အခန်း ၂၈၆
Vol. 29 Ch. 286
📗 Chapter 286
ကျန်ရှောင်းချွင်း၏ မျက်ဝန်းများထဲ ထိတ်လန့်မှုအချို့ ရိပ်ပြေးသွားသော်လည်း စိတ်ကို အလျင်အမြန် ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
“အစ်မလီကျန်း ဘာတွေပြောနေတာလဲ၊ ကျွန်မ နားမလည်ဘူး”
ကျန်ရှောင်းချွင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပါးပြင်ပေါ် မျက်ရည်များ စီးကျလျက် တုန်တုန်ယင်ယင်ဖြင့် ပြောဆိုလိုက်ခြင်းဖြစ်၍ အနီးနားတွင် ထိုင်ကာ ကြည့်ရှုနေကြသူများအကြား တီးတိုးဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။
လီကျန်းကလည်း အလျှော့မပေးဘဲ ထပ်ငေါက်လိုက်လေသည်။
“ငါဘာတွေပြောနေလဲဆိုတာ အားလုံးထက် နင်က ပိုသိမှာပေါ့!”
လီကျန်း၏ ရန်လိုနေသော အမူအရာကို မြင်ပြီး ကျမ့်လဲ့ယင်လည်း မတ်တပ်ထရပ်ကာ ကျန်ရှောင်းချွင်း၏ ရှေ့တွင် ရပ်လျက် ကာကွယ်ပြောဆိုပေးလိုက်သည်။
“ရဲဘော်လီကျန်း၊ အားလုံးက စခန်းတစ်ခုတည်းမှာ အတူတူ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေပဲဥစ္စာ၊ အဲ့လောက်ထိ ပြောစရာလိုလို့လား”
လီကျန်းက ကျမ့်လဲ့ယင်အား တဲ့တိုးပင် ပြန်ပြောလိုက်သည်။
“နင်သူ့ကိုအဲ့လောက် သဘောကျနေရင်လည်း နင်နဲ့အတူ ခေါ်ထားလိုက်ပါလား”
ကျမ့်လဲ့ယင်က ခြိမ်းခြောက်လိုက်သည်။
“ရှင်အဲ့လိုဆက်ပြီး ရမ်းကားနေဦးမယ်ဆိုရင် ဒီကိစ္စကို ညွှန်ကြားရေးမှူးကျောက်နဲ့ တိုင်လိုက်မှာနော်”
ကျန်ရှောင်းချွင်းက ကျမ့်လဲ့ယင်၏ အင်္ကျီစကိုဆွဲကာ တားဆီးလိုက်သည်။
“ဒေါက်တာကျမ့်၊ ကျွန်မအတွက်နဲ့ သူများတွေကို ဒုက္ခမပေးပါနဲ့၊ ကျွန်မ အပြစ်ရှိသလို ခံစားရလိမ့်မယ်”
ရှေ့တွင် ဖြစ်ပျက်နေသော အခြေအနေကို ကြည့်ရင်း သူတို့နှစ်ဦးစလုံး အလွန်သရုပ်ဆောင်ကောင်းလှသည်ဟု လီကျန်း တွေးလိုက်မိပါသည်။
ထိုစဉ် ယဲ့ရှောင်ရှောင် ရောက်ရှိလာပြီး စိတ်လိုက်မာန်ပါ သောင်းကျန်းနေသော လီကျန်းကို နောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။
“ဒေါက်တာကျမ့်၊ ဆေးခန်းမှာ ကျန်ရှောင်းချွင်းနဲ့ ပတ်သက်တဲ့ အလုပ်ကိစ္စတွေအကုန်လုံးကို ဆေးခန်းက ချမှတ်ပေးထားတဲ့ အစီအစဉ်တိုင်းပဲ လုပ်ဆောင်ပေးတာပါ၊ ဝိုင်းပယ်ထားတယ်ဆိုတာက အခြေအမြစ်မရှိတဲ့ စကားမို့လို့ အဲ့လောက်ထိ မခံမရပ်နိုင် ဖြစ်နေစရာ မလိုဘူးထင်တာပဲ”
ကျမ့်လဲ့ယင်က ကန့်ကွက်သည်။
“ညွှန်ကြားရေးမှူးကျောက်က အလုပ်ကိစ္စတွေနဲ့ ပတ်သက်လာရင် စီမံပေးနိုင်ပေမယ့် လူသစ်တစ်ယောက်ရဲ့ နေ့စဉ် နေထိုင်မှုဘဝကိုတော့ လိုက်ပြီး ကြည့်ပေးနိုင်မှာ မဟုတ်ဘူးလေ၊ အဲ့တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ မင်းတို့က သူ့အပေါ် ပိုပြီး ဂရုစိုက်ပေးသင့်တာ မဟုတ်ဘူးလား”
ယဲ့ရှောင်ရှောင်သည် ကျမ့်လဲ့ယင်၏ ရန်လိုမှုကို ထင်ထင်ရှားရှား ခံစားမိသဖြင့် မယုံသင်္ကာအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မတို့အားလုံးက အရွယ်ရောက်ပြီးသားလူတွေပါ ဒေါက်တာကျမ့်၊ ကျန်ရှောင်းချွင်း မကျေနပ်တဲ့ကိစ္စတစ်ခုခု ရှိရင် အခုချက်ချင်း ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောလို့ရတယ်၊ သူ့ကိုယ်စား ဒေါက်တာကျမ့် ဝင်ပြောပေးစရာ မလိုဘူး ထင်တယ်”
ယဲ့ရှောင်ရှောင်၏ စကားကို ကြားပြီး ကျန်ရှောင်းချွင်းတစ်ယောက် တုန်လှုပ်ကာ တိတ်ဆိတ်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်၏ လေသံမှာ အစဉ်အမြဲ နူးညံ့သိမ်မွေ့လျက် ရှိပြီး တည်ငြိမ်ရင့်ကျက်သော အမူအရာဖြင့် တစ်ဖက် မိန်းကလေးကို ငေးကြည့်နေခဲ့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများစွာကလည်း သူမကို ဆေးခန်းမှ မည်သို့မည်ပုံ ဝိုင်းပယ်ထားကြကြောင်း ကျန်ရှောင်းချွင်း၏ ရှင်းလင်းချက်အား နားထောင်ရန် စောင့်ဆိုင်းနေကြပါသည်။
သို့သော် အချိန်အတော်ကြာသည်အထိ မည်သည့်စကားမျှ ပြန်လည်မချေပနိုင်သည်ကို မြင်သောအခါ ထိုနေရာတွင် ရှိနေသူများကလည်း လူအူလူအများမဟုတ်ကြသဖြင့် အခြေအနေကို နားလည်သွားခဲ့ကြသည်။
စခန်းတွင် ယဲ့ရှောင်ရှောင် လပေါင်းများစွာ ကြာအောင် တည်ဆောက်ခဲ့သော ဂုဏ်သတင်းမှာလည်း ယခုကဲ့သို့ အချိန်မျိုးတွင် အသုံးဝင်လာခဲ့သည်။
လီကျန်း၏ ခက်ထန်ကြမ်းကြုတ်သော အပြောအဆို အမူအရာများကြောင့် လူအများစုက သံသယဝင်နိုင်သော်လည်း ဒေါက်တာယဲ့ကမူ လူနာများအပေါ်တွင် အမြဲလိုလို စိတ်စေတနာ အလွန်ကောင်းမွန်ပြီး ကလေးထိန်းစင်တာရှိ ကလေးငယ်များအပေါ်တွင်လည်း အလွန်အမင်း ကြင်နာတတ်သူတစ်ဦး ဖြစ်ပေသည်။
ခိုင်လုံသော သက်သေအထောက်အထားမရှိပါဘဲ ယဲ့ရှောင်ရှောင်က ကျန်ရှောင်းချွင်းအား တမင်သက်သက် အနိုင်ကျင့် ဖယ်ကြဉ်ထားသည်ဟု ဆိုလျှင် မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။
ပတ်ဝန်းကျင်ရှိ လူများ၏ သံသယအကြည့်များကို ခံစားမိသောအခါ ကျန်ရှောင်းချွင်းတစ်ယောက် ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးလျက် ထွက်ပြေးသွားလေတော့သည်။
ကျမ့်လဲ့ယင်သည်လည်း ဤနေရာတွင် ဆက်နေ၍ မကောင်းတော့သဖြင့် ကျန်ရှောင်းချွင်းနောက်သို့ ချက်ချင်း ပြေးလိုက်သွားခဲ့လေသည်။
ယဲ့ရှောင်ရှောင်နှင့် ရင်းနှီးသည့် လူအချို့က ရှေ့သို့တိုးလာကာ မေးမြန်းကြသည်။
“ဒေါက်တာယဲ့၊ ဘယ်လိုဖြစ်တာလဲဟင်”
ယဲ့ရှောင်ရှောင်မှာ စိတ်ပျက်လက်ပျက် ပြုံးလျက် ရှင်းပြလိုက်သည်။
“လုပ်ဖော်ကိုင်ဖက်အသစ်က ကျွန်မတို့ကို သိပ်သဘောမကျဘူးထင်တယ်”
လီကျန်းကမူ ဒေါသမပြေနိုင်သေးပေ။
“သူ့ကို အဲ့အတိုင်း လွှတ်ပေးလိုက်မှာလား”
ယဲ့ရှောင်ရှောင်: “စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ သူ့ကို အဲ့လိုတွေ အတင်းအကျပ် လိုက်မေးနေရင် ကျွန်မတို့ကို အနိုင်ကျင့်တဲ့လူတွေလို့ သူများတွေ တကယ်ထင်သွားကြလိမ့်မယ်”
ထမင်းစားဆောင်အပြင်ဘက်တွင် ကျန်ရှောင်းချွင်းနောက်သို့ ကျမ့်လဲ့ယင် လိုက်မီသွားခဲ့သည်။
“အစ်မလဲ့ယင်၊ ကျွန်မ အဲ့ဒီဆေးခန်းမှာ အလုပ်ဆက်မလုပ်နိုင်တော့ဘူး”
ကျန်ရှောင်းချွင်းက ရှိုက်သံဖြင့် ဆိုလိုက်သည်။
ကျမ့်လဲ့ယင်: “နာလန်စခန်းမှာ နင့်လို အရည်အချင်းရှိတဲ့လူမျိုးကို လိုအပ်တဲ့နေရာတွေ အများကြီး ရှိပါတယ်၊ နင့်ပညာတွေနဲ့ လူတွေကို ကူညီပေးနိုင်သေးတယ်၊ စိတ်ချပါ၊ ဒီကိစ္စကို ခေါင်းဆောင်ပိုင်းဆီတင်ပြပြီး ငါ့လက်ထောက်အဖြစ် အလုပ်လာလုပ်နိုင်အောင် စီစဉ်ပေးမယ်”
ထို့နောက်တွင် ဆေးခန်းရှိ အဆောင်မှလည်း ကျန်ရှောင်းချွင်း ထွက်ခွာ ပြောင်းရွှေ့သွားခဲ့သည်။ သူမကို စစ်တန်းလျားဘက်သို့ ပြောင်းရွှေ့သွားပြီအထင်နှင့် ယဲ့ရှောင်ရှောင်က လိုက်လံမေးမြန်းကြည့်ပါသေးသည်။
ကံကောင်းစွာဖြင့် ကျန်ရှောင်းချွင်း၏ တရားဝင် အလုပ်တာဝန်မှာ အရပ်သားဆေးခန်းနှင့်သာ သက်ဆိုင်နေသေးသဖြင့် လွယ်လွယ်ကူကူနှင့် ပြောင်းရွှေ့၍ မရနိုင်ပေ။
ထို့ကြောင့် ကျမ့်လဲ့ယင်က မည်မျှပင် ကူညီပေးချင်နေပါစေ စစ်တန်းလျားထံသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။
သို့သော် ကျန်ရှောင်းချွင်းသည် ကလေးထိန်းစင်တာအတွင်းရှိ ကလေးငယ်များကို ကျန်းမာရေးစစ်ဆေးပေးဖို့အတွက် တရားဝင် တာဝန်ရရှိသွားခဲ့ပြီး နာလန်စခန်းအတွင်းရှိ မိသားစုများနှင့်လည်း ပိုမို ထိတွေ့ခွင့် ရရှိသွားခဲ့သည်။
ဤအခြေအနေကိုလည်း ကျမ့်လဲ့ယင်က ကူညီကာ စီမံပေးထားခြင်း ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်သည် ကျမ့်လဲ့ယင်နှင့် လမ်းတွင် ဆုံတွေ့သောအခါ စေတနာဖြင့် သတိပေးစကား ဆိုလိုက်သည်။
“ဒေါက်တာကျမ့်၊ သူများတွေကို ကူညီပေးချင်စိတ်ရှိတာ ကောင်းပါတယ်၊ ဒါပေမယ့် ကျောက်တုံးကို မ,ရင်း ကိုယ့်ခြေထောက်ပေါ် ပြန်ပြုတ်ကျမလာအောင်လည်း သတိထားရမယ်နော်”
‘သူများတွေကို ကူညီပေးချင်စိတ်ရှိတာ ကောင်းပါတယ်’ဟူသော စကားမှာ အရွဲ့တိုက်ပြောဆိုနေခြင်းဖြစ်မှန်း သိသာလှပါသည်။
ကျမ့်လဲ့ယင်က ပြန်လည်ချေပလိုက်သည်။
“ဒေါက်တာယဲ့၊ တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲသေးဘူးနော်၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဖယ်ကြဉ်ထားတာ လုံးဝ ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲ”
ယဲ့ရှောင်ရှောင်သည် သူမနှင့် ရှည်ရှည်ဝေးဝေး ဆက်လက်ငြင်းခုံချင်စိတ် မရှိပေ။
ကျမ့်လဲ့ယင်နှင့် ကျန်ရှောင်းချွင်းတို့ နှစ်ဦး၏ ရည်ရွယ်ချက်များ တူညီသလားဟူသည်ကိုလည်း သူမ မသိပါ။ ထို့ကြောင့် သတိပေးစကားဆိုပြီးနောက် ယဲ့ရှောင်ရှောင် လှည့်ထွက်လာခဲ့တော့သည်။
“ကျန်ရှောင်းချွင်းကို ငါစောင့်ကြည့်ထားရမယ် ဟုတ်လား”
ယဲ့ရှောင်ရှောင်၏ စကားကို ကြားပြီးနောက် လီကျန်း အလွန် အံ့အားသင့်သွားခဲ့ရသည်။
ကျန်ရှောင်းချွင်းမှာ သူမတို့နှင့် အတူတူပင် မနေထိုင်တော့သဖြင့် စောင့်ကြည့်ထားစရာ မလိုအပ်လှဟု ထင်မိသည်။
ယဲ့ရှောင်ရှောင်က လီကျန်း၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
“အဲ့တာလေး ကျွန်မကို ကူညီပေးပါ၊ တစ်ရက်ကို တစ်ယွမ် ပေးမယ်လေ”
ထိုအခါ တစ်လဆိုလျှင် ယွမ် ၃၀ ရရှိမည်ဖြစ်ရာ လီကျန်းအတွက် တွက်ခြေကိုက်လှသည်။
“တကယ်လား၊ အဲ့တာဆိုရင်တော့ စောင့်ကြည့်ပေးထားမယ်! ဒါပေမယ့် နင့်ကို အဲ့လောက် ရန်ငြှိုးထားတတ်တဲ့လူလို့ မထင်ခဲ့မိဘူး”
ယခင်တစ်ခေါက်က ကောလဟာလများနှင့် ပတ်သက်၍ ယဲ့ရှောင်ရှောင် အခဲမကျေနိုင်သေးဘဲ ကျန်ရှောင်းချွင်း၏ အပြစ်တစ်ခုခုကို လက်ပူးလက်ကြပ် ဖမ်းဆီးရန် အခွင့်အရေး ရှာနေခြင်းဖြစ်မည်ဟုသာ လီကျန်း ယူဆလိုက်ပါသည်။
ယဲ့ရှောင်ရှောင်သည်လည်း အကျိုးအကြောင်းကို ထပ်မံရှင်းပြမနေတော့ပေ။
လီကျန်းတွင် အလုပ်တာဝန်များများစားစား မရှိသဖြင့် ကျန်ရှောင်းချွင်းကို စောင့်ကြည့်ဖို့ အသင့်တော်ဆုံးလူ ဖြစ်ပေသည်။
တစ်ဖက်တွင်မူ လုဟန်ချွမ်တစ်ယောက် သူ၏တပ်ဖွဲ့နှင့်အတူ စစ်ဆင်ရေးကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီဖြစ်ကာ လက်ရှိတွင် မြို့ထဲ၌ အစည်းအဝေး တက်ရောက်နေပါသည်။
စခန်းသို့ လုဟန်ချွမ် ပြန်လည်ရောက်ရှိလာချိန်တွင် နှစ်သစ်ကူးဖို့ ရက်အနည်းငယ်သာ လိုတော့သည်။
ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်ပြီးနောက်တွင် ကျန်ရှောင်းချွင်းတစ်ယောက် တစ်စုံတစ်ခု မူမမှန်သည်ကို လီကျန်း သတိထားမိခဲ့သည်။
ထိုမိန်းကလေးသည် အားလပ်သည့် အချိန်တိုင်း သုတေသနဌာန၏ အနီးနားတစ်ဝိုက်တွင် အမြဲတမ်း တဝဲလည်လည် လုပ်နေတတ်သည်။
ထို့အပြင် စခန်းအပြင်ဘက်သို့ ထွက်ခွာရသည့် ခရီးတစ်ခုတွင် လူစိမ်းတစ်ယောက်နှင့် ခိုးကြောင်ခိုးဝှက် တွေ့ဆုံခဲ့သေးသည်။
လီကျန်း၏ ပြောပြချက်များကို နားထောင်ပြီးနောက် ကျန်ရှောင်းချွင်းမှာ ရန်သူ့သူလျှိုတစ်ယောက်ဖြစ်မည်ဟု ယဲ့ရှောင်ရှောင် အတည်ပြုနိုင်လုနီးပါး ဖြစ်သွားခဲ့ပါသည်။
“အဲ့ဒီလူနဲ့ ဘာတွေပြောနေတာလဲဆိုတာ အစ်မ ကြားခဲ့လား”
လီကျန်းက ခေါင်းခါသည်။
“မကြားခဲ့ဘူး၊ အကွာအဝေးက နည်းနည်းလှမ်းလို့လေ၊ အဲ့ထက် ပိုတိုးသွားရင်လည်း သူတို့ ရိပ်မိသွားကြလိမ့်မယ်၊ ဒါပေမယ့် သူတို့နှစ်ယောက်က စခန်းအပြင်ဘက်မှာ တွေ့ကြတာဆိုတော့ သူ့ဆွေမျိုး ဒါမှမဟုတ် မိတ်ဆွေတစ်ယောက် ဖြစ်နိုင်တာပဲလေ”
ကျန်ရှောင်းချွင်းမှာ သံသယဖြစ်စရာကောင်းသည်ဟု လီကျန်း ခံစားရသော်လည်း သူလျှိုဟူသည့် အဆင့်အထိ မတွေးမိသေးချေ။
ကျန်ရှောင်းချွင်းအနေဖြင့် နာလန်စခန်းအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်းမှာ အဆင့်ဆင့်သော လုံခြုံရေး စစ်ဆေးမှုများကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့်သာဖြစ်ပြီး စရိုက်မကောင်းလျှင်ပင် နောက်ခံသမိုင်းကြောင်းတွင် ပြဿနာရှိနေသည်ဟု လွယ်လွယ်နှင့် မပြောနိုင်ပေ။
ကျန်ရှောင်းချွင်း ဤနေရာသို့ ရောက်ရှိလာသည်မှာ တစ်လနီးပါးရှိပြီဟု ယဲ့ရှောင်ရှောင် တွေးဆလိုက်သည်။
အကယ်၍ သူမတွင် မရိုးသားသော ရည်ရွယ်ချက်တစ်ခုခု အမှန်တကယ် ရှိနေမည်ဆိုပါက ယခုအချိန်တွင် အလွန် စိတ်လောနေလောက်ပြီ ဖြစ်သည်။
သူမကို ဖမ်းဆီးဖို့အတွက် သက်သေနှင့်တကွ လက်ပူးလက်ကြပ်မိဖို့ လိုအပ်သည်။
အဆင်ပြေတိုက်ဆိုင်စွာဖြင့် လုဟန်ချွမ်လည်း စခန်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ယဲ့ရှောင်ရှောင် စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးနိုင်မည့်သူ ရှိသွားခဲ့သည်။
ကျမ့်လဲ့ယင်၏ ကောလဟာလဖြန့်မှုများကြောင့် ယဲ့ရှောင်ရှောင်နှင့် ကျန်ရှောင်းချွင်းတို့၏ ဆက်ဆံရေးမှာ အလွန်ပင် ဆိုးရွားနေသည်ဟု စခန်းအတွင်းရှိ လူအများစုက ယုံကြည်နေကြပါသည်။
ယဲ့ရှောင်ရှောင်သည် ယခင်က ထိုကိစ္စကို အခြားသူများထံ အစီရင်ခံဖို့ စဉ်းစားမိခဲ့သော်လည်း ခိုင်လုံသော သက်သေ မရှိပါက မိန်းကလေးငယ်နှစ်ဦးအကြား ကတောက်ကဆဖြစ်ခြင်းဟုသာ သတ်မှတ်ခံရလိမ့်မည်ကို စိုးရိမ်မိခဲ့သည်။
လုဟန်ချွမ်သည် တာဝန်များကို အပြီးသတ်ပြီးနောက် ရှောင်ရှောင်နှင့်အတူ ညစာစားဖို့ ထွက်လာခဲ့ပါသည်။
စခန်းသို့ ပြန်ရောက်ခါစဖြစ်သော်လည်း စခန်းအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအချို့ကို ကြားသိပြီးသား ဖြစ်သည်။
“ဆေးခန်းကို သူနာပြုအသစ်တစ်ယောက် ရောက်လာတယ်ဆို”
ယဲ့ရှောင်ရှောင်: “ရှင်လည်း ကျွန်မနဲ့ သူ့အကြားမှာ ဆက်ဆံရေးမကောင်းဘူးလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်”
လုဟန်ချွမ်: “အဲ့တာဆို မင်းတို့နှစ်ယောက်က အဆင်ပြေကြတယ်ပေါ့”
ယဲ့ရှောင်ရှောင်: “အဲ့လိုလည်း မဟုတ်ဘူး၊ ဒါပေမယ့် ကောလဟာလတွေထဲကလောက် မဆိုးပါဘူး၊ ဆေးခန်းမှာရှိတဲ့ ဘယ်သူကမှ သူ့ကို အနိုင်မကျင့်ဘူး၊ အဲ့တာကြောင့် ကောလဟာလတွေကို မယုံနဲ့လို့ ပြောချင်တာ”
လုဟန်ချွမ်သည် ဤနေရာသို့ ရောက်မလာမီကပင် ကျန်ရှောင်းချွင်းအား အခြားနေရာတစ်ခုသို့ တာဝန်ပြောင်းရွှေ့ပေးရန် စဉ်းစားခဲ့ပါသည်။
ဤနေရာထက် ပိုမိုကောင်းမွန်သော နေရာတစ်ခုသို့ ပြောင်းရွှေ့ပေးလိုက်ခြင်းအားဖြင့် သူမကိုယ်တိုင်လည်း ကျေနပ်သွားပြီး နာလန်စခန်းသည်လည်း ယခင်ကကဲ့သို့ ပြန်လည်ငြိမ်းချမ်းသွားလိမ့်မည်ဟု ယူဆခဲ့သည်။
လုဟန်ချွမ်: “အပြင်လူတွေရဲ့ စကားကို ကိုယ်နားမထောင်ပါဘူး၊ အဲ့ကိစ္စတွေကြောင့် ရှောင်ရှောင် စိတ်ညစ်နေမှာကိုပဲ စိတ်ပူတာ”
ယဲ့ရှောင်ရှောင်ကမူ ထိုကိစ္စကြောင့် စိတ်အနှောင့်အယှက် လုံးဝ မဖြစ်ခဲ့ပေ။