင် အနည်းငယ်တော့ အံ့သြသွားမိသည်။

"မင်းရဲ့ ညာဘက်လက်က..."

"ကိစ္စမရှိပါဘူး... အသက်ရှင်နေရရင်ပဲ တော်ပါပြီ... ကျွန်မလည်း ရှင့်ကို တောင်းပန်ဖို့ လာတာပါ"

တင်းတုံက ချန်းရီအား အလွန် အလေးအနက်ထား၍ တောင်းပန်လိုက်သည်။

ချန်းရီက လက်ကာပြလိုက်ပြီး...

"ရပါတယ်... တစ်နေ့နေ့မှာ အသက်ရှင်ဖို့အတွက်ဆိုရင် ငါလည်း မင်းကို တိုက်ခိုက်မိမှာပဲ"

ချန်းရီသည် တင်းတုံအပေါ် မည်သည့် နာကြည်းချက်မှ မရှိပေ။

ဤစကားသည် သူ၏ ရင်တွင်းမှ အမှန်တကယ် ထွက်ပေါ်လာသော စကားဖြစ်သည်။ အကယ်၍ တစ်နေ့နေ့တွင် အသက်ရှင်ဖို့အတွက် ခေါင်းဆောင်ချူ၊ စွန်းချန်းချန်းနှင့် ထယ်ရှီးတို့နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ချန်းရီ ဝေခွဲမရ ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။

သို့သော် တင်းတုံနှင့်ဆိုလျှင်မူ ချန်းရီက မိမိအနေဖြင့် တစ်ချက်မျှ တွေဝေနေမည်မဟုတ်ဘဲ တိုက်ခိုက်မည်ဟု ခံစားမိသည်။

ဆန့်ကျင်ဘက်အနေဖြင့် ချန်းရီက တင်းတုံ၏ ဤကဲ့သို့သော ဆက်ဆံရေးပုံစံမျိုးကို ပို၍ သဘောကျမိသည်။

ပေါ့ပါးပြီး မည်သည့် အပြစ်မကင်းစိတ်မှ မရှိစေခြင်းပင်။

တင်းတုံက ချန်းရီကို ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။ သူမ၏ အပြုံးမှာ အလွန် ပေါ့ပါးလွတ်လပ်နေ၏။

"ရှင် အဲဒီလို လုပ်မယ်ဆိုတာ ကျွန်မ ယုံပါတယ်... ခေါင်းဆောင်ချူ ပြောဖူးတယ်... ကျွန်မတို့အထဲမှာ အသက်ရှင်ကျန်ရစ်မယ့်သူ တစ်ယောက် ရှိသေးတယ်ဆိုရင်... အဲဒါ ရှင်ပဲ ဖြစ်ရမယ်တဲ့"

ချန်းရီ ဘာမှ ဝင်မပြောခဲ့ပေ။

အသက်ရှင်ကျန်ရစ်ရန်... ဤရည်မှန်းချက်မှာ အလွန်ပင် ဝေးကွာလွန်းနေပုံရသည်။

ဤကမ္ဘာပျက်ကပ်အကြောင်းကို ပိုမို နားလည်လာလေလေ ချန်းရီအနေဖြင့် အသက်ရှင်ကျန်ရစ်နိုင်မည့် မျှော်လင့်ချက်မှာ ပိုမို မှေးမှိန်လာလေလေ ဖြစ်သည်ဟု ခံစားရသည်။

ဒါနဲ့... ချူချယ်ဆိုတဲ့ ဒီခွေးကောင်... အရင်က တဝူမြို့မှာ ရခဲ့တဲ့ သေနတ်တွေကို အခုထိ မခွဲပေးရသေးဘူး။

ဒီကောင်က အခုထိ သိမ်းထားရတာ ဘာသဘောလဲ။

ပြီးတော့... ကားရဲ့ အဆင့်မြှင့်တင်မှုကလည်း မကြာခင် ပြီးဆုံးတော့မှာပဲ။

ဆက်ရန်...

All Chapters