အခန်း ၂၈၅
Vol. 29 Ch. 285
📗 Chapter 285
“ကျေးဇူးတင်ပါတယ် ဒေါက်တာယဲ့၊ ဒုက္ခပေးမိသလို ဖြစ်နေပြီ”
“ဘာဒုက္ခမှ မရှိပါဘူးရှင်၊ ဒီမှာ လိုအပ်တဲ့ ကိရိယာအစုံအလင်ရှိလို့ ပိုအဆင်ပြေတာပေါ့”
ဤသုတေသနပညာရှင်များသည် ပုံမှန်အားဖြင့် အချိန်ပြည့် အလုပ်လုပ်ရပြီး အားလပ်ချိန်မရှိသလောက် နည်းပါးသည်ကို ယဲ့ရှောင်ရှောင် နားလည်ပါသည်။
သူမအတွက်မူ စာဖတ်ရင်းနှင့် ဆေးကျိုပေးရုံမျှသာ ဖြစ်၍ အပန်းမကြီးလှပေ။
ထို့နောက် ယဲ့ရှောင်ရှောင်သည် လူနာကို အနောက်တိုင်း ဆေးဝါးအချို့ကိုပါ ထပ်မံထုတ်ပေးလိုက်သည်။
“ဒါတစ်ခွက်စာပဲနော်၊ တိုင်းရင်းဆေးရည်ကတော့ နေ့လယ်လောက်မှ အသင့်ဖြစ်လိမ့်မယ်၊ ရှင်လာယူဖို့ မအားရင် သုတေသနဌာန ဝင်ပေါက်ရှေ့ကို ကျွန်မ လာပို့ပေးမယ်လေ”
ပရော်ဖက်ဆာလုက ယဲ့ရှောင်ရှောင်ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုလိုက်သည်။
ပရော်ဖက်ဆာလု ထွက်ခွာသွားသည်နှင့် ကျန်ရှောင်းချွင်းက တက်ကြွစွာ ကမ်းလှမ်းလိုက်ပါသည်။
“ကျွန်မတို့ စခန်းမှာ သုတေသနဌာနရှိတာလား၊ ရှောင်ရှောင် မအားဘူးဆိုရင် အဲ့ဒီဆေးကို ကျွန်မ သွားပို့ပေးလိုက်မယ်လေ”
ကျန်ရှောင်းချွင်းအား ယဲ့ရှောင်ရှောင် တစ်ချက် လှည့်ကြည့်လိုက်သည်။
နှုတ်မှ တစ်ခွန်းမပြောရသေးသော်လည်း ယဲ့ရှောင်ရှောင်၏ တည်ငြိမ်စူးရှလွန်းသော မျက်လုံးများကြောင့် ကျန်ရှောင်းချွင်း အနည်းငယ် တုန်လှုပ်သွားခဲ့ရပါသည်။
ထို့နောက် ယဲ့ရှောင်ရှောင် အကြည့်ပြန်လွှဲကာ ပြောလိုက်သည်။
“နေပါစေ၊ ကျွန်မ အားပါတယ်”
ကျန်ရှောင်းချွင်းလည်း မည်သည့်စကားမှ ဆက်မပြောရဲတော့ပေ။
ယဲ့ရှောင်ရှောင်၏ ရင်ထဲမှ သံသယများလည်း တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးမားလာခဲ့ရသည်။
လုပ်ဖော်ကိုင်ဖက် အသစ်အပေါ် သံသယဖြစ်မိလာသဖြင့် သူမ၏ ကိုယ်ပိုင်ပစ္စည်းများကိုလည်း ပိုမိုစနစ်ကျစွာ သော့ခတ်သိမ်းဆည်းမိလာခဲ့သည်။
ဆေးသွားပို့ရသည့် တာဝန်များတွင်လည်း ယဲ့ရှောင်ရှောင် ကိုယ်တိုင် မအားလပ်ပါက လီကျန်းကိုသာ အကူအညီတောင်းလေ့ ရှိသည်။
လီကျန်းမှာ အလွန်ခေါင်းမာသူဖြစ်ရာ ယဲ့ရှောင်ရှောင် ပေးအပ်ထားသော အလုပ်မှန်သမျှကို ပြီးမြောက်အောင် လုပ်ဆောင်တတ်ပါသည်။
ကျန်ရှောင်းချွင်းက မည်မျှပင် အလုပ်လုပ်ချင်နေပါစေ လီကျန်းက လက်မခံခဲ့ပေ။ အကြိမ်ကြိမ်အခါခါ အငြင်းခံခဲ့ရပြီးနောက် ကျန်ရှောင်းချွင်းလည်း လက်လျှော့ခဲ့ရတော့သည်။
သူမအပေါ် လီကျန်းနှင့် ယဲ့ရှောင်ရှောင်တို့နှစ်ဦး အေးစက်လာသည်ကို သတိထားမိခြင်းကြောင့် ကျန်ရှောင်းချွင်းသည် ယန်ကျွမ်းနှင့် ကျောက်ချွင်းဟွာတို့ကို သွားရောက်တွေ့ဆုံခဲ့ပါသည်။
“ညွှန်ကြားရေးမှူး၊ ကျွန်မ အမှားတစ်ခုခု လုပ်မိထားလို့လား၊ လီကျန်းနဲ့ ရှောင်ရှောင်တို့နှစ်ယောက်ကိုကြည့်ရတာ ကျွန်မကို သိပ်သဘောမကျကြသလိုပဲနော်”
ကျောက်ချွင်းဟွာမှာ မျက်မှန်တပ်လျက် ဆေးဝါးစာရင်းများကို စစ်ဆေးနေစဉ် ထိုမေးခွန်းကို ကြားသောအခါ ခေါင်းပင် မော့မကြည့်ဘဲ ပြန်ပြောလိုက်သည်။
“မဖြစ်နိုင်တာ၊ လီကျန်းနဲ့ ဒေါက်တာယဲ့တို့ နှစ်ယောက်စလုံးက သဘောကောင်းကြပါတယ်၊ ပြီးတော့ ရှောင်းချွင်း၊ မင်းကလည်း ဒီကို အလုပ်လုပ်ဖို့ ရောက်လာတာပဲလေ၊ သူများတွေ ဘယ်လိုသဘောထားလဲ လိုက်ဂရုစိုက်နေစရာ မလိုဘူး”
ကျောက်ချွင်းဟွာမှာ အသက်အရွယ်ရနေပြီဖြစ်၍ လူငယ်များ၏ အတွေးအခေါ်ကို လုံးဝ နားမလည်နိုင်ပေ။
ညွှန်ကြားရေးမှူးထံမှ နှစ်သိမ့်စကားတစ်ခွန်းပင် မကြားရသဖြင့် ကျန်ရှောင်းချွင်းတစ်ယောက် ယန်ကျွမ်းဘက်သို့ မြားဦးလှည့်သွားခဲ့တော့သည်။
“ဒေါက်တာယန် ဘာစာအုပ်တွေ ဖတ်နေတာလဲ”
ညွှန်ကြားရေးမှူး၏ ဆုံးမသွန်သွင်မှုကို ခံယူပြီးနောက် ယန်ကျွမ်းသည် စိတ်ကို ပြန်လည်စုစည်းပြီး လာမည့်နှစ်တွင် ဘွဲ့လွန်မဟာတန်းစာမေးပွဲဖြေဆိုဖို့အတွက် အသည်းအသန် စာကြိုးစားနေပါသည်။
ကျန်ရှောင်းချွင်း၏ မေးခွန်းကို ကြားသောအခါ ယန်ကျွမ်းက လိုရင်းပင် ပြန်ဖြေလိုက်သည်။
“ဘာသာရပ်ဆိုင်ရာ စာအုပ်ပါ”
ကျန်ရှောင်းချွင်းက ထပ်မေးသည်။
“ကျွန်မတို့ အတူတူလေ့လာကြရအောင်လေ၊ ကျွန်မလည်း ဆေးပညာကို လေ့လာချင်လို့ပါ”
ယန်ကျွမ်းက ခန္ဓာကိုယ်ကို တစ်ဖက်သို့ အနည်းငယ်စောင်းကာ ပြောလိုက်သည်။
“အဆင်မပြေလောက်ဘူး၊ ငါတို့ လေ့လာရမယ့် ပညာရပ်ချင်းမတူတော့ အတူတူလေ့လာဖို့ မသင့်တော်ပါဘူး”
မိမိအား တစ်ချက်ကလေးပင် လှည့်မကြည့်သော ယန်ကျွမ်းကို ကြည့်ရင်း ကျန်ရှောင်းချွင်းတစ်ယောက် အလွန် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
ဤဆေးခန်းရှိ လူအားလုံးမှာ အပေါ်ယံတွင် ဖော်ရွေမည့်ပုံစံပေါက်သော်လည်း သူတို့နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်မှာမူ အလွန်ပင် ခက်ခဲလှပေသည်။
ထို့အပြင် ထိုလူများမှာ နေ့စဉ်ရက်ဆက် ဆေးဝါးများနှင့်သာ ထိတွေ့နေကြသည့်လူများဖြစ်၍ အသုံးဝင်သည့် မည်သည့်အချက်အလက်ကိုမှ စုံစမ်းမေးမြန်း၍ မရနိုင်ချေ။
ထို့ကြောင့် ဆေးခန်းအပြင်ဘက်မှ လူများနှင့် ပိုမိုထိတွေ့ဆက်ဆံရန် လိုအပ်သည်ဟု ကျန်ရှောင်းချွင်း ခံစားလာရသည်။
ထိုအခွင့်အရေးကလည်း အလျင်အမြန်ပင် ရောက်ရှိလာခဲ့ပါသည်။
ကလေးထိန်းစင်တာအတွင်းရှိ ကလေးများကို ကျန်းမာရေး စစ်ဆေးပေးနေစဉ်အချိန်အတွင်း ကျန်ရှောင်းချွင်းသည် ကျမ့်လဲ့ယင်နှင့် ဆုံခဲ့ရသည်။
ကျမ့်လဲ့ယင်မှာ စစ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်မှန်းသိသဖြင့် ကျန်ရှောင်းချွင်း ချက်ချင်းစကားသွားပြောခဲ့လေသည်။
“မင်းက သူနာပြုအသစ်လား၊ ဆေးခန်းမှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား”
ကျမ့်လဲ့ယင်မှာ ထိုလူသစ်ကောင်မလေးကို စိတ်ဝင်စားမှု သိပ်မရှိသဖြင့် ယဉ်ကျေးမှုအရ စကားအနည်းငယ်သာ ပြောဆိုခဲ့သည်။
သို့သော် ကျန်ရှောင်းချွင်းကမူ သူမကို လူယုံတော်အစ်မကြီးတစ်ဦးပမာ ရင်ဖွင့်ခဲ့လေသည်။
“အရပ်သားဆေးခန်းက လူတွေက ကျွန်မကို သဘောမကျဘူးလို့ ခံစားနေရတယ်၊ အဲ့တာကြောင့် ကျွန်မ အားတဲ့အချိန်တွေမှာ အစ်မကျမ့်နဲ့ စကားနည်းနည်းလောက် လာပြောလို့ရမလားဟင်”
ကျမ့်လဲ့ယင် မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ဟုတ်ရဲ့လား၊ ဒေါက်တာယဲ့ကတောင် မင်းကို လျစ်လျူရှုထားတာလား၊ စခန်းမှာဆို သူက သဘောကောင်းလို့ နာမည်အရမ်းကြီးတာနော်”
ကျန်ရှောင်းချွင်း: “ဟင် ဟုတ်လား၊ ကျွန်မ မသိခဲ့ဘူး၊ ကျွန်မတို့ ဆုံတာ မကြာသေးလို့လည်း ဖြစ်မှာပါ”
ကျမ့်လဲ့ယင်၏ စိတ်ထဲတွင် ယဲ့ရှောင်ရှောင်၏ သဘောကောင်းကြင်နာမှုများမှာ အပေါ်ယံ ဟန်ဆောင်မှုများသက်သက် ဖြစ်နေမည်လားဟုပင် တွေးတောနေမိပါပြီ။
သို့သော် ဤသူနာပြုအသစ်၏ အကျင့်စာရိတ္တကိုလည်း သူမ မသိရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ ဤလူသစ်၏ နှုတ်ကို အသုံးပြုလျက် ယဲ့ရှောင်ရှောင်အပေါ် အနည်းငယ် ပုတ်ခတ်နိုင်မည်ဆိုလျှင်ပင် သူမ အလွန် ဝမ်းသာကျေနပ်မိပါလိမ့်မည်။
ထို့ကြောင့် ကျမ့်လဲ့ယင် ပြောလိုက်သည်။
“အခုလောလောဆယ် အားလုံးက တစ်ခန်းတည်း အတူတူနေရတာဆိုတော့ ဘယ်အဆင်ပြေပါ့မလဲ၊ အရပ်သားဆေးခန်းမှာ အခက်အခဲတွေ ရှိတယ်ဆိုပေမယ့် သီးသန့်အဆောင်ခန်းတစ်ခန်းလောက်တောင် မစီစဉ်ပေးနိုင်တဲ့အထိတော့ မဟုတ်လောက်ဘူးလေ၊ နင်တို့အချင်းချင်း ပဋိပက္ခ ပိုဖြစ်မလာအောင် ဒီကိစ္စနဲ့ပတ်သက်ပြီး ညွှန်ကြားရေးမှူးကျောက်နဲ့ တိုင်ပင်သင့်တယ်လို့ ငါထင်တယ်”
ကျမ့်လဲ့ယင်က ထိုသို့ အကြံပြုသော်ငြား ကျန်ရှောင်းချွင်းကမူ နေရာပြောင်းရွှေ့ဖို့ စိတ်ကူးမရှိပေ။
သူမတစ်ဦးတည်း နေထိုင်ရမည်ဆိုလျှင် အချက်အလက်စုဆောင်းဖို့အတွက် လမ်းကြောင်းပိုမို ရှားပါးသွားပါလိမ့်မည်။
ထို့ကြောင့် ကျမ့်လဲ့ယင်၏ စကားများကို ကန့်ကွက်မည့်အစား မသေချာမရေရာစွာ ပြန်ပြောလိုက်သည်။
“လောလောဆယ် အခြေအနေတွေက တကယ်မလွယ်လို့ပါ၊ အခွင့်အရေးရရင် ညွှန်ကြားရေးမှူးက မစီစဉ်ပေးဘဲ မနေလောက်ပါဘူး”
ကျမ့်လဲ့ယင်သည် ကျန်ရှောင်းချွင်းကို အကဲခတ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူနာပြုအသစ်လေးမှာ စိတ်ဝင်စားစရာတော့ ကောင်းလှပါသည်။ ကျမ့်လဲ့ယင်အနေဖြင့် သူမနှင့် မိတ်ဆွေဖွဲ့ဖို့ အခက်အခဲမရှိပေ။
သူမကိုယ်တိုင်ကလည်း ယဲ့ရှောင်ရှောင်အား မုန်းတီးနေခြင်းကြောင့်ပင်။
အခြေအနေများကို ယဲ့ရှောင်ရှောင် သတိပြုမိချိန်တွင် ကျမ့်လဲ့ယင်နှင့် ကျန်ရှောင်းချွင်းတို့နှစ်ဦးမှာ အလွန်ပင် ခင်မင်ရင်းနှီးနေကြပါပြီ။
ထမင်းစားဆောင်တွင် ကျမ့်လဲ့ယင်နှင့် ကျန်ရှောင်းချွင်းတို့နှစ်ဦး ညစာအတူတူထိုင်စားနေကြသည်ကို မကြာခဏ မြင်လာရသည်။
ပုံမှန်ဆိုလျှင် ကျမ့်လဲ့ယင်မှာ စစ်တန်းလျားဘက်ရှိ ထမင်းစားဆောင်တွင် စားသောက်နေကျဖြစ်သော်ငြား ယခုအခါတွင်မူ ယဲ့ရှောင်ရှောင်တို့၏ ထမင်းစားဆောင်တွင်သာ ညစာလာရောက်စားသုံးတတ်ပါသည်။
“အဲ့ဒီနှစ်ယောက် ဘယ်လိုများ နီးစပ်သွားကြတာလဲ”
ထမင်းစားဆောင်တွင် တန်းစီနေသည့် လီကျန်းပင် အလွန်အံ့အားသင့်ကာ မေးမြန်းလိုက်မိသည်။
“နင်တို့ အရပ်သားဆေးခန်းကလူတွေ ရဲဘော်ရှောင်းချွင်းကို လျစ်လျူရှုပြီး ဝိုင်းပယ်ထားကြတာကိုး၊ အဲ့တာကြောင့် ဒေါက်တာကျမ့်နဲ့ မိတ်ဆွေသွားဖွဲ့တာ မဟုတ်ဘူးလား”
လီကျန်း၏ စကားကိုကြားပြီး တပ်သားငယ်လေးတစ်ဦးက တဲ့တိုး ပြန်ပြောလိုက်သည်။
လီကျန်းမှာ မျက်လုံးများပြူးကျယ်သွားခဲ့ရသည်။
“ငါတို့က သူ့ကို ဝိုင်းပယ်ထားတယ် ဟုတ်လား၊ သူ့မှာ ငါတို့ ဝိုင်းပယ်ထားရလောက်တဲ့ တန်ဖိုးမျိုး ဘာရှိလို့လဲ၊ ရုပ်ဆိုးနေလို့လား မျောက်လို ပိန်ကပ်နေလို့လား”
အလွန်အမင်း ပိန်လှီနေသည်မှအပ ကျန်ရှောင်းချွင်း၏ ရုပ်ရည်သွင်ပြင်မှာ ပြေပြစ်မှုရှိပြီး ရုပ်ဆိုးသည်ဟု ခေါ်ဆို၍ မရနိုင်ပေ။
သို့သော် လီကျန်းမှာ အလွန်ဒေါသထွက်နေသဖြင့် စကားလုံးများ အနည်းငယ် စူးရှသွားခဲ့ရသည်။
ထမင်းစားဆောင်တွင် တန်းစီနေသော တပ်သားငယ်လေးပင် သူမ၏ လေသံကြောင့် လန့်ဖျပ်သွားရလေသည်။
“ငါလျှောက်ပြောနေတာမဟုတ်ဘူး၊ သူကိုယ်တိုင်ပြောတာ”
လီကျန်းက ငေါက်လိုက်သည်။
“အဲ့တာဆို သူမဟုတ်တာတွေ လျှောက်ပြောနေတာကို နင်နားထောင်မနေနဲ့! ငါ့အခန်းထဲမှာလည်း လာနေသေးတယ် သူ့ကို ငါတို့က ဝိုင်းပယ်ထားပါတယ်ဆိုပြီး ပြောရဲသေးတယ်ပေါ့”
အမှန်တွင် တပ်သားငယ်လေးမှာလည်း အနည်းငယ် မယုံသင်္ကာဖြစ်မိပါသည်။
ဒေါက်တာယဲ့သည် အလွန်လှပပြီး သဘောကောင်းသူဖြစ်သည့်အပြင် ဗိုလ်မှူးလု၏ ဇနီးလောင်းလည်း ဖြစ်သည်။ သူမအနေဖြင့် သူနာပြုအသစ်လေးအား အနိုင်ကျင့်ကာ ဝိုင်းပယ်ထားစရာအကြောင်း လုံးဝမရှိပေ။
သို့သော် လီကျန်း၏ ရန်လိုနေသော အမူအရာမှာလည်း အပြစ်ကင်းစင်သည့်ပုံစံ ပေါက်မနေပေ။ သူ့ရင်ထဲ ဝေခွဲမရ ဖြစ်လာသဖြင့် နောက်ဆုံးတွင်မူ မည်သည့်စကားမှ ဆက်မပြောတော့ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ထိုအချိန်တွင် ယဲ့ရှောင်ရှောင်သည် သူမ၏ ဝေစုကို ယူဆောင်ပြီး စားပွဲတစ်လုံးတွင် အသင့်ထိုင်နေပါပြီ။
လီကျန်းတစ်ယောက် ထမင်းဘူးကို ကိုင်ဆောင်ကာ ဒေါသတကြီး လျှောက်လာပြီး စားပွဲပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်သည်။
ညစာသွားယူရရုံမျှဖြင့် လီကျန်းတစ်ယောက် အဘယ်ကြောင့် ဤမျှလောက်အထိ ဒေါသမီးတောက်လောင်လာရသည်ကို ယဲ့ရှောင်ရှောင် နားမလည်နိုင်ဖြစ်သွားလေသည်။
“ဘာဖြစ်လာတာလဲ”
လီကျန်းက ညည်းညူသည်။
“အဲ့ဒီကျန်ရှောင်းချွင်းက တော်တော် တရားလွန်တာပဲ၊ သူ့ကို ငါတို့က ဝိုင်းပယ်ထားပါတယ်ဆိုပြီး သူများတွေကို လျှောက်ပြောနေတယ်”
ယဲ့ရှောင်ရှောင်: “သူကိုယ်တိုင် ပြောတာလား”
လီကျန်း: “သူကိုယ်တိုင် ပြောတာဟုတ်ဟုတ် မဟုတ်ဟုတ် အခု လူတိုင်းက အဲ့လိုထင်နေကြပြီ၊ ငါသူ့ကို အခုချက်ချင်း သွားမေးပြီး ဖြေရှင်းချက် တောင်းရမယ်”
ပြောပြောဆိုဆိုနှင့် ကျန်ရှောင်းချွင်းတို့ ရှိရာဘက်သို့ လီကျန်း လှည့်ထွက်သွားခဲ့လေသည်။
ယဲ့ရှောင်ရှောင်သည် သူမတို့အား မည်သည့်ရည်ရွယ်ချက်ဖြင့် ကျန်ရှောင်းချွင်း အပုပ်ချနေကြောင်း နားမလည်နိုင်သော်လည်း အကယ်၍ လီကျန်းသာ လူအမြောက်အများရှိနေသည့် ယခုလိုအချိန်တွင် ပြဿနာ သွားရှာလိုက်ပါက ကောလဟာလများကို အတည်ပြုပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင် ထမင်းဘူးကို ကောက်ကိုင်ကာ လီကျန်းနောက်သို့ ချက်ချင်း ပြေးလိုက်သွားခဲ့ရတော့သည်။
လီကျန်းသည် ကျန်ရှောင်းချွင်း၏ ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ဒေါသတကြီး မေးမြန်းလိုက်သည်။
“ကျန်ရှောင်းချွင်း၊ နင့်ကို ငါတို့က ဝိုင်းပယ်ထားပါတယ်ဆိုပြီး ကောလဟာလတွေ လျှောက်လွှင့်နေတယ်လို့ ကြားတယ်၊ ဘာလို့ အဲ့လို စကားမျိုး ပြောရတာလဲ!”
လီကျန်း၏ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် ထမင်းစားဆောင်ထဲရှိလူတိုင်း လှည့်ကြည့်ကုန်ကြလေသည်။