← Chapters

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁

Vol. 29 Ch. 281

📗 Chapter 281

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်တို့နှစ်ဦး ယနေ့ည နွေးနွေးထွေးထွေး သက်တောင့်သက်သာ အိပ်စက်နိုင်ဖို့အတွက် ယခင်က သူမဝယ်ယူထားသည့် ဝံပုလွေသားရေများကို သွားရောက် ယူဆောင်ခဲ့သည်။

ယဲ့ချန်းနင်တို့ထံ ပြန်မသွားမီ လုဟန်ချွမ်အား သူမ သွားတွေ့ခဲ့ပါသေးသည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်နှင့် စခန်းတွင် မကြာခဏ တွေ့ဆုံတတ်သည်ဆိုသော်ငြား စစ်တန်းလျားသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ရှာဖွေခြင်းမှာ ပထမဆုံံးအကြိမ်ပင် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဝင်ပေါက်သို့ ရောက်ရှိသွားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် တပ်သားတစ်ဦးက သူမကို သတိထားမိသွားပါသည်။

“ဒေါက်တာယဲ့! ဗိုလ်မှူးလုကို လာရှာတာမလား၊ ကျွန်တော်သွားခေါ်ပေးမယ် ခဏစောင့်!”

ယဲ့ရှောင်ရှောင် စကားပင် ပြန်မပြောနိုင်ခင် ထိုတပ်သားက ထွက်ပြေးသွားခဲ့သည်။

လုဟန်ချွမ်လည်း အလျင်အမြန် ရောက်ရှိလာခဲ့ပါသည်။

“ဘာဖြစ်လို့လဲ”

အနီးနားတွင် ကင်းစောင့်နေကြသည့် တပ်သားအားလုံး နားရွက်များ ထောင်သွားကြသည်။

ဗိုလ်မှူးလု ယခုလေးတင် အသုံးပြုလိုက်သော လေသံမှာ အလွန်ပျော့ပျောင်းညင်သာလွန်းသဖြင့် သူတို့ မြင်ဖူးနေကျ ဗိုလ်မှူးလုမဟုတ်ဘဲ အခြားသူတစ်ဦးကဲ့သို့ပင် ဖြစ်နေလေသည်။

“ဒီနေ့ အချိန်နည်းနည်းလောက် ရလား၊ တတိယအစ်ကို ရောက်နေလို့”

လုဟန်ချွမ်က ချက်ချင်း ခေါင်းညိတ်သည်။

“နေ့လယ်ကျရင် အားတယ်”

ယဲ့ရှောင်ရှောင်: “အဲ့တာဆို အတူတူ သွားကြရအောင်လေ”

လုဟန်ချွမ် ကန့်ကွက်စရာမရှိပေ။

အလုပ်ကိစ္စများကို လက်စသတ်ပြီးနောက် ယဲ့ရှောင်ရှောင်နှင့်အတူ ထွက်လာခဲ့ပါသည်။ သူတို့နှစ်ဦး အပြင်ထွက်လာစဉ် ကျမ့်လဲ့ယင်၊ ဝူထောင်တို့နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ရသည်။

“ကောင်မလေးနဲ့ အပြင်သွားမလို့လား ဗိုလ်မှူးလု”

ဝူထောင်က ရယ်ရယ်မောမောနှင့် ကျီစယ်ကာ လှမ်းပြောလိုက်သည်။

ယဲ့ရှောင်ရှောင်သည် ထိုသူနှစ်ဦးနှင့် ပတ်သက်သည့် ကောလဟာလများကို ကြားဖူးပါသည်။ သို့သော် ဝူထောင်ကိုမူ ယနေ့မှ ဆုံဖူးခြင်းဖြစ်သည်။

ဝူထောင်မှာ ရုပ်ရည်ပြေပြစ်သော လူငယ်တစ်ဦးဖြစ်သည်ဟု ယဲ့ရှောင်ရှောင် ထင်မိသည်။

သို့သော် သူမ ထပ်ခိုးမကြည့်နိုင်ခင်မှာပင် လုဟန်ချွမ်က အတင်းဆွဲခေါ်သွားခဲ့လေသည်။

ယဲ့ရှောင်ရှောင်သည် တတိယအစ်ကို ဝယ်ယူလာခဲ့သော မုန့်များကို လီကျန်း၏ အခန်းထဲတွင် ထားခဲ့လိုက်ပြီး ကြိုက်နှစ်သက်ရာကို စားသုံးနိုင်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် သူမ၏ ရေခဲတမျှ အေးစက်နေသော အခန်းထဲသို့ ပြန်လာကာ ယခင်တစ်ခေါက်က ဝယ်ယူခဲ့သော ဝံပုလွေ သားရေများကို ယူဆောင်ပြီး စခန်းအပြင်ဘက်ရှိ ဧည့်ဂေဟာသို့ ပြန်ထွက်လာခဲ့သည်။

လုဟန်ချွမ်က ဝံပုလွေသားရေများကိုလက်ဖြင့် စမ်းကြည့်ရင်း ပြောလိုက်သည်။

“ဒီလိုအရည်အသွေးနဲ့ ဝံပုလွေသားရေမျိုးက ရှားတယ်နော်”

ယဲ့ရှောင်ရှောင်: “အပြင်ထွက်လို့ ကျွန်မကို ရှင်ဆူတဲ့ အခေါက်က ဝယ်ခဲ့တာလေ”

ယဲ့ရှောင်ရှောင်၏ ဂုဏ်ယူဝံ့ကြွားနေသော မျက်နှာလေးကိုကြည့်ရင်း လုဟန်ချွမ်တစ်ယောက် မိမိကိုယ်မိမိ ကာကွယ် ပြောဆိုလိုက်လေသည်။

“ရှောင်ရှောင့်ကို အပြင်မထွက်ခိုင်းချင်တာ မဟုတ်ပါဘူး၊ တစ်ယောက်တည်း အပြင်မထွက်စေချင်တာ”

ယဲ့ရှောင်ရှောင် ခေါင်းလေး စောင်းသွားသည်။

လုဟန်ချွမ်က ချက်ချင်း ထပ်ပြောသည်။

“တခြားမိန်းကလေးတစ်ယောက် ပါရင်တောင် မထွက်သင့်ဘူး”

ယဲ့ရှောင်ရှောင်လည်း အပြင်ထွက်စရာ အကြောင်းအရင်း သိပ်မရှိလှပါ။ စာတိုက်မှ စာများကို ကိုယ်စား ယူဆောင်ပေးမည့်လူ ရှိစဉ်ကတည်းက အပြင်သို့ ထွက်လေ့ထွက်ထ မရှိတော့ချေ။

ထို့ကြောင့် လုဟန်ချွမ် ပြောခဲ့ဖူးသည့် စစ်တပ်သုံး ယာဉ်များကို အသုံးပြု၍ အပြင်ထွက်နိုင်သည်ဟူသော ကိစ္စကို ယနေ့ထက်ထိတိုင်အောင် အကောင်အထည် မဖော်ဖြစ်သေးပေ။

ယဲ့ရှောင်ရှောင်က အကြည့်လွှဲလျက် ဆိုလိုက်သည်။

“နားလည်ပါပြီ”

လုဟန်ချွမ်: “…”

ယဲ့ရှောင်ရှောင် ယူဆောင်လာသည့် ပစ္စည်းကို မြင်သောအခါ ယဲ့ချန်းနင်လည်း အံ့အားသင့်သွားခဲ့ရသည်။

ထိုသားရေမှာ ဝံပုလွေသားရေဖြစ်မှန်း တစ်ချက်ကြည့်ရုံနှင့် အလွန်သိသာလှသည်။

ယခုခေတ်တွင် ကျေးရွာများရှိ တောလိုက်မုဆိုးများမှာ ဝံပုလွေများကို အလွယ်တကူ အမဲလိုက်၍ မဖြစ်နိုင်တော့ပေ။ တောထဲ တောင်ထဲတွင် ဝံပုလွေ ရှာဖွေဖို့ ဟူသည်မှာလည်း ခက်ခဲလှပါသည်။

ဝံပုလွေသားရေများသည် အပူထိန်းစွမ်းရည် အလွန်ကောင်းမွန်ပြီး ဆောင်းရာသီတွင် အနွေးဓာတ်ရရှိစေရန် အသုံးပြုဖို့ အကောင်းမွန်ဆုံးသော ပစ္စည်းများ ဖြစ်ကြသည်။

“ငါတို့က ဒီမှာတစ်ညပဲ တည်းမှာပါ၊ ဒီလောက်ထိ တခမ်းတနားကြီး လုပ်နေဖို့ မလိုပါဘူး”

ထိုပစ္စည်းကောင်းများကို ဤနေရာတွင် ထားခဲ့ရမည်မှာ နှမြောစရာကောင်းလှသည်ဟု ယဲ့ချန်းနင် ခံစားမိသည်။

ယဲ့ရှောင်ရှောင်: “မနက်ဖြန်ကျရင် သမီး ပြန်ယူသွားလို့ရတာပဲ”

ထို့နောက် ယဲ့ချန်းနင်သည် လုဟန်ချွမ်အား လှည့်ကြည့်လိုက်သည်။

ဤဒေသသို့ လုဟန်ချွမ် ရောက်ရှိနေသည်မှာ ၂ နှစ်ခန့် ကြာပြီဖြစ်သော်လည်း အပြောင်းအလဲ သိပ်မရှိလှဘဲ ယခင်ကကဲ့သို့ အရှိန်အဝါကြီးမားနေဆဲပင်။

လုဟန်ချွမ်နှင့် ရန်ဖြစ်လျှင် သူအနိုင်ယူနိုင်မည် မဟုတ်ပေ။ ကံကောင်းစွာဖြင့် သူ့ဘေးတွင် စစ်ကူရှိနေပါသည်။

ဘေးတွင်ရပ်နေသော ကျန့်နန်ကို လှည့်ကြည့်ရင်း ယဲ့ချန်းနင်ရင်ထဲ အလွန် စိတ်အေးသွားရသည်။

သူတို့အားလုံး အခန်းထဲတွင် အတူတူထိုင်ကာ စကားအနည်းငယ် ပြောခဲ့ကြသည်။

ဧည့်ဂေဟာက အစားအသောက်အချို့ စီစဉ်ပေးထားပြီး ယဲ့ချန်းနင်ကလည်း သူယူဆောင်လာသည့် အစားအသောက်များကို ပူပူနွေးနွေးလေးဖြစ်သွားအောင် နွှေးဖို့အတွက် မန်နေဂျာအား အကူအညီတောင်းထားပါသည်။

ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ အချိန်ကိုက် ရောက်ရှိလာကြသည်ဟု ဆိုနိုင်သည်။

ယခုအချိန်တွင် ယဲ့ချန်းနင် အသိချင်ဆုံးကိစ္စမှာ လုဟန်ချွမ် ပေကျင်းမြို့သို့ ပြန်နိုင်ခြင်း မပြန်နိုင်ခြင်းကိုပင်ဖြစ်သည်။

သူသာ မပြန်နိုင်ခဲ့လျှင် ယဲ့ရှောင်ရှောင်လည်း ဤနေရာတွင်သာ တစ်သက်လုံး နေသွားရနိုင်သည်။

ဤနေရာက နေထိုင်၍ ရနိုင်သည်ဆိုသော်လည်း ပေကျင်းမြို့တွင် ရှောင်ရှောင်၏ အလုပ်အကိုင်၊ မိသားစုနှင့် သူငယ်ချင်းမိတ်ဆွေများစွာ ရှိနေပါသေးသည်။

ထို့ကြောင့် အနောက်မြောက်ပိုင်း ဒေသတွင် တစ်သက်လုံး နေထိုင်သွားဖို့ဟူသည်မှာ မဖြစ်နိုင်လှပေ။

“နောက်ကျမယ်ဆိုရင်တောင် အလွန်ဆုံး လာမယ့် မေလလောက်ဆိုရင် ပြန်လို့ရပါပြီ”

လုဟန်ချွမ်သည် လာမည့် ဧပြီလတွင် စစ်ဆင်ရေးအားလုံးကို အပြီးသတ်ဖို့ ကြံရွယ်ထားသည်။ တာဝန်အားလုံး ပြီးမြောက်သွားသည်နှင့် မေလတွင် အိမ်ပြန်နိုင်ပါလိမ့်မည်။

ထိုစကားကို ကြားခါမှ ယဲ့ချန်းနင်၏ မျက်နှာ အနည်းငယ် ပြေလည်သွားခဲ့သည်။

“အဲ့တာဆိုလည်း ကောင်းတာပဲ၊ ရှောင်ရှောင်လည်း မေလထဲ ကျောင်းကိုပြန်ရမှာ၊ ဒါပေမယ့် မင်းမအားဘူးဆိုရင် ရှောင်ရှောင့်ကို အရင်ပြန်ခိုင်းလို့ရတယ်”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်နှင့် အတူတူပြန်ချင်သော်လည်း ယဲ့ချန်းနင်၏ အကြံကို မကန့်ကွက်ခဲ့ပေ။

ယဲ့ရှောင်ရှောင်က မေးသည်။

“တတိယအစ်ကို၊ စတုတ္ထအစ်ကိုလည်း အနောက်မြောက်ပိုင်းမှာ ရှိနေတယ်လို့ ပြောဖူးတယ်နော်၊ ဒါပေမယ့် သမီး အခုထိ သူ့သတင်းကို ဘာမှ မကြားရသေးဘူး”

ယဲ့ချန်းနင်: “သူက ဒီမှာ တစ်ချိန်လုံး ရှိနေတာ မဟုတ်ဘူးလေ၊ ပေကျင်းကို ပြန်သွားတာကြာပေါ့၊ ဒါနဲ့ နှစ်သစ်ကူးကျရင် နင်အိမ်ပြန်မှာလား၊ မပြန်ရင် အဖေနဲ့ အမေ စိတ်ပူနေလိမ့်မယ်နော်”

ယဲ့ရှောင်ရှောင်: “ခရီးကဝေးတော့ မပြန်ဖြစ်လောက်ဘူး၊ ဒါပေမယ့် အလုပ်သင်ကာလပြီးသွားရင်တော့ ပြန်နိုင်မှာပါ”

ထိုအခါကျလျှင် နွေရာသီရောက်ရှိနေပြီဖြစ်၍ အိမ်ပြန်ဖို့ အချိန်ကောင်းဖြစ်နိုင်ပါသည်။

ယဲ့ချန်းနင် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ညီမဖြစ်သူကို နားလည်ပေးနိုင်သည်။

ထို့နောက် မိသားစုနှင် ပတ်သက်သည့် အကြောင်းအရာအချို့ကို ယဲ့ရှောင်ရှောင်အား ပြောပြခဲ့သည်။

မိသားစုဝင်များအားလုံး ပုံမှန်အတိုင်း အဆင်ပြေပြေ ရှိနေကြသော်လည်း အစ်ကိုအကြီးဆုံး၏ အခြေအနေကမူ သိသိသာသာ ပြောင်းလဲမှု ရှိခဲ့သည်။

ယဲ့ချန်းချင့်သည် ယခင်က ယဲ့ချန်းနင်ထံမှ ငွေအမြောက်အများကို ချေးယူခဲ့ပါသည်။ ယဲ့ချန်းနင်ကလည်း တွန့်ဆုတ်မှုမရှိဘဲ ချက်ချင်း ထုတ်ပေးခဲ့သည်။

သို့သော် စိုးရိမ်ပူပန်မှုဖြင့် ငွေလိုရသည့်အကြောင်းအရင်းအား ယဲ့ချန်းချင့်ကို မေးမြန်းခဲ့ရာ သတ္တုတွင်းတစ်တွင်းကို ကန်ထရိုက်ယူဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဤကဲ့သို့ လုပ်ငန်းမျိုးမှာ အမြော်အမြင်နှင့် ကံတရားအပေါ်တွင် များစွာ မူတည်နေလေ့ရှိရာ အချို့သော သူဌေးများဆိုလျှင် သတ္တုတွင်းများမှ မည်သည့်အရာမှ တူးဖော်နိုင်ခြင်း မရှိခြင်းကြောင့် အရာအားလုံး ဆုံးရှုံးသွားတတ်ကြသည်။

“အစ်ကိုကြီးကို သမီး ယုံကြည်တယ်”

ယဲ့ရှောင်ရှောင်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

ယဲ့ချန်းနင်ကလည်း ရယ်မောကာ ပြန်ပြောလိုက်လေသည်။

“ငွေတွေကို ရင်းနှီးမြှုပ်နှံပြီးပြီးဆိုမှတော့ ယုံဖို့ကလွဲပြီး တခြားဘာရွေးချယ်စရာ ရှိဦးမှာလဲ”

ယဲ့ရှောင်ရှောင်: “သမီးမှာလည်း ငွေရှိပါတယ်နော်၊ အစ်ကိုကြီးလိုရင် ယူသုံးလို့ရတယ်”

ယဲ့ချန်းနင်: “သူ မလိုလောက်တော့ပါဘူး၊ ငါ့ဆီက ချေးထားတဲ့အပြင် ဘဏ်ကလည်း ချေးငွေ ယူထားသေးတယ်၊ အဲ့သတ္တုတွင်းကို ရထားပြီးပြီဆိုတော့ အခုတူးဖော်ဖို့ပဲ ကျန်တော့တယ်”

ထို့နောက် ယဲ့ချန်းနင်အား ယဲ့ရှောင်ရှောင် သတိပေးလိုက်သည်။

“တတိယအစ်ကိုလည်း လက်ရှိ စီးပွားရေးတွေ အဆင်ပြေ တိုးတက်နေပြီဆိုပေမယ့် ဘေးနားက လူတွေကို သတိထားရမယ်နော်”

သို့သော် သူမ၏ သတိပေးစကားက လိုအပ်လိမ့်မည်မဟုတ်ဟု ယဲ့ရှောင်ရှောင် ခံစားမိပါသည်။ မူရင်းဝတ္ထုထဲမှ ယဲ့ချန်းနင်မှာ ဤကဲ့သို့ စီးပွားရေးအင်ပါယာကြီးကို ထူထောင်နိုင်ခြင်း မရှိခဲ့ပေ။

ယဲ့ချန်းနင်က ပြုံးလျက် ဆိုသည်။

“ငါနားလည်ပါတယ်”

စားသောက်ပြီးကြသောအခါ ယဲ့ချန်းနင်က သူတို့နှစ်ဦးကို စောစောပြန်ဖို့ ပြောလိုက်သည်။

“မနက်ဖြန်ကျရင် ကျန့်နန်နဲ့ ငါနဲ့ ဒီနားတစ်ဝိုက် လျှောက်ကြည့်လိုက်ဦးမယ်၊ အလုပ်ကိစ္စတွေ ပြီးတာနဲ့ ငါတို့ ပြန်မယ်”

မိသားစုဝင်တစ်ဦးအား အချိန်အတန်ကြာမှ တွေ့ရသည့် ယဲ့ရှောင်ရှောင်မှာ အစ်ကိုဖြစ်သူနှင့် မခွဲချင်သေးပေ။ သို့သော် အခြေအနေကို နားလည်သဖြင့် ခေါင်းသာ ညိတ်ပြလိုက်ပါသည်။

လုဟန်ချွမ်နှင့်အတူ စခန်းထဲ ပြန်ဝင်လာသောအခါ ယဲ့ရှောင်ရှောင်၏ စိတ်အခြေအနေက သိပ်မကောင်းလှပေ။

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ ပခုံးပေါ် လက်တင်လျက် ရင်ခွင်ထဲဆွဲခေါ်လိုက်သည်။

“စိတ်ချပါ၊ ကိုယ်တို့လည်း သိပ်မကြာခင် ပေကျင်းကို ပြန်ရတောပ့မှာ”

ယဲ့ရှောင်ရှောင် စိတ်ကို အမြန်ထိန်းချုပ်လိုက်သည်။

“ကျွန်မ အလျင်စလို မပြန်ချင်သေးပါဘူး၊ ဒီနေ့ တတိယအစ်ကိုကို မြင်လိုက်ရ‌တော့ ရင်ထဲကြည်နူးမိသွားတာ”

လုဟန်ချွမ်က ယဲ့ရှောင်ရှောင်၏ ဆံနွယ်လေးများကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ဆိုလိုက်သည်။

“ကိုယ်နားလည်ပါတယ်”

ယဲ့ရှောင်ရှောင်ကို အဆောင်သို့ ပြန်လိုက်ပို့ပေးပြီးမှ လုဟန်ချွမ် ထွက်လာခဲ့သည်။

အခန်းထဲတွင် လီကျန်းတစ်ယောက် စားပွဲပေါ်ရှိ အစားအသောက်များကို စိုက်ကြည့်ရင်း ဆွံ့အနေလေသည်။

ယဲ့ရှောင်ရှောင် အခန်းထဲဝင်လာပြီး ထိုင်ခုံတွင် ထိုင်လျက် မေးလိုက်သည်။

“ဘာလို့ ဘာမှ မစားတာလဲ”

လီကျန်း၏ အခန်းမှာ သူမ၏ အခန်းထက် များစွာ ပိုကျယ်ဝန်းပြီး ပစ္စည်းပစ္စယများလည်း ပိုမို များပြားလှပေသည်။

လီကျန်း: “နင်မရှိဘဲ ဘယ်လိုလုပ်စားလို့ကောင်းမှာလဲ၊ ဒါတွေအကုန်လုံးကို နင့်အစ်ကို ယူလာပေးတာလား”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပြီး လီကျန်းနှင့်အတူတူစားဖို့အတွက် မုန့်အချို့ကို ရွေးလိုက်သည်။

“ကျွန်မက ပုံမှန်ဆို မုန့်သိပ်မစားတတ်ဘူး၊ အစ်မကြိုက်တယ်ဆိုရင် ပိုယူထားလိုက်ပါ”

ညစာစားပြီးခါစအချိန်ဖြစ်၍ သူမတို့နှစ်ဦးစလုံး ဗိုက်မဆာသေးသဖြင့် လီကျန်းက မုန့်များကို ဘေးချထားခြင်းသာ ဖြစ်သည်။

လီကျန်းက သက်ပြင်းချလျက်ဆိုသည်။

“နင်ငါ့အပေါ် ဒီလောက်ကောင်းပြနေရင် ငါနင့်ကို ပြန်လွှတ်ချင်မှာ မဟုတ်တော့ဘူးနော်”

လီကျန်း ယခင်က ကြုံတွေ့ခဲ့ဖူးသော အလုပ်သင်ဆရာဝန်များမှာ အရည်အချင်းသိပ်မရှိကြသော်လည်း မာန်မာနများကတော့ ကြီးမားလှပေသည်။

နှုတ်မှ ထုတ်မပြောသော်လည်း ထိုအလုပ်သင်ဆရာဝန်များက မိမိကို အထင်သေးနေကြမှန်း လီကျန်း နားလည်ပါသည်။

ယဲ့ရှောင်ရှောင်ကမူ ထိုလူများနှင့် လုံးဝ ခြားနားလှပေသည်။ ထို့ကြောင့်ပင် လီကျန်းတစ်ယောက် သူမနှင့် မခွဲနိုင် မခွာရက် ဖြစ်နေရပါသည်။

ယဲ့ရှောင်ရှောင်က ခပ်ဖွဖွလေးပြုံးလျက် ဆိုလိုက်သည်။ သူမ၏ အပြုံးက မီးရောင်မှိန်မှိန်အောက်တွင် ပို၍ပင် နူးညံ့သိမ်မွေ့နေပါသေးသည်။

“ကောင်းပေးဖို့ ထိုက်တန်တဲ့လူမို့လို့ အစ်မအပေါ် အခုလို ကောင်းပေးနေတာပါ”

All Chapters