အခန်း ၂၈၄
Vol. 29 Ch. 284
📗 Chapter 284
လီကျန်းက ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။
“ယွမ် ၁၀,၀၀၀ ပြည့်အောင်စုဖို့ ကြံထားတာလေ၊ ၇,၀၀၀ - ၈,၀၀၀ လောက် လိုနေသေးတယ်”
ရုတ်တရက်ဆိုလျှင် လီကျန်းစုဆောင်းထားသော ငွေပမာဏမှာ သိပ်မများလှဟု ထင်ရသော်လည်း ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်မျိုးတွင် ယွမ်ထောင်ဂဏန်းပြည့်အောင် စုဆောင်းနိုင်ခြင်းမှာပင် အထင်ကြီး လေးစားစရာ ကောင်းလှပါပြီ။
လီကျန်းက ရှက်ကိုးရှက်ကန်းဖြင့် ဆက်ပြောသည်။
“တကယ်တော့ ငါ့ဖာသာငါ စုထားတဲ့ငွေက အဲ့လောက်မများပါဘူး၊ အဖေ၊ အမေနဲ့ အဘွားတို့ အမွေချန်ထားခဲ့တဲ့ ပိုက်ဆံတွေက များနေတာ”
လီကျန်း၏ အဖေဖြစ်သူ စစ်မြေပြင်တွင် ကျဆုံးခဲ့စဉ်က နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေ အမြောက်အများ ပေးအပ်ခဲ့သည်။
ထိုစဉ်က ကျန်မိသားစုဝင်များမှာ ထိုငွေကို မသုံးစွဲခဲ့ဘဲ လီကျန်း၏ အနာဂတ်အတွက် စုဆောင်းပေးထားခဲ့ကြပါသည်။
သို့သော် လိုအပ်နေသေးသည့် ငွေပမာဏကို လီကျန်းတစ်ယောက်တည်း စုဆောင်းမည်ဆိုလျှင် တစ်သက်လုံး ပြည့်နိုင်တော့မည် မဟုတ်ချေ။
ယဲ့ရှောင်ရှောင်ကမူ သူမ၏ ကုမ္ပဏီအမည်ဖြင့် ဤနေရာတွင် ရေတွင်းတစ်တွင်း တူးဖော်လှူဒါန်းဖို့ပင် စိတ်ကူးနေမိပါပြီ။
ကန္တာရတွင် တူးဖော်ဖို့ မဖြစ်နိုင်ပါက မြို့နှင့် နီးကပ်သော နေရာတစ်ခုကို ရွေးချယ်လိုက်မည်။ ယဲ့ရှောင်ရှောင်သည် စိတ်ကူးရုံသာမဟုတ်ဘဲ ပေကျင်းမြို့သို့ စာတစ်စောင် ရေးပို့ကာ စုန့်ရှောင်းကွမ်အား တာဝန်ပေးအပ်လိုက်ပါသည်။
နှစ်သစ်ကူးနေ့ပြီးဆုံးသောအခါ လုဟန်ချွမ်တွင် တာဝန်အသစ်တစ်ခု ရှိလာပုံရသဖြင့် ရက်အနည်းငယ် ခရီးထွက်ရမည်ဟု ယဲ့ရှောင်ရှောင်အား အသိပေးခဲ့သည်။
ယဲ့ရှောင်ရှောင်ကလည်း သူ့ကို ဂရုစိုက်ဖို့ မှာကြားခဲ့ပါသည်။
လုဟန်ချွမ် ထွက်ခွာသွားသည်မှာ ၁၀ ရက်ကျော်ပင် ကြာခဲ့ပြီဖြစ်ပြီး မည်သည့်အချိန် ပြန်လာမည်ကိုလည်း ယဲ့ရှောင်ရှောင် အတိအကျ မသိပေ။
လုဟန်ချွမ်အတွက် စိုးရိမ်ပူပန်နေစဉ် ဆေးခန်းသို့ သူနာပြုအသစ်တစ်ဦး ရောက်ရှိလာခဲ့လေသည်။
လီကျန်းတစ်ယောက် အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့ရသည်။
“အရင်နှစ်တွေတုန်းကဆိုရင် ဒီလိုနေရာကို ဘယ်သူမှ ရောက်မလာတတ်ဘူး၊ ဒီနှစ်ကျမှ ဘာလို့ လူတွေ အများကြီး ရောက်လာတာလဲ၊ ပြီးတော့ ငါတို့ဆေးခန်းက သူနာပြုလိုလို့လား၊ စစ်တပ်ဆေးခန်းကိုပဲ ဘာလို့ တိုက်ရိုက်မသွားတာလဲမသိဘူး”
ယဲ့ရှောင်ရှောင်ကမူ စစ်တပ်ဆေးခန်းများကို ဝင်ရောက်ဖို့ ခက်ခဲခြင်းကြောင့်ဖြစ်မည်ဟုသာ သုံးသပ်လိုက်သည်။
အရပ်သားဆေးခန်းတွင် နေရာတစ်ခု ရယူထားခြင်းဖြင့် စစ်တပ်ဘက်မှ အကူအညီလိုအပ်လာလျှင် အချိန်မရွေး လွှဲပြောင်းတာဝန် ထမ်းဆောင်နိုင်ပါလိမ့်မည်။
အသစ်ရောက်ရှိလာသော အလုပ်သင်သူနာပြုမှာ အသက် ၂၂ နှစ်အရွယ်ရှိပြီး ယဲ့ရှောင်ရှောင်နှင့် သက်တူ ရွယ်တူပင် ဖြစ်သည်။
သူမသည် သူနာပြုတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်ပြီး သူမ ပညာသင်ကြားနေသည့် ကျောင်းမှာလည်း ဤနေရာနှင့် နီးကပ်မှု ရှိသဖြင့် ဤနေရာတွင် တာဝန်ကျခြင်းမှာ မထူးဆန်းလှပေ။
သို့သော် လက်ရှိ အခက်အခဲတစ်ခုမှာ သူမ နေထိုင်ဖို့အတွက် နေရာထိုင်ခင်း ရှိမနေခြင်းပင်။
ဆောင်းရာသီတွင် ယဲ့ရှောင်ရှောင်သည်လည်း လီကျန်းနှင့်အတူတူ တစ်ခန်းတည်း အိပ်စက်ရခြင်းဖြစ်သည်။
အခန်းထဲတွင် မိန်းကလေးနောက်တစ်ဦး အိပ်စက်ဖို့ မခက်ခဲနိုင်သော်လည်း လူသစ်ကောင်မလေးမှာ သူမတို့ နှစ်ဦးစလုံးနှင့် ရင်းနှီးမှု မရှိသေးပေ။
ထို့အပြင် ထိုအခန်းမှာ လီကျန်း၏ အခန်းဖြစ်သဖြင့် အခြားလူတစ်ဦးအား နေထိုင်ခွင့်ပေးရမည်ဆိုလျှင် လီကျန်းနှင့် အရင်တိုင်ပင်ရမည်ဖြစ်သည်။
သို့သော် လီကျန်းကမူ သိပ်ဂရုမစိုက်လှပေ။
“ကျွန်မအတွက်တော့ ပြဿနာမရှိပါဘူး၊ ပိုက်ဆံပေးရင်ရပြီ”
ညွှန်ကြားရေးမှူး ကျောက်ချွင်းဟွာမှာ ငွေကို ရသမျှနည်းလမ်းဖြင့် ရှာချင်နေသော လီကျန်းကို ကြည့်ရင်း ဆွံ့အသွားခဲ့ရသည်။
“အဲ့ဒီအခန်းက အများပိုင်အခန်းလေ၊ နင်ပိုင်တဲ့အခန်းလည်း မဟုတ်ဘဲနဲ့ အခန်းခ တောင်းချင်နေတာလား၊ လောလောဆယ်တော့ နင့်အခန်းမှာပဲ နေခွင့်ပေးလိုက်ပါ၊ ရက်နည်းနည်းလောက်ကြာမှ သူ့အတွက် သီးသန့် စီစဉ်ပေးလိုက်မယ်”
ဤသို့ဖြင့် နေရာထိုင်ခင်းကိစ္စမှာ အလိုလို ပြေလည်သွားခဲ့တော့သည်။
လူသစ်ကောင်မလေးတွင် ပစ္စည်းပစ္စယများများစားစား မပါသဖြင့် အပူပေးကုတင်ပေါ်တွင် နေရာအနည်းငယ် ဖယ်ပေးဖို့သာ လိုအပ်ပါသည်။
“ကျွန်မနာမည် ကျန်ရှောင်းချွင်းပါ၊ နှစ်ယောက်စလုံးကို တွေ့ရတာ ဝမ်းသာပါတယ်နော်”
ကျန်ရှောင်းချွင်းသည် ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက် ကျစ်ထားပြီး ပန်းပွင့်ပုံစံပါသော ဂွမ်းခံအင်္ကျီကို ဝတ်ဆင်ထားသည်။
သူမသည် အရပ်ရှည်ရှည်၊ သွယ်သွယ်လျလျနှင့် နုနယ်ပျော့ပြောင်းသော ရုပ်ရည်သွင်ပြင်ရှိပါသည်။
“တွေ့ရတာဝမ်းသာပါတယ်”
ယဲ့ရှောင်ရှောင်လည်း လက်ထဲမှ စာအုပ်ကို ချကာ ပြန်နှုတ်ဆက်လိုက်သည်။
ဤသို့ဖြင့် အဆောင်တွင် ကျန်ရှောင်းချွင်းတစ်ယောက် အခြေတကျ ဖြစ်သွားခဲ့သည်။ သူမသည် ကျွမ်းကျင်သူနာပြုတစ်ဦးဖြစ်၍ ဆေးခန်းရှိ လုပ်ငန်းများနှင့် အလျင်အမြန်ပင် အသားကျသွားခဲ့ပါသည်။
နေ့စဉ် ဆေးသွင်းခြင်းနှင့် ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းများကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်သဖြင့် ယဲ့ရှောင်ရှောင်အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ပါသည်။
ထို့ကြောင့် လီကျန်းတစ်ယောက် အလုပ်အကိုင်မရှိဘဲ အားလပ်သွားရတော့သည်။
“ကျန်ရှောင်းချွင်း ဒီမှာ ကြာကြာနေနိုင်မယ်ထင်လား”
ယခင်ကဆိုလျှင် ဆေးခန်းသို့ ရောက်လာသည့်လူတိုင်း ကြာကြာခံလိမ့်မည်မဟုတ်ဟု လီကျန်း ယူဆထားခဲ့သော်လည်း ယခုအခါ ယဲ့ရှောင်ရှောင်၏ သာဓကရှိနေသဖြင့် မည်သူ့ကိုမှ လွယ်လွယ်နှင့် လျှော့မတွက်ရဲတော့ပေ။
“ကျွန်မလည်း မသိဘူး၊ သူက အမြဲတမ်းဝန်ထမ်းလား ဒါမှမဟုတ် အလုပ်သင်လား”
လီကျန်းက ညည်းညူသည်။
“ဘယ်သိမလဲ၊ ဒါပေမယ့် သူအရမ်းတက်ကြွလွန်းတော့ ငါလုပ်ရမယ့်အလုပ်တွေကိုပါ လုယူနေတာ”
ဆေးစာအုပ်ဖတ်ရှုနေသည့် ယဲ့ရှောင်ရှောင်တစ်ယောက် ထိုစကားကို ကြားသောအခါ လီကျန်းကို မော့ကြည့်လျက် မေးမြန်းလိုက်သည်။
“အစ်မ စာအုပ်ဖတ်ချင်လား”
လီကျန်း: “မဖတ်ချင်ဘူး”
လီကျန်းမှာ ပညာရေးကို စိတ်ဝင်စားသူတစ်ဦးမဟုတ်မှန်း ယဲ့ရှောင်ရှောင် နားလည်နိုင်ပါသည်။
“ဆေးပညာကို သင်ယူချင်လားလို့ မေးတာပါ၊ အစ်မမှာ သူနာပြုပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတတချို့ ရှိပေမယ့် စနစ်တကျသင်ယူထားတာမျိုး မဟုတ်ဘူးမလား၊ ပတ်တီးစည်းတာ၊ ပုလင်းချိတ်တာတွေကို လေ့ကျင့်လို့ရတယ်၊ ဒါမှမဟုတ် အစ်မသင်ချင်တဲ့ တခြားပညာတွေဘာတွေရှိရင်လည်း ကျွန်မ သင်ပေးလို့ရတယ်”
စိတ်လွတ်ကိုယ်လွတ်နေထိုင်ခြင်းထက် ဗဟုသုတရှာဖွေခြင်းက ပိုမိုကောင်းမွန်ပြီး သူနာပြု စွမ်းရည်ကို မြှင့်တင်ခြင်းအားဖြင့် လီကျန်းအတွက်လည်း အကျိုးရှိစေပါလိမ့်မည်။
“ဒါဆို ဟိုတစ်ခေါက်က နင်သုံးခဲ့တဲ့ ဒဏ်ရာချုပ်နည်းကို သင်ပေးလို့ရလား”
လီကျန်းသည် စာဖတ်ဖို့ ဝါသနာမပါလှသော်လည်း လက်တွေ့လုပ်ဆောင်ရမည့် အလုပ်များကိုမူ စိတ်အားထက်သန်မှု ရှိပါသည်။
ယဲ့ရှောင်ရှောင်က ခေါင်းညိတ်သည်။
“ရတာပေါ့၊ လေ့ကျင့်ဖို့အတွက် သုံးလို့ရမယ့် ပစ္စည်းတချို့ သွားရှာလိုက်မယ်”
ဤသို့ဖြင့် ယဲ့ရှောင်ရှောင်သည် အားလပ်ချိန်များတွင် စာအုပ်ဖတ်ခြင်းအပြင် လီကျန်းအား ဒဏ်ရာချုပ်ခြင်း နည်းစနစ်များကို သင်ကြားပေးရင်း အချိန်ကုန်စေခဲ့ပါသည်။
လုပ်ဆောင်ချက်များကို တစ်ဆင့်ချင်း ခွဲခြားလိုက်သောအခါ ရိုးရှင်းပုံရသော်လည်း လက်တွေ့ လေ့ကျင့်ရာတွင်မူ ဒဏ်ရာ၏ အတိမ်အနက်နှင့် ပုံစံကွဲပြားမှုအပေါ် မူတည်၍ မည်သို့ချုပ်ရမည်ကို ဆုံးဖြတ်ရခက်လှသည်။
အပ်ကြောင်းမည်သို့ စတင်ရမည်ကို သိရှိရန်ပင်လျှင် စဉ်ဆက်မပြတ်လေ့ကျင့်ဖို့ လိုအပ်ပါသည်။
ယဲ့ရှောင်ရှောင်၏ စာအုပ်များကို များသောအားဖြင့် သူမ၏ ကိုယ်ပိုင်အခန်းရှိ သေတ္တာထဲတွင် သော့ခတ် သိမ်းဆည်းထားလေ့ရှိပြီး ဖတ်ရှုလိုသည့် အချိန်မှသာ သွားရောက်ထုတ်ယူလေ့ရှိသည်။
လီကျန်း၏ အခန်းထဲတွင်မူ လက်ရှိဖတ်ရှုနေသော စာအုပ်တစ်အုပ်တည်းကိုသာ ထားရှိလေ့ရှိပါသည်။
မွန်းတည့်ချိန် အနားယူစဉ်အတွင်း ယဲ့ရှောင်ရှောင် ကိုယ်ပိုင်အခန်းဆီသို့ ပြန်လာသောအခါ သူမ၏ စာအုတစ်အုပ်ကို လှန်လှောကြည့်ရှုနေသည့် ကျန်ရှောင်းချွင်းကို မြင်လိုက်ရသည်။
ထိုအပြုအမူက ပြဿနာကြီးကြီးမားမား မဟုတ်သော်လည်း ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရသောအခါ ကျန်ရှောင်းချွင်းမှာ အလွန်ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး စာအုပ်ကို အမြန်ပြန်ချထားလိုက်လေသည်။
“ကျွန်…ကျွန်မ ဒီတိုင်း ဖတ်ကြည့်နေတာပါ”
တစ်ဖက်မိန်းကလေး အဘယ်ကြောင့် စိတ်လှုပ်ရှားနေရမှန်း ယဲ့ရှောင်ရှောင် နားမလည်နိုင်ပေ။
ပုံမှန်ဆိုလျှင် ကျန်ရှောင်းချွင်းမှာ အလွန်ရိုးအေးပြီး ဆေးခန်းရှိ လူနာများနှင့်လည်း ဆက်ဆံရေး အဆင်ပြေလေ့ရှိပါသည်။
သို့သော် ယခုအခါတွင်မူ ထိုမိန်းကလေးမှာ ပြစ်မှုတစ်ခုခုကို ကျူးလွန်နေ၍ လူမိသွားသည့်အလား အလွန် ထိတ်လန့်နေလေသည်။
“ရပါတယ်”
ယဲ့ရှောင်ရှောင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ထိုစာအုပ်မှာ ရှေးဟောင်းဆေးကျမ်းစာများဖြစ်၍ ပါဝင်သော အကြောင်းအရာများမှာ နက်နဲပြီး နားလည်ရန် ခက်ခဲလှသဖြင့် စာအုပ်ကို ဖွင့်ဖတ်နိုင်သည်ဆိုလျှင်ပင် လူအနည်းငယ်သာ နားလည်နိုင်ပါလိမ့်မည်။
ကျန်ရှောင်ချွင်းက အားတင်းပြုံးလျက် ဆိုလိုက်သည်။
“ကျောင်းတုန်းက ကျွန်မရဲ့ အိပ်မက်က ဆရာဝန်တစ်ယောက်ဖြစ်ချင်တာလေ၊ ဒါပေမယ့် စာမေးပွဲအမှတ်မကောင်းတော့ သူနာပြုပညာပဲ သင်ခဲ့ရတာ”
ယဲ့ရှောင်ရှောင်က အကြံပြုသည်။
“အခုနောက်ပိုင်း နေရာတော်တော်များများမှာ ညကျောင်းတွေ ဖွင့်နေပြီပဲ၊ ဆရာဝန်တကယ်ဖြစ်ချင်တယ်ဆိုရင် ညကျောင်းတစ်ခုခုမှာ ပညာဆက်သင်ဖို့ စဉ်းစားသင့်တယ်”
ကျန်ရှောင်းချွင်း: “ကျွန်မ လုပ်ငန်းခွင်ဝင်တာနဲ့ ဒီမှာ တာဝန်ကျလာတာဆိုတော့ အခွင့်အရေးရခဲ့ရင် သွားတက်လိုက်ပါ့မယ်”
စကားအနည်းငယ် ပြောဆိုပြီးနောက် သူမတို့ နှစ်ဦးစလုံး မိမိတို့၏ အလုပ်များကိုသာ ပြန်လည်လုပ်ဆောင်ခဲ့ကြသည်။
ဤဖြစ်ရပ်ကြောင့် ယဲ့ရှောင်ရှောင်သည် ကျန်ရှောင်းချွင်းအား ပိုမိုသတိထား စောင့်ကြည့်မိလာခဲ့သည်။
ထိုမိန်းကလေးမှာ စကားပြောဆိုသည့်နေရာတွင် အလွန်ပါးနပ်ပြီး စကားတစ်ခွန်းနှစ်ခွန်း ပြောရုံဖြင့် တစ်ဖက်လူ၏ အခြေအနေကို အကဲခတ်စုံစမ်းနိုင်စွမ်း ရှိသည်ကို သူမ သတိထားမိပါသည်။
ထို့အပြင် ကျန်ရှောင်းချွင်းသည် အလုပ်လုပ်ရာတွင်လည်း အလွန်တက်ကြွမှုရှိပြီး ပေးအပ်ထားသည့် မည်သည့် တာဝန်ကိုမဆို ထမ်းဆောင်နိုင်စွမ်းရှိသည်။
ထိုကဲ့သို့ တက်ကြွလွန်းသော အခြေအနေကြောင့်ပင် လီကျန်းတစ်ယောက် မကျေမနပ် ဖြစ်လာရသည်။
သူမ၏ တာဝန်များကို ကျန်ရှောင်းချွင်းက လုယူသွားခဲ့သဖြင့် ယခုဆိုလျှင် လီကျန်းမှာ တံမြက်စည်းလှည်းခြင်း၊ သန့်ရှင်းရေး လုပ်ခြင်းတို့မှအပ ဆေးခန်းတွင် အခြားဘာမှ လုပ်စရာ မရှိသလောက် ဖြစ်သွားခဲ့သည်။
“သူ့ပုံစံက ပုံမှန်လို့ထင်လားဟင်”
လီကျန်းတစ်ယောက် သုန်သုန်မှုန်မှုန်ဖြင့် မေးလိုက်သည်။
ယဲ့ရှောင်ရှောင်လည်း ရင်ထဲ အနည်းငယ် ထူးဆန်းနေမိပါသည်။
“ပုံမှန်လို့ထင်ရပေမယ့်… ပုံမှန်မဟုတ်ဘူးလို့လည်း ခံစားနေရတယ်”
နာလန်စခန်းသည် အခြားသော စစ်တပ်စခန်းများနှင့် မတူပေ။ စခန်း၏ အဓိက အတွင်းပိုင်းဇုန်ထဲတွင် တရုတ်သိပ္ပံပညာရှင်များနှင့် သုတေသနပညာရှင် အမြောက်အများ နေထိုင်ကြသည်။
ဤနေရာရှိ သုတေသန စီမံကိန်းအားလုံးမှာလည်း နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်များ ဖြစ်ကြပေသည်။
အရပ်သားဆေးခန်းသည် စခန်းဝင်းအတွင်း တည်ရှိသော်လည်း ထိုအတွင်းပိုင်းဇုန်သို့ ဝင်ရောက်ဖို့အတွက် တင်းကျပ်သော လုံခြုံရေးစစ်ဆေးမှု အဆင့်ဆင့်ကို ဖြတ်ကျော်ရပါလိမ့်မည်။
ဆေးခန်းရှိ လူနာခန်းတစ်ခုအတွင်း ကျန်ရှောင်းချွင်းသည် လူနာတစ်ဦးကို သွေးပေါင်ချိန်တိုင်းပေးရင်း စကားစမြည် ပြောဆိုမိသည်။
“သွေးအားနည်းနေတယ်နော်၊ အလုပ်တွေ ပင်ပန်းလို့လား၊ သတိထားပြီး ခန္ဓာကိုယ်ကိုလည်း အနားပေးပါဦး၊ ပြီးတော့ အစားအသောက်ကိုလည်း မှန်မှန်စားပေးရမယ်နော်”
လူနာက လက်ကာပြကာ ပြောလိုက်သည်။
“ဒီလို ခေါင်းမူးတာနဲ့ မျက်စိဝါးတာကို သက်သာစေမယ့် နည်းလမ်းလေးဘာလေး မရှိဘူးလား၊ ကျုပ်ခုတလော မနားရတာတွေ များနေပြီ”
ကျန်ရှောင်းချွင်းက တိုက်တွန်းသည်။
“အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစားချင်ပါစေ ကိုယ့်ကျန်းမာရေးကိုတော့ ဂရုစိုက်သင့်တာပေါ့၊ ခန္ဓာကိုယ် ပင်ပန်းပြီး လဲကျသွားခဲ့ရင် ကောင်းကျိုးထက် ဆိုကျိုးက ပိုများမသွားနိုင်ဘူးလား”
“မင်းတို့ နားမလည်ပါဘူး၊ ကျုပ်…”
ပရော်ဖက်ဆာလု စကားမဆုံးမီမှာပင် အခန်းထဲသို့ ယဲ့ရှောင်ရှောင် ဝင်လာပြီး ရုတ်တရက် ကမ်းလှမ်းလိုက်သည်။
“ပရော်ဖက်ဆာလုအတွက် အားဖြည့်ဆေးတစ်ခွက် ကျွန်မ ညွှန်းပေးလိုက်ပါ့မယ်၊ ကိုယ်တိုင် ကျိုသောက်ဖို့ အချိန်မရှိရင် ကျွန်မကျိုပေးမယ်၊ ပရော်ဖက်ဆာလု အားတဲ့အချိန်ကျမှ လာယူသောက်လိုက်ပေါ့”