အခန်း ၂၀၀
Vol. 10 Ch. 200
အပိုင်း(၂၀၀) နတ်သူငယ်ရေကန်မှ ထွက်ခွာကြပြီ
ချန်းရီက ထိုစကားကို ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် လုယက်စားသောက်နေကြသော ငါးအုပ်စုထဲမှ ဝဝဖိုင့်ဖိုင့် ငါးကြီးတစ်ကောင်သည် ခေါင်းရမ်း အမြီးခါလျက် ရေကူးထွက်လာသည်ကို မြင်လိုက်ရ၏။
၎င်းက ဖြည်းညင်းစွာဖြင့် ရေကန်ထဲတွင် လမ်းလျှောက်ထွက်လာသည့်အလား ကမ်းစပ်အနီးသို့တိုင်အောင် ကူးခတ်လာခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများအားလုံး ပါးစပ်အဟောင်းသားနှင့် ကြောင်အမ်းအမ်း ဖြစ်နေကြစဉ်မှာပင် ထိုခေါင်းကြီးငါးဝဝကြီးက ရေထဲမှ အရှိန်ဖြင့် ခုန်တက်လာပြီး ကမ်းစပ်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျလာခဲ့သည်။
ဤငါးသည် ထယ်ရှီး ဖမ်းမိခဲ့သော ငါးလောက် မကြီးမားသော်လည်း တော်တော်လေးကို ဝဖြိုးနေပေသည်။
ငါးတစ်ကောင်လုံး၏ အရှည်မှာ ၂၃ ပေမှ ၂၆ ပေခန့် ရှိလေသည်။
နေရောင်အောက်တွင် အသားစိုင်များက ဝဖြိုးတောင့်တင်းနေပြီး ငါးအကြေးခွံများကလည်း တလက်လက် တောက်ပနေသဖြင့် ကြည့်ရသည်မှာ အတော်လေး လှပနေ၏။
"ဘာဖြစ်လို့လဲ... ဘယ်သူမှ လာမရှင်းကြတော့ဘူးလား"
နေရာတွင် ရှိနေသူအားလုံး ကြောင်တောင်တောင် ဖြစ်နေကြသည်ကို မြင်သောအခါ ချန်းရီက တိုက်ရိုက်ပင် လှမ်းမေးလိုက်ခြင်း ဖြစ်သည်။
ထိုအခါမှသာ လူအုပ်ထဲမှ လူအနည်းငယ် ပြေးထွက်လာကြတော့သည်။
သေချာပေါက်ပင် ထိုသူများက ချန်းရီ၏အနီးမှ ဖြတ်သွားကြသောအခါ လူတိုင်းက ခေါင်းကို ငုံ့ထားကြပြီး အပေါ်သို့ မော့ကြည့်ရန်ပင် လုံးဝ မဝံ့ရဲကြချေ။
လူနှစ်ယောက် ချန်းရီ၏ဘေးမှ ဖြတ်သွားချိန်တွင် သူတို့၏ လက်များ သိမ်မွေ့စွာ တုန်ရီနေသည်ကိုပင် ချန်းရီက မြင်တွေ့လိုက်ရသည်။
သေချာပေါက် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်မျှဖြင့် ဤငါးကြီးကို ဖမ်းဆီးနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် ထယ်ရှီးကသာ ဝင်ရောက်လုပ်ကိုင်ရပြီး ငါးကြီး၏ ခေါင်းပေါ်သို့ လက်သီးတစ်ချက်တည်းဖြင့် ထိုးဖောက်ကာ အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။
ချန်းရီကမူ ဤနည်းလမ်းသည် အလွန်တရာ ရိုင်းစိုင်းကြမ်းတမ်းလွန်းသည်ဟုသာ ခံစားလိုက်ရ၏။
သူတို့အသီးသီး၏ ငါးဖမ်းသည့် နည်းလမ်းများက တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။
ထယ်ရှီး၏ ဟန်ပန်က သွေးဆူစရာ အကောင်းဆုံး ဖြစ်သည်။
တင်းတုံက အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးကမူ အသက်သာဆုံး ဖြစ်ပြီး နတ်သမီးလေးတစ်ပါးအလား ကျက်သရေရှိလှသည်။
ချန်းရီ တစ်ယောက်တည်း၏ ငါးဖမ်းနည်းကသာ အစမှအဆုံးတိုင်အောင် ထူးဆန်းထိတ်လန့်ဖွယ်ကောင်းသော အရိပ်အယောင်များကို ဖော်ပြနေခဲ့သည်။
အခြားသူများ၏ လုပ်ရပ်များက အနည်းဆုံးတော့ ခြေရာခံ လိုက်ကြည့်၍ ရနိုင်သေးသည်။
ဘာတွေဖြစ်နေသလဲ ဆိုတာကို အနည်းဆုံးတော့ နားလည်နိုင်သေး၏။
သို့သော် သာမန်လူများအဖို့မူ ချန်းရီသည် ရေကန်ထဲသို့ တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံဖြင့် ဝဖြိုးနေသော ငါးကြီးတစ်ကောင်က ရေထဲမှ အလိုအလျောက် ကူးခတ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်းက ချန်းရီ၏ ထူးဆန်းမှုအပေါ် ပိုမို ကြောက်ရွံ့သွားကြလေသည်။
"ဆရာချန်းက တကယ်ပဲ..."
အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က မှတ်ချက်အချို့ ပေးရန် ဟန်ပြင်လိုက်သော်လည်း ချက်ချင်းပင် စကားဖြတ်ပြောခံလိုက်ရသည်။
"မင်း ရူးနေလား... ဆရာချန်းအကြောင်းကို မင်းကများ ဝေဖန်ရဲသေးတယ်ပေါ့... ပါးစပ် မြန်မြန် ပိတ်ထားစမ်း"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီ၏ နေကာမျက်မှန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။
"အစ်ကို့ရဲ့ အစွမ်းက တော်တော်လေး ကြောက်စရာကောင်းတာပဲ... အစ်ကို့အစွမ်းက..."
"ပူးတွဲရှင်သန်ခြင်း လမ်းစဉ်ပါ... အရန်အဆင့် သဘာဝလွန်ပစ္စည်း ပူးတွဲရှင်သန်ခြင်းလို့ ဆိုရမှာပေါ့"
ချန်းရီက စွန်းချန်းချန်းကို ဘာမှ ဖုံးကွယ်မထားခဲ့ပေ။
မည်သို့ပင်ဖြစ်စေ အားလုံးက ယာဉ်တန်းတစ်ခုတည်းမှ ဖြစ်သဖြင့် အနှေးနှင့်အမြန်တော့ သိကြရမည်သာ ဖြစ်သည်။
ပိုမို နက်ရှိုင်းသော တိကျသည့် အချက်အလက်များကိုမူ သေချာပေါက် ထုတ်ပြော၍ မရနိုင်ဘဲ ပန်းရောင်ဆံပင်နှင့် ကောင်မလေး ကိုယ်တိုင် ရှာဖွေတွေ့ရှိလာမည့် အချိန်ကိုသာ စောင့်ရပေမည်။
ယခင်က ရုံမြို့ မူလတန်းကျောင်းတွင် ဝူကျန့်ရှန်းကို သတ်ဖြတ်ခဲ့သော ညတုန်းက...
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ချန်းရီ၏ ဘယ်ဘက်မျက်လုံးမှ ထူးခြားမှုကို မြင်တွေ့ခဲ့ရသော်လည်း ထိုအချိန်က အခြေအနေအရ ဘာမှ ပိုမို ပြောဆိုနိုင်ရန် အချိန်မရခဲ့ပေ။
နောက်ပိုင်းတွင် ချန်းရီက လူအုပ်စုငယ်လေးကို ရင်ဆိုင်ရန် သွေးမျက်လုံးကို အသုံးပြုခဲ့ချိန်၌လည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ထိုနေရာတွင် ရှိမနေခဲ့ချေ။
ထို့ကြောင့် ဤသည်မှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးအဖို့ ချန်းရီ၏ အစွမ်းအသုံးပြုမှုကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ယခင်ကတည်းက သူမ အမြဲတမ်း မေးချင်နေခဲ့သော်လည်း ချန်းရီ ပြောပြချင်မည် မဟုတ်ဟု တွေးကာ အနည်းငယ် စိုးရိမ်တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ဤအခွင့်အရေးကို အသုံးချကာ သိချင်နေသည်များကို မေးမြန်းလိုက်ခြင်းပင်။
ကောင်မလေးက ပါးစပ်ဟကာ တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမျှ ထွက်မလာခဲ့ဘဲ သူမ၏ မျက်ဝန်းများထဲတွင် စိုးရိမ်ထိတ်လန့်မှုနှင့် ပူပန်မှု အရိပ်အယောင်များသာ ရှိနေခဲ့သည်။
သူမ ထိတ်လန့်ရခြင်းမှာ ချန်းရီ၏ ဤအစွမ်းသည် အမှန်တကယ်ပင် ကာကွယ်ရန် လုံးဝ မဖြစ်နိုင်လောက်အောင် အစွမ်းထက်လွန်းနေသောကြောင့် ဖြစ်သည်။
၎င်းက ကောင်မလေး နားမလည်နိုင်သော အစွမ်းတစ်ခု ဖြစ်နေ၏။
သူမ ပူပန်ရခြင်းမှာမူ ပူးတွဲရှင်သန်ခြင်း လမ်းစဉ်သည် နောက်ဆုံးတွင် အရူးတစ်ယောက် ဖြစ်မသွားလျှင်တောင် သဘာဝလွန် ထူးဆန်းသောအရာ အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတတ်သောကြောင့် ဖြစ်သည်။
ချန်းရီက သူ၏ ဘယ်ဘက်မျက်လုံးမှ သိမ်မွေ့သော စူးရှနာကျင်မှုကို ခံစားနေရသည်။
သူ၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစည်းနိုင်ခြင်း မရှိသေးသော သွေးမျက်လုံးကြောင့် အသုံးပြုလိုက်တိုင်းတွင် မျိုးစုံသော သက်တောင့်သက်သာမရှိမှုများကို ခံစားရစမြဲပင်။
အလွန်အကျွံ အသုံးပြုမိပါက သွေးမျက်ရည်များပင် ကျလာနိုင်သေးသည်။
အကယ်၍သာ ရွေးချယ်ခွင့်ရှိလျှင် ချန်းရီသည် ခုနကလို အခြေအနေမျိုးတွင် သွေးမျက်လုံး၏ အစွမ်းကို သိပ်ပြီး အသုံးပြုချင်မည် မဟုတ်ပေ။
သို့သော်လည်း မတတ်နိုင်ချေ။ သွေးမျက်လုံး၏ အစွမ်းက အမှန်တကယ်ကို အသုံးဝင်လွန်းနေသည်။
တစ်ကြိမ်မျှ အသုံးပြုလိုက်သည်နှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးကို ထိန်းချုပ်ရသည့် ခံစားချက်အား ငြင်းဆန်ရန် အနည်းငယ် ခက်ခဲသွားစေသည်။
နောက်တစ်နေ့တွင် စခန်းချရာ နေရာတစ်ခုလုံး အလွန် စည်ကားနေခဲ့သည်။
ချန်းရီ၊ ချူချယ် အစရှိသော အစွမ်းပိုင်ရှင်များကို ဖယ်ထားလိုက်လျှင်...
စခန်းချရာနေရာရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါးကို ရွှီနန်နှင့် ရှောင်ဖူတို့က ဦးဆောင်၍ လှုပ်ရှားစေခဲ့သည်။
လူလေးဆယ်နီးပါးခန့် ရှိပြီး လူတိုင်း၏ လက်ထဲတွင် ကိုယ်ပိုင် အလုပ်ကိစ္စ ကိုယ်စီ ရှိနေကြသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်နေကြ၏။
ဤတစ်ကြိမ်တွင် ငါးအသားများ အလုံအလောက် ရရှိထားသဖြင့် လူတိုင်းက ဝေစုအများအပြားကို ရရှိနိုင်ကြမည် ဖြစ်သည်။
ချန်းရီတို့ လူစုက ငါးပိုဖမ်းချင်စိတ် မရှိ၍တော့ မဟုတ်ပေ။
ကား၏ ဝန်တင်နိုင်စွမ်းက အမှန်တကယ်ပင် ကန့်သတ်ချက် ရှိနေသောကြောင့် ဖြစ်သည်။
ထို့အပြင် ငါးကျပ်တင် အဖြစ် ပြုလုပ်လိုက်လျှင်ပင် သက်တမ်း အနည်းငယ်သာ ပိုရှည်သွားမည် ဖြစ်ပြီး အချိန်ကြာမြင့်စွာ သိမ်းဆည်းထားရန်မှာ လက်ရှိ အခြေအနေများအရ အလွန် ခဲယဉ်းလှသည်။
တချို့သူများက မွန်းတည့်ချိန်ကို အခွင့်ကောင်းယူကာ အကာအကွယ်နယ်မြေထဲမှ ထွက်၍ သစ်ပင်သွားခုတ်ကြသည်။
ရလဒ်အနေဖြင့် လူအနည်းငယ်က အချိန်အတော်ကြာ ခုတ်ပြီးမှသာ သစ်ပင်တစ်ပင်ကို ယူဆောင်လာနိုင်ခဲ့ကြသည်။
ထယ်ရှီးက ကြည့်မနေနိုင်တော့ဘဲ တိုက်ရိုက်ပင် ဝင်ရောက် ကူညီပေးလိုက်သည်။
သူ၏ လက်တစ်ဖက်ကို ပုဆိန်အဖြစ် ပြောင်းလဲလိုက်ပြီး တစ်ချက်တည်း ခုတ်ချလိုက်ရာ ပန်းကန်လုံးအရွယ်ခန့်ရှိသော သစ်ပင်ကြီးက ချက်ချင်းပင် လဲကျသွားတော့သည်။
ထယ်ရှီးက သစ်ကိုင်းများကိုပါ အကုန်လုံး ခုတ်ချပေးခဲ့သေးသည်။
ထယ်ရှီး ပါဝင်လာမှုကြောင့် နှစ်နာရီမျှသာ အချိန်ယူလိုက်ရပြီး ငါးကျပ်တင်ရန် လိုအပ်သော ထင်းအားလုံးကို အဆင်သင့် ဖြစ်သွားစေခဲ့သည်။
ရွှီနန်ကလည်း လူများကို ကြီးမားပြီး ရိုးရှင်းသော ကျပ်တင်စင်ကြီး တစ်ခုကို တည်ဆောက်စေခဲ့သည်။
ထို့နောက်တွင် အလွန် ပြဿနာတက်စရာ ကောင်းသော ကိစ္စတစ်ခုနှင့် ထပ်မံ ရင်ဆိုင်လိုက်ရပြန်သည်။
အသက်ရှင်ကျန်ရစ်သူများ၏ သာမန် ဓားများက ထိုငါးများ၏ အကြေးခွံများကို လုံးဝ ခွာနိုင်စွမ်း မရှိကြပေ။
ထိုငါးများကို သတ်ဖြတ်ရုံလေးနှင့်ပင် အသက်ရှင်ကျန်ရစ်သူများ လက်ထဲရှိ ဓားအချို့ ကျိုးပဲ့ပျက်စီးသွားခဲ့သဖြင့် သူတို့မှာ အလွန် နှမြောတသ ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ထယ်ရှီးက ကိုယ်စားအနေဖြင့် ချန်းရီထံသို့ ဓားလာငှားရတော့သည်။
"နေပါဦး ထယ်ရှီး... မင်းကို အဲဒီလူတွေက ခိုင်းလိုက်ပြန်ပြီ မဟုတ်လား... မင်းက အရမ်း အသုံးချရ လွယ်လွန်းနေတာ မဟုတ်ဘူးလား"
"ဟဲဟဲ... ကိစ္စမရှိပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း အားနေတာပဲလေ"
"ဒါဆို ဘာလို့ စွန်းချန်းချန်းဆီမှာ သွားမငှားတာလဲ"
"သူရဲ့ ဓားက ကြည့်ရတာ သိပ်အသုံးဝင်မယ့်ပုံ မပေါ်လို့ပါ"
ဘာသိပ်အသုံးဝင်မယ့်ပုံ မပေါ်တာလဲ... ထိုဓားရှည်က ငါးသတ်ရန် အသုံးပြုနိုင်မည့်ပုံ မပေါ်သည်မှာ အလွန် သိသာနေသည် မဟုတ်ပါလော။
ချန်းရီ၏ ဤထင်းခုတ်ဓားမကမူ ကြမ်းတမ်းသော အလုပ်များအတွက် အသုံးပြုရန် ပုံပေါက်နေသည်။
"မနေ့က ငါးကိုရော ဘယ်လို လုပ်လိုက်ကြလဲ"
"မနေ့က ငါးက အကြေးခွံ သိပ်မမာဘူးလေ... ဒီနေ့ မင်းဖမ်းလာတဲ့ တစ်ကောင်ရယ်... ငါ ဖမ်းလာတဲ့ တစ်ကောင်ရယ်က အကြေးခွံတွေ အရမ်းမာနေလို့"
"မင်းမှာ နည်းလမ်း မရှိတော့ဘူးလား"
"အော် ဟုတ်သားပဲ... ဟဲဟဲ... ဒါဆိုလည်း မလိုတော့ပါဘူး... ငါပဲ သွားလုပ်လိုက်ပါ့မယ်"
ထယ်ရှီးက တုံးအအပုံစံဖြင့် ပြန်လှည့်ထွက်သွားသည်။
သူ၏ သွေးသား လက်နက်တပ်ဆင်ခြင်းကလည်း ဓားအဖြစ်သို့ ပြောင်းလဲနိုင်ပေသည်။
မလာခင်က သူလည်း ဤအချက်ကို စဉ်းစားမိမည် မဟုတ်ဘဲ အခြားသူများက လာငှားခိုင်းသဖြင့်သာ လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤကောင်က တဖြည်းဖြည်းနှင့် ပိုပိုပြီး တုံးအလာသကဲ့သို့ပင်။
ထို့ပြင် ချန်းရီကလည်း ပုံမှန်အားဖြင့် ဤထင်းခုတ်ဓားမကို သိပ်ပြီး အရေးတယူ လုပ်လေ့မရှိပေ။
စွန်းချန်းချန်းက ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားသော ဓားရှည်နှင့် ယှဉ်လိုက်လျှင်...
ချန်းရီက ဤထင်းခုတ်ဓားမကို ကိုင်ကာ မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်နေသည်ကို အသက်ရှင်ကျန်ရစ်သူ အများအပြားက မြင်တွေ့ခဲ့ဖူးကြသည်။
အသားစားသည့်အချိန်တွင် ဤထင်းခုတ်ဓားမက အသားလှီးဓား ဖြစ်သွားသည်။
အခြားကားများပေါ်မှ အစိတ်အပိုင်းအချို့ကို ဖြုတ်ယူချင်သောအခါတွင် ဤထင်းခုတ်ဓားမက ဖြတ်တောက်စက် ဖြစ်သွားပြန်သည်။
မီးပုံ လိုအပ်လာချိန်တွင်လည်း ဤဓားမက သူ၏ မူလအလုပ်ကို ပြန်လည် လုပ်ဆောင်ရပြန်သည်။
တစ်ခါတစ်ရံ ခြေသည်းရှည်လာလျှင်ပင် ချန်းရီက ဤဓားမကို ကိုင်ကာ တစ်နေရာတွင် ထိုင်လျက် ခြေသည်းညှပ်လေ့ ရှိသေးသည်။
ဆံပင်များ အလွန်ရှည်လာလျှင်ပင် ချန်းရီက ထင်းခုတ်ဓားမဖြင့် တိုက်ရိုက်ပင် ဖြတ်ချပစ်လိုက်တတ်သည်။
မည်သို့ပင်ဖြစ်စေ ချန်းရီ၏ ဤဓားမသည် သဘာဝလွန်ပစ္စည်း တစ်ခု ရရှိသင့်သော ဆက်ဆံမှုကို လုံးဝ မရရှိခဲ့ပေ။
ဤသည်ကပင် လူတိုင်းက ချန်းရီ၏ ထင်းခုတ်ဓားမကို ပထမဆုံးအကြိမ်အဖြစ် တန်းပြီး သတိရသွားစေသည့် အကြောင်းရင်းပင် ဖြစ်သည်။
သို့သော် နောက်ဆုံးတွင်တော့ ချန်းရီက ထယ်ရှီး၏ မျက်နှာကို ထောက်ထားပေးလိုက်သည်။
ထင်းခုတ်ဓားမကို ထယ်ရှီး အသုံးပြုရန် ပစ်ပေးလိုက်၏။
အခြားသူ တစ်ယောက်ယောက်သာဆိုလျှင် ချန်းရီက သေချာပေါက် ငှားမည် မဟုတ်ချေ။
အမုန်းတရားထင်းခုတ်ဓားမတွင် ဓားကို အခြားသူများအား အချိန်အတိုင်းအတာ တစ်ခုအထိ ငှားရမ်း အသုံးပြုခွင့် မပေးရဟူသော တားမြစ်ချက်မျိုး မရှိပေ။
ဤသို့ဖြင့် စခန်းတစ်ခုလုံးသည် မွန်းတည့်ချိန်မှစတင်ကာ မီးခိုးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
အသက်ရှင်ကျန်ရစ်သူများက ယခုလေးတင် ခုတ်ယူလာသော သစ်ကိုင်းများကို မီးရှို့လိုက်ကြရာ အပြည့်အဝ မခြောက်သွေ့သေးသဖြင့် မီးညှိလိုက်သည်နှင့် တစ်ပြိုင်နက် မီးခိုးငွေ့ အများအပြား ထွက်ပေါ်လာခဲ့သည်။
ချန်းရီ မှတ်မိသလောက်ဆိုလျှင် ငါးကျပ်တင် ပြုလုပ်သည့် မှတ်တမ်းရုပ်ရှင် တစ်ခုကို သူ ကြည့်ဖူးပြီး ငါးကျပ်တင် ပြုလုပ်ရာတွင် အလွန် ရှုပ်ထွေးသော လုပ်ငန်းစဉ်များ လိုအပ်ပေသည်။
သို့သော် ယခုအချိန်တွင်တော့ အရာအားလုံးက လိုအပ်ချက်များ ရှိနေခဲ့သည်။
ထို့ကြောင့် ကမ္ဘာပျက်ကပ်ဗားရှင်း ငါးကျပ်တင်ကတော့ များစွာ ရိုးရှင်းသွားလေသည်။
ကြီးမားလှသော ငါးအသားတုံးကြီးများကို မီးပေါ်တွင် တိုက်ရိုက်တင်ကာ ကျပ်တင်လိုက်ကြခြင်းပင်။
ယခင်က သဲကန္တာရထဲတွင် ကုလားအုတ်သား အများအပြားနှင့် ရင်ဆိုင်ခဲ့ရစဉ်ကလိုပင်။
အကြပ်အတည်းနှင့် ရင်ဆိုင်ရသောအခါ လူအများက ကုလားအုတ်သားများကို သဲကန္တာရထဲသို့ တိုက်ရိုက် ပစ်ထည့်ကာ မြှုပ်နှံထားခဲ့ကြသည်။
စားရတာ အနည်းငယ် ဆိုးရွားသော်လည်း...
အများကြီး စားလာရသောအခါတွင်လည်း ထူးခြားသော အရသာတစ်မျိုးကို ခံစားလာရသည်။
ညအချိန် ရောက်လာသည့်တိုင်အောင် စခန်းထဲရှိ မီးပုံများက ငြိမ်းမသွားခဲ့ပေ။
ဤကိစ္စနှင့် ပတ်သက်၍ ဤသို့ လုပ်ဆောင်ခြင်းက ပြဿနာ ရှိနိုင်မလားဟု ချန်းရီက ချူချယ်ကို သီးသန့် သွားရောက် မေးမြန်းခဲ့သည်။
"ပြဿနာ တစ်ခုခုရှိလာရင် ငါအားလုံးကို ချက်ချင်း အသိပေးမှာပါ... စိတ်ချလက်ချသာ နေပါ"
ချူချယ်သည် အပြင်ပန်းတွင် တည်ငြိမ်နေပုံ ပေါက်သော်လည်း တကယ်တမ်းတွင်မူ ငါးကျပ်တင် ပြုလုပ်ခြင်းက အခြားသော ထူးဆန်းသည့် အရာများကို ဆွဲဆောင်လာမည်လား ဆိုသည်ကို အမြဲတစေ စိုးရိမ်နေခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ခုတစ်လော ကံကြမ္မာ အဆင်ပြေနေခဲ့ပြီး ထူးဆန်းသည့် အရာများ ချဉ်းကပ်လာသည့် အငွေ့အသက်ကို ချူချယ် တစ်ယောက်မျှ မခံစားခဲ့ရပေ။
ညအချိန်သို့ ရောက်သောအခါ...
ချန်းရီက သွေးရောင်လမင်း အသက်ရှူကျင့်စဉ် ကို လည်ပတ်ရန် ကြိုးစားကြည့်သည်။
လမ်းစဉ်(၂) သို့ အဆင့်တက်ပြီးနောက် ဤအသက်ရှူကျင့်စဉ်၏ တိုးတက်မှု ရလဒ်သည် လမ်းစဉ်(၁) တွင် ရှိစဉ်ကလောက် သိသာထင်ရှားမှု မရှိတော့ပေ။
ကြည့်ရသည်မှာ ပိုမို အစွမ်းထက်သော ကျင့်စဉ်တစ်ခု လိုအပ်နေပုံရသည်။
သွေးရောင်လမင်း အသက်ရှူကျင့်စဉ် ကို အဆင့်မြှင့်တင်ရန် လိုအပ်သော သတ်ဖြတ်မှတ်ကို စနစ်ထံသို့ မေးမြန်းကြည့်လိုက်သည်။
စနစ်မှ ပြန်ပေးသော အဖြေမှာ သတ်ဖြတ်မှတ် တစ်သိန်းပင် ဖြစ်သည်။
ထိုသတ်ဖြတ်မှတ် ပမာဏကို မြင်လိုက်ရသောအခါ ချန်းရီမှာ တိုက်ရိုက်ပင် ဘာပြောရမှန်း မသိတော့ချေ။
လမ်းစဉ်များ မြင့်တက်လာသည်နှင့်အမျှ စနစ်ကလည်း ပိုပိုပြီး လောဘကြီးလာခဲ့သည်။
သို့သော် ဤညတွင် နတ်သူငယ်ရေကန်၌ မည်သည့် ထူးခြားမှုမျှ ဖြစ်ပေါ်မလာခဲ့ပေ။ မနေ့က ကံကောင်းသွား၍သာ၊ နေ့ကောင်းရက်သာနှင့် တိုက်ဆိုင်သွား၍သာ နတ်သူငယ်ရေကန်၏ အံ့ဖွယ်မြင်ကွင်းကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။
တတိယမြောက်နေ့ မွန်းလွဲပိုင်းတွင် ယာဉ်တန်းက စတင် ထွက်ခွာခဲ့သည်။
ယာဉ်တန်း စတင်ထွက်ခွာချိန်တွင် ချန်းရီ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကား ဖြစ်စေ၊ ခေါင်းဆောင်ချူနှင့် စွန်းချန်းချန်းတို့၏ လမ်းကြမ်းမောင်းကား ဖြစ်စေ...
ထယ်ရှီး၏ ကျောင်းကားပင် ဖြစ်စေ ကားတိုင်းတွင် ပြင်းထန်သော ငါးညှီနံ့များ လွှမ်းမိုးနေခဲ့သည်။
အထူးသဖြင့် တင်းတုံ၏ ကုန်တင်ကားလေးတွင် ဖြစ်သည်။
ကုန်တင်ခန်းထဲတွင် တစ်ဝက်ကျော်ခန့်က ငါးအသားများ ဖြစ်နေပြီး ကားဘေးနှစ်ဖက်တွင် ချိတ်ဆွဲထားသည်ကလည်း ငါးအသားများပင် ဖြစ်သည်။
ချန်းရီမှာလည်း သိပ်ပြီး ကံကောင်းလှသည်တော့ မဟုတ်ပေ။ ကားဘေးနှစ်ဖက်နှင့် ခေါင်မိုးပေါ်တွင်ပါ ငါးအသားများကို ချိတ်ဆွဲထား သို့မဟုတ် တင်ဆောင်ထားလေသည်။
ကားပေါ်မှာတင် မကတော့ပေ။
အသက်ရှင်ကျန်ရစ်သူများ၏ ခန္ဓာကိုယ်ပေါ်တွင်ပါ ငါးညှီနံ့များ စွဲထင်နေခဲ့သည်။
မထွက်ခွာမီက ချန်းရီသည် သီးသန့် ရေခပ်ကာ ရေချိုးခဲ့သေးသည်။
သို့သော် ခန္ဓာကိုယ်ပေါ်မှ ငါးညှီနံ့ကို ပြောင်စင်အောင် မဆေးကြောနိုင်ခဲ့ချေ။
နတ်သူငယ်ရေကန်မှ ထွက်ခွာလာပြီး ဒုတိယမြောက်နေ့တွင် ချူချယ်ထံမှ သတင်းရောက်လာခဲ့သည်။
ထိုယာဉ်တန်းကြီးသည် တရားမျှတရေး ယာဉ်တန်းနှင့် မဝေးတော့သဖြင့် လူတိုင်းကို ကြိုတင်ပြင်ဆင်ထားကြရန် အသိပေးလာခြင်း ဖြစ်သည်။
ဆက်ရန်...
နောက်အပိုင်းတွေမှာတော့... ချန်းရီးတို့အခုကြုံရမယ့်အဖွဲ့က ဘယ်လိုအဖွဲ့ဖြစ်မလဲ၊ လူထောင်ချီတဲ့ အဖွဲ့မျိုးဆိုတော့ အရမ်းအဆင့်မြင့်တဲ့ အစွမ်းပိုင်ရှင်တွေ ပါလာမှာလား၊ ချန်းရီမှော်ဆေးတောင့် အစွမ်းပြရင်ရော သူလမ်းစဉ်အဆင့်(၃) ကို တက်သွားမလား၊ တက်သွားရင်ရော ဘယ်လိုအစွမ်းတွေ ထပ်ရလာမလဲ၊ ချန်းရီယူဆထားသလို လမ်းစဉ်အခွဲတစ်ခု ဖြစ်သွားမလား၊ သူတို့ယာဉ်တန်းက ဘယ်လို အလှည့်အပြောင်းတွေ၊ ဘယ်လိုမယုံနိုင်စရာတွေ ကြုံရဦးမလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။