အခန်း ၁၉၉
Vol. 10 Ch. 199
အပိုင်း(၁၉၉) အစ်ကို့အလှည့်ပဲ
အမျိုးသား အသက်ရှင်ကျန်ရစ်သူ ဆယ်ဂဏန်းခန့်က အားကုန်ရုန်းကန် ဆွဲယူလိုက်ပြီးနောက်မှ ဤဧရာမ ငါးကြီးကို ကမ်းစပ်သို့ ဆွဲတင်နိုင်ခဲ့သည်။
တိတိကျကျ ပြောရလျှင် ထယ်ရှီးကို ကမ်းစပ်သို့ ဆွဲတင်ခဲ့ခြင်း ဖြစ်ပြီး၊ ထို့နောက် ထယ်ရှီးက ငါးကြီးကို ကမ်းစပ်သို့ ဆွဲတင်လာခဲ့ခြင်း ဖြစ်သည်။
ထယ်ရှီးက ငါးစာနှင့် ငါးမျှားချိတ် နှစ်ခုစလုံး၏ အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ရေထဲမှ ထွက်လာသော ငါးကြီးက ကမ်းစပ်တွင် ရူးသွပ်မတတ် ရုန်းကန်နေ၏။ သတ္တိကောင်းသော အမျိုးသားတစ်ဦးက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး ငါးကြီး ရေထဲသို့ ပြန်မကျသွားစေရန် ရိုက်နှက်၍ မေ့မြောသွားစေရန် ရည်ရွယ်လိုက်သည်။
သို့သော် ငါးအမြီးဖြင့် တစ်ချက် ရိုက်ချခံလိုက်ရရာ ထိုအမျိုးသားမှာ လွင့်စင်သွားပြီး ချက်ချင်းပင် သတိလစ် မေ့မြောသွားလေသည်။
"ဟာ... ဒီငါးက အရမ်းကြမ်းတာပဲ"
"ဦးလေးချန်... အရင်တုန်းက ငါးမျှားဝါသနာပါတာ မဟုတ်လား... ဒီငါးမျိုးကိုရော မြင်ဖူးလား"
"မမြင်ဖူးဘူး... ဒီလောက်ကြီးတဲ့ငါးမျိုးကို တစ်ခါမှ မမြင်ဖူးသလို... ဒီအမျိုးအစားကိုလည်း မသိဘူး"
"ဒါလည်း သန္ဓေပြောင်း အမျိုးအစားပဲလား မသိဘူး... မနေ့ညက လိပ်ပြာလိုမျိုးလား"
"ဖြစ်နိုင်တယ်... ဟူး... အခုခေတ်ကမ္ဘာကြီးက လုံးဝကို စိမ်းသက်နေပြီ... ဒီလောက်ကြီးတဲ့ ငါးက လူကိုတောင် စားရဲသေးတယ်"
"ဆရာဝူသာ မရှိရင်... ကျွန်တော်တို့လို သာမန်လူတွေက ဒီလောက်ကြီးတဲ့ ငါးကို ဖမ်းနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
တစ်ခဏချင်းမှာပင် အပြန်အလှန် ဆွေးနွေးပြောဆိုသံများ ဆူညံသွားသည်။
ဝါရင့် ငါးမျှားသမားများပင်လျှင် ဤငါးအမျိုးအစားကို မသိကြချေ။
ထယ်ရှီးက တစ်ကိုယ်လုံး စိုရွှဲနေလျက် လျှောက်လာပြီး ထိုငါးကြီး ရုန်းကန်နေဆဲဖြစ်သည်ကို မြင်လိုက်ရာ ငါး၏ခေါင်းကို လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။
"ချွမ်း"
လက်သီးက ငါး၏ခေါင်းပေါ်သို့ ကျရောက်သွားရာ သတ္တုချင်း ရိုက်ခတ်သွားသည့်အလား အသံကြီး ထွက်ပေါ်လာ၏။
သို့သော် ထိုငါးကြီး၏ ဦးခေါင်းခွံတွင် ထယ်ရှီး၏ လက်သီးချက်ကြောင့် လက်သီးဆုပ်ခန့်ရှိသော အပေါက်နက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
ရေထဲတွင် အနည်းငယ် ဒုက္ခပေးနိုင်သော်လည်း ကမ်းစပ်သို့ ရောက်လာချိန်တွင်မူ ဤငါးကြီးသည် ထယ်ရှီးအတွက် လွယ်ကူသော ကိစ္စတစ်ခုမျှသာ ဖြစ်သွားလေသည်။
"မင်းတို့ လုပ်မလား... ငါပဲ လုပ်ရမလား"
ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် တင်းတုံတို့ကို မျက်ခုံးပင့်ပြလိုက်သည်။
တင်းတုံက စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့ ခြေနှစ်လှမ်း တိုးလာကာ သူမအရင် စတင်မည့်ဟန် ပြလိုက်၏။
ဤမိန်းမက မည်သို့ လုပ်ဆောင်မည်ကို ချန်းရီက အတော်လေး သိချင်စိတ် ပြင်းပြနေသည်။
ထိုအမျိုးသမီးက ကမ်းစပ်သို့ လျှောက်သွားကာ မျက်လုံးများကို မှိတ်လိုက်ပြီး အစမှ အဆုံးတိုင်အောင် အလွန်တရာ တည်ငြိမ်နေသော မျက်နှာအမူအရာကိုသာ ထိန်းသိမ်းထားသည်။
လေပြေများ တိုက်ခတ်သွားရာ အမျိုးသမီး၏ လှုပ်ရှားနေသော ဗလာကျင်းနေသည့် ညာဘက်လက်မောင်းအင်္ကျီစက လွင့်ဝဲသွား၏။
အလွန် ထူးဆန်းသော ခံစားချက်တစ်ခုက လေထုထဲတွင် ဖြစ်တည်လာသည်။
ချန်းရီ တစ်စုံတစ်ရာ တုံ့ပြန်မှု မပေးနိုင်မီမှာပင် ထိုအမျိုးသမီးက သူမ၏ ညာဘက်လက်မောင်းကို အနည်းငယ် မြှောက်လိုက်ပြီး ခြေထောက်နှစ်ချောင်းကို ခွဲကာ မြင်းစီးဟန် ရပ်လိုက်သည်။
"ဟိတ်"
အမျိုးသမီးက အသက်ပြင်းပြင်း ရှူထုတ်ကာ အသံပြုလိုက်ပြီး ရှေ့ရှိ ရေကန်ထဲသို့ အားကုန် လက်သီးတစ်ချက် ထိုးချလိုက်သည်။
ရွှေရောင် လက်သီးအရိပ်တစ်ခုက လက်ထဲမှ ထွက်ပေါ်လာပြီး ရေကန်မျက်နှာပြင်သို့ ကျရောက်သွားသော်လည်း မည်သည့် လှိုင်းဂယက်မျှ ထမလာခဲ့ပေ။
ပူလောင်နေသော ဓားဖြင့် ထောပတ်ကို လှီးဖြတ်လိုက်သကဲ့သို့ပင်။
ရေကန်မျက်နှာပြင်ပေါ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခုကို ထိုးဖောက်လိုက်ခြင်း ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများ သံသယဖြစ်နေကြချိန်မှာပင်...
"ဝုန်း"
မိုးခြိမ်းသံအလား ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ရေကန်မျက်နှာပြင်ပေါ်မှ ပေ(၃၀)ကျော်ခန့် မြင့်သော ရေပန်းကြီးများ ပန်းထွက်လာ၏။
ထို့နောက် ရေကန်မျက်နှာပြင်ပေါ်တွင် အရွယ်အစားစုံလင်သော ငါးအကောင်ရေများစွာ ပေါ်လာသည်ကို မြင်လိုက်ရသည်။ အကြီးဆုံးငါးများမှာ (၁၀)ပေမှ (၁၃)ပေခန့်အထိ ရှိပြီး အသေးဆုံးငါးများမှာမူ (၂)ပေခန့် ရှည်လျားကြသည်။
ချန်းရီက တင်းတုံကို အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။
"လမ်းစဉ် အဆင့် (၂) ရောက်သွားပြီလား"
"လက်ဝှေ့သမား လမ်းစဉ် အဆင့် (၂) တောင်ဖြိုခွင်းခြင်းပါ"
တင်းတုံက ချန်းရီကို အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင်မူ တည်ငြိမ်သော အပြုံးရိပ်များ အပြည့်အဝ ရှိနေ၏။
"ခင်ဗျားက လက်တစ်ဖက် ပြတ်သွားတာတောင် စွမ်းအားက မကျတဲ့အပြင် ပိုတောင် တိုးလာသေးတယ်ပေါ့"
"ကျွန်မက လက်တစ်ဖက်တည်း ကျန်တော့တဲ့အတွက်... အဲဒီလက်တစ်ဖက်တည်းရဲ့ ခွန်အားကိုပဲ သေချာလေ့လာဖြစ်သွားတယ်... အရင်ကထက် ပိုပြီး အာရုံစိုက်နိုင်သွားလို့ လမ်းစဉ် အဆင့် (၂) ကို တက်သွားတာပါ"
"ဒါနဲ့... လက်ဝှေ့သမားတွေက လက်တစ်ဖက်ပြတ်မှ အဆင့်တက်လို့ရတာလား"
"ကျွန်မ တစ်ယောက်တည်းပဲ အဲဒီလို ဖြစ်တာပါ"
ချန်းရီ၏ မေးခွန်းများအပေါ် တင်းတုံက ဘာမှ ဖုံးကွယ်ထားခြင်းမရှိဘဲ မေးသမျှကို အကုန် ပြန်ဖြေပေးလေသည်။
ချန်းရီက တင်းတုံကို လက်မထောင်ပြလိုက်ပြီး "မိုက်တယ်"
တင်းတုံ၏ ဤလုပ်ဆောင်ချက်က နေရာတွင်ရှိနေသော လူအများအပြားကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး ကိုယ်တိုင်ပင်လျှင် တင်းတုံက အသံတိတ် လမ်းစဉ် အဆင့် (၂) သို့ ရောက်ရှိသွားမည်ဟု ထင်မှတ်မထားခဲ့ချေ။
တရားမျှတရေး ယာဉ်တန်းရှိ အဖွဲ့ဝင်အားလုံးသည် လမ်းစဉ် အဆင့် (၂) များ ဖြစ်သွားကြပြီပဲ။
ယခင်ကဲ့သို့ အားနည်းသော လူအုပ်စု မဟုတ်တော့ပေ။
အနည်းဆုံးတော့ ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ပိုမို ရရှိလာခဲ့ပြီ ဖြစ်သည်။
ချန်းရီက မီးခိုးငွေ့တစ်ချက် မှုတ်ထုတ်လိုက်ရာ မီးခိုးငွေ့များက လွင့်ဝဲသွားပြီး ထိုငါးများအားလုံးကို ကမ်းစပ်ဆီသို့ တွန်းပို့ပေးလိုက်သည်။
အချို့ငါးများမှာ ပေါက်ကွဲမှုကြောင့် အမှုန့်များအဖြစ် ပြောင်းလဲသွားပြီး သွေးကွက်များသာ ကျန်ရစ်တော့၏။
အချို့ငါးများမှာမူ ပေါက်ကွဲမှုကြောင့် မေ့မြောသွားရုံသာ ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ အချို့က ကမ်းစပ်သို့ အလျင်အမြန် သွားရောက်ကာ ထိုငါးများကို ရေထဲမှ ဆယ်ယူလိုက်ကြသည်။
ချန်းရီက ဘေးနားရှိ ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို လှမ်းကြည့်လိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း အားနာနေခြင်းမရှိဘဲ လက်ဖြင့် ဓားမန္တန်ဟန်တစ်ချက် ပြုလုပ်ကာ ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုလိုက်သည်။
"သွားစမ်း"
ကောင်မလေး၏ ကျောဘက်တွင် လွယ်ထားသော ဓားရှည်က အနည်းငယ် တုန်ခါသွားပြီး ဓားအိမ်ထဲမှ အလိုအလျောက် ပျံထွက်ကာ ရေကန်မျက်နှာပြင်ဆီသို့ ပြေးဝင်သွား၏။
စောစောက တင်းတုံ၏ ကြမ်းတမ်းသော လုပ်ရပ်ကြောင့် ရေကန်မျက်နှာပြင်မှာ သွေးကွက်လေးများအဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
အမည်မသိ ရှည်လျားသေးသွယ်သော ငါးရှဉ့်တစ်ကောင်က သွေးနံ့ရသွားပုံရကာ ရေကန်၏ ရေနက်ပိုင်းဆီမှ ကူးခတ်လာသည်။
ဓားရှည်က ရေထဲသို့ ဝင်ရောက်သွားချိန်တွင် ရေပန်းများ သိပ်မထွက်ပေါ်လာဘဲ ထိုအမည်မသိ ငါးရှဉ့်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းသွားရာ ငါးရှဉ့်မှာ ရေထဲတွင် ရူးသွပ်မတတ် အဆက်မပြတ် ရုန်းကန်နေတော့၏။
ရေကန်ထဲရှိ ရေများမှာ ဧရိယာအကျယ်ကြီးအထိ အနီရောင်အဖြစ် ပြောင်းလဲသွားလေသည်။
နောက်ဆုံးတွင် ဓားရှည်က အသက်မဲ့သွားပြီဖြစ်သော ဤငါးရှဉ့်ကို ကမ်းစပ်ဆီသို့ တွန်းပို့လာခဲ့သည်။
ဤအမည်မသိ ငါးရှဉ့်သည် ထယ်ရှီး ဖမ်းမိသော ငါးကြီးလောက် အသားမများသော်လည်း ၎င်း၏ အရှည်မှာ ထယ်ရှီး၏ ငါးထက် များစွာ ပိုရှည်လျားနေပြီး ခန့်မှန်းခြေအားဖြင့် (၆၅) ပေခန့် ရှိနေပြီဖြစ်သည်။
"မမလေးစွန်းက တကယ်ကို တော်တာပဲ"
"မင်းကအခုမှသိတာလား... မမလေးစွန်းက ငါတို့ ယာဉ်တန်းရဲ့ နံပါတ်တစ် အစွမ်းအထက်ဆုံးသူပဲ"
"အစ်မတင်းတုံရဲ့ အရှိန်အဝါက ကြီးမားပေမဲ့ တကယ်တမ်း သူတို့နှစ်ယောက် ယှဉ်တိုက်ကြရင် ဘယ်သူနိုင်မလဲ ဆိုတာ မသေချာဘူးနော်"
"မမလေးစွန်းရဲ့ လမ်းစဉ်က ဓားနတ်ဘုရား လမ်းစဉ် လို့ ကြားဖူးတယ်... ဓားနတ်ဘုရားတဲ့... ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ"
အသက်ရှင်ကျန်ရစ်သူများက တီးတိုး စကားဆိုနေကြသည်။
သူတို့က ချန်းရီတို့အဖွဲ့ မကြားနိုင်ဘူးဟု ထင်မှတ်ထားကြ၏။
သို့သော် အစွမ်းပိုင်ရှင်များ၏ အကြားအာရုံကြောင့် ဤစကားများအားလုံးမှာ အစွမ်းပိုင်ရှင်များ၏ နားထဲသို့ တစ်လုံးမကျန် ရောက်ရှိလာခဲ့သည်ကိုမူ သူတို့ မသိခဲ့ကြပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဤစကားများကို ကြားသောအခါ သူမ၏ မျက်နှာပေါ်တွင် ပို၍ ဂုဏ်ယူဝင့်ကြွားလာပြီး မေးစေ့ကို ပင့်ကာ ချန်းရီဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကို့အလှည့် ရောက်ပြီနော်"
"မိုက်တယ်... နင့်ရဲ့ ဒီပျံဝဲနေတဲ့ ဓားက တကယ်ပဲ သဘာဝလွန်ပစ္စည်း တစ်ခုလား... ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက နှာမှုတ်လိုက်ပြီး "ရှင် သိစရာ မလိုပါဘူး... မြန်မြန်သာ လုပ်စမ်းပါ... အချိန်ဆွဲမနေနဲ့... တကယ်ပါပဲ..."
ချန်းရီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ကောင်မလေး၏ အမူအရာကို ဂရုမစိုက်ဘဲ ညာဘက်လက်ကို ခါးနောက်သို့ ဆန့်တန်းကာ ထင်းခုတ်ဓားမ၏ လက်ကိုင်ကို ဆုပ်ကိုင်၍ နှစ်သိမ့်လိုက်သည်။
စောစောက ဓားရှည် ဓားအိမ်ထဲမှ ထွက်ပေါ်လာသည့် အချိန်မှာပင် သူ၏ခါးနောက်ရှိ ထင်းခုတ်ဓားမကလည်း လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့၏။
ဤ "မျိုးမစစ်ဓား" ဆိုသည်မှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဤဓားကိုသာ ရည်ညွှန်းနေကြောင်း ချန်းရီ ယခုအခါတွင် ရာခိုင်နှုန်းပြည့်နီးပါး သေချာသွားခဲ့ပြီ ဖြစ်သည်။
စိတ်ဝင်စားစရာပဲ... သူ ကျပန်း လဲလှယ်လိုက်သော ဤထင်းခုတ်ဓားမက စွန်းချန်းချန်း၏ ဓားနှင့် ထိပ်တိုက်တွေ့နေမည်ဟု မထင်မှတ်ထားခဲ့ပေ။
"အစ်ကိုချန်းရီ... အစ်ကို ဘာတွေ လုပ်နေတာလဲ... မြန်မြန်လုပ်လေ... အစ်ကို့အလှည့် ရောက်နေပြီ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက တိုက်တွန်းလိုက်သည်။
အသက်ရှင်ကျန်ရစ်သူ အများအပြားကလည်း ဤဘက်သို့ လှမ်းကြည့်လာကြ၏။
ယာဉ်တန်းတစ်တန်းလုံးတွင် မည်သူက လူတွေကို အကြောက်လန့်ဆုံး ဖြစ်စေသနည်းဟု မေးလျှင် သံသယဖြစ်စရာမလိုဘဲ ချန်းရီပင် ဖြစ်သည်။
ယာဉ်တန်းထဲရှိ လူများက တစ်သုတ်ပြီးတစ်သုတ် ပြောင်းလဲသွားခဲ့သော်လည်း ချန်းရီနှင့် ပတ်သက်သော ကောလာဟလများကမူ ပုံစံအမျိုးမျိုးဖြင့် ဆက်လက် ထွက်ပေါ်နေခဲ့သည်။
အချို့က ချန်းရီသည် မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်း၊ သူ့ကို သွားရောက် ရန်စမိသူတိုင်း နောက်ဆုံးတွင် ကောင်းသော ဇာတ်သိမ်းမျိုး မရနိုင်ကြောင်း ပြောဆိုကြသည်။
အချို့ကလည်း ယာဉ်တန်း၏ လူဦးရေ တိုးမလာရခြင်းမှာ ချန်းရီက ထိုလူများကို ထူးဆန်းသောအရာများ ဆွဲဆောင်ရန် ငါးစာအဖြစ် အသုံးပြုခဲ့သောကြောင့် သေဆုံးသွားကြခြင်း ဖြစ်သည်ဟု ဆိုကြပြန်သည်။
အချို့ကလည်း...
ချန်းရီ ကိုယ်တိုင်လည်း ကောလာဟလ အမျိုးအစား အချို့ကို ကြားဖူးထားသည်။
ဤကောလာဟလများနှင့် ပတ်သက်၍ ချန်းရီက မည်သည့်အခါမျှ ဂရုမစိုက်တတ်ပေ။
ပိုဆိုးသည်မှာ သူက ထိုအရာများကို ဒီအတိုင်းပင် လွှတ်ထားတတ်ခြင်း ဖြစ်သည်။
လူတိုင်း၏ လေးစားမှုကို မရနိုင်လျှင်တောင် လူတိုင်း၏ ကြောက်ရွံ့မှုကို ရရှိခြင်းကလည်း မဆိုးလှပေ။
လူအများအပြား၏ စိတ်ထဲတွင် ချန်းရီက မည်သို့သော နည်းလမ်းမျိုးကို အသုံးပြုမည်နည်း ဟု ခန့်မှန်းနေကြ၏။
ချန်းရီက ကမ်းစပ်တွင် ရပ်လျက် ကြည်လင်နေသော ရေကန်ကို ကြည့်လိုက်သည်။
တကယ်တမ်းတွင် လက်ရှိ ရေကန်မှာ ကြည်လင်သည်ဟု လုံးဝ ပြော၍မရတော့ပေ။ စောစောက တင်းတုံနှင့် စွန်းချန်းချန်းတို့ နှစ်ယောက် ဖန်တီးထားသော သွေးများကြောင့် ရေကန်မျက်နှာပြင်မှာ အနီရောင်အဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ဤသွေးနံ့များကပင် ငါးကြီး အများအပြားကို ဆွဲဆောင်ထားခဲ့ခြင်း ဖြစ်သော်လည်း နှမြောစရာကောင်းသည်မှာ ထိုငါးများကို ချန်းရီ တစ်ကောင်မှ မသိခြင်းပင် ဖြစ်သည်။
ချန်းရီက သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်ရာ သွေးရောင်လွှမ်းနေသော ဘယ်ဘက်မျက်လုံးက အနည်းငယ် တောက်ပလာပြီး အနီရောင် သူငယ်အိမ် အလယ်ရှိ အက္ခရာစာလုံးများက ဖြည်းညင်းစွာ လည်ပတ်သွား၏။
ချန်းရီက ပေါက်ကွဲသွားသော အသားစများကို လုယက်နေကြသည့် ငါးတစ်ကောင်ချင်းစီကို ကြည့်လိုက်သည်။
ငါးများနှင့် အကြည့်ချင်းဆုံရန် ဆိုသည်မှာ သိသာစွာပင် မဖြစ်နိုင်သော်လည်း ငါးတစ်ကောင်၏ မျက်လုံးက မိမိဘက်သို့ လှည့်လာရန်သာ လိုအပ်သည်။
ဉာဏ်ရည် ကင်းမဲ့သော သတ္တဝါများလေလေ အသူရာ၏ လွှမ်းမိုးထိန်းချုပ်မှုကို ပို၍ လွယ်ကူစွာ ခံရလေလေ ဖြစ်သည်။
စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် ချန်းရီက သူ၏ နေကာမျက်မှန်ကို ပြန်လည် တပ်ဆင်လိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အံ့ဩတကြီးဖြင့် "ရှင် ဘာတွေ လုပ်နေတာလဲ"
ချန်းရီက ပြုံးလိုက်ပြီး "မကြာခင် နင် သိလာမှာပါ"
ဆက်ရန်...