အခန်း ၂၈၂
Vol. 29 Ch. 282
📗 Chapter 282
ယဲ့ချန်းနင်နှင့် ကျန့်နန်တို့နှစ်ဦး စခန်းတွင်တစ်ပတ်ခန့် နေဖြစ်ခဲ့ကြပြီး ယဲ့ရှောင်ရှောင် စာထဲတွင် ထည့်သွင်းပြောကြားထားသည့် အရာအားလုံးကို စီစဉ်ခဲ့ကြသည်။
ဤဒေသတွင် တိရိစ္ဆာန်သားရေ၊ သားမွေးများကို ဈေးနှုန်းသက်သက်သာသာနှင့် ဝယ်ယူနိုင်သည်ဆိုသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်များက မနည်းလှပေ။
ထို့ကြောင့် ယဲ့ချန်းနင်သည် အနာဂတ်တွင် အခြေအနေများ တည်ငြိမ်သွားပါက အနောက်မြောက်ပိုင်း ဒေသအတွင်းမှာပင် အချောသတ်ထုတ်လုပ်နိုင်မည့် စက်ရုံတစ်ရုံကို တည်ထောင်ရန် စိတ်ကူးထားပြီး လက်ရှိတွင်မူ ယာယီဝယ်ယူနိုင်ရေးအတွက်သာ စီမံခဲ့ပါသည်။
ဒေသခံများအနေဖြင့်လည်း ဤပစ္စည်းများကို အိမ်တိုင်လာရောက်ဝယ်ယူမည့်သူများ ရှိလာလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားခဲ့ကြသဖြင့် ဈေးနှုန်းသက်သက်သာသာဖြင့်သာ ရောင်းချပေးခဲ့ကြပါသည်။
ယဲ့ချန်းနင်နှင့် ကျန့်နန်တို့နှစ်ဦး နာလန်မြို့မှ ထွက်ခွာလာပြီးနောက် မြောက်ပိုင်းသို့ ဆက်လက်ဦးတည်ခဲ့ကြပြီး ကျယ်ပြောလှသည့် မြေပြန့်ဒေသသို့ ခရီးနှင်ခဲ့ကြသည်။
စခန်းမှ မထွက်ခွာမီ ယဲ့ရှောင်ရှောင်နှင့် အခြားသူများကိုလည်း နှုတ်ဆက်ခဲ့ပြီး ဂရုတစိုက်နေဖို့ ယဲ့ချန်းနင် မှာကြားခဲ့ပါသည်။
ယဲ့ရှောင်ရှောင်က လိမ်လိမ်မာမာနှင့် ခေါင်းညိတ်သည်။
“သမီးဆီကို အဝတ်အစားတွေ ထပ်ပို့မပေးနဲ့တော့နော် တတိယအစ်ကို၊ များလွန်းလို့ အိမ်ပြန်ရမယ့် အချိန်ရောက်ရင်တောင် အကုန်လုံးကို ပြန်သယ်သွားနိုင်မှာ မဟုတ်လောက်ဘူး”
ယဲ့ချန်းနင်: “အဲ့တာဆိုလည်း လွှင့်သာ ပစ်လိုက်ပေါ့”
ထိုစကားကို ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့သာ ကြားသွားခဲ့လျှင် ဖိနပ်ဖြင့် လိုက်ရိုက်ကြလောက်သည်။
ငွေရှိတိုင်းလည်း အရာရာကို အလွယ်တကူ မဖြုန်းတီးသင့်ပေ။ ဘေးနားတွင် မိဘများ ရှိမနေခြင်းကြောင့်သာ ယဲ့ချန်းနင်တစ်ယောက် ဤကဲ့သို့ စကားမျိုး ပြောရဲခြင်း ဖြစ်ပါလိမ့်မည်။
ယဲ့ရှောင်ရှောင်သည်လည်း ဤကဲ့သို့ ဖြုန်းတီးရာကျသော လုပ်ရပ်မျိုးကို ပြတ်ပြတ်သားသား ကန့်ကွက်ထားသည်။
အကယ်၍ ပေကျင်းသို့ ပြန်ရမည့်အချိန်ရောက်၍ ပစ္စည်းအားလုံးကို သယ်ယူဖို့မဖြစ်နိုင်လျှင်ပင် လွှင့်ပစ်မည့်အစား စခန်းရှိ အခြားသူများကိုသာ လက်ဆောင်ပေး လှူဒါန်းခဲ့ပါမည်။
ယဲ့ချန်းနင်ကို လိုက်ပို့ပေးပြီးနောက် ဆေးခန်းသို့ ယဲ့ရှောင်ရှောင် ပြန်လာခဲ့ရာ ယခင်ကထက်ပင် စိတ်ဓာတ် ပိုမို ကျဆင်းနေသည့် ယန်ကျွမ်းကို တွေ့လိုက်ရသည်။
အလုပ်မှ ဆိုင်းငံ့ခံခဲ့ရသည့် ကာလများတွင်ပင် ယန်ကျွမ်းတစ်ယောက် နေ့တိုင်း စာဖတ်ရင်း အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့ပါသေးသည်။
သို့သော် မကြာသေးမီကစ၍ သူသည် စာဖတ်ခြင်းကို လုံးဝရပ်တန့်လိုက်ပြီး အမြဲလိုလို တစ်ယောက်တည်း ငေးငေးငိုင်ငိုင်နှင့်သာ ရှိနေတတ်သည်။
သူ့အခြေအနေကို ယဲ့ရှောင်ရှောင် တိတိကျကျ နားမလည်သော်လည်း ဤသည်မှာ ကောင်းမွန်သော လက္ခဏာတော့ မဟုတ်မှန်း သေချာပါသည်။
ယန်ကျွမ်း၏ အခြေအနေကို မြင်နေရသော ကျောက်ချွင်းဟွာလည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ နှစ်ဦးတည်း သီးသန့်စကားပြောဆိုရန် ဆင့်ခေါ်လိုက်တော့သည်။
ယဲ့ရှောင်ရှောင်မှာ အလုပ်သင်ကျောင်းသူတစ်ဦးသာဖြစ်၍ အချိန်တန်လျှင် အိမ်ပြန်ရမည်ဖြစ်ရာ ယန်ကျွမ်းကသာ ဤဆေးခန်း၏ အဓိက ဆရာဝန်တစ်ဦးအဖြစ် ဆက်လက် ရပ်တည်ရပါလိမ့်မည်။
“ခုတလော အလုပ်ချိန်အတွင်းမှာ ဘာလို့ အာရုံတွေ လွင့်နေတာလဲ၊ အလုပ်ကနေ ထပ်ပြီး ဆိုင်းငံ့ခံချင်လို့လား”
ယန်ကျွမ်းက ချက်ချင်း ခေါင်းခါလိုက်သည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး”
ကျောက်ချွင်းဟွာက ဆက်မေးသည်။
“အဲ့တာဆို ဟိုတစ်ခေါက်က ငါအပြစ်ပေးတာကို မှားတယ်လို့ ယူဆလို့ ဆန္ဒပြနေတာလား”
ယန်ချွမ်းက လက်ကို အသည်းအသန်ခါယမ်းလျက် ရှင်းပြသည်။
“ကျွန်တော့်မှာ အဲ့လိုအတွေးမျိုး မရှိပါဘူး ညွှန်ကြားရေးမှူးရယ်၊ ကျွန်တော့်ပြဿနာအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး”
ကျောက်ချွင်းဟွာ သက်ပြင်းချလျက် ဆိုသည်။
“အဲ့တာဆို မင်းဘာတွေ ဖြစ်နေတာလဲ၊ ဒီနေရာကြီးကနေ ထွက်သွားချင်တယ်ဆိုရင် မင်းလျှောက်ချင်တဲ့လမ်းကို မင်းကိုယ်တိုင် ဖောက်ရမှာပေါ့၊ အခုတော့ စာတွေတောင် မဖတ်တော့ဘူး၊ အဲ့လိုပုံစံနဲ့ ဘယ်ပန်းတိုင်ကို ရောက်နိုင်မှာလဲ”
ယန်ကျွမ်းသည်လည်း သူ့ပြဿနာအရင်းခံကိုသူ ကောင်းကောင်း နားလည်ပါသည်။
အခြားသူတစ်ဦးကို ကျမ့်လဲ့ယင် ရွေးချယ်လိုက်ကြောင်း သိရှိခဲ့ရသည့် အချိန်မှစ၍ ယန်ကျွမ်း စိတ်ဒဏ်ရာအပြင်းအထန်ရရှိကာ မည်သည့်အလုပ်ကိုမှ အာရုံစိုက်နိုင်စွမ်း မရှိတော့ချေ။
စိတ်ပျက်အားလျော့နေသော သူ့ပုံစံကို ကြည့်ရင်း ကျောက်ချွင်းဟွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“မင်းစိတ်ထဲ ဘာတွေဖြစ်နေလဲ ငါနားလည်တယ်၊ ဒါပေမယ့် ငါတို့စခန်းမှာ တခြားမိန်းမကောင်းလေးတွေလည်း အများကြီး ရှိပါတယ်ကွာ၊ ဘာလို့ တစ်စုံတစ်ယောက်ကိုပဲ အဲ့လောက်ထိ စွဲလမ်းပြီး ကိုယ့်ဒုက္ခကိုယ် ရှာနေရတာလဲ၊ လီကျန်းကိုကော မင်းဘယ်လို သဘောထားလဲ၊ သူ့ကို ထည့်မစဉ်းစားချင်ဘူးလား”
ထိုအချိန်တွင် လီကျန်းတစ်ယောက် အပြင်ဘက်၌ တိုက်တိုက်ဆိုင်ဆိုင် တံမြက်စည်း လှည်းနေပါသည်။
မူလက ခိုးနားထောင်ဖို့ အစီအစဉ်မရှိခဲ့သော်လည်း သူမ၏ အမည်ကို ကြားသောအခါ ချက်ချင်း လှမ်းအော်ပြောလိုက်သည်။
“စိတ်တောင်မကူးနဲ့နော် ညွှန်ကြားရေးမှူး! သူ့လိုလူမျိုးကို ကျွန်မ လုံးဝ မကြိုက်ဘူး!”
ကျောက်ချွင်းဟွာက အထဲမှ လှမ်းငေါက်သည်။
“ဝေးဝေးသွားစမ်းပါ၊ နင်နဲ့ ဘာမှမဆိုင်ဘူး”
လီကျန်းတစ်ယောက် မကျေမနပ်နှင့် ပွစိပွစိ ပြောလိုက်လေသည်။
“အဲ့တာဆိုလည်း ကျွန်မနာမည်ကို ဘာလို့ ထည့်ပြောနေတာလဲ…”
ထိုစဉ် ယဲ့ရှောင်ရှောင်လည်း အပြင်ဘက်တွင် ဆေးပင်များစီရီရင်း အလုပ်များနေခဲ့ပါသည်။
ဆရာကြီး စုန့်ကွမ်းကျင့် ပို့ဆောင်ပေးလိုက်သော ဆေးပင်များမှာ အနည်းငယ် ရောထွေးနေတတ်သဖြင့် သူမ သေသေချာချာ ပြန်လည်စီမံရလေ့ ရှိသည်။
လီကျန်း: “ညွှန်ကြားရေးမှူးက ယန်ကျွမ်းနဲ့ ငါ့ကို အောင်သွယ်လုပ်ပေးနေတယ်၊ တော်တော် အကျင့်မကောင်းတာပဲ”
ယဲ့ရှောင်ရှောင် ခေါင်းမော့ကြည့်ကာ မေးလိုက်သည်။
“အဲ့တာဆို အစ်မက ဘယ်လိုလူမျိုးကို သဘောကျတာလဲ”
လီကျန်းမှာ အသက် ၂၅ နှစ်ပြည့်ပြီဖြစ်ရာ ယဲ့ရှောင်ရှောင်ထက် နှစ်အနည်းငယ် ပိုကြီးပါသည်။ သို့သော် သူမ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ပြုဖို့ အလျင်မလိုသေးမှန်း သိသာသည်။
“ငါ့လို တစ်ယောက်တည်း ဝဝလင်လင်စားရရင် တစ်မိသားစုလုံး ဗိုက်ဝပြီလို့ ပြောလို့ရတဲ့လူက(တစ်ကောင်ကြွက်) ယောက်ျားယူပြီး ဘာလို့ ကိုယ့်ဒုက္ခကိုယ် ရှာရမှာလဲ”
လီကျန်း၏ လေသံမှာ အလွန်ပင် ပေါ့ပါးပြီး အနှောင်အဖွဲ့ ကင်းလှပါသည်။
ယဲ့ရှောင်ရှောင်ကလည်း သူမ၏ ခံယူချက်ကို အသိအမှတ်ပြုပါသည်။ လီကျန်း၏ ပုံစံမှာ မည်သူ့ကိုမှ အားကိုးတတ်သည့် ပုံစံမဟုတ်ဘဲ ကြီးမားသည့် စိတ်ကူးအိပ်မက်များ ရှိပုံရသည်။
ညွှန်ကြားရေးမှူးနှင့် စကားပြောဆိုပြီးနောက် ယန်ကျွမ်း၏ အခြေအနေမှာ အနည်းငယ် တိုးတက်လာခဲ့ပါသည်။
သို့သော်လည်း ယဲ့ရှောင်ရှောင် ဤနေရာသို့ စတင်ရောက်ရှိလာစဉ်က အခြေအနေအတိုင်း ပြန်ဖြစ်သွားရုံမှသာ ရှိသည်။
နှစ်သစ်ကူးနေ့သို့ နီးကပ်လာသည်နှင့်အမျှ လုဟန်ချွမ်သည်လည်း အလုပ်ပိုများလာခဲ့ရသည်။
ယဲ့ရှောင်ရှောင်မှာ သူနှင့် ရက်အတော်ကြာအောင် မတွေ့ဖြစ်ခဲ့ပေ။ နောက်ဆုံး ပြန်လည်ဆုံတွေ့ကြချိန်၌ ယဲ့ရှောင်ရှောင်သည် လူနာတစ်ဦးအား ဆေးပုလင်း ချိတ်ပေးနေပါသည်။
ဆောင်းရာသီတွင် အအေးမိဖျားနာသူအရေအတွက်မှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသောကြောင့် ဖြစ်သည်။
“ရှောင်ရှောင်၊ ကိုယ်တို့ အပြင်ကို ခရီးထွက်ရမယ်”
လုဟန်ချွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် အလျင်လို၊ အရေးကြီးနေပုံရသည်။
ယဲ့ရှောင်ရှောင်က လက်ထဲရှိ ပစ္စည်းများကို ချရင်း မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ”
လုဟန်ချွမ်: “ကိုယ်တို့စစ်တပ်က ကော်မရှင်နာရှု အအေးမိဖျားနာတဲ့ ဝေဒနာကို တစ်လတိတိ ခံစားနေရတာလေ၊ အခုချိန်ထိ အခြေအနေက တိုးတက်မလာသေးဘူး၊ အဲ့တာကြောင့် ကိုယ်နဲ့အတူ တစ်ချက်လောက် လိုက်ကြည့်ပေးလို့ရမလား”
ဤဒေသရှိ ပတ်ဝန်းကျင်အခြေအနေက ကြမ်းတမ်းလှသည်ဆိုသော်လည်း တပ်ဖွဲ့များတွင် စစ်ဘက်ဆိုင်ရာ ဆရာဝန်များနှင့် ဆေးဝါးကိရိယာများ အစုံအလင်ရှိကြသည်။
ထို့အပြင် လူနာမှာ ကော်မရှင်နာတစ်ဦးဖြစ်သဖြင့် အဆင့်အတန်းကလည်း မသေးလှပေ။
ယဲ့ရှောင်ရှောင်: “ကျွန်မ ညွှန်ကြားရေးမှူးကျောက်ကို အရင် သွားအသိပေးရမယ်၊ ပြီးမှ လိုက်လာခဲ့မယ်နော်”
ကော်မရှင်နာ ရှုအား ယဲ့ရှောင်ရှောင် သွားရောက်ကုသပေးမည်ဖြစ်ကြောင်း သိရရှိရသောအခါ ကျောက်ချွင်းဟွာ မဆိုင်းမတွ သဘောတူပေးခဲ့ပါသည်။
ယဲ့ရှောင်ရှောင် ဆေးသေတ္တာကို အမြန်ပြင်ဆင်ခဲ့သည်။
လုဟန်ချွမ်က ရောဂါလက္ခဏာအချို့ကို ပြောပြထားသဖြင့် တရုတ်တိုင်းရင်းဆေးဝါးအချို့ကိုလည်း လိုရမယ်ရ ယူဆောင်လာခဲ့ပါသည်။
သူမ လိုချင်သည့် ဆေးပင်အချို့ကိုတော့ စစ်တန်းလျားတွင် ရှာတွေ့နိုင်မည်မဟုတ်ဟု ယဲ့ရှောင်ရှောင် ယုံကြည်နေသည်။
လုဟန်ချွမ် သွားရမည့် နေရာမှာ နာလန်စခန်းနှင့် အနည်းငယ် ကွာဝေးပြီး အခြားမြို့တစ်မြို့နှင့် နီးကပ်သော နေရာတွင် တည်ရှိသည်။
ထိုနေရာတွင် တပ်စွဲထားသည့် စစ်သည်အင်အားမှာ နာလန်းအခြေစိုက်စခန်းထက်ပင် များစွာ ပိုမိုများပြားပါသေးသည်။
ထိုစခန်းသို့ ရောက်ရှိသောအခါ ကော်မရှင်နာရှု အနားယူနေသည့် လူနာခန်းထဲသို့ ယဲ့ရှောင်ရှောင် တန်းဝင်သွားခဲ့သည်။
“ဒါမင်းတို့ဘက်က စစ်ဆရာဝန်လား၊ ဘာလို့ ဒေါက်တာကျမ့်ကို ခေါ်မလာတာလဲ”
စခန်းတပ်ရင်းမှူးက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။
လုဟန်ချွမ်: “ကျုပ်တို့ အရပ်သားဆေးခန်းက အလုပ်သင်ဆရာဝန်ပါ”
တပ်ရင်းမှူးက လုဟန်ချွမ်အား မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါက ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေကို အထင်သေးတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အလုပ်သင်ဆရာဝန် တစ်ယောက်က ဒီလိုတာဝန်မျိုးကို ယူနိုင်ပါ့မလား”
လုဟန်ချွမ်က ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
“ရှောင်ရှောင်က တရုတ်တိုင်းရင်းဆေးပညာကို သင်ယူနေတာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလအတွင်း ကော်မရှင်နာရှုရဲ့ အခြေအနေက တိုးတက်လာတာလည်း မဟုတ်ဘူး၊ ဆေးရုံကြီးတွေကို မပြောင်းရွှေ့ချင်ဘူးဆိုရင် ရှောင်ရှောင့်ကို စမ်းသပ်ကုသခွင့်ပေးလိုက်တာ ဘာမှ မနစ်နာပါဘူး”
တပ်ရင်းမှူးလည်း သဘောတူရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
ယဲ့ရှောင်ရှောင်သည် ရှုကျစ်လင်၏ ကျန်းမာရေးအခြေအနေကို ဦးစွာ မေးမြန်းခဲ့ရာ သူသည် ယခင်က အလွန် ကျန်းမာသန်စွမ်းပြီး ဖျားနာလေ့မရှိကြောင်း သိရှိခဲ့ရသည်။
လွန်ခဲ့သော တစ်လခန့်က စိတ်ဓာတ်ကျစရာကိစ္စတစ်ခုနှင့် ကြုံတွေ့ခဲ့ရသဖြင့် အနားယူချိန်အတွင်း အရက်အနည်းငယ် သောက်သုံးမိခဲ့ပြီး နောက်ပိုင်း အရက်စွဲကာ အလေ့အကျင့်တစ်ခုပမာ ဖြစ်လာခဲ့သည်။
မူလက မည်သည့်ပြဿနာမှ မခံစားခဲ့ရသော်လည်း နောက်ပိုင်းတွင် တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် ချမ်းတုန်လာပြီး ညဘက်တွင် အဖျားကြီးသည့် ဝေဒနာကို ဆက်တိုက် ခံစားလာရသည်။
ဆေးသောက်သော်လည်း သက်သာခြင်းမရှိဘဲ ဆေးရုံတက်ပြီးနောက် အနောက်တိုင်း ဆေးဝါးများဖြင့် အချိန်အတန်ကြာအောင် ကုသမှုခံယူခဲ့ရသည်။
ဓာတ်မှန်စစ်ဆေးချက်များအရ အသည်းဘယ်ဘက်အခြမ်းတွင် ရောင်ရမ်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်နေပြီး အသည်းပြည်တည်နာ ရောဂါကို ခံစားနေရသည်ဟု အတည်ပြုနိုင်ခဲ့ကြသည်။
၁၀ ရက်ကျော်ကြာအောင် ဆေးရုံတင်ထားခဲ့သော်လည်း သွေးတွင်းဆဲလ်ပမာဏမှာ ကျင်ဆင်းမသွားဘဲ မြင့်မားနေဆဲပင်။
ဆရာဝန်များက အသည်းအတွင်း ပြည်စတည်နေပြီဟု သံသယရှိကြသဖြင့် ကုသရန်အတွက် အသားစကို ထုတ်ယူပြီး ပြည်ဖောက်ထုတ်သည့် နည်းလမ်းကို အသုံးပြုရန် လိုအပ်သည်ဟု ဆိုကြသည်။
ရှုကျစ်လင်မှာ ထိုနည်းလမ်းကို ကြောက်ရွံ့ပြီး သဘောတူရန် အလွန်တွန့်ဆုတ်နေခြင်းကြောင့် လုဟန်ချွမ်က ယဲ့ရှောင်ရှောင်အား အကူအညီ ပြေးတောင်းခဲ့ရခြင်း ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်သည် လူနာ၏ ဓာတ်မှန်အဖြေများကို ပြန်လည်စစ်ဆေးခဲ့သည်။ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သေသေချာချာ စဉ်းစားချင့်ချိန်ကာ ဆေးညွှန်းတစ်ခု ရေးပေးလိုက်ပါသည်။
“ကော်မရှင်နာရှုက ‘ယန်’ဓာတ်အားနည်းပြီး ‘ချီ’စွမ်းအင် ပိတ်ဆို့တာ၊ အပူအောင်းတာနဲ့ အစာအိမ်သွေးကြောတွေမှာ သွေးခဲပိတ်ဆို့တဲ့ လက္ခဏာတွေကို ကြုံတွေ့နေရတာပါ၊ အခု ကျွန်မ ပေးထားတဲ့ ဆေးညွှန်းအတိုင်း ပထမဆုံး တစ်ခွက်ကျိုပြိး သောက်ကြည့်ရအောင်၊ ဒီနေ့ည ကိုယ်အပူချိန် ကျမကျ စောင့်ကြည့်ပြီးမှ ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်ကြတာပေါ့”
ရောဂါအခြေအနေမှာ ယဲ့ရှောင်ရှောင် ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ကိုက်ညီနေသဖြင့် ဆေးပင်များကို ချက်ချင်းပင် ထုတ်ပေးလိုက်ပြီး ဆေးကျိုချက်ဖို့အတွက် စခန်းရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား တာဝန်ပေးလိုက်သည်။
သို့သော်လည်း ဤနေရာရှိ ဝန်ထမ်းအများစုမှာ အနောက်တိုင်း ဆေးပညာကိုသာ လေ့လာထားကြသူများ ဖြစ်ကြသဖြင့် တရုတ်တိုင်းရင်းဆေးပင်များကို ပထမဆုံးအကြိမ် ကျိုချက်ရာတွင် မီးအပူကို သေသေချာချာ မထိန်းနိုင်ဘဲ ဆေးအိုးတစ်အိုးလုံး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထို့ကြောင့် မတတ်သာသည့်အဆုံး၌ ယဲ့ရှောင်ရှောင်သည် လူနာအတွက် ဆေးကို ကိုယ်တိုင် ကျိုချက်ပေးခဲ့ရတော့သည်။
သို့သော် သူမသည်လည်း မီးမမွှေးတတ်သဖြင့် အခြားသူများကို အကူအညီတောင်းခဲ့ရပါသေးသည်။
နေ့လယ်ခင်းသို့ရောက်ရှိသောအခါ ထိုနေရာတွင်သာ ယဲ့ရှောင်ရှောင် ခေတ္တအနားယူခဲ့သည်။ မွန်းလွဲပိုင်းတွင် ရှုကျစ်လင်၏ ကိုယ်အပူချိန်မှာ ၃၉ ဒီဂရီမှ ၃၇.၅ ဒီဂရီအထိ ကျဆင်းသွားခဲ့ပါသည်။
တပ်ရင်းမှူးက ခေါင်းတညိတ်ညိတ်နှင့် သဘောကျစွာ ဆိုလိုက်သည်။
“ဒီကလေးမရဲ့ ပညာက ဘယ်သေးလို့လဲ”
ယဲ့ရှောင်ရှောင်သည် လူနာ၏ တိုးတက်လာသည့် အခြေအနေပေါ်မူတည်၍ ဆေးညွှန်းကိုလည်း ပြောင်းလဲချိန်ဆပေးခဲ့သည်။
နောက်တစ်နေ့မနက်မိုးလင်းသောအခါ ရှုကျစ်လင်၏ ကိုယ်အပူချိန်မှာ ၃၆.၅ ဒီဂရမီအထိ ကျဆင်းသွားခဲ့ပြီး ချွေးထွက်ခြင်းမှာလည်း သိသိသာသာ လျော့ကျသွားခဲ့ပါသည်။