အခန်း ၁၉၆
Vol. 10 Ch. 196
အပိုင်း(၁၉၆) ယာဉ်တန်းကြီး
ယာဉ်တန်း၏ ခွဲဝေမှု စည်းမျဉ်းများအရ မည်သူရှာဖွေရရှိသည်ဖြစ်စေ ထိုသူသာလျှင် ပိုင်ဆိုင်ခွင့်ရှိ၏။
အကယ်၍ လူနှစ်ယောက် သို့မဟုတ် သုံးယောက်ထက်ပို၍ ပါဝင်နေပါက သူတို့၏ လုပ်ဆောင်ချက် အကြီးအသေးအပေါ် မူတည်ပြီး ခွဲဝေယူကြရသည်။
သို့သော် လမ်းပြသူများအတွက် အထူးအခွင့်အရေးများ ရှိပြီး လမ်းပြသူတစ်ဦး ပါဝင်နေသရွေ့ ရိက္ခာတစ်စုကို သေချာပေါက် ရရှိမည် ဖြစ်သည်။
ထို့ကြောင့် ဤသေနတ်လေးလက်ကို ချန်းရီနှင့် ခေါင်းဆောင်ချူတို့ နှစ်ယောက် တန်းတူ ခွဲဝေယူလိုက်ကြသည်။
သို့ရာတွင် သေနတ်လေးလက်၏ တန်ဖိုးမှာ မတူညီကြပေ။ ခေါင်းဆောင်ချူနှင့် ချန်းရီတို့ တိုင်ပင်ပြီးနောက် သေနတ်လေးလက်ကို အုပ်စုနှစ်စု ခွဲလိုက်ကြသည်။
နံပါတ်စဉ် အရှေ့ဆုံးတွင်ရှိသော "ပေါက်ကွဲကြယ်ပွင့်" နှင့် နံပါတ်စဉ် အနောက်ဆုံးတွင်ရှိသော "အသတ်နုတ် စနိုက်ပါ" ကို တစ်အုပ်စုထားလိုက်သည်။
အလယ်တွင်ရှိသော "တိတ်ဆိတ်ပျောက်ကွယ်" နှင့် "ခြင်ဆီစား မျက်လုံးခြောက်လုံး" ကို နောက်တစ်အုပ်စုထားလိုက်သည်။
နောက်ပိုင်းတွင် မည်သူက မည်သည့်သေနတ်ကို လိုချင်သည်ဖြစ်စေ သူတို့ဘာသာ ပြန်လည် ညှိနှိုင်းယူကြရန် သဘောတူလိုက်ကြသည်။
ဤကိစ္စနှင့် ပတ်သက်၍ ချန်းရီက မည်သည့် သဘောထားကွဲလွဲမှုမျှ မရှိခဲ့ပေ။
မည်သည့်နည်းလမ်းဖြင့် ခွဲဝေမလဲ ဆိုသည်မှာမူ အလွန် ရိုးရှင်းလှသည်။
စုံစွမ်စိ ကစားပြီး နိုင်သူက အရင်ရွေးချယ်ခွင့် ရမည်ဖြစ်သည်။
သုံးပွဲကစား... နှစ်ပွဲနိုင်စနစ် ဖြစ်သည်။
ခေါင်းဆောင်ချူက အနိုင်ရရှိသွားပြီး "တိတ်ဆိတ်ပျောက်ကွယ်" နှင့် "ခြင်ဆီစား မျက်လုံးခြောက်လုံး" ပါဝင်သော အုပ်စုကို ရွေးချယ်သွားခဲ့သည်။
ချန်းရီမှာမူ "ပေါက်ကွဲကြယ်ပွင့်" နှင့် "အသတ်နုတ် စနိုက်ပါ" ကို ရရှိသွားသည်။
တိုက်ဆိုင်စွာပင် ခေါင်းဆောင်ချူနှင့် "တိတ်ဆိတ်ပျောက်ကွယ်" သေနတ်မှာ အလွန် လိုက်ဖက်နေပေသည်။
"ခြင်ဆီစား မျက်လုံးခြောက်လုံး" နှင့်ပတ်သက်၍မူ ထယ်ရှီးက ခေါင်းဆောင်ချူနှင့် လဲလှယ်ရန် စကားစနေပြီ ဖြစ်သည်။
ချန်းရီက "ပေါက်ကွဲကြယ်ပွင့်" ကို လက်ထဲတွင် ကိုင်ထားရင်း သူ၏ မျက်လုံးများထဲ၌ ဝမ်းသာကျေနပ်မှု အရိပ်အယောင်များ ထင်ဟပ်နေ၏။
၎င်းမှာ သူ၏ တတိယမြောက် ထူးဆန်းသော သဘာဝလွန်ပစ္စည်း ဖြစ်လာသည် မဟုတ်ပါလော။
ဘယ်ဘက်မျက်လုံးကို ထည့်မတွက်လျှင်ပေါ့။
ဘယ်ဘက်မျက်လုံးရှိ သွေးမျက်လုံးမှာ အရန်အဆင့် သဘာဝလွန်ပစ္စည်း တစ်ခုအဖြစ်သာ သတ်မှတ်၍ ရသေးသည်။
"ပေါက်ကွဲကြယ်ပွင့်" ကို ခါးတွင် ထိုးလိုက်ပြီးနောက် "အသတ်နုတ် စနိုက်ပါ" ကို ကိုင်ကာ တင်းတုံနှင့် ပန်းရောင်ဆံပင် ကောင်မလေးတို့ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထို "အသတ်နုတ် စနိုက်ပါ" ကို ချန်းရီ ကိုယ်တိုင်လည်း မလိုချင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသေနတ်ကို အသုံးပြုရမည့် ပေးဆပ်ရမှုက အတော်လေး ရွံစရာကောင်းနေသောကြောင့် ဖြစ်သည်။
လိပ်ခေါင်းရောဂါ မဖြစ်ဖူးသူများအဖို့ ၎င်းကို ကောင်းကောင်း နားလည်နိုင်မည် မဟုတ်ပေ။
သို့သော် ဖြစ်ဖူးသူတိုင်းအတွက်တော့ ၎င်းမှာ တစ်သက်တာလုံး မေ့မရနိုင်သော အိပ်မက်ဆိုးကြီး တစ်ခုသာလျှင် ဖြစ်၏။
ယင်းမှာ ခန္ဓာကိုယ် မအီမသာဖြစ်ရုံ သက်သက်မဟုတ်ဘဲ ဤကဲ့သို့သော ကမ္ဘာပျက်ကပ် အခြေအနေမျိုးတွင် အရေးကြီးသည့် အချိန်၌ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ထိုချို့ယွင်းချက်က ဤသေနတ်သည် သေနတ်ကောင်းတစ်လက် ဖြစ်နေခြင်းကို တားဆီးနိုင်စွမ်း မရှိပေ။ သင့်တော်သူတစ်ဦး၏ လက်ထဲသို့သာ ရောက်သွားပါက သူ၏ နံပါတ်စဉ်ထက် အဆပေါင်းများစွာ သာလွန်သော သတ်ဖြတ်နိုင်စွမ်းကို ထုတ်ဖော်ပြသနိုင်ပေလိမ့်မည်။
ချန်းရီသည် မျှော်လင့်တကြီးဖြင့် ထိုသူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ပန်းရောင်ဆံပင် ကောင်မလေး၏ မျက်နှာမှာ မင်ရည်ကဲ့သို့ မည်းမှောင်နေပြီး ချန်းရီသာ ပေါက်ကရ တစ်ခွန်းစလိုက်သည်နှင့် ချက်ချင်း ဒေါသအိုးပေါက်ကွဲတော့မည့် အနေအထားတွင် ရှိနေ၏။
ချန်းရီလည်း အခြေအနေကို ပါးနပ်စွာ ရိပ်မိပြီး တင်းတုံဘက်သို့သာ အကြည့်ကို ပြောင်းလိုက်တော့သည်။
တင်းတုံသည် ပန်းရောင်ဆံပင် ကောင်မလေးနှင့် ယှဉ်လျှင် များစွာ ရင့်ကျက်သူဖြစ်ပြီး စကားလုံးအချို့ကို ကြားရုံဖြင့် မျက်နှာပူကာ ရှက်သွေးဖြာသွားမည့် သူမျိုး မဟုတ်ပေ။
အရင်က တင်းတုံ အိမ်ထောင်ကျဖူးသည်ဟု ကြားရသဖြင့် အချို့သော အကြောင်းအရာများကို ပြောဆိုရာတွင် ပို၍ လက်ခံနိုင်စွမ်း ရှိပေသည်။
"အမတင်းတုံ... ဒီသေနတ်လေး ယူကြည့်မလား"
"ဘယ်လိုပဲဖြစ်ဖြစ် အမမှာလည်း အခု လက်တစ်ဖက်ပဲ ကျန်တော့တာဆိုတော့... သေနတ်တစ်လက်လောက် ဆောင်ထားရင် တိုက်ခိုက်ရေးစွမ်းရည် ပိုတက်လာနိုင်တယ် မဟုတ်လား"
တင်းတုံက ပြုံးယောင်သန်းလျက် ချန်းရီကို ကြည့်ကာ ခေါင်းခါပြလိုက်၏။
"ဒီသေနတ်ကိုတော့ အမ မလိုချင်ပါဘူး... မောင်လေးသာ ပေါက်ကွဲကြယ်ပွင့်ကို ပေးမယ်ဆိုရင်တော့ အမ လဲပေးနိုင်တယ်"
ပေါက်ကွဲကြယ်ပွင့်ကို လဲမယ် ဟုတ်လား။
ဤသေနတ်ကို ချန်းရီ ကိုယ်တိုင် အသုံးပြုရန် ရည်ရွယ်ထားသဖြင့် တင်းတုံကို ပြန်ပေးလိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ချန်းရီက လက်မလျှော့သေးဘဲ ဆက်ပြောလိုက်သည်။
"အမတင်းတုံ... လိပ်ခေါင်းဆိုတာက လူတိုင်း အနှေးနဲ့အမြန် ဖြစ်လာမယ့်ကိစ္စပါပဲ"
"မိန်းမဆယ်ယောက်မှာ ကိုးယောက်က လိပ်ခေါင်းဖြစ်တတ်တယ်ဆိုတာ မကြားဖူးဘူးလား... ကျွန်တော် အမကို ဈေးလျှော့ပေးပါ့မယ်"
"အမရထားတဲ့ ဆေးလိပ်ဝေစုကို ပေးလိုက်ရင် ရပါပြီ... ပြီးတော့ ဆန်နဲ့ ဂျုံမှုန့် အိတ်အနည်းငယ်လောက် ထပ်ပေးလိုက်ပေါ့"
တင်းတုံက မတ်တတ်ထရပ်ကာ ရယ်မောလိုက်သည်။
"ယောက်ျားဆယ်ယောက်မှာ ကိုးယောက်က လိပ်ခေါင်းဖြစ်တယ် ဆိုတာပဲ ကြားဖူးတယ်... ငါ့ဆီကနေ အမြတ်ထုတ်ဖို့ မကြိုးစားနဲ့... ခေါင်းဆောင်ချူက မကြာခင် တခြားယာဉ်တန်းတွေနဲ့ ဆုံရလိမ့်မယ်လို့ ပြောထားတယ် မဟုတ်လား... ဒီသေနတ်ကို သူတို့နဲ့ လဲလိုက်ပေါ့"
တင်းတုံ၏ စကားကို ကြားလိုက်ရချိန်တွင် ဘေးနား၌ ထယ်ရှီးနှင့် အရောင်းအဝယ် ကိစ္စပြောနေသော ခေါင်းဆောင်ချူက လှည့်ကြည့်လာသည်။
သူနှင့် ထယ်ရှီးတို့၏ အရောင်းအဝယ်မှာ အလွန် မြန်ဆန်လှ၏။ ခေါင်းဆောင်ချူက လောဘတကြီး တောင်းဆိုခြင်းမျိုး မရှိဘဲ ပုံမှန်အားဖြင့် ရိက္ခာအချို့နှင့်သာ လဲလှယ်လိုက်ခြင်း ဖြစ်သည်။
တကယ်တမ်း၌ ခေါင်းဆောင်ချူသည် ထို "ခြင်ဆီစား မျက်လုံးခြောက်လုံး" သေနတ်ကို ထယ်ရှီးအား အလကား ပေးလိုက်ချင်စိတ် ရှိနေသည်။
သို့သော် ယာဉ်တန်းအတွင်း၌ ထိုကဲ့သို့သော စည်းမျဉ်းမျိုး မရှိပေ။ သူသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် မျှတသော စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထားပြီးဖြစ်ရာ ကိုယ်တိုင် ပြန်လည် ချိုးဖောက်၍ မရနိုင်ပေ။
"နေကြဦး... အားလုံးကို ပြောစရာ တစ်ခု ရှိသေးတယ်"
"နောက်ရက်အနည်းငယ် ကြာရင် တခြားယာဉ်တန်းတွေနဲ့ ဆုံကောင်းဆုံနိုင်တယ်... ဒါက သတင်းအချက်အလက်တွေ ဖလှယ်ဖို့ အခွင့်ကောင်းပဲ... ပြီးတော့ ကိုယ့်မှာ ပိုနေတဲ့ ရိက္ခာတွေကိုလည်း သူတို့နဲ့ လဲလှယ်လို့ ရတယ်"
"ခေါင်းဆောင်ချူ... နောက်ရက်အနည်းငယ် ဆိုတာ ဘယ်နှရက်လောက်ကို ပြောတာလဲ... သူတို့ဘက်က လူအင်အားရော များလား"
ပန်းရောင်ဆံပင် ကောင်မလေးက အလောတကြီး ဝင်မေးလိုက်သည်။
အချိန်အတော်ကြာအောင် သူတို့အဖွဲ့သား အချင်းချင်းသာ မျက်နှာချင်းဆိုင် နေရသဖြင့် ပန်းရောင်ဆံပင် ကောင်မလေးမှာ ရိုးအီငြီးငွေ့နေပြီ ဖြစ်သည်။
"အချိန်အတိအကျကိုတော့ မသိရသေးဘူး... မနက်ဖြန်လည်း ဖြစ်နိုင်သလို... ဆယ်ရက်လောက်လည်း ကြာနိုင်တယ်... အခွင့်အရေးကို ကြည့်ရမှာပဲ"
"သူတို့ဘက်က လူများလား ဆိုတော့..."
"ဒီတစ်ခေါက် တွေ့ရမယ့် အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းက ငါတို့ ထင်ထားတာထက် အများကြီး ပိုကြီးမားနိုင်တယ်... သူတို့ဆီက ရတဲ့ သတင်းတွေအရဆိုရင် ယာဉ်တန်းထဲမှာ လူထောင်နဲ့ချီပြီး ပါနိုင်တယ်"
"လူထောင်နဲ့ချီပြီး ဟုတ်လား... အဲ့လောက်တောင် များတာလား"
ထိုနေရာရှိ လူအားလုံးမှာ ကြားကြားချင်း ကြောင်အမ်းသွားကြသည်။
ဤကဲ့သို့သော ထူးဆန်းသည့် အရာများ ပြည့်နှက်နေသော ကမ္ဘာကြီးထဲတွင် လူထောင်ပေါင်းများစွာ စုဝေးနေခြင်းက တဟုန်းဟုန်း တောက်လောင်နေသော မီးပုံကြီးတစ်ခုနှင့် တူပေသည်။ မျက်မမြင် တစ်ယောက် မဟုတ်သရွေ့ ထိုယာဉ်တန်း၏ တည်ရှိမှုကို အလွယ်တကူ အာရုံခံမိနိုင်ပေလိမ့်မည်။
လူထောင်နှင့်ချီ ရှိသော ယာဉ်တန်းတစ်ခု ဖြစ်တည်လာနိုင်ခြင်းက ထိုယာဉ်တန်း၏ အင်အား မည်မျှ ကြောက်ခမန်းလိမ့် ကောင်းမည်ဆိုသည်ကို ထင်ရှားစွာ သက်သေပြနေ၏။
ယာဉ်တန်း၏ လူဦးရေ များပြားလေလေ ယာဉ်တန်း၏ အင်အားက ပိုမို ကြီးမားလေလေ ဖြစ်သည်။
ဥပမာအားဖြင့် တရားမျှတရေး ယာဉ်တန်းဆိုလျှင် အများဆုံး လူတစ်ရာကျော်ခန့်သာ ရှိသည်။
ထိုပမာဏထက် ကျော်လွန်သွားပါက ထူးဆန်းသည့် အရာများ၏ မျက်စိကျခံရနိုင်ခြေမှာ အဆမတန် မြင့်တက်လာမည် ဖြစ်သည်။
သေချာသည်ကတော့ တရားမျှတရေး ယာဉ်တန်းတွင် လူအင်အား ထိုမျှလောက် များပြားသည့် အချိန်ဆိုသည်မှာ အလွန် ရှားပါးလှပေသည်။
ယာဉ်တန်း၏ လူအင်အားကို တိုးချဲ့လိုပါက လက်ရှိအချိန်အထိ တွေ့ရသမျှ နည်းလမ်းတစ်ခုသာ ရှိပြီး ၎င်းမှာ လမ်းပြသူ၏ အဆင့်ကို မြှင့်တင်ရန်ပင် ဖြစ်၏။
"ခေါင်းဆောင်ချူ... ဒီသတင်းက..."
"သတင်းကတော့ အတိအကျပဲ... ဒါကြောင့် အားလုံး ကြိုတင် ပြင်ဆင်ထားကြ"
ထို့နောက် ထိုယာဉ်တန်းနှင့် ဆုံတွေ့မည့် အကြောင်းအရာများကို ဆက်လက် ဆွေးနွေးလိုက်ကြသည်။
ခေါင်းဆောင်ချူက ချန်းရီအား အလောတကြီး မဆုံးဖြတ်ရန် ထပ်မံ သတိပေးလိုက်သည်။
ချန်းရီက သူသည် အမြဲတမ်း ရိုးရိုးသားသား နေထိုင်သူဖြစ်ကြောင်း၊ ပြီးခဲ့သည့် အကြိမ်ကလည်း အကြောင်းရင်းရှိခဲ့၍သာ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ထိုအချိန်က ယာဉ်တန်းတွင် ရိက္ခာပြတ်လပ်နေသောကြောင့်သာ ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
မီးပုံဘေးမှ ထွက်ခွာလာချိန်တွင်...
အပြင်ဘက် ကောင်းကင်ယံ၌ ကြယ်များ စုံလင်စွာ ထွက်ပေါ်နေပြီ ဖြစ်သည်။
နားထဲတွင် အမည်မသိ ငှက်များ၏ အော်မြည်သံများနှင့် ပိုးကောင်ငယ်လေးများ၏ အသံများကို ကြားနေရ၏။
နှာခေါင်းထဲသို့ ဝင်ရောက်လာသော လေထုမှာလည်း သိသိသာသာ လတ်ဆတ်နေသည်။
ရေကန်ပြင်မှာ တောက်ပနေသော ကြေးမုံပြင်တစ်ချပ်အလား ကောင်းကင်ထက်မှ သွေးရောင်လမင်းကြီးနှင့် ကြယ်လေးများကို အပြည့်အဝ ထင်ဟပ်ပြသနေသည်။
အဝေးဆီရှိ ရေကန်ပြင်ပေါ်တွင် တဖျပ်ဖျပ် လက်နေသော အလင်းရောင်လေးများကို မြင်တွေ့နေရသည်။
ဤကဲ့သို့သော လှပသည့် ရှုခင်းမျိုးသာ ကမ္ဘာပျက်ကပ်မတိုင်မီ အချိန်ကဆိုလျှင် အခကြေးငွေယူ၍ ပြသသည့် နေရာတစ်ခု အဖြစ် ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။
ပြီးလျှင် ရေကန်ဘေးပတ်လည်တွင် မြင့်မားသော တံတိုင်းကြီးများပါ ကာရံထားမည် ဖြစ်သည်။
လူတစ်ယောက်ကို ဝင်ကြေး ၃၀၀ လောက် မပေးရဘဲနဲ့တော့ တစ်ချက်လေးတောင် ကြည့်ခွင့်ရမှာ မဟုတ်ပေ။
၎င်းမှာ သွေးရောင်လမင်းကြီးကို ထိုမျှလောက် ကြောက်စရာမကောင်းဟု ချန်းရီ ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။
အချိန်ကာလ ကြာမြင့်လာသဖြင့် အသားကျသွားခြင်းကြောင့်လား သို့တည်းမဟုတ် ယနေ့ စခန်းချရာ နေရာ၏ ရှုခင်းက အလွန် သာယာလှပနေခြင်းကြောင့်လား ဆိုသည်ကိုတော့ မသိပေ။
ချန်းရီသည် "အသတ်နုတ် စနိုက်ပါ" ကို ကားနောက်ခန်းထဲသို့ ပစ်ထည့်လိုက်ပြီး ခါးတွင် "ပေါက်ကွဲကြယ်ပွင့်" ကို ချိတ်ဆွဲလျက် ရေကန်ဘေးသို့ လျှောက်သွားလိုက်သည်။
ရွှီနန်က ကုလားထိုင်တစ်လုံးကို ယူလာပြီး ချန်းရီ၏ အနောက်တွင် ချထားပေးလိုက်သည်။
ချန်းရီကလည်း အားနာမနေတော့ဘဲ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ကာ တောက်ပနေသော ရေကန်ပြင်ကြီးကို မျက်နှာမူလိုက်သည်။
ကမ္ဘာကြီး ပြောင်းလဲသွားခြင်းကြောင့်ပင် ဖြစ်မည်... ယခုအခါ နေရာအများစုရှိ ရှုခင်းများမှာ ကာတွန်းဇာတ်လမ်းများနှင့် ဂိမ်းများထဲမှ ဖန်တီးထားသော မြင်ကွင်းများအတိုင်း ဖြစ်နေသည်။
ထိုအချိန်ကျမှပင် အဝေးဆီရှိ ရေကန်ပြင်မှ အလင်းရောင် အစက်အပြောက်လေးများမှာ ရေပြင်ပေါ်တွင် ပျံသန်းနေသော လိပ်ပြာလေးများ ဖြစ်နေကြောင်း ချန်းရီ သတိထားမိလိုက်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ထိုကဲ့သို့ ကိုယ်ရောင်လင်းသော လိပ်ပြာမျိုး လုံးဝ မရှိခဲ့ကြောင်း သူ အသေအချာ သိထားသည်။
သို့မဟုတ် လိပ်ပြာနှင့် ဆင်တူသော သက်ရှိ သတ္တဝါများ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထိုအရာများမှာ မည်သည့်အရာများ ဖြစ်ကြောင်းကိုတော့ ချန်းရီ အတိအကျ မသိပေ။
"ညကြီးမိုးချုပ်ကို နေကာမျက်မှန် တပ်ထားသေးတယ်... အဲ့လောက်တောင် စတိုင်ထုတ်ချင်နေတာလား"
အနားမှ ရင်းနှီးနေသော မိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
ရွှီနန်က နောက်ထပ် ကုလားထိုင်တစ်လုံးကို အမြန်ယူလာပြီး ချန်းရီ၏ ဘေးတွင် ချထားပေးလိုက်သည်။
ကောင်မလေးက ရွံရှာဟန်ဖြင့် ကုလားထိုင်ကို အနည်းငယ် ခွာချလိုက်သည်။
ချန်းရီက ကောင်မလေး၏ မေးခွန်းကို ပြန်မဖြေဘဲ ဆေးလိပ်တစ်လိပ်ကိုသာ မီးညှိလိုက်သည်။
"ညကြီးမိုးချုပ် နေကာမျက်မှန် တပ်ထားတာ အပြင်ကို မြင်ရလို့လား"
ကောင်မလေးက ချန်းရီ၏ မျက်နှာပေါ်ရှိ နေကာမျက်မှန်ကို စပ်စုချင်စိတ်ဖြင့် ကြည့်နေပြီးနောက် ချန်းရီ၏ မျက်နှာပေါ်မှ နေကာမျက်မှန်ကိုပင် လက်လှမ်း၍ ဆွဲချွတ်လိုက်သေးသည်။
နေကာမျက်မှန်ကို ချွတ်လိုက်သောအခါ ချန်းရီ၏ သွေးမျက်လုံးနှင့် မျက်ခုံးအပေါက်မှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းနေတော့သည်။
ကောင်မလေးက ချန်းရီ၏ နေကာမျက်မှန်ကို ယူ၍ တပ်ကြည့်ပြီးနောက် မကြိုက်သည့်ဟန်ဖြင့် ချန်းရီဆီသို့ ပြန်ပစ်ပေးလိုက်သည်။
ချန်းရီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဟ... နင်က ဘယ်လိုလူလဲ... သူများပစ္စည်းကို ခွင့်မတောင်းဘဲ ယူတာ သူခိုးပဲနော်"
ချန်းရီက နေကာမျက်မှန်ကို မျက်နှာပေါ်တွင် ပြန်တပ်လိုက်သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဘယ်ဘက်မျက်လုံးမှာ သူနှင့် ပို၍ပင် သဟဇာတ ဖြစ်လာသည်။
ဤအချိန်အတောအတွင်း အခွင့်အရေးရတိုင်း ချန်းရီသည် သဘာဝလွန်အစွမ်းများကို အသုံးပြုကာ သွေးမျက်လုံးနှင့် တူညီသော ကြိမ်နှုန်းတစ်ခုကို ရရှိစေရန် ကြိုးစားနေခဲ့သည်။
တိုးတက်မှုမှာ နှေးကွေးလှသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အရာထင်လာခဲ့သည်။
ဤနေကာမျက်မှန်ကို မျက်နှာပေါ်တွင် တပ်ထားလျှင် ညဘက်ဖြစ်နေလျှင်တောင် သူ၏ အမြင်အာရုံကို သိပ်ပြီး ထိခိုက်စေမည် မဟုတ်ပေ။
သို့သော် အမြင်အာရုံမှာတော့ သိသိသာသာ တိုးတက်လာခြင်း မရှိသေးပေ။
မည်သည့်အကြောင်းရင်းကြောင့် ဆိုသည်ကိုတော့ ချန်းရီ ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိပေ။
"အမဖန်းက ရှင့်ကို လူကောင်းပါဆိုပြီး ပြောသေးတယ်... တကယ် သရဲတောင် လန့်ပြေးမယ့်သူကိုများ"
ပန်းရောင်ဆံပင် ကောင်မလေးက ဘေးနားရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ခေါင်းကို နောက်မှီတွင် မှီချကာ သူမရှေ့ရှိ ရေကန်ပြင်နှင့် ကောင်းကင်ထက်မှ ကြယ်လေးများကို ငေးကြည့်နေသည်။
ဤအခိုက်အတန့်လေးက အတော်လေး ကောင်းမွန်နေကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။
"အမဖန်းက ဘယ်သူတုန်းဟ"
"အမဖန်းဆိုတာက အရင်က ရှင် ကယ်ခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးလေ"
ဆက်ရန်...