← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

📗 Chapter 289

ကျမ့်လဲ့ယင်၏ အလုပ်ပြောင်းရွှေ့မည့်ကိစ္စမှာ အလျင်အမြန်ပင် အတည်ပြုချက် ရရှိသွားခဲ့သော်လည်း တရားဝင် ပြောင်းရွှေ့ရမည့် ရက်မှာမူ နှစ်သစ်ကူးပြီးမှသာ ဖြစ်သည်။

သူမ၏ နေရာတွင် အစားထိုးဝင်ရောက်လာမည့် ဆရာဝန်မှာ အသက် ၄၀ ကျော်အရွယ်ရှိသော အမျိုးသား ဆရာဝန်တစ်ဦးဖြစ်သည်။

ဇနီးနှင့် သားသမီးများလည်း ရှိပြီး အိမ်ထောင်သည်ပီပီ ရိုးသားဖြောင့်မတ်ကာ အားကိုးထိုက်သူတစ်ဦးဖြစ်ရုံမျှသာမက မည်သည့်အခါမှ ပြဿနာရှာမည့်လူမျိုးလည်း မဟုတ်ပေ။

ဆရာဝန်အသစ် ရောက်ရှိလာသည်မှာ ရက်အနည်းငယ်မျှ ရှိနေပြီဖြစ်သော်လည်း ခေါင်းဆောင်ကြီးများအား သွားရောက်နှုတ်ဆက်လိုက်ခြင်းအားဖြင့် ဤကဲ့သို့ အလုပ်ပြောင်းရွှေ့ခွင့် အမှန်တကယ် ရရှိသွားခဲ့သည်ကို ကျမ့်လဲ့ယင်တစ်ယောက် ယခုချိန်ထိ မယုံကြည်နိုင် ဖြစ်နေပါသေးသည်။

သူမ သွားရောက်ရမည့် နေရာမှာ အနောက်မြောက်ပိုင်းဒေသတွင်သာ ရှိနေသေးသော်လည်း ဤကဲ့သို့ ဝေးလံခေါင်ဖျားသည့် စခန်းမှနေ၍ မြို့ပေါ်သို့ပြောင်းရွှေ့ရခြင်းဖြစ်သည်။

မြို့ပေါ်တွင်ဆိုလျှင် အလုပ်ခွင်ပတ်ဝန်းကျင်မှာ ဤမျှအထိ အထီးကျန်ဆန်နေတော့မည် မဟုတ်သလို လူနေမှုဘဝ အခြေအနေများမှာလည်း များစွာ ပိုမိုတိုးတက်လာပေလိမ့်မည်။

ကျမ့်လဲ့ယင် ထွက်ခွာရမည်ကို သိရှိသွားသောအခါ ဝူထောင်တစ်ယောက် အလွန်နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။

“လဲ့ယင်… မင်းအခုနေ ထွက်သွားရင် နောက်ပိုင်းကျ ကိုယ်တို့အတူတူ ဘယ်လိုပြောင်းရမလဲ၊ ကိုယ်က ပေကျင်းမြို့အနီးနားတစ်ဝိုက်မှာ တာဝန်ကျနိုင်ခြေများတယ်နော်၊ အဲ့ဒီက ပတ်ဝန်းကျင်အခြေအနေကလည်း ဒီ့ထက် အဆပေါင်းများစွာ ပိုသာတယ်လေ”

ကျမ့်လဲ့ယင်သည်လည်း ထိုအချက်ကို ကောင်းစွာ သိရှိနားလည်ထားပါသည်။

သို့သော် ဝူထောင်၏ စကားများက မသေချာမရေရာသည့် အနာဂတ်မျှသာဖြစ်ပြီး လက်တွေ့ဆုပ်ကိုင်နိုင်သည့် အခွင့်အရေးက သူမရှေ့သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ကျမ့်လဲ့ယင် နှစ်သိမ့်စကားဆိုလိုက်သည်။

“ကျွန်မ မြို့ပေါ်ကို အရင်သွားလိုက်မယ်၊ ရှင်တာဝန်ပြောင်းရွှေ့ခံရတဲ့အချိန်ကျမှ အတူတူပြောင်းဖို့ နည်းလမ်းတစ်ခုခု ရှာလိုက်မယ်လေ”

အကယ်၍ သူတို့ လက်ထပ်ဖြစ်ခဲ့ကြလျှင် ကျမ့်လဲ့ယင်သည် မိသားစုဝင်တစ်ဦးအနေဖြင့် ဝူထောင် တာဝန်ကျရာ ဒေသသို့ အတူလိုက်ပါသွားနိုင်ပါသည်။

သူမကိုယ်တိုင်ကလည်း ဆရာဝန်တစ်ဦးဖြစ်သည့်အလျောက် စစ်တပ်မှ သူမအတွက် အလုပ်အကိုင်တစ်ခုခု စီစဉ်ပေးနိုင်မည်မှာ သေချာသည်။

ဝူထောင်က ကျမ့်လဲ့ယင်ကို ငေးကြည့်လျက် ဆိုလိုက်သည်။

“ကိုယ်တို့ရဲ့ လက်ထပ်ခွင့်အစီရင်ခံစာက အခုချိန်ထိ ကျမလာသေးဘူးလေ”

ကျမ့်လဲ့ယင်: “မကြာခင် ကျလာတော့မှာပါ ဟုတ်တယ်မလား”

ကျမ့်လဲ့ယင်သည် ဖြူစင်ရိုးသားမှုအပြည့်ရှိသော မျက်နှာဝိုင်းဝိုင်းလေးကို ပိုင်ဆိုင်ထားပြီး ပခုံးစွန်းအထိ ဝဲကျနေသော ဆံပင်တိုလေးက သူမ၏ သိက္ခာရှိပြီး နူးညံ့ညင်သာသော အမူအရာလေးများကို ပိုမိုထင်ရှားပေါ်လွင်စေပါသည်။

ထိုကဲ့သို့ ဆွဲဆောင်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည့်အခါ ဝူထောင်တစ်ယောက် ငြင်းဆန်ရန် စကားလုံးပင် ရှာမရတော့ပေ။

ထို့ကြောင့် ဝူထောင်မှာ စိတ်မပါလက်မပါ ခေါင်းသာ ညိတ်ပြလိုက်ရတော့သည်။

“အင်း…”

“ကျွန်မလည်း ကျွန်မတို့ရဲ့ အနာဂတ်အတွက် ကြိုးစားနေတာပါ၊ မြို့ပေါ်မှာ အရင်အလုပ်သွားလုပ်မယ်၊ တကယ်လို့ ရှင်တာဝန်ရွှေ့ပြောင်းခွင့် ချက်ချင်း မရသေးရင်တောင်ကိစ္စမရှိဘူး၊ ကျွန်မတို့ လက်ထပ်စရာရှိတာ လက်ထပ်ထားကြမယ်”

သေချာစဉ်းစားကြည့်သောအခါ သူမ၏ စကားလုံးများက အဓိပ္ပာယ်ရှိသည်ဟု ဝူထောင် ခံစားလိုက်ရသည်။

နာလန်စခန်းတွင် ဤမျှအထိ တပ်ဖွဲ့အင်အား အမြောက်အများ ချထားရခြင်းမှာ ပတ်ဝန်းကျင်ရှိ အကြမ်းဖက် ရာဇဝတ်သားများကို နှိမ်နင်းရန်အတွက်ဖြစ်သည်။

ဤနယ်မြေရှိ ရာဇဝတ်ဂိုဏ်းများကို အမြစ်ပြတ် ချေမှုန်းပြီးသည်နှင့် မြို့တော်သို့ ပြန်ခွင့် မရသေးလျှင်ပင် သူ၏ စွမ်းဆောင်ရည်များကြောင့် ရာထူးတိုးမြှင့်ခံရမည်မှာ သေချာသည်။

တစ်ဖက်တွင်မူ ကျမ့်လဲ့ယင် တာဝန်ပြောင်းရွှေ့ခံရသည့်အကြောင်းကို ဆေးခန်းမှလူများ မသိရှိကြသေးပေ။

ထို့ကြောင့် အသစ်ရောက်ရှိလာသည့် ဆရာဝန်ကိစ္စကြောင့် လီကျန်း အနည်းငယ် မကျေမနပ်ဖြစ်မိပါသည်။

“လုပ်သားအင်အား လိုအပ်နေတာ ငါတို့ဆေးခန်းလေ၊ ဘာလို့ စစ်တပ်ဘက်ကိုပဲ အပိုဆရာဝန်တစ်ယောက် ပို့ပေးလိုက်ရတာလဲ”

ကျောက်ချွင်းဟွာက ချေပသည်။

“ငါတို့ဆီမှာ ဘာလူအင်အားမှ မလိုသေးပါဘူး၊ ပြီးတော့ ငါတို့ဆီ လူပိုတစ်ယောက် ရောက်လာခဲ့တုန်းကလည်း နင့်အလုပ်တွေကို လာလုနေပါတယ်ဆိုပြီး ပွစိပွစိ ပြောနေတာ မဟုတ်ဘူးလား၊ အခုတော့ အဆင်ပြေသွားပြီ၊ အလုပ်တွေအကုန် နင်တစ်ယောက်တည်း သိမ်းကျုံးလုပ်ပေတော့”

လီကျန်းမှာ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်ပင် ပေါက်သွားတော့သည်။

လုပ်စရာအလုပ် နည်းပါးလွန်းသည်ဟု ညည်းတွားခဲ့စဉ်က မိမိခေါင်းထဲ ဘာတွေရှိနေခဲ့မှန်းပင် လီကျန်း နားမလည်နိုင်တော့ပေ။

သို့သော် သေချာပြန်စဉ်းစားကြည့်သောအခါ ကျန်ရှောင်းချွင်း၏ ကြောင်သူတော် ကြွက်သူခိုးနိုင်သော အပြုအမူများကို ကြည့်မရ၍သာ ထိုသို့တွေးခဲ့မိခြင်းဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်ပါသည်။

‘ဟုတ်တယ်၊ အဲ့တာကြောင့်ပဲ ဖြစ်ရမယ်!’

ကျောက်ချွင်းဟွာသည်လည်း အခြေအနေကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေရပါသည်။

ယခင်က ဆေးခန်းတွင် ယန်ကျွမ်းနှင့် လီကျန်းတို့ နှစ်ဦးတည်း ရှိနေလျှင် လုံလောက်နေပြီဟု သူယူဆခဲ့သည်။ လူနာများများစားစားမရှိသဖြင့် ယန်ကျွမ်းမှာ အလုပ်ချိန်အတွင်း၌ စာအုပ်ပင် ဖတ်နိုင်ခဲ့ပါသေးသည်။

သို့သော် ယဲ့ရှောင်ရှောင် ရောက်ရှိလာသည့်အချိန်မှစ၍ ဆေးခန်းသို့ နေ့စဉ်ရက်ဆက် လူနာများစွာ ရောက်ရှိလာခဲ့သည်။

ထိုမျှသာမကသေးဘဲ ဆေးကျိုချက်ဖို့နှင့် အပ်စိုက်ကုသမှုများလည်း လာရောက်ခံယူကြသဖြင့် ဆေးခန်းထဲတွင် လူနာ ပြတ်လပ်သည်ဟူ၍ မရှိသလောက် ရှားလာခဲ့ပါသည်။

‘လူနာပမာဏက ပိုများလာတာလား’

ထိုအတွေးဖြင့် ကျောက်ချွင်းဟွာ တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားခဲ့သည်။

‘လခွမ်း… ဧကန္တ အရင်တုန်းက ငါတို့ဆေးခန်းကို အထင်မကြီးလို့ ဘယ်သူမှ မလာကြတာများလား… ဟုတ်တယ်၊ အဲ့လိုပဲ ဖြစ်ရမယ်’

ထိုအချက်ကို နားလည်သွားပြီးနောက် မိမိ၏ မာနများ ထိခိုက်သွားသလို ခံစားလိုက်ရသဖြင့် ကျောက်ချွင်းဟွာတစ်ယောက် စိတ်သက်သာရာရစေမည့် နည်းလမ်းများကို ရှာဖွေဖို့ အပြင်ထွက်လာခဲ့တော့သည်။

တစ်ဖက်တွင် ယဲ့ရှောင်ရှောင်ထံသို့ မိသားစုဝင်များဆီမှ စာများ ထပ်မံရောက်ရှိလာခဲ့ပါသည်။ တစ်စောင်ကို ပိုင်ချွမ်ရွာမှ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

စာကို မြောင်စွေ့ဖန်းက ရေးသားထားခြင်းဖြစ်ပြီး ယောင်းမအကြီးဆုံး ကျန်းရွှယ်က စာတိုက်မှတဆင့် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ပါသည်။

စာထဲတွင် သူမ၏ ဒုတိယယောင်းမဖြစ်သူ ရှန်းချို့ယွီ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ရေးသားထားသည်။ ထို့ကြောင့် မြောင်စွေ့ဖန်းသည် ရှန်းမြို့တော်သို့ သွားရောက်ကာ ချွေးမဖြစ်သူနှင့် တွေ့ဆုံဖို့ ဆုံးဖြတ်ထားပါသည်။

ကလေးမီးဖွားပြီးသည့်အချိန်တွင်လည်း မြောင်စွေ့ဖန်းက အနီးကပ် ဆက်လက်ပြုစုပေးသွားဖို့ ရည်ရွယ်ထားသည်။

ယဲ့ရှောင်ရှောင်မှာ အလွန်ပင် ဝမ်းသာပီတိဖြာခဲ့ရသည်။ သူမ တူလေး သို့မဟုတ် တူမလေးအသစ်တစ်ယောက် ထပ်မံ ရရှိပါတော့မည်။

ယခုတစ်ခေါက် တူမလေးဖြစ်လျှင် သိပ်ကောင်းမည်ဟု ယဲ့ရှောင်ရှောင် တွေးမိသည်။

ယဲ့မိသားစုတွင် သားယောက်ျားလေး များစွာရှိသဖြင့် ဒုတိယယောင်းမက သမီးမိန်းကလေးတစ်ဦးသာ မွေးဖွားပေးနိုင်လျှင် အလွန် အလိုလိုက်ခံရပါလိမ့်မည်။

ထို့နောက် ဆရာကြီးစုန့်ကွမ်းကျင့်ထံမှလည်း စာတစ်စောင် ရရှိခဲ့သည်။ စုန့်ကွမ်းကျင့်မှာ ယဲ့ရှောင်ရှောင်အတွက် အမြဲမပြတ်စိုးရိမ်ပူပန်နေပါသေးသည်။

သူမကို အနောက်မြောက်ပိုင်းဒေသတွင် အလုပ်သင်ဆင်းခွင့်ပေးခဲ့မိသည့်အတွက် အလွန်နောင်တရနေကြောင်း ဆိုခဲ့သည်။

သူမ၏ ဆေးပညာစွမ်းရည်များ ကျဆင်းသွားမည်ကို စိတ်ပူခြင်းကြောင့် မဟုတ်ဘဲ မိမိ၏ တပည့်မလေး ထိုနေရာတွင် ဆင်းရဲဒုက္ခ ခံစားရမည်ကို စိုးရိမ်ခြင်းကြောင့်သာ ဖြစ်ပါသည်။

စာထဲတွင် ယခုတစ်ခေါက် ပေကျင်းမြို့သို့ ယဲ့ရှောင်ရှောင် ပြန်ရောက်သည်နှင့် နောက်နောင် မည်သည့်နေရာကိုမှ အလွယ်တကူ ထပ်မံထွက်ခွာခွင့် ပြုတော့မည် မဟုတ်ကြောင်းနှင့် သူလုံးဝ သဘောတူမည် မဟုတ်ကြောင်းကိုပါ အတိအလင်း ရေးသားထားပါသည်။

ယဲ့ရှောင်ရှောင်သည် ဆရာဖြစ်သူ စိတ်အေးစေဖို့အတွက် စာတစ်စောင် ချက်ချင်း ပြန်လည်ရေးသားပေးလိုက်သည်။

ပေကျင်းမြို့သို့ ပြန်ရောက်လျှင် သူမ၏ ဆေးပညာစွမ်းရည်များ တိုးတက်ဖို့အတွက်သာ အာရုံစိုက်တော့မည်ဖြစ်ပြီး နောက်နောင် မည်သည့်ရပ်ဝေးဒေသကိုမှ ထပ်မံထွက်ခွာတော့မည် မဟုတ်တော့ကြောင်း ကတိပေးလိုက်ပါသည်။

ထို့အတူ စုန့်ရှောင်းကွမ်ထံမှလည်း စာတစ်စောင် ရောက်ရှိလာခဲ့ပြီး ကျွမ်းကျင်သော ရေတွင်းတူးဖော်ရေး အဖွဲ့တစ်ဖွဲ့ကို ရှာဖွေတွေ့ရှိထားကြောင်း အသိပေးရေးသားထားပါသည်။

သို့သော်လည်း ကန္တာရဒေသ၏ ထူးခြားသော ပတ်ဝန်းကျင်အခြေအနေကြောင့် လုပ်ငန်းမစတင်မီ မြေပြင်အခြေအနေကို သေသေချာချာ စစ်ဆေးဖို့ လိုအပ်သည်။

နာလန်စခန်းအနီးတဝိုက်သို့ မည်သည့်အကြောင်းအရင်းနှင့်မှ သူစိမ်းများ လာရောက်ခွင့်မရှိသဖြင့် ကျွမ်းကျင်ပညာရှင်အဖွဲ့သည် နာလန်မြို့နားတစ်ဝိုက်တွင်သာ စစ်ဆေးမှုများ ပြုလုပ်နိုင်ပါလိမ့်မည်။

စုန့်ရှောင်းကွမ်ထံသို့ စာတစ်စောင်ပြန်လည်ရေးသားပေးကာ ထိုကျွမ်းကျင်ပညာရှင်အဖွဲ့ကို ဤနေရာသို့ အမြန်ဆုံး ခေါ်ဆောင်လာဖို့ တိုက်တွန်းလိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် ထိုအကြောင်းကို လီကျန်းအား ကြိုတင်အသိပေးထားခြင်း မရှိပေ။

အကယ်၍ နာလန်မြို့တွင် ရေတွင်းတူးဖော်ရန် လိုအပ်သော အခြေအနေများ မပြည့်မီခဲ့ပါက လီကျန်း စိတ်ပျက်အားလျော့သွားမည်ကို သူမ မလိုလာခြင်းကြောင့် ဖြစ်သည်။

အရာအားလုံး သေချာအတည်ပြုနိုင်သည့်အခါမှသာ လီကျန်းကို ပြောပြဖို့ ရည်ရွယ်ထားပါသည်။

စာများကို ရေးသားပြီးနောက် ယဲ့ရှောင်ရှောင်သည် ဒုတိယယောင်းမအတွက် မည်သည့်ပစ္စည်းများ ပို့ဆောင်ပေးရမည်ကို စဉ်းစားနေမိသည်။

ကိုယ်ဝန်ဆောင်စဉ်ကာလဖြစ်၍ ကလေးအသုံးအဆောင်ပစ္စည်းများအတွက် စိတ်ပူရန် မလိုအပ်သေးဘဲ ကိုယ်ဝန်ဆောင် မိခင်၏ ကျန်းမာရေးအတွက် သင့်တော်မည့် အရာများကိုသာ ပို့ဆောင်ပေးသင့်ပါသည်။

ကလေးမွေးဖွားမည့်အချိန်တွင်မူ သူမ၏ အလုပ်သင်ကာလ ပြီးဆုံးသွားပြီဖြစ်ရာ မွေးကင်းစ ကလေးငယ်လေးအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် တွေ့ဆုံနိုင်ပါလိမ့်မည်။

နောက်ဆုံးတွင် ယဲ့ရှောင်ရှောင်သည် ကိုယ်ဝန်ဆောင်မိခင်များ သတိထားရမည့်အချက်အချို့ကို စာရင်းပြုစု၍ စာအိတ်ထဲ ပူးတွဲထည့်သွင်းပေးလိုက်သည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဘေးကင်းစိတ်ချရသော အာဟာရဖြည့်စွက်ဆေးများကို ရမ်သဲ့ထန်မှ ယူဆောင်ကာ ယဲ့ချန်းနင်၏ အိမ်လိပ်စာသို့ စာတိုက်မှတစ်ဆင့် ပို့ဆောင်ပေးရန် ဆရာဖြစ်သူအား ယဲ့ရှောင်ရှောင် အကူအညီ တောင်းလိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် မိသားစုဝင်အသစ်လေးနှင့် တွေ့ဆုံရဖို့ မစောင့်နိုင်တော့ပေ။

အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် နှစ်သစ်ကူးကာလသို့ ရောက်ရှိလာခဲ့ပါသည်။

နှစ်သစ်ကူးအကြိုနေ့မတိုင်မီ တစ်ရက်အလိုတွင် ယဲ့ရှောင်ရှောင်သည် စစ်တပ်ယာဉ်တစ်စီးဖြင့် မြို့ပေါ်သို့ လိုက်ပါခွင့် ရခဲ့သည်။ လီကျန်းသည်လည်း စစ်သုံးဂျစ်ကားပေါ်တွင် ယဲ့ရှောင်ရှောင်နှင့်အတူ အဖော်လိုက်ပါလာခဲ့သည်။

နာလန်စခန်းမှနေ၍ အနီးနားရှိ အကြီးဆုံးမြို့ဖြစ်သော ကျို့ချွမ်မြို့တော်သို့ ရောက်ရှိရန် ကားဖြင့် ၃ နာရီတိုင်အောင် မောင်းနှင်ရသည်။

လမ်းခရီးမှာ ရှည်လျားလှသော်လည်း မြို့ပေါ်ရှိ ပတ်ဝန်းကျင်အခြေအနေမှာ လုံးဝ ကွဲပြားခြားနားလှပါသည်။

အနည်းဆုံးတော့ ဤနေရာ၌ မြင့်မားသော အဆောက်အအုံများနှင့် သန့်ရှင်းသပ်ရပ်သော လမ်းမများကို တွေ့မြင်နိုင်ပေသည်။

မြို့တွင်းရှိ သမဝါယမအဆောက်အဦးမှာ ၃ ထိအတိ ရှိသဖြင့် ကျေးရွာများရှိ ကုန်စုံဆိုင်အရွယ်မျှသာ ရှိသော သမဝါယမဆိုင်များထက် များစွာ ပိုမိုခမ်းနားနေပါသည်။

လုဟန်ချွမ်သည်လည်း အသုံးအဆောင်ပစ္စည်းအချို့ ဝယ်ယူရန် လိုက်ပါလာခဲ့ပါသည်။

နှစ်သစ်ကူးကဲ့သို့ အရေးကြီးသည့် အားလပ်ရပ်တစ်ခု ရောက်ရှိလာတော့မည်ဖြစ်ရာ တပ်ဖွဲ့အတွင်းရှိ လူအများစုမှာ အိမ်သို့ မပြန်နိုင်ကြသဖြင့် ပစ္စည်းများကို သေသေချာချာ ကြိုတင်ပြင်ဆင်ထားရပါမည်။

လုဟန်ချွမ်က ငွေမရှားပေ။ ထို့ကြောင် စစ်တပ်ရန်ပုံငွေ မလုံလောက်လျှင်ပင် ရဲဘော်ရဲဘက်များအားလုံး နှစ်သစ်ကူးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေရန်အတွက် သူ့အိတ်ထဲမှ စိုက်ထုတ်ပေးရန် အသင့်ရှိနေပါသည်။

ယဲ့ရှောင်ရှောင်တွင်မူ လက်ရှိ၌ စားသောက်စရာ အပြည့်အစုံရှိနေသဖြင့် ဝယ်ယူစရာ ပစ္စည်းများများစားစား မရှိပေ။

သမဝါယမအဆောက်အဦးအတွင်းသို့ ရောက်ရှိသောအခါ သကြားလုံးအရောင်းကောင်တာသို့ တိုက်ရိုက်သွားကာ အမျိုးအစားစုံလင်သော သကြားလုံးများကို ၁၀ ကျင်းခန့် ဝယ်ယူခဲ့ပါသည်။

နို့သကြားလုံး၊ သစ်သီးသကြားလုံး၊ ချောကလက်နှင့် အနှစ်ပါသော သကြားလုံး စသည်ဖြင့် အမျိုးစုံလင်အောင် အနည်းငယ်စီ ဝယ်ယူခဲ့သည်။

လုဟန်ချွမ်က ဘေးမှနေ၍ သတိလှမ်းပေးလိုက်သည်။

“သကြားလုံးတွေ အများကြီးဝယ်နေတာ သွားကိုက်မှာလည်း သတိထားဦး”

ယဲ့ရှောင်ရှောင်က ထုပ်ပိုးထားသော သကြားလုံးလေးများကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားရင်း ပြန်ပြောလိုက်သည်။

“ကျွန်မတစ်ယောက်တည်း စားဖို့မဟုတ်ဘူးလေ၊ စခန်းက ကလေးတွေကို ကျွေးဖို့ ဝယ်သွားတာ”

ထိုကလေးများအတွက် သကြားလုံးတစ်လုံးဟူသည်မှာ အလွန်ရှားပါးအဖိုးတန်သည့် အရာတစ်ခုဖြစ်ပေသည်။

သကြားလုံးစားရသည့်အခါ ထိုကလေးငယ်များ၏ မျက်နှာပေါ်တွင် ပေါ်လာတတ်သည့် တောက်ပနေသော အပြုံးလေးများကို ယဲ့ရှောင်ရှောင် အလွန် သဘောကျပါသည်။

လုဟန်ချွမ်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“ရှောင်ရှောင်က ကလေးချစ်တတ်တယ်နော်”

ယဲ့ရှောင်ရှောင်ကမူ သူ့ဆိုလိုရင်းကို နားမလည်ဘဲ အနားကပ်ကာ တီးတိုးပြောလိုက်သည်။

“ကျွန်မရဲ့ ဒုတိယယောင်းမမှာ ကိုယ်ဝန်ရှိနေတာ ရှင်မသိသေးဘူးမလား”

All Chapters