← Chapters

အခန်း ၁၉၇

Vol. 10 Ch. 197

အခန်း ၁၉၇

Vol. 10 Ch. 197

အပိုင်း(၁၉၇) တကယ်လို့ ကျွန်မ သေသွားခဲ့ရင်

တစ်ယာဉ်တန်းလုံးတွင် ဤကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးတည်းကသာ ချန်းရီကို လူကောင်းဟု ဆိုမည် ထင်၏။

ထိုအချက်နှင့် ပတ်သက်၍ ချန်းရီက ဂရုမစိုက်ပေ။

"ချန်းရီ... ရှင်ပြောကြည့်ပါ... ကျွန်မတို့မှာ... မျှော်လင့်ချက် ရှိသေးရဲ့လား"

ဘေးနားဆီမှ ကောင်မလေး၏ တိုးညင်းသော အသံလေး ထွက်ပေါ်လာသည်။

ချန်းရီက ဘာပြောရမှန်း မသိဘဲ တိတ်ဆိတ်နေ၏။

ယခုလို အချိန်မျိုးတွင် မျှော်လင့်ချက် ဆိုသော စကားလုံးမှာ အလွန်တရာ ဇိမ်ကျလွန်းသော စကားလုံးတစ်ခု ဖြစ်နေချေပြီ။

လူသားများက ပိုမို အားကောင်းလာကြသည်။ လမ်းစဉ် အစွမ်းပိုင်ရှင် ရာနှင့်ချီ၍ ရှိလာပြီး ဖော်ပြရန် ခက်ခဲသော ထူးဆန်းသည့် ပစ္စည်းများလည်း ရှိလာကြသည်။ လမ်းစဉ် အစွမ်းပိုင်ရှင်တိုင်းတွင် ကိုယ်ပိုင် ထူးခြားဆန်းကြယ်မှုများ ရှိကြ၏။

ထူးဆန်းသည့် ပစ္စည်းတိုင်းတွင်ပင် နားလည်ရန် ခက်ခဲသော အသုံးဝင်မှုများ ရှိနေကြသည်။

သို့သော် ထူးဆန်းသည့် အရာများကလည်း ပိုမို အားကောင်းလာကြသည်။

အစပိုင်းတုန်းက စကားပြောတတ်သော ထူးဆန်းသည့် အရာများဆိုသည်မှာ များများစားစား မရှိခဲ့ပေ။

ထူးဆန်းသည့် အရာများသည် နေရောင်အောက်တွင်လည်း ထွက်ပေါ်လာနိုင်ခြင်း မရှိခဲ့ကြချေ။

သို့သော် ယခုအခါတွင်မူ များပြားလှသော ထူးဆန်းသည့် အရာများသည် နေ့နှင့် ညကိုပင် ဂရုမစိုက်ကြတော့ပေ။

အချို့သော ထူးဆန်းသည့် အရာများဆိုလျှင် လူသားတို့၏ ဉာဏ်ရည်ဉာဏ်သွေးမျိုးကိုပင် ပိုင်ဆိုင်နေကြပြီ ဖြစ်သည်။

ယခုဆိုလျှင် ထူးဆန်းသည့် အရာများထက် ပို၍ အဆင့်မြင့်သော စည်းမျဉ်းသတ်မှတ်ချက်ရှိသော ထူးဆန်းသည့် အရာများပင် ရှိနေသေး၏။

ပို၍ ကြောက်မက်ဖွယ်ကောင်းသော သက်ရှိများလည်း ရှိနေသေးသည်။

ဥပမာအားဖြင့် ဝူကျန်းမြစ်ထဲမှ မြွေကြီးကဲ့သို့ပင်တည်း။

ချန်းရီက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

"မသိဘူး... ငါတို့ နည်းနည်း ပိုပြီး အသက်ရှည်ရှည် နေရဖို့များပါတယ်"

"ခစ်ခစ်... ခေါင်းဆောင်ချူက ပြောတယ်... နောက်ဆုံးမှာ ကျွန်မတို့ အားလုံး သေရမယ်ဆိုရင်တောင်... ရှင်က အားလုံးထဲမှာ နောက်ဆုံးမှ သေမယ့်သူ ဖြစ်လိမ့်မယ်တဲ့"

ကောင်မလေးက ခေါင်းလှည့်လာသည်။ မှိန်ဖျော့ဖျော့ သွေးရောင် လမင်းကြီး၏ အလင်းရောင်အောက်တွင် သူမ၏ မျက်ဝန်းများ၌ ဝမ်းနည်းမှု အရိပ်အယောင် လုံးဝ မရှိဘဲ ကြောက်ခမန်းလိလိ တောက်ပနေ၏။

ကောင်မလေး၏ မျက်လုံးအိမ်ထဲတွင် ချန်းရီ၏ မျက်နှာကို ထင်ဟပ်နေသည်။

မုတ်ဆိတ်မရိတ်သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သဖြင့် ယခုအခါ ချန်းရီ၏ ရုပ်သွင်မှာ အနည်းငယ် ဖိုသီဖတ်သီ ဖြစ်နေသည်။

"ဘာလို့လဲဆိုတော့... ရှင်က ရက်စက်တယ်... အကြင်နာတရား ကင်းမဲ့တယ်... တစ်ကိုယ်ကောင်းဆန်တယ်... အသက်ရှင်ဖို့အတွက်ဆိုရင် ရှင်က ဘာမဆို လုပ်ရဲလို့ပဲ"

"ရှင့်လို လူမျိုးကမှ အကြာကြီး အသက်ရှင်နိုင်မှာ"

ကောင်မလေး၏ အသံထဲတွင် ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုများ ပါဝင်နေသော်လည်း အသံကမူ သိပ်မကျယ်လှပေ။

"ပေါက်ကရတွေ"

ချန်းရီက ဤအကြောင်းအရာကို ဆက်မပြောလိုပေ။

အလွန်တရာ လေးလံထိုင်းမှိုင်းလွန်းလှ၏။

"ချန်းရီ"

ချန်းရီက ခေါင်းပြန်လှည့်လိုက်ရာ ကောင်မလေး၏ တောက်ပနေသော မျက်ဝန်းအစုံနှင့် အကြည့်ချင်း ဆုံသွားသည်။

"ချန်းရီ... တစ်နေ့နေ့ကျရင်... ကျွန်မ သေသွားခဲ့ရင်... ကျွန်မကို မြှုပ်ဖို့ လှပတဲ့ နေရာလေးတစ်ခု သေချာပေါက် ရှာပေးပါနော်... အခုလိုမျိုး... လှပတဲ့ နေရာလေးမျိုးပေါ့"

"ပေါက်ကရတွေ ပြောမနေနဲ့"

ချန်းရီသည် ဤစကားလုံး တစ်လုံးတည်းကိုသာ သိနေသကဲ့သို့ ဖြစ်နေသည်။

မည်သူကမျှ နောက်ဆုံးအချိန်အထိ အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည်ဟု ချန်းရီ မထင်မှတ်ထားပေ။ သူ၏ရှေ့မှ ကောင်မလေးနှင့် သူ ကိုယ်တိုင်သည်လည်း နောက်ဆုံးအချိန်အထိ အသက်ရှင်နိုင်မည် မဟုတ်ချေ။

သူ့ရှေ့မှ သူ့ထက် အများကြီး ငယ်ရွယ်သော ကောင်မလေးသည် အသက် ဆယ့်ရှစ်နှစ် အရွယ်မျှသာ ရှိသေးသည်။

မဟုတ်သေး... ဆယ့်ကိုးနှစ် ပြည့်တော့မည် ဖြစ်သည်။

သာမန်အချိန်ဆိုလျှင် သူမသည် ကျယ်ဝန်းလင်းထိန်သော စာသင်ခန်းထဲတွင် ရှိနေသင့်ပြီး ကျောင်းဆင်းချိန်တွင် အခန်းဖော်များနှင့်အတူ လမ်းဘေးစားများ သွားစားခြင်း သို့မဟုတ် သူမကို တစ်ဖက်သတ် ကြိုက်နေသူ တစ်ဦးဦးထံမှ ရည်းစားစာ ရရှိခြင်းမျိုး ဖြစ်နေသင့်သည်။

သို့သော် ယခုအချိန်တွင်မူ...

ကောင်မလေး၏ မိသားစုတစ်ခုလုံး သေဆုံးသွားခဲ့ပြီး သူမ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

ယခုလည်း ကမ္ဘာပျက်ကပ်ကြီးထဲတွင် ရုန်းကန်နေရဆဲပင်။

အနည်းငယ် အင်အားရှိလာပုံ ပေါ်သော်လည်း...

အမှန်တကယ် အန္တရာယ်ကြီးများနှင့် ရင်ဆိုင်ရချိန်တွင် ထိုအင်အားများမှာ အလွန်တရာ အားနည်းလွန်းလှသည်။

"မြန်မြန်... ကတိပေးပါ... မဟုတ်ရင် ကျွန်မ သေရင်တောင် မျက်စိမှိတ်နိုင်မှာ မဟုတ်ဘူး"

ကောင်မလေးက ချန်းရီကို ဤမေးခွန်းမှ ရှောင်ထွက်သွားခွင့် မပေးချင်ဘဲ အဖြေတစ်ခု မဖြစ်မနေ လိုချင်နေသည်။

"အေးပါ... ဟုတ်ပါပြီ... နင် သေသွားရင် ဒီထက် အဆတစ်ရာလောက် ပိုလှတဲ့ နေရာရှာပြီး မြှုပ်ပေးပါ့မယ်လို့ ကတိပေးတယ်"

"ဟီးဟီး... လက်သန်းချိတ်ပြီး ကတိတည်ရမယ်... အနှစ်တစ်ရာ တိုင်အောင် မပြောင်းလဲကြေး"

"နင်က ကလေးလား"

"မြန်မြန်ချိတ်လေ... မဟုတ်ရင် ကျွန်မ စိတ်မချဘူး"

"အေးပါ..."

"လက်သန်းချိတ်ပြီး ကတိတည်ရမယ်... အနှစ်တစ်ရာတိုင်အောင် မပြောင်းလဲကြေး"

"ဟီးဟီး... သိပ်ကောင်းတာပဲ"

ကောင်မလေး၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။ သွေးရောင် လမင်းကြီး၏ အလင်းရောင်အောက်တွင် ပန်းရောင် ဆံပင်ရှည်ကြီးနှင့် လိုက်ဖက်ကာ အံ့မခန်း လှပနေ၏။

ရုပ်ရှင်ထဲတွင်သာဆိုလျှင် ဤကဲ့သို့သော လေထုမှာ အလွန် ရိုမန်တစ်ဆန်နေမည် ဖြစ်သည်။

မလှမ်းမကမ်းရှိ ကုန်တင်ကားတစ်စီး၏ ခေါင်မိုးပေါ်တွင် အမျိုးသမီးတစ်ဦးက တင်ပျဉ်ခွေ ထိုင်နေသည်။ သူမ၏ ကျန်ရစ်နေသော လက်စွပ်တစ်ခုက လွတ်ဟနေပြီး ဘေးတွင် တွဲလောင်းကျနေ၏။

ထိုအမျိုးသမီးက အဝေးမှ လှပသော ရှုခင်းကို ကြည့်ရင်း စိတ်အေးချမ်းနေသည်။

သာမန်မျှသာ ဖြစ်သော ထိုမျက်နှာပေါ်တွင် ရှေးဟောင်း ရေတွင်းတစ်တွင်းကဲ့သို့ နက်ရှိုင်းတည်ငြိမ်သော မျက်ဝန်းတစ်စုံ ရှိနေသည်။

ခေါင်းဆောင်ချူက ညကောင်းကင်ယံအောက်တွင် ခြေဗလာဖြင့် ထိုင်နေပြီး သူ၏ရှေ့တွင် ယခုလေးတင် ငှဲ့ထားသော လက်ဖက်ရည် တစ်ခွက် ရှိနေသည်။

ထယ်ရှီးက သူ၏ဘေးတွင် ကြမ်းပြင်ပေါ်၌ ထိုင်နေ၏။

အမှန်တကယ်တော့ သူ၏ လက်ရှိ ခန္ဓာကိုယ် အရွယ်အစားအရ သူ့ကို ခံနိုင်ရည်ရှိသော ကုလားထိုင်ဆိုသည်မှာ အလွန် ရှားပါးနေပြီ ဖြစ်သည်။

"တကယ် လှတာပဲ"

ရိုးအသော ထယ်ရှီးက အဝေးမှ ရေကန်၏ အလှကို ကြည့်ရင်း မနေနိုင်ဘဲ ဖွင့်ဟပြောဆိုလိုက်သည်။

"မင်းလို ငတုံးငအ တစ်ကောင်ကတာင် အလှအပကို ခံစားတတ်နေပါလား"

ခေါင်းဆောင်ချူက ရယ်မောလျက် ပြောလိုက်၏။

"ခေါင်းဆောင်... ငါ့ ဦးနှောက်က သိပ်မကောင်းတာ မှန်ပေမဲ့ တကယ် အ ထုံနေတာတော့ မဟုတ်ပါဘူး... လှတယ် မလှဘူး ဆိုတာတော့ ငါ ကောင်းကောင်း သိပါတယ်"

"မင်းအတွက် တကယ် ခက်ခဲမှာပဲ... တိုက်တန် လမ်းစဉ်ရဲ့ ပေးဆပ်ရမှုက သိပ်ကို ကြီးမားလွန်းတယ်"

"ငါကတော့ ဒီလိုလေးပဲ ကောင်းပါတယ်... လူက နည်းနည်း အ ထုံနေတော့ စဉ်းစားစရာတွေ နည်းသွားတာပေါ့... အရင်ကဆို ညဘက်တွေ အိပ်မပျော်တာ များတယ်... အခုတော့ အိပ်မပျော်တာ အရမ်း ရှားသွားပြီ... နေ့တိုင်း အိပ်လို့ ကောင်းနေတာပဲ"

"ဟားဟားဟား... တိုက်တန် လမ်းစဉ်ရဲ့ ဘေးထွက်ဆိုးကျိုးက ဉာဏ်ရည်ကျဆင်းသွားတာ မဟုတ်ဘူး... တကယ့် ပညာရှိက အရူးဟန်ဆောင်ထားသလို ဖြစ်နေတာပဲ"

"ဟီးဟီး... ငါလည်း အဲဒီလိုပဲ ထင်တယ်"

ထယ်ရှီး၏ မျက်နှာပေါ်တွင် ရိုးအသော အမူအရာ ထပ်မံ ပေါ်လာပြန်ပြီး အပူအပင် ကင်းမဲ့နေပုံရသည်။

"တကယ့် ပညာရှိက အရူးဟန်ဆောင်ထားသလိုပဲ... တကယ့် ပညာရှိက အရူးဟန်ဆောင်ထားသလိုပဲ..."

ထိုအချိန်မှာပင် ထယ်ရှီးသည် သူ့ပတ်လည်တွင် အလင်းရောင်များ ထွက်ပေါ်နေသော လိပ်ပြာလေးတစ်ကောင် ဝဲပျံနေသည်ကို မြင်လိုက်ရသည်။ လိပ်ပြာလေးထံမှ အလင်းရောင်က ထယ်ရှီး၏ ကြွက်သားအမြှောင်းမြှောင်းကို လင်းထိန်သွားစေ၏။

ထယ်ရှီးသည် အံ့အားသင့်စွာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ့ရှေ့မှ လင်းလက်နေသော လိပ်ပြာလေးကို ကြည့်နေမိသည်။

ထယ်ရှီး၏ မျက်လုံးထဲတွင် ထိုအရာက လိပ်ပြာ လုံးဝ မဟုတ်ဘဲ...

ထိုလိပ်ပြာ၏ ခန္ဓာကိုယ်မှာ လူအသေးလေး တစ်ယောက် ဖြစ်နေသည်။

ကြည့်ရသည်မှာ ရုပ်ရှင်ထဲမှ မှင်စာလေးများနှင့် အလွန် တူနေ၏။

"ခေါင်းဆောင်..."

ထယ်ရှီးက ရိုးအသော အသံဖြင့် လှမ်းခေါ်လိုက်သည်။

ချူချယ်ကလည်း ဤထူးဆန်းသော မြင်ကွင်းကို တွေ့လိုက်ရသဖြင့် တစ်ခဏမျှ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"မင်း... မင်း အရင်ဆုံး မလှုပ်နဲ့ဦး... ထူးဆန်းတဲ့ အရာတွေရဲ့ အငွေ့အသက်ကို ငါ မခံစားရဘူး"

ချန်းရီနှင့် ပန်းရောင်ဆံပင် ကောင်မလေးတို့သည်လည်း ထူးခြားမှုကို သတိထားမိလိုက်ကြသည်။

သူတို့နှစ်ဦး၏ အမြင်အာရုံထဲတွင် ရေကန်ပြင် တစ်ခုလုံး၌ အလိုအလျောက် လှိုင်းဂယက်များ ထနေ၏။

မရေမတွက်နိုင်သော လိပ်ပြာများက ရေကန်ပြင်ပေါ်မှ ပျံသန်းထွက်ပေါ်လာကြသည်။

ထိုလိပ်ပြာများမှာ... ရေကန်ထဲမှ ရေများ ပြောင်းလဲသွားခြင်းပင် ဖြစ်နေသည်။

ကားခေါင်မိုးပေါ်ရှိ အမျိုးသမီး၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်သည့် အမူအရာများ ပေါ်လာသည်။

အသက်ရှင်ကျန်ရစ်သူများသည် တဲများ၊ ကားများထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာ ကြည့်နေကြ၏။

အချို့က မသိစိတ်ဖြင့် ဘောင်းဘီအိတ်ကပ်ကို စမ်းကြည့်လိုက်သော်လည်း ဘာမှ မစမ်းမိခဲ့ကြပေ။

"ဘုရားရေ... ဒါ ဘာတွေလဲ"

"လိပ်ပြာတွေ အများကြီးပဲ... ဒီလိပ်ပြာတွေက... ရေကန်ပြင်ပေါ်ကနေ ပျံထွက်လာကြတာ"

"သိပ်လှတာပဲ"

"ငါ... အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော်"

ရှေ့မှ ထူးဆန်းသော မြင်ကွင်းက လှပလွန်းလှသဖြင့် လူတို့၏ ရင်ထဲတွင် ကြည်နူးစိတ်များ ဖြစ်ပေါ်လာကာ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှနေ၍ တုန်လှုပ်ချောက်ချားသွားစေသည်။

အလင်းရောင် ထွက်ပေါ်နေသော ထိုလိပ်ပြာများက လူတိုင်း၏ မျက်လုံးအိမ်ထဲတွင် ပြည့်နှက်သွား၏။

ရေကန်ပြင် တစ်ခုလုံးကိုလည်း ပြည့်နှက်သွားစေပြီး ရေကန်ပြင်ကြီးကို အံ့မခန်း လှပစွာ လင်းထိန်သွားစေသည်။

လိပ်ပြာ အများအပြားသည် စခန်းချရာ ဘက်သို့လည်း ပျံသန်းလာကြသည်။

မူလက အနည်းငယ် မှောင်မိုက်နေသော စခန်းချရာ နေရာမှာ ထိုလိပ်ပြာလေးများ၏ အလင်းရောင်အောက်တွင် ပိုမို တောက်ပလာပြီး စခန်းချ ပါတီပွဲ တစ်ခု ကျင်းပနေသကဲ့သို့ ထင်ရသည်။

အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးများ ပေါ်ထွက်လာ၏။

အချို့သူများက ထိုလိပ်ပြာလေးများ၏ ပုံပန်းသဏ္ဌာန်ကို ရှင်းလင်းစွာ မြင်လိုက်ရပြီးနောက် အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်တော့ပေ။

ချန်းရီက အလျင်အမြန် ဖုန်းကို ထုတ်ကာ ကင်မရာကို ဖွင့်ပြီး ရှေ့မှ ထူးဆန်းလှပသော မြင်ကွင်းကို ချိန်ရွယ်လိုက်သည်။

မကြာမီမှာပင် ချန်းရီ တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ ထယ်ရှီး၏ ခန္ဓာကိုယ်ပေါ်တွင် လိပ်ပြာများ ပြည့်နှက်နေပြီး လိပ်ပြာအားလုံးက သူ၏ ခေါင်းပေါ်၊ ပခုံးပေါ်တွင် နားနေကြ၏။

ထယ်ရှီး၏ နှာခေါင်းပေါ်တွင်ပင် ရှိနေသေးသည်။

ပန်းရောင်ဆံပင် ကောင်မလေး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း လိပ်ပြာများ အများအပြား ရှိနေပြီး သူမနှင့်အတူ ယိမ်းနွဲ့ ကခုန်နေကြသည်။

"ချန်းရီ... မြန်မြန်... ကျွန်မကို ဓာတ်ပုံရိုက်ပေး... ရိုက်ပေး"

ကောင်မလေး၏ ချစ်စရာကောင်းသော အသံလေးက အဆက်မပြတ် တိုက်တွန်းနေ၏။

ရှောင်ဖူ ဟုခေါ်သော တက္ကသိုလ်ကျောင်းသားလေး၏ ခန္ဓာကိုယ်ပေါ်တွင်ပင် လိပ်ပြာများစွာ ရှိနေသည်။

သို့သော် ချန်းရီဘက်တွင်မူ အလွန် ထူးဆန်းနေသည်။ ချန်းရီ သွားလေရာရာတွင် ထိုလိပ်ပြာများက ရှောင်ဖယ်သွားကြပြီး ရွံရှာနေသကဲ့သို့ ဖြစ်နေသည်။

ချန်းရီက မယုံကြည်နိုင်သဖြင့် အကြိမ်ကြိမ် စမ်းသပ်ကြည့်သော်လည်း ထိုလိပ်ပြာများက ချန်းရီကို မမြင်သည့်အလား လျစ်လျူရှုထားကြသည်။

ပန်းရောင်ဆံပင် ကောင်မလေးက ဤမြင်ကွင်းကို မြင်သောအခါ အူတက်မတတ် ရယ်မောလေတော့သည်။

ရှုလီနာနှင့် ရွှီနန်တို့မှာလည်း ချန်းရီကဲ့သို့ပင် သနားစရာ ကောင်းနေ၏။

ရှုလီနာက ဒေါသထွက်ကာ အကြိမ်ကြိမ် စမ်းသပ်ကြည့်သော်လည်း အကြိမ်တိုင်း ချန်းရီကဲ့သို့ပင် ဖြစ်နေပြီး သူမ ချဉ်းကပ်သွားသော နေရာတိုင်းတွင် လေဟာနယ် တစ်ခုကဲ့သို့ ဟာလာဟင်းလင်း ဖြစ်သွားသည်။

ချန်းရီထက် အနည်းငယ် သာသည်မှာ ချူချယ် ဖြစ်ပြီး အနည်းဆုံးတော့ လိပ်ပြာ နှစ်ကောင် သုံးကောင်ခန့်က သူ့ကို ချဉ်းကပ်ရန် ဆန္ဒရှိနေကြသည်။

ထို့ကြောင့် ခေါင်းဆောင်ချူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချန်းရီ အနီးသို့ လျှောက်သွားလိုက်သည်။

ကျိုးရှောင်ရှောင်က သူမ၏ ကိုယ်ပတ်လည်တွင် ဝိုင်းရံနေသော လိပ်ပြာများကို ငေးမောကြည့်ရင်း လက်ကို ဆန့်ထုတ်လိုက်သည်။

လိပ်ပြာ အနည်းငယ်က သူမ၏ လက်ချောင်းများ သို့မဟုတ် လက်ဖဝါးပေါ်တွင် လာရောက် နားခိုကြသည်။

ထိုလိပ်ပြာများ အလယ်ရှိ လူသေးသေးလေးများက ခေါင်းလေးများ စောင်းကာ သူတို့ရှေ့မှ လူသား ကောင်မလေးကို အကဲခတ်နေကြပြီး အချင်းချင်းလည်း တစ်ခုခု ပြောဆိုနေကြပုံရသည်။

ကျိုးရှောင်ရှောင်မှာ တစ်ခဏမျှ ဘာပြောရမှန်း မသိဖြစ်သွားပြီး ဤအရာအားလုံးကို ငေးမောကြည့်နေမိ၏။

ထိုအချိန်မှာပင် ရေကန် တစ်ခုလုံးမှ အစိမ်းနုရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်မှလည်း အံ့သြတကြီး အော်ဟစ်သံများ ထွက်ပေါ်လာ၏။

ချန်းရီက ရေကန်ဘေးတွင် မတ်တတ်ရပ်ကာ လှမ်းကြည့်လိုက်သည်။

ရေကန် တစ်ခုလုံးမှာ အံ့သြဖွယ်ကောင်းလောက်အောင် ကြည်လင်လာသည်ကို တွေ့လိုက်ရသည်။

ကမ်းစပ်တွင် ရပ်နေရင်းနှင့်ပင် ရေကန်ထဲ၌ ကူးခတ်နေသော ငါးကြီးများကို မြင်တွေ့နေရသည်။

ယနေ့ သူတို့အားလုံး စားသောက်ခဲ့ကြသော ငါးကြီးမှာ ရေကန်ထဲတွင်မူ အရွယ်အစား သေးငယ်သော အကောင်များသာ ဖြစ်သည်။

ချန်းရီသည် ပေ ၃၀ ကျော်ခန့် ရှည်လျားသော... ရွှေငါး အချို့ကိုပင် မြင်တွေ့လိုက်ရသေးသည်။

ချန်းရီက ထိုငါးများမှာ ရွှေငါး ဟုတ်မဟုတ် အတိအကျ မသေချာသော်လည်း ကြည့်ရသည်မှာ အလွန် တူနေ၏။ သူသည် ဤကဲ့သို့သော ငါးများနှင့် ပတ်သက်၍ သိပ်ပြီး လေ့လာထားခြင်း မရှိပေ။

ထိုမျှမက ရေကန်ထဲတွင် ဗီဒီယိုတိုများထဲ၌ပင် မတွေ့ဖူးသော ထူးဆန်းသည့် သက်ရှိများစွာ ရှိနေသေးသည်။

"ဒါက..."

ချူချယ်လည်း အနီးသို့ ရောက်လာသည်။ လိပ်ပြာများ၏ အနှိမ်ခံရသော သူတို့နှစ်ဦးမှာ ရေကန်ဘေးတွင် ရပ်နေရင်း မျက်နှာပေါ်၌ မည်သို့သော အမူအရာမျိုး ပြသရမှန်းပင် မသိတော့ပေ။

"ခေါင်းဆောင်ချူ... မင်းပြောကြည့်ပါဦး... ဒါက ငါတို့ရဲ့ ကမ္ဘာကြီးရော ဟုတ်သေးရဲ့လား"

ဆက်ရန်...

All Chapters