← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

📗 Chapter 288

ဝူထောင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“အစကတည်းက အဲ့တစ်ယောက်နဲ့ မင်းအရောတဝင် မနေခဲ့သင့်တာလေ၊ အခု သူသူလျှိုဆိုတာ ပေါ်လာတော့ အရင်က ကောလဟာလတွေကြောင့် အရပ်သားဆေးခန်းက လူတွေက ပိုပြီး ဘေးကင်းသွားကြတာပေါ့”

ကျမ့်လဲ့ယင်၏ လုပ်ရပ်မှာ မိမိအတွက်လည်း အကျိုးမရှိသည့်အပြင် သူတစ်ပါးကိုပါ ဒုက္ခပေးသည့် လုပ်ရပ်မျိုးပင် ဖြစ်သည်။

သူမသည် မူလက အခြားသူတစ်ဦးအား အခက်တွေ့အောင် ကြံစည်ချင်ရုံမျှသာဖြစ်သော်လည်း နောက်ဆုံးတွင်မူ ယဲ့ရှောင်ရှောင် သတိပေးခဲ့သည့်အတိုင်းပင် ကျောက်တုံးကို မ,ရင်း မိမိခြေထောက်ပေါ်သို့ ပြန်ပြတ်ကျသည့် အဖြစ်မျိုးနှင့်သာ ကြုံခဲ့ရတော့သည်။

ကျမ့်လဲ့ယင်တစ်ယောက် ဟန်ဆောင်၍ပင် မပြုံးနိုင်တော့ချေ။

“ဒီတိုင်း စစ်ဆေးမေးမြန်းရုံပဲမလား၊ ကျွန်မအပေါ် ဘာမှ သက်ရောက်မှုကြီးကြီးမားမား မရှိလောက်ပါဘူး ဟုတ်တယ်မလား”

ဝူထောင်က ခေါင်းခါသည်။

“ဘာမှမရှိလောက်ပါဘူး၊ ဒီကိစ္စက စစ်တပ်အတွင်းပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စမှ မဟုတ်တာ၊ ပြီးတော့ ကျန်ရှောင်းချွင်းကလည်း တရားဝင် အထောက်အထား စာရွက်စာတမ်းတွေနဲ့ အလုပ်လုပ်ဖို့ ရောက်လာတဲ့ လူလေ၊ ဒါပေမယ့် တပ်ချုပ်နဲ့ ကော်မရှင်နာတို့ကတော့ ဒီကိစ္စကို သေချောပေါက် စုံစမ်းစစ်ဆေးကြမှာဆိုတော့ ခေါ်ယူစစ်ဆေးမေးမြန်းတာတွေကို ရှောင်လွှဲလို့ရမှာမဟုတ်ဘူး”

ကျမ့်လဲ့ယင်သည် လုပ်ငန်းခွင်တွင် အခက်အခဲများနှင့် ကြုံတွေ့လာရမည်မဟုတ်သော်လည်း ဤဖြစ်ရပ်ကြောင့် စခန်းရှိလူများမှာ သူမကို ယခင်ကကဲ့သို့ ယုံကြည်ကြတော့မည် မဟုတ်ချေ။

မိမိကိုယ်ကိုယ် ဖော်ရွေကူညီပေးတတ်သူတစ်ဦးအဖြစ် အများအမြင်တွင် ပုံဖော်ရန်အတွက် ကျမ့်လဲ့ယင်သည် ကျန်ရှောင်းချွင်းအပေါ် အထူးတလည် ဂရုစိုက်ကြင်နာပြခဲ့သည်။

ထို့ကြောင့် ယခုအခါ ကျန်ရှောင်းချွင်းက သူလျှိုတစ်ဦးဖြစ်နေကြောင်း ပေါ်ပေါက်လာသည့်အခါတွင် သူမအတွက် ရှေ့နေလိုက်ပေးခဲ့ဖူးသူများမှာ နောက်ကျောကို ဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားလေတော့သည်။

စိတ်ပျက်စရာကောင်းလှသော်လည်း လူ့သဘောသဘာဝမှာ အမြဲတမ်း ခန့်မှန်းရ ခက်လှပါသည်။

တစ်ဖက်တွင်မူ ယဲ့ရှောင်ရှောင်ထံသို့ ထိုဖြစ်ရပ်အကြောင်း တမင်တကာ လာရောက်မေးမြန်းကြသူများစွာ ရှိလာခဲ့သည်။

“ဒေါက်တာယဲ့၊ ကျန်ရှောင်းချွင်း တစ်ခုခုမူမမှန်တာကို အစောကြီးကတည်းက ကြိုရိပ်မိထားလို့ သူ့ကို ဝိုင်းပယ်ထားခဲ့ကြတာလား”

ယဲ့ရှောင်ရှောင်သည် ထိုကဲ့သို့ မေးခွန်းများအတွက် အဖြေတိတိကျကျ မပေးခဲ့ပေ။ ထိုမေးခွန်းကို ကြားရတိုင်း အပြုံးဖြင့်သာ တုံ့ပြန်ခဲ့ပါသည်။

ဤကဲ့သို့ ရေငုံနှုတ်ပိတ်ပြီး မပြတ်မသားအမူအရာ ထုတ်ပြခြင်းမှာ အနည်းငယ် ပေါ့ပျက်ပျက်နိုင်သည်ဟု ထင်ရသော်လည်း လက်ရှိအခြေအနေကို ကိုင်တွယ်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပေသည်။

လီကျန်းကမူ ယဲ့ရှောင်ရှောင်လောက် သဘောကောင်းမနေပေ။

တစ်စုံတစ်ဦးက ထိုသို့ လာရောက်မေးမြန်းလိုက်တိုင်း ခက်ထန်စွာ ပြန်လည်ချေပတတ်သည်။

“ငါတို့သာ ကြိုသိခဲ့ရင် အစောကြီးကတည်းက တိုင်ခဲ့မှာပေါ့! ပြီးတော့ နင်တို့ကိုယ်နင်တို့လည်း ပြန်ကြည့်ကြပါဦး၊ ငါတို့ကို စွပ်စွပ်စွဲစွဲတွေ ပြောတုန်းကကျတော့ ဒီလိုအချိုးမျိုး မဟုတ်ပါဘူး!”

ထိုသို့အပြောခံရသူမှာ အနည်းငယ် လိပ်ပြာမလုံဖြစ်သွားကာ ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပါသည်။

“အဲ့လိုမဟုတ်ပါဘူး၊ ငါတို့က မကောင်းမှုကို ရန်သူလို သဘောထားတတ်လို့ပါ၊ အားလုံး နားလည်မှုလွဲသွားတာ”

လီကျန်းက မယုံကြည်ပေ။

“နောက်နောင် အဲ့လို နားလည်မှုလွဲတာမျိုး ထပ်မဖြစ်ရင် အကောင်းဆုံးပေါ့၊ ဖြစ်လာခဲ့ရင်တော့ ငါတို့လုံးဝ သည်းခံနေမှာ မဟုတ်ဘူး”

တွေ့သမျှလူကို လိုက်လံဟောက်ငေါက်နေတတ်သည့် လီကျန်း၏ အကျင့်ကြောင့် ဆေးခန်းသို့ လာစပ်စုသူဦးရေမှာ သိသိသာသာ လျော့နည်းသွားခဲ့ပါသည်။

အစောပိုင်း ဂယက်ရိုက်ခတ်မှုများ ငြိမ်သက်သွားပြီးနောက် ပြဿနာတစ်ခုလုံးမှာ ခပ်မြန်မြန်ပင် တည်ငြိမ်သွားခဲ့တော့သည်။

စခန်းတစ်ခုလုံးကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့သော သူလျှိုကိစ္စမှာ သုံးရက်မှ ငါးရက်အတွင်းမှာပင် ပြီးဆုံးသွားခဲ့ရသည်။

သို့သော် အခြေအနေမှန်ကို မသိရှိကြသူများအတွက် အပေါ်ယံ တည်ငြိမ်သွားခြင်းသာဖြစ်သည်။

ကျန်ရှောင်းချွင်းကို စစ်ဆေးမေးမြန်းပြီး သူလျှိုကိစ္စနှင့် ပတ်သက်သည့် အချက်အလက်များကို ပိုမိုရရှိလာချိန်မှသာ အထက် အရာရှိကြီးများက အမှန်တကယ် စတင် လှုပ်ရှားခဲ့ကြပါသည်။

လုဟန်ချွမ်တို့ဘက်မှလည်း အချက်အလက်အချို့ကို စုံစမ်းရရှိခဲ့ပြီးနောက် အထက်လူကြီးများထံသို့ အစီရင်ခံ တင်ပြခဲ့သည်။

တပ်ချုပ်နှင့် ကော်မရှင်နာရှုတို့နှစ်ဦးလည်း နှစ်သစ်ကူးမတိုင်မီ စခန်းသို့ ထပ်မံရောက်ရှိလာခဲ့ကြပါသည်။

ကော်မရှင်နာရှု၏ ရောဂါမှာ အရှင်းပျောက်ကင်းသွားခဲ့ပြီဖြစ်သည်။

ယခုအခါ သူ့ကို ကြည့်လိုက်လျှင် လွန်ခဲ့သော တစ်လခန့်က ကုတင်ပေါ်တွင် လှဲလျောင်းနေခဲ့ရသော လူနာဖြစ်သည်ဟု မည်သူမှ မထင်မှတ်နိုင်လောက်အောင်ပင် ဖြစ်သည်။

ကော်မရှင်နာရှုသည် အစည်းအဝေး တက်ရောက်ဖို့ အပြင် ယဲ့ရှောင်ရှောင်အတွက် အထူးလက်ဆောင်တစ်ခုကိုပါ ယူဆောင်လာခဲ့ပါသည်။

အစည်းအဝေးပြီးဆုံးသွားသောအခါ လုဟန်ချွမ်အား သူလှည့်ပြောလိုက်သည်။

“ဒေါက်တာယဲ့အတွက် အမဲသားဟင်းလေးနည်းနည်း ယူလာခဲ့တယ်၊ ကိုယ်တိုင်ချက်ထားတာပါ”

၎င်းမှာ အလွန်တရာ အဖိုးတန်လှသည့် လက်ဆောင်ပစ္စည်းမျိုး မဟုတ်သော်လည်း စိတ်ရင်းစေတနာဖြင့် ပေးသည့် လက်ဆောင်စစ်မှန်လျှင် လူနှစ်ဦး၏ ဆက်ဆံရေးကို ပိုမိုတိုးတက်လာစေပါလိမ့်မည်။

ထို့အပြင် ကော်မရှင်နာရှုသည် လုဟန်ချွမ်ကို အသိပေးလိုက်သော်လည်း ယဲ့ရှောင်ရှောင်ထံသို့ တစ်ဆင့် ပေးခိုင်းလိုက်ခြင်း မဟုတ်ပေ။

ယဲ့ရှောင်ရှောင်ထံသို့ သူကိုယ်တိုင် သွားရောက်ပေးအပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ရာ သူမအပေါ် မည်မျှ အလေးအနက်ထားကြောင်း ပေါ်လွင်လှသည်။

တပ်ချုပ်ကလည်း သဘောတူသည်။

“ဒါဆို ဆေးခန်းကို အားလုံးအတူတူ လမ်းလျှောက်သွားကြတာပေါ့၊ ဒီလိုကိစ္စမျိုး ဖြစ်လာတော့ ဆေးခန်းက ရဲဘော်တွေလည်း တော်တော်လေး ထိတ်လန့်သွားကြမှာပဲ”

ဆေးခန်းတွင် ခိုးယူစရာ အဖိုးတန်ပစ္စည်းများများစားစား မရှိသော်လည်း တာဝန်အရ စုံစမ်းစစ်ဆေးဖို့နှင့် မေးမြန်းဖို့ လိုအပ်ပါသည်။ တပ်ချုပ်ကိုယ်တိုင်က ထိုသို့ပြောသဖြင့် လုဟန်ချွမ်လည်း ကန့်ကွက်စရာ မရှိပေ။

ယဲ့ရှောင်ရှောင်တစ်ယောက် ဆေးခန်းတွင် ဆေးကျိုချက်နေစဉ် လူအမြောက်အများ ရောက်ရှိလာသည်ကိုမြင်ပြီး အလွန် အံ့အားသင့်သွားခဲ့ရသည်။

အကြောင်းမှာ ဤလူများအားလုံးက ထိပ်တန်းခေါင်းဆောင်ကြီးများ ဖြစ်ကြပြီး တပ်မှူးနှင့် ကော်မရှင်နာတို့ဟူသည်မှာလည်း ပုံမှန်အားဖြင့် တွေ့ဆုံဖို့ အလွန်ခဲယဉ်းလှသော ပုဂ္ဂိုလ်ကြီးများ ဖြစ်နေခြင်းကြောင့်ပင်။

ယဲ့ရှောင်ရှောင်၏ အကြည့်က ကော်မရှင်နာရှုထံသို့ အရင်ဆုံး ရောက်ရှိသွားခဲ့သည်။

“ကော်မရှင်နာရှုရဲ့ အသားအရေတွေ အများကြီး ပိုကြည့်ကောင်းလာပြီနော်”

ရှုကျစ်လင်: “ဒေါက်တာယဲ့ရဲ့ ကျေးဇူးကြောင့် ကျုပ်အသက်ရှင်ခွင့် ရခဲ့တာပါ”

ယဲ့ရှောင်ရှောင်သည် အသက် ၂၀ ဝန်းကျင်သာ ရှိသေးသော်လည်း သူမကို ရှုကျစ်လင် အထင်မသေးရဲပေ။

အမဲသားဟင်းကို ယဲ့ရှောင်ရှောင်ထံသို့ ကမ်းပေးရင်း ရှင်းပြလိုက်သည်။

“ဒါအိမ်မှာ ကိုယ်တိုင်ချက်ထားတဲ့ အမဲသားပါ၊ အရသာက မြို့တော်ကစတိုင်နဲ့ နည်းနည်းတော့ ကွဲပြားနေလိမ့်မယ်၊ ဒေါက်တာယဲ့ မြည်းစမ်းကြည့်ပါဦး”

ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ်”

ခေါင်းဆောင်ကြီးတစ်ဦးမှ သာမန်လူတစ်ဦးအား လက်ဆောင်ပေးအပ်သည်ကို ကျောက်ချွင်းဟွာ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။

ကော်မရှင်နာရှု၏ အပြုံးမှာ အလွန်ပင် နွေးထွေးနေပြီး ယဲ့ရှောင်ရှောင်ကို လေးစားထိုက်သော မျိုးဆက်သစ် လူငယ်တစ်ဦးအဖြစ် သဘောထားမှန်း သိသာလှပေသည်။

ဤသည်မှာ ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်သော်ငြား အံ့အားသင့်စရာ ပိုကောင်းသည်မှာ တပ်ချုပ်ကိုယ်တိုင်လည်း ဤနေရာသို့ လိုက်ပါလာခြင်းပင်။

တပ်ချုပ်သည် ကော်မရှင်နာရှုနှင့် မတူဘဲ ပုံမှန်အားဖြင့် ပညာတတ်ဆန်ပြီး သိမ်မွေ့လွန်းသူများ သို့မဟုတ် အလိုလိုက်ခံထားရသူများကို ကြည့်မရတတ်ပေ။

ယဲ့ရှောင်ရှောင်မှာ ထိုအချက်နှစ်ချက်စလုံးနှင့် ကိုက်ညီနေသော်လည်း တပ်ချုပ်၏ သဘောထားမှာမူ သိသိသာသာ နူးညံ့ပျော့ပြောင်းနေခဲ့ပါသည်။

တပ်ချုပ်နှင့် ကော်မရှင်နာရှုတို့နှစ်ဦးသည် ဆေးခန်းတွင် ခေတ္တသာ စကားထိုင်ပြောခဲ့ပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

ထိုအကြောင်းကို ကြားသိသောအခါ ကျမ့်လဲ့ယင်တစ်ယောက် မကျေနပ်ချက်များစွာဖြင့် အောက်နှုတ်ခမ်းကို သွေးထွက်လုနီးပါး ကိုက်ထားမိသည်။

ယခင်က သူမသည် မိမိ အစွမ်းအစရှိသမျှ ကြိုးစားအားထုတ်ခဲ့သော်လည်း တပ်ချုပ်နှင့် ကော်မရှင်နာတို့ထံမှ မည်သို့သော အကျိုးခံစားခွင့်မှ မရရှိခဲ့ချေ။

သို့သော် ဤနေရာသို့ ယဲ့ရှောင်ရှောင် ရောက်ရှိလာသည်မှာ တစ်နှစ်ပင် မပြည့်သေးဘဲ ခေါင်းဆောင်ကြီးနှစ်ဦးနှင့် တွေ့ဆုံဖူးသည့် အကြိမ်အရေအတွက်မှာလည်း တစ်ဖက်တည်းနှင့် လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။

တပ်ချုပ်နှင့် ကော်မရှင်နာရှုတို့သည် စခန်းတွင် နှစ်ရက်မျှသာ နေထိုင်ကြပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြသည်။

သူတို့ မထွက်ခွာမီ ကျမ့်လဲ့ယင်သည် လမ်းတွင် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့သယောင် ဟန်ဆောင်ကာ ခေါင်းဆောင်ကြီးနှစ်ဦးအား သွားရောက်နှုတ်ဆက်ခဲ့ပါသည်။

ကော်မရှင်နာရှုက သူမကို စစ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးအဖြစ် မှတ်မိနေပါသေးသည်။

ယခင်တစ်ခေါက်က အစာအဆိပ်သင့်မှု ဖြစ်ပွားစဉ်က သူ့အား IV ချိတ်ပေးရန် ကူညီပေးခဲ့ဖူးသည်။ သို့သော် သူမ၏ မျက်နှာကို ရင်းနှီးနေသော်ငြား အမည်ကိုမူ မမှတ်မိတော့ချေ။

“ဒါနဲ့… မင်းနာမည်က ဘယ်လိုခေါ်တာ”

ကျမ့်လဲ့ယင်၏ မျက်နှာတစ်ခုလုံး တောင့်တင်းသွားရသည်။

“အစီရင်ခံပါတယ်၊ ကျွန်မနာမည် ကျမ့်လဲ့ယင်ပါ”

ထိုအခါမှသာ ကော်မရှင်နာရှုတစ်ယောက် အနည်းငယ် မှတ်မိသွားခဲ့သည်။

“ဪ မိန်းကလေးကျမ့်ပဲ၊ မှတ်မိပြီ မှတ်မိပြီ၊ ခုခေတ်လူငယ်တွေက တော်တော်ထူးချွန်ကြတာပဲ၊ ဒီမှာ အလုပ်ကို ကြိုးစားနော်၊ နောက်နောင် ပိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရလာမှာပါ”

ကျမ့်လဲ့ယင် အမှန်တကယ် ကြားချင်နေသည့်စကားမှာ သူမအား ဤနေရာမှ ပြောင်းရွှေ့ပေးမည်ဟူသော စကားသာ ဖြစ်ပြီး သူမ၏ ငယ်ရွယ်နုပျိုမှုကို ဤနေရာ၌ အကန့်အသတ်မရှိ ဆက်လက်ဖြုန်းတီးခိုင်းသည့် စကားမျိုးမဟုတ်ချေ။

ကော်မရှင်နာရှု၏ တုံ့ပြန်မှုက သူမကို စိတ်ပျက်စေခဲ့သည်။ သို့သော်ငြားလည်း ခေါင်းဆောင်ကြီးတစ်ဦး၏ အားပေးစကားဖြစ်သဖြင့် ကျမ့်လဲ့ယင်တစ်ယောက် အပြုံးဖြင့်သာ လက်ခံခဲ့ရတော့သည်။

တစ်ဖက်တွင်မူ ကျမ့်လဲ့ယင်၏ အမည်ကိုကြားပြီး တပ်ချုပ်မှာ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းက တင်ပြထားသော အစီရင်ခံစာများထဲတွင် ကျမ့်လဲ့ယင်သည် ထိုသူလျှိုနှင့် အတော်လေး ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အစီရင်ခံစာ ရေးသားသူကိုလည်း အပြစ်တင်၍ မရပေ။ ဤကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားပြီးနောက် အထက်လူကြီးများအား အသေးစိတ် အကြောင်းကြားရန်အတွက် စာလုံးရေ သောင်းချီရှိသော အစီရင်ခံစာများတွင် အသေးအဖွဲကိစ္စများမှအစ ထည့်သွင်း ရေးသားကြရသည်။

တစ်ခါတရံတွင်မူ အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ရေးသားရပြီး အလယ်တွင် ကွဲလွဲချက်အချို့ ရှိနေပါကလည်း ထပ်ခါတလဲလဲ ဖော်ပြရတတ်သည်။

ထို့ကြောင့် အစီရင်ခံစာများထဲတွင် ကျမ့်လဲ့ယင်၏ အမည်ပါဝင်နေခြင်းမှာ မထူးဆန်းလှပေ။ သူမ အမှန်တကယ် ပြုလုပ်ခဲ့သည့် လုပ်ရပ်များ ဖြစ်နေခြင်းကြောင့်ပင်။

တပ်ချုပ်သည် ကျမ့်လဲ့ယင်၏ ရှေ့တွင် မည်သည့်စကားမှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သော်လည်း အပြန်ခရီးလမ်းတွင် ကော်မရှင်နာရှုနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ကော်မရှင်နာရှုက ဆိုသည်။

“ကျမ့်လဲ့ယင်က မြို့ထဲကနေ တာဝန် ပြောင်းရွှေ့လာတာမလား၊ နာလန်စခန်းမှာ တာဝန်ကျနေတာလည်း နှစ်တော်တော် ကြာပြီလေ၊ ဘာပြဿနာမှ မရှိလောက်ပါဘူး”

ဤဖြစ်ရပ်တွင် မသင့်တော်သည့် အချက်များ ရှိနေသော်လည်း ကျန်ရှောင်းချွင်းက သူလျှိုတစ်ဦးဖြစ်နေလိမ့်မည်ဟု မည်သူကမှ ကြိုတင်ခန့်မှန်းနိုင်မည် မဟုတ်ပေ။

သို့သော် သူမအပေါ် တပ်ချုပ် သံသယဝင်နေသည်ကိုလည်း တားဆီး၍ မရနိုင်ပါ။ တစ်စုံတစ်ဦးအပေါ် သံသယစိတ် ဝင်သွားခဲ့လျှင် စိတ်ထဲတွင် အပြစ်ရှိသည်ဟု သတ်မှတ်လိုက်ခြင်းနှင့် အတူတူပင်။

တပ်ချုပ်ကဆိုသည်။

“ဘာပဲဖြစ်ဖြစ် ဘေးကင်းဖို့အတွက် ကျမ့်လဲ့ယင်ရဲ့ အလုပ်တာဝန်ကို ပြောင်းရွှေ့ပေးလိုက်တာ ပိုကောင်းမယ်”

မျှော်လင့်မထားသည့် အခြေအနေများကြောင့် သူမ၏ ဆန္ဒများ အမှန်တကယ် ပြည့်ဝလာလိမ့်မည်ဟု ကျမ့်လဲ့ယင် လုံးဝ ထင်မှတ်မထားခဲပေ။

သို့သော် ဤဖြစ်ရပ်မှာ အလုံးစုံကောင်းမွန်နေသည့် ကိစ္စတစ်ခုတော့ ဖြစ်လာနိုင်မည် မဟုတ်ချေ။

ကျမ့်လဲ့ယင်သည် နာလန်စခန်းတွင် ရာထူးအရှိန်အဝါကြီးမားသည့် အရာရှိတစ်ဦးဖြစ်ခဲ့သော်လည်း ဤနေရာမှ ထွက်ခွာသွားရမည်ဆိုလျှင် သူတစ်ပါး၏ လက်အောက်တွင်သာ အလုပ်လုပ်ရတော့မည်ဖြစ်ကာ ယခင်ကကဲ့သို့ လွတ်လပ်ခွင့်မျိုးကိုလည်း ခံစားရတော့မည် မဟုတ်ချေ။

All Chapters