အခန်း ၂၈၃
Vol. 29 Ch. 283
📗 Chapter 283
တရုတ်တိုင်းရင်းဆေးပညာသည် အကျိုးသက်ရောက်မှု နှေးကွေးသည်ဟု လူအများက ထင်မှတ်ထားလေ့ ရှိသော်လည်း ရောဂါနှင့် ကိုက်ညီအောင် တိကျစွာ ဆေးဖော်စပ်ပေးနိုင်ပါက ဆေးတစ်ခွက်တည်းဖြင့် ထူးခြားသော ရလဒ်ကို ရရှိစေနိုင်ပါသည်။
လူနာ၏ ကိုယ်အပူချိန် တည်ငြိမ်သွားပြီးနောက် ယဲ့ရှောင်ရှောင်သည် ‘ရှန့်ရှားလျို့ကျွင်းကျီ’ဆေးနှင့် ‘လင်းကွေ့ကျူးကန်’ဆေးတို့ကို ပေါင်းစပ်မွမ်းမံထားသည့် ဆေးညွှန်းအသစ်တစ်ခုကို ရေးပေးခဲ့သည်။
“ဒီဆေးကို မပျက်မကွက် စွဲသောက်ဖို့ လိုတယ်၊ တစ်ရက်ကို တစ်ခွက်နှုန်းနဲ့ စုစုပေါင်း ၁၂ ခွက် ပြည့်တဲ့အထိ သောက်ရမယ်၊ အဲ့တာပြီးရင်တော့ အဆုတ်အခြေအနေ ပိုကောင်းလာမှာပါ”
ယဲ့ရှောင်ရှောင်၏ ပထမဆုံးသော ဆေးတစ်ခွက်ကပင် အာနိသင် ချက်ချင်းပြခဲ့သဖြင့် သူမအပေါ် သံသယဝင်ခဲ့ကြသည့် စကားသံများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရတော့သည်။
ယခင်က ရောဂါအခြေအနေကို လာရောက်ဆွေးနွေးခဲ့ကြသည့် ဆရာဝန်များအပြင် ယခုဆိုလျှင် တပ်ရင်းမှူးကိုယ်တိုင်ကပါ ယဲ့ရှောင်ရှောင်ရှေ့သို့သွားကာ သွေးခုန်နှုန်းကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါသည်။
“တပ်ရင်းမှူးက ကျန်းမာရေးကောင်းပါတယ်၊ ဒါပေမယ့် ညဘက်တွေ အိပ်ရေးပျက်တာ များတယ်မလား၊ အိပ်ပျော်စေမယ့် ဆေးတစ်ခွက်လောက် ကျွန်မ ညွှန်းပေးလိုက်မယ်နော်”
ယဲ့ရှောင်ရှောင် ဖော်စပ်ပေးလိုက်သည့် ဆေးညွှန်းမှာ ‘ကော်ကန်းထျန်မားလျန်ကျောက်’ဖြစ်ပြီး တပ်ရင်းမှူး၏ အခြေအနေပေါ်မူတည်၍ ဆေးပမာဏကို ချိန်ဆပေးခဲ့ပါသည်။
တပ်ရင်းမှူးသည် ထိုဆေးညွှန်းကို ကိုင်ဆောင်ကာ ခေါင်းတညိတ်ညိတ်ဖြင့် ဆိုလိုက်သည်။
“ဒါပေါ့ ဒါပေါ့ အမှန်ပဲ၊ လူက အသက်အရွယ်ရလာပြီဆိုတော့ ညဘက်တွေ အိပ်ပျော်ဖို့ ခက်လာတာလေ”
နောက်တစ်နေ့တွင် ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်နှင့် အတူပြန်ရန် စီစဉ်ခဲ့သည်။
သို့သော်လည်း တပ်ရင်းမှူးနှင့် ကော်မရှင်နာရှုတို့ နှစ်ဦးစလုံး၏ အခြေအနေများမှာ အနီးကပ်စောင့်ကြည့်ပေးဖို့ လိုအပ်သဖြင့် အားလုံးက ယဲ့ရှောင်ရှောင်ကို ဤနေရာတွင် ရက်အနည်းငယ် ထပ်မံနေထိုင်ပေးရန် အတင်းအကျပ် တောင်းဆိုခဲ့ကြလေသည်။
ဤနေရာတွင် နေထိုင်ရသည်မှာ နာလန်အခြေစိုက်စခန်းထက် ပိုမိုအဆင်ပြေချောမွေ့ပြီး ရေခပ်ရန်မှာလည်း မခက်ခဲလှပေ။
ပတ်ဝန်းကျင် အခြေအနေက ပိုမိုကောင်းမွန်သည်ဆိုသော်ငြား ယဲ့ရှောင်ရှောင်ကမူ နာလန်စခန်းသို့သာ ပြန်ချင်ပါသည်။
“ရှောင်းယဲ့၊ ငါတို့ စခန်းမှာ အလုပ်လာလုပ်ပါလား၊ နာလန်စခန်းမှာဆိုရင် မင်းရဲ့ အရည်အချင်းတွေနဲ့ နှမြောစရာ ကောင်းလွန်းလို့ပါ”
ကော်မရှင်နာရှုတစ်ယောက် တစ်နေ့ထက်တစ်နေ့ ပိုမိုသက်သာလာပြီး၊ ယခင်က မကျန်းမာသဖြင့် အားအင်ချည့်နဲ့နေသူ တစ်ဦးမှ ကျန်းကျန်းမာမာနှင့် စိုပြည်လာသူတစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို အနီးကပ် စောင့်ကြည့်ရင်း တပ်ရင်းမှူးမှာ ယဲ့ရှောင်ရှောင်၏ ဆေးပညာအရည်အချင်းကို အလွန်ပင် အသိအမှတ်ပြု လေးစားနေမိပါပြီ။
သို့သော် ယဲ့ရှောင်ရှောင်က ခေါင်းခါသည်။
“ကျွန်မက အလုပ်သင်ဆရာဝန်သက်သက်ပါပဲ၊ ကျောင်းပြန်တက်ဖို့ လိုသေးတယ်လေ”
တပ်ရင်းမှူးက မေးသည်။
“ဘယ်ကျောင်းမှာတက်တာလဲ ရှောင်းယဲ့”
“ကျင့်ဟွာတက္ကသိုလ်မှာပါ”
ယဲ့ရှောင်ရှောင်မှာ ကျင့်ဟွာတက္ကသိုလ်ကျောင်းသူဖြစ်ကြောင်း သိရှိလိုက်ရသောအခါ အခြားသူများနည်းတူ တပ်ရင်းမှူး၏ အသံလည်း အံ့အားသင့်မှုများဖြင့် တုန်လှုပ်သွားခဲ့ရသည်။
“အဲ့တာဆို ပေကျင်းကနေ ဒီလိုနေရာထိ ဘာလို့ ရောက်လာတာလဲ”
ယဲ့ရှောင်ရှောင် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ တပ်ရင်းမှူး၏ ရုံးခန်းထဲ၌ အခြားမည်သူမျှ ရှိမနေသည်ကို မြင်ပြီး အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်မရဲ့ ကောင်လေးက နာလန်စခန်းမှာ တာဝန်ကျနေလို့ပါ”
တပ်ရင်းမှူးလည်း အနည်းငယ် နားလည်သဘောပေါက်သွားခဲ့ပါသည်။ လူငယ်များဖြစ်၍ စိတ်ခံစားချက်နောက်ကို အလွယ်တကူ လိုက်ပါတတ်ကြသည်မှာ မထူးဆန်းလှပေ။
“မင်းရဲ့ကောင်လေးနာမည်က ဘယ်သူများလဲ”
ရှောင်ရှောင်ကို ဤနေရာသို့ ခေါ်ဆောင်လာသူမှာ လုဟန်ချွမ် ဖြစ်သော်လည်း သူတို့နှစ်ဦးစလုံးက မိမိတို့၏ ပတ်သက်မှုကို တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိသဖြင့် တပ်ရင်းမှူးက အသေးစိတ်အချက်အလက်များကို မသိရှိခဲ့ပေ။
ယဲ့ရှောင်ရှောင်: “လုဟန်ချွမ်ပါ”
“အဟွတ် အဟွတ် အဟွတ်…”
တပ်ရင်းမှူးတစ်ယောက် တံတွေးသီးလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုအဖြေကို သူလုံးဝ မျှော်လင့်မထားခဲ့ပေ။
သို့သော် သေသေချာချာ ပြန်စဉ်းစားကြည့်မှ သိပ်မထူးဆန်းလှကြောင်း နားလည်ခဲ့ရပါသည်။
“အဲ့တာကြောင့်မို့လို့ ရှောင်းလုက မင်းရဲ့ ဆေးပညာအရည်အချင်းကို အပြည့်အဝ ထောက်ခံပြီး ကော်မရှင်နာရှုကို ကုသပေးဖို့ ယုံယုံကြည်ကြည် တာဝန်ပေးခဲ့တာကိုး”
ယဲ့ရှောင်ရှောင်က မေးသည်။
“အဲ့တာဆို ကျွန်မ ဒီနေ့ နာလန်စခန်းကို ပြန်လို့ရမှာလား”
တပ်ရင်းမှူးက အားရပါးရ ရယ်မောလိုက်သည်။
“ရှောင်းလုကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက်ပါ့မယ်”
“ကျေးဇူးတင်ပါတယ် တပ်ရင်းမှူး”
ယဲ့ရှောင်ရှောင်၏ တည်ငြိမ်ရင့်ကျက်သည့် အမူအရာကြောင့် တပ်ရင်းမှူးက ပို၍ပင် သဘောကျသွားခဲ့ရသည်။
တက္ကသိုလ်ကျောင်းသူတစ်ဦးသာ ဖြစ်သော်လည်း သူမ၏ သတ္တိက မသေးလှပါ။
တပ်ရင်းမှူးထံမှ ဖုန်းလက်ခံရရှိပြီးနောက် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား ချက်ချင်း သွားခေါ်ခဲ့ပါသည်။ ယနေ့ပြန်မည်ဆိုလျှင် သူတို့နှစ်ဦး နှစ်သစ်ကူးနေ့ကို အတူတူ ဖြတ်သန်းနိုင်သေးသည်။
ယဲ့ရှောင်ရှောင် ပြန်မည့်အချိန်တွင် ကော်မရှင်နာရှုသည်လည်း ကုတင်ပေါ်မှဆင်းကာ လမ်းလျှောက်နိုင်ပြီဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ရဲဘော်ယဲ့၊ မင်းကြောင့်သာမဟုတ်ရင် ငါဘယ်လောက်ထိ ဝေဒနာတွေ ထပ်ခံစားနေရဦးမလဲ မသိဘူး၊ မင်းကို ကျေးဇူးဆပ်ဖို့အတွက် နည်းလမ်းတစ်ခုခု အမြန်ရှာလိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင်: “မလိုပါဘူးရှင်၊ ကျွန်မတာဝန်ကိုကျွန်မ ထမ်းဆောင်ခဲ့တာပါ”
ယဲ့ရှောင်ရှောင် မည်မျှပင် ကန့်ကွက်နေပါစေ အသက်သခင်ကျေးဇူးရှင်ဖြစ်သည့်အလျောက် သူမကို ရှုကျစ်လင် ကျေးဇူး ပြန်ဆပ်ဖို့ ကျိန်းသေ ရည်ရွယ်ထားပါသည်။
လမ်းတွင် ယဲ့ရှောင်ရှောင်အား လုဟန်ချွမ်သေသေချာချာ အကဲခတ်ကာ မေးမြန်းလိုက်သည်။
“ဟိုမှာနေရတာ အဆင်ပြေလား”
“ပြေပါတယ်၊ အားလုံးက ဧည့်ဝတ်ကျေကြတယ်၊ ဆေးကျိုတာနဲ့ ဆေးစပ်တာတွေကလွဲရင် ကျွန်မလုပ်စရာအလုပ် များများစားစား မရှိပါဘူး”
လုဟန်ချွမ်: “တို့ရှောင်ရှောင်က တော်တာကိုး”
ကော်မရှင်နာရှုအား ကုသပေးဖို့ ယဲ့ရှောင်ရှောင်ကို အကူအညီတောင်းခဲ့ရစဉ်က လုဟန်ချွမ်ကိုယ်တိုင်လည်း ရင်တထိတ်ထိတ်ဖြင့် စိုးရိမ်ပူပန်ခဲ့ရပါသည်။
အကယ်၍ သူမသာ ကော်မရှင်နာရှုကို ကုသမပေးနိုင်ခဲ့လျှင် အခြားသူများ၏ အထင်သေးလှောင်ပြောင်မှုကို ခံရဖွယ်ရှိသည်။
ယဲ့ရှောင်ရှောင်၏ တုံ့ဆိုင်းမှုမရှိသော ဆုံးဖြတ်ချက်ကြောင့်သာ သူမကို လုဟန်ချွမ် ယုံကြည်ခဲ့ရခြင်း ဖြစ်ပါသည်။
ထို့အပြင် သူ့ကိုယ်သူ ပြန်လည်သုံးသပ်သင့်ကြောင်း၊ ရှောင်ရှောင်က ထူးချွန်ပြီးသားဖြစ်၍ ရှောင်ရှောင့်အပေါ် ယုံကြည်မှု ပိုထားသင့်ကြောင်း လုဟန်ချွမ် ခံစားခဲ့ရသည်။
ကောင်လေးဖြစ်သူ၏ ချီးကျူးစကားကို ကြားရသောအခါ ယဲ့ရှောင်ရှောင် ခေါင်းမော့ရင်ကော့လျက် ဂုဏ်ယူဝံ့ကြွားစွာ ဆိုလိုက်သည်။
“ဒါပေါ့! ကျွန်မရဲ့ ဆရာကြီးကို မျက်နှာပျက်ရအောင် လုံးဝ မလုပ်နိုင်ဘူး”
ယဲ့ရှောင်ရှောင် ပျောက်ဆုံးနေသည်မှာ တစ်ပတ်ခန့်ပင်ကြာပြီဖြစ်၍ လီကျန်းတစ်ယောက် နေသားမကျ ဖြစ်နေခဲ့ပါသည်။
“နင်တို့ ဘယ်တွေသွားနေတာလဲ၊ နင်ပျောက်နေတာ ရက်နဲ့ချီပြီး ကြာပြီနော်၊ ဒီမှာနေရတာ အဆင်မပြေလို့ အရင်အလုပ်သင်တွေလိုပဲ ပြန်ပြေးသွားပြီလို့ အားလုံးက ထင်နေကြတာ”
ယဲ့ရှောင်ရှောင်ကမူ ထိုကောလဟာလများကို လုံးဝ မသိရှိခဲ့ရပေ။
“လူနာတစ်ယောက်ကို ဆေးသွားကုပေးနေတာပါ”
လီကျန်း: “အကောင်ကြီးကြီးထဲကလား”
ယဲ့ရှောင်ရှောင်: “ကော်မရှင်နာရှုလေ”
ထိုအဖြေကို ကြားပြီး လီကျန်း ထပ်မံမေးမြန်းခြင်း မရှိတော့ချေ။ ခေါင်းဆောင်ပိုင်းများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို စပ်စုခြင်းဖြင့် မည်သည့်အကျိုးအမြတ်မှ မရရှိနိုင်ပါ။
ထို့ကြောင့် လီကျန်း စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။
“မနက်ဖြန် နှစ်သစ်ကူးနေ့နော်၊ ထမင်းစားဆောင်က ဘာကျွေးမှာလဲ ခန့်မှန်းကြည့်စမ်း”
“ဖက်ထုပ်လား”
ယဲ့ရှောင်ရှောင် အခြားမခန့်မှန်းတတ်ပေ။
“ဟုတ်မှာပေါ့၊ ဒါပေမယ့် နှစ်သစ်ကူးနေ့က ပွဲတော်ကြီးကြီးမားမားမဟုတ်ဘူးလေ၊ အလုပ်တစ်ရက် ပိတ်တာကလွဲရင် ထူးထူးခြားခြား ဘာမှမရှိပေမယ့် အသားဟင်းတော့ ကျိန်းသေပေါက် ပါမှာပဲ”
ဤစခန်းတွင် နှစ်အတော်ကြာအောင် နေထိုင်ခဲ့သဖြင့် လီကျန်းမှာ ဤအခြေအနေများနှင့် အသားကျနေပြီ ဖြစ်သည်။
ယဲ့ရှောင်ရှောင်ကမူ အသားဟင်းများကို စိတ်ဝင်စားမှု သိပ်မရှိလှပါ။ သူမထံတွင်လည်း အသားခြောက်အချို့ ရှိနေပါသေးသည်။
နှစ်သစ်ကူးနေ့အတွက် စခန်းမှ အထူးအစီအစဉ်အချို့ စီစဉ်ပေးလိမ့်မည်ဟု ကြိုတင်သိရှိထားကြသော်လည်း ထမင်းစားဆောင်တွင် သိုးသားဟင်းများ တခမ်းတနား ချက်ပြုတ်ပေးလိမ့်မည်ဟုတော့ လုံးဝ မျှော်လင့်မထားခဲ့ကြပေ။
ညစာစားချိန် မရောက်မီမှာပင် ထမင်းစားဆောင်အတွင်းမှ ထွက်လာသည့် အသားဟင်းမွှေးရနံ့များကြောင့် အားလုံး သွားရည်တမြားမြား ဖြစ်နေရပါပြီ။
ယဲ့ရှောင်ရှောင်နှင့် လီကျန်းတို့သည် သူမတို့၏ ဝေစုကို ယူဆောင်ကာ အဆောင်သို့ ပြန်လာခဲ့ကြသည်။ ရာသီဥတုက တစ်နေ့ထက်တစ်နေ့ အေးမြလာပြီဖြစ်၍ အခန်းထဲတွင် စားသုံးခြင်းက ပိုမိုနွေးထွေးကာ သက်တောင့်သက်သာ ရှိစေပါသည်။
ညစာစားနေစဉ်အတွင်း လီကျန်းက ရုတ်တရက် မေးလိုက်သည်။
“ပေကျင်းမြို့ဆိုတာ ဘယ်လိုနေရာမျိုးလဲ”
ယဲ့ရှောင်ရှောင်: “ဟိုမှာ ရာသီဥတုက ဒီလောက်မအေးဘူး၊ အဆောက်အဦးတွေကလည်း ပိုမြင့်တယ်၊ ကားတွေ ပိုများတယ်၊ ဖုန်တွေသဲတွေလည်း နည်းတာပေါ့”
အရေးအကြီးဆုံးမှာ ပေကျင်းမြို့၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက အနောက်မြောက်ပိုင်းဒေသထက် များစွာ ပိုမြင့်မားခြင်းပင်။
ပေကျင်းမြို့၌ တစ်နေ့ထက်တစ်နေ့ အရာရာ တိုးတက်ပြောင်းလဲနေသည်ဟု ဆိုလျှင်ပင် မမှားနိုင်ချေ။
“ငါအပြင်ဘက်ကို တစ်ခါမှ မရောက်ဖူးဘူး၊ သူများတွေ အပြင်လောကကြီးဆီ စွန့်စွန့်စားစား သွားချင်နေကြတာကို မြင်တော့ ငါလည်း သွားကြည့်ချင်တာပေါ့၊ ဒါပေမယ့် ပိုက်ဆံ လုံလုံလောက်လောက် မစုမိသေးဘူး၊ အဲ့ဒီ ရေတွင်းကို ကျိန်းသေပေါက် အရင်တူးရမယ်”
ရေတွင်းတူးမည့် လီကျန်း၏ အိပ်မက်မှာ ယခုချိန်ထိ ပြောင်းလဲသွားခြင်း မရှိသေးပေ။
ယဲ့ရှောင်ရှောင် စိတ်ဝင်တစား မေးလိုက်သည်။
“အစ်မက ဘာဖြစ်လို့ ရေတွင်းတူးဖို့ အဲ့လောက် စိတ်အားထက်သန်နေတာလဲ”
ထိုအခါ လီကျန်း၏ နှုတ်ဖျားမှတဆင့် ယဲ့ရှောင်ရှောင် ဇာတ်လမ်းတစ်ပုဒ်ကို ကြားသိခွင့် ရခဲ့တော့သည်။
လီကျန်း၏ ဖခင်မှာ စစ်သားတစ်ဦးဖြစ်ပြီး စစ်ဆင်ရေးတစ်ခုအတွင်း အသက်ကို စတေးခဲ့ရသဖြင့် အိမ်တွင် ကိုယ်ဝန်သည်ဇနီးနှင့် မိခင်ဖြစ်သူတို့သာ ကျန်ရစ်ခဲ့ရသည်။
တစ်နှစ်တွင် အနောက်မြောက်ပိုင်းဒေသ၌ ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကို ကြုံတွေ့ခဲ့ရပြီး ရေခပ်ယူနိုင်သည့် နေရာများရှိ ရေမှာလည်း အလွန်ပင် အဖိုးတန်လာခဲ့သည်။
လီကျန်း၏ အမေဖြစ်သူမှာ ရေသွားခပ်စဉ်အချိန်တွင် တစ်စုံတစ်ဦးနှင့် စကားများခိုက်ရန်ဖြစ်ပွားပြီး ခြေချော်လဲကျကာ ခေါင်းထိသွားသဖြင့် သွေးထွက်လွန်ပြီး ကွယ်လွန်သွားခဲ့ရသည်။
ထိုအချိန်က ပတ်ဝန်းကျင်တွင် လူအမြောက်အများ ရှိနေခဲ့သော်လည်း လဲကျသွားသည့် အမျိုးသမီးကို မည်သူမျှ ဂရုမစိုက်ကြဘဲ ရေလုခပ်ရန်အတွက်သာ စိတ်ဝင်စားနေခဲ့ကြသည်။
လီကျန်း၏ အဘွားဖြစ်သူပါ ကွယ်လွန်သွားသေအာခါ လီကျန်းသည် စစ်သည်တော်တစ်ဦး၏ သမီးဖြစ်သည့်အလျောက် အကျိုးခံစားခွင့်အချို့ကို ရရှိခဲ့ပြီး နာလန်စခန်းရှိ အရပ်သားဆေးခန်း၌ အလုပ်တာဝန်တစ်ခု စီစဉ်ပေးခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့်လည်း လီကျန်းတွင် ဆေးပညာ သို့မဟုတ် သူနာပြုပညာ အရည်အချင်း မရှိဘဲ ဤနေရာ၌ အကူသူနာပြုအဖြစ် အလုပ်လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
လီကျန်း၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ယဲ့ရှောင်ရှောင်သည် ဤကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်ပြီး မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်သည့် မိန်းကလေးအား ပိုမို လေးစားအားကျသွားမိတော့သည်။
“အစ်မ ငွေစုတာ ဘယ်လောက် လိုနေသေးလဲ”
ယဲ့ရှောင်ရှောင်၏ ခန့်မှန်းချက်သာ မမှားလျှင် ရေတွင်းတစ်တွင်း တူးဖော်ရန် သို့မဟုတ် ပြုပြင်ရန်အတွက် အနည်းဆုံး ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်းခန့် ကုန်ကျနိုင်သည်။
ထို့အပြင် ဒေသအတွင်း ပတ်ဝန်းကျင်အခြေအနေကို စစ်ဆေးဖို့အတွက်လည်း ပညာရှင်များကို ဖိတ်ကြားရဦးမည် ဖြစ်သည်။
အကယ်၍ မြေအောက်ရေ လုံလောက်မှုမရှိဘဲ ဒေသတွင်း အခြေအနေများက ရေတွင်းတူးဖော်ရန် မသင့်တော်ပါက လီကျန်း၏ အိပ်မက်ကို မည်သည့်အခါမှ အကောင်အထည်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။