အခန်း ၂၉၀
Vol. 29 Ch. 290
📗 Chapter 290
လုဟန်ချွမ်လည်း ထိုအကြောင်းကို အမှန်တကယ် မသိရှိသေးသဖြင့် ယဲ့ရှောင်ရှောင်၏ စကားကို ကြားပြီးနောက် ထပ်မံ မေးမြန်းခဲ့ပါသည်။
“ကိုယ်လက်ဆောင်တွေ ပို့ပေးလိုက်ရမလား”
ယဲ့ရှောင်ရှောင်: “ကျွန်မလည်း ပို့ပေးပြီးပါပြီ! ကလေးမီးဖွားပြီးတဲ့အချိန်ကျမှ သွားလည်ကြတာပေါ့”
လုဟန်ချွမ် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ အမူအရာမှာ လွန်ခဲ့သော စက္ကန့်ပိုင်းကလောက် စိတ်အားထက်သန်မှု မရှိတော့ချေ။
ယဲ့ရှောင်ရှောင် သူ့ကိုတစ်ချက်၊ နှစ်ချက်ခန့် ခိုးကြည့်လျက် စကားစလိုက်သည်။
“ရှင် ဘာတွေစဉ်းစား…”
“ဘာမှမစဉ်းစားဘူး၊ ဟိုဘက်ကို သွားကြည့်ရအောင်”
လုဟန်ချွမ်၏ အဖြေက သွက်လက်မြန်ဆန်လွန်းပါသည်။
လုဟန်ချွမ် ကလေးလိုချင်နေခြင်းဖြစ်မည်ဟု ယဲ့ရှောင်ရှောင် သံသယဖြစ်မိသည်။
သေချာစဉ်းစားကြည့်လျှင် လုဟန်ချွမ်မှာ အသက် ၂၇ နှစ်ပင် ရှိနေပါပြီ။ ဤခေတ်အခါက လူငယ်များမှာ အိမ်ထောင်စောစောပြုလေ့ရှိကြသဖြင့် စစ်တပ်ဝင်းအတွင်းရှိ သူနှင့်သက်တူရွယ်တူများမှာ ယခုဆိုလျှင် ကလေးကိုယ်စီ ပွေ့ချီနေကြရပြီဖြစ်ရာ သူစိုးရိမ်စိတ်ဝင်နေသည်ကိုလည်း အပြစ်ဆို၍ မရနိုင်ပေ။
သို့သော် ဤကဲ့သို့ အလျင်အမြန် ငြင်းဆန်လိုက်ခြင်းကလည်း သံသယဖြစ်စရာ ပိုကောင်းနေပါသည်။
သို့သော် ယဲ့ရှောင်ရှောင်သည် အခြားအရာများကြောင့် အာရုံအမြန်ပြောင်းသွားခဲ့သဖြင့် ထိုကိစ္စကို ခေတ္တ ဘေးဖယ်ထားလိုက်တော့သည်။
ယဲ့ရှောင်ရှောင်သည် မိမိကိုယ်တိုင်အတွက်သာ လက်ဆောင်ပစ္စည်းများ ဝယ်ယူခဲ့ခြင်း မဟုတ်ပေ။
တရုတ်လူမျိုးအများစုအတွက် နှစ်သစ်ကူးကာလမှာ အလွန်အရေးကြီးသော ပွဲတော်ကာလတစ်ခုဖြစ်၍ ဆေးခန်းရှိ လုပ်ဖော်ကိုင်ဖက်များအတွက်ပါ ယဲ့ရှောင်ရှောင် လက်ဆောင်ပစ္စည်းများ ဝယ်ယူခဲ့ပါသေးသည်။
အနီရောင် လည်စည်းပဝါများ၊ သိုးမွေးဦးထုပ်များ စသည်ဖြင့် တန်ဖိုးမကြီးသော်လည်း ပွဲတော်ကာလ၏ ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်ကို ပိုမိုတိုးပွားစေမည့် ပစ္စည်းများအား ရွေးချယ်ခဲ့သည်။
ယဲ့ရှောင်ရှောင် ပစ္စည်းများ ရွေးချယ်ပြီးသွားချိန်တွင် စစ်တပ်ဘက်မှလည်း ပစ္စည်းများကို ဝယ်ယူပြီးစီးလုနီးပါး ဖြစ်နေပါပြီ။
စစ်တပ်သုံး ကုန်တင်ကားကြီးများမှာ အထက်မှ ခွဲတမ်းချပေးလိုက်သော ရိက္ခာပစ္စည်းများကို သယ်ဆောင်ဖို့ ရောက်ရှိနေကြသည်။
ထို့အပြင် လုဟန်ချွမ်သည် မိမိ၏ ကိုယ်ပိုင်ငွေဖြင့်လည်း ပစ္စည်းအချို့ကို ထပ်မံဝယ်ယူခဲ့ပြီး ရဲဘော်ရဲဘက်များအတွက် နှစ်သစ်ကူး ဘောနပ်စ်အနေဖြင့် ထမင်းစားဆောင်သို့ ပို့ဆောင်ပေးဖို့ စီစဉ်ထားပါသည်။
စခန်းသို့ မပြန်မီ ယဲ့ရှောင်ရှောင်သည် လုမိသားစု ပို့ဆောင်ပေးလိုက်သော ပါဆယ်ထုပ်တစ်ထုပ်ကို စာတိုက်မှ သွားရောက် ထုတ်ယူရပါသေးသည်။
ပါဆယ်ထုပ်အား ဖွင့်ကြည့်လိုက်သောအခါ နှစ်သစ်ကူးကာလတွင် ဝတ်ဆင်ဖို့ သင့်တော်သည့် အဝတ်အစားအသစ်များ ပါလာသည်ကို မြင်လိုက်ရသည်။
ပေကျင်းမြို့မှ အဝတ်အစားများမှာ ဤဒေသအတွင်းရှိ အဝတ်အစားများထက် ဖက်ရှင်ပိုကျပါသည်။
လုဟန်ချွမ်က ဘေးမှ ညည်းတွားလိုက်သည်။
“ကိုယ်ဒီမှာ တာဝန်ကျနေတာ ၂ နှစ်တောင်ရှိပြီ… ကိုယ့်ဆီကိုကျတော့ ဘာလက်ဆောင်မှ ပို့မပေးကြဘူး”
အမှန်တွင်မူ လုဟန်ချွမ်သည် သူရောက်ရှိနေသည့် နေရာကိုပင် မိသားစုထံသို့ အတိအကျ ပြောပြထားခြင်း မရှိခဲ့ပေ။ သို့သော် သူ၏ မိသားစုဝင်များမှာလည်း သာမန်လူများ မဟုတ်ကြပေ။
သူ မပြောပြလျှင်ပင် ရှောင်ရှောင့်ကို သူ့မျက်စိရှေ့မှောက်သို့ အရောက် ပို့ဆောင်ပေးနိုင်ခဲ့ကြသူများ မဟုတ်ပါလား။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိသားစုအတွင်းရှိ သူ၏ ရာထူးအဆင့်အတန်းမှာ အလွန်ပင် သိသာထင်ရှားလှပေသည်။
ယဲ့ရှောင်ရှောင်က ခေါင်းမော့လျက် ချေပလိုက်သည်။
“ရှင့်အတွက်လည်း အဝတ်အစားတွေ ပါပါတယ်နော်”
လုဟန်ချွမ်က ပါဆယ်ပုံးထဲ လှမ်းကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ ကိုယ့်အတွက် အနွေးထည်တစ်ထည်…”
ကျန်အဝတ်အစားများကတော့ ယဲ့ရှောင်ရှောင်အတွက်သာ ဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် ပါဆယ်ပုံးကို သေချာပြန်ပိတ်လိုက်ပြီး စခန်းသို့ပြန်ရောက်မှ သေသေချာချာ ထုတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
လုဟန်ချွမ်နှင့် ဆက်မငြင်းခုံချင်သဖြင့် လီကျန်းကိုသာ စကားလှည့်ပြောလိုက်သည်။
လီကျန်းသည် ပစ္စည်းများများစားစား ဝယ်ယူခဲ့ခြင်းမရှိသဖြင့် ယဲ့ရှောင်ရှောင်က သူမ ဝယ်ယူလာခဲ့သော အနီရောင် လည်စည်းပဝါတစ်ထည်ကို လှမ်းပေးလိုက်သည်။
၎င်းမှာ သာမန်သိုးမွေးချည်ဖြင့် ရက်လုပ်ထားသော လည်စည်းပဝါတစ်ထည်သာ ဖြစ်သော်လည်း ဒေသခံများအတွက်မူ အလွန်ပင် အဖိုးတန်သော ပစ္စည်းတစ်ခု ဖြစ်ပေသည်။
ဤဒေသရှိ လူအများစုမှာ နွားနှင့် သိုးများကို မွေးမြူကြပြီး နှစ်စဉ် သိုးမွေးအမြောက်အမြား ရောင်းချနိုင်ကြသော်လည်း သိုးမွေးစစ်စစ် လည်စည်းပဝါတစ်ထည်၏ တန်ဖိုးကိုမူ မတတ်နိုင်ကြသေးချေ။
မိမိ၏ လည်ပင်းပေါ် ရောက်ရှိလာသော အနီရောင်တောက်တောက် လည်စည်းပဝါလေးကို ကြည့်ရင်း လီကျန်းတစ်ယောက် အားနာစိတ်ဝင်သွားရသည်။
“ငါမယူချင်ပါဘူး၊ နင့်ဆီက ပစ္စည်းတွေကို အမြဲတမ်း ယူနေလို့ ဘယ်ဖြစ်ပါ့မလဲ”
ယဲ့ရှောင်ရှောင်က ရှင်းပြသည်။
“ဆေးခန်းက လူတိုင်းအတွက် တစ်ထည်စီ လက်ဆောင်ဝယ်လာပေးတာပါ၊ ကြည့်လေ… လုဟန်ချွမ်မှာလည်း တစ်ထည်ရှိတယ်”
ပြောပြောဆိုဆိုနှင့် ယဲ့ရှောင်ရှောင်သည် အနီရောင် လည်စည်းပဝါနောက်တစ်ထည်ကို ထုတ်ကာ လုဟန်ချွမ်၏ လည်ပင်းတွင် ပတ်ပေးလိုက်သည်။
လုဟန်ချွမ်မှာ ယခင်က တောက်ပြောင်သော အရောင်များကို ဝတ်ဆင်လေ့မရှိသဖြင့် ဤလည်စည်းပဝါကို ပတ်လိုက်သည့်အခါ သူ့ပုံစံမှာ လုံးဝ ပြောင်းလဲသွားခဲ့ရသည်။
ယဲ့ရှောင်ရှောင်က နှုတ်ခမ်းလေးစေ့ကာ အလွန်အမင်း သဘောကျကျေနပ်သွားသည့် အမူအရာဖြင့် ခေါင်းတညိတ်ညိတ် ဖြစ်နေပါသည်။
ကားမောင်းနေသည့် လုဟန်ချွမ်ကမူ မည်သည့်လှုပ်ရှားမှုမှ မပြုခဲ့ဘဲ ရှောင်ရှောင် ပြုသမျှကို ငြိမ်ခံနေခဲ့တော့သည်။
လီကျန်းသည် လုဟန်ချွမ်အား စိုးရိမ်စိတ်ကြီးစွာ လှမ်းကြည့်လိုက်ပါသည်။ ဗိုလ်မှူးလုတွင် ဤကဲ့သို့ နူးညံ့သိမ်မွေ့သည့် စိတ်ထားမျိုးရှိနေလိမ့်မည်ဟု သူမ ဘယ်သောအခါကမှ ထင်မှတ်မထားခဲ့မိချေ။
သူမတို့ကို သူကိုယ်တိုင် ကားဖြင့် လိုက်ပို့ပေးရုံသာမကဘဲ ဤကဲ့သို့ စနောက်ကျီစယ်ခြင်းခံရသည့်အခါတွင်လည်း စိတ်ဆိုးခြင်း မရှိခဲ့ပေ။
လူတိုင်း လည်စည်းပဝါတစ်ထည်စီ ရရှိမည်ဟု ကြားသိရမှသာ လီကျန်းတစ်ယောက် ထိုလက်ဆောင်ကို ကြည်ကြည်ဖြူဖြူနှင့် လက်ခံခဲ့တော့သည်။
သို့သော် သူမထံသို့ ပေကျင်းမြို့မှ ပိုမိုကြီးမားသော သတင်းကောင်းတစ်ခု ရောက်ရှိလာနေပြီဖြစ်ကြောင်း လီကျန်း လုံးဝ မသိရှိခဲ့ပေ။
စခန်းသို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် လက်ဆောင်ပစ္စည်းများကို အခြားသူများထံသို့ လိုက်လံ ဝေငှပေးခဲ့ပြီး လုမိသားစု ပို့ဆောင်ပေးလိုက်သည့် ပါဆယ်ပုံးကိုလည်း သေချာဖွင့်စစ်ဆေးကြည့်လိုက်ပါသည်။
စခန်းတွင် စားစရာသောက်စရာအတွက် စိတ်ပူစရာမလိုကြောင်း သိနေသည့်အလား လုမိသားစုက အဝတ်အစားများနှင့် စာအိတ်နီနှစ်လုံးကိုသာ ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အပြင် အတူပါလာသည့် စာထဲတွင် စာအိတ်နီတစ်လုံးက ရှောင်ရှောင်အတွက်ဖြစ်ပြီး နောက်တစ်လုံးကလည်း ရှောင်ရှောင်အတွက်သာ ဖြစ်ကြောင်း ရေးသားထားလေသည်။
ထိုစာကို ဖတ်ရှုပြီးနောက် လုဟန်ချွမ်အား ယဲ့ရှောင်ရှောင် မလုံမလဲ ခိုးကြည့်လိုက်မိသည်။
‘အဲ… သူ့ကို စာအိတ်တစ်လုံးပေးလိုက်ရမလား…’
လုဟန်ချွမ်လည်း စာကို ဖတ်ရှုပြီး အားရပါးရ ရယ်မောမိသည်။ ထို့အပြင် ယဲ့ရှောင်ရှောင်၏ မျက်နှာလေးကို ကြည့်ရုံနှင့် သူမ၏ အတွေးများကို ဖောက်ထွင်းမြင်နိုင်နေပါသည်။
“ယူထားလိုက်ပါ၊ မိသားစုက စေတနာနဲ့ ပေးတာပဲဥစ္စာ”
ယခင်က လုဟန်ချွမ် ညည်းညူခဲ့ခြင်းမှာ ကျီစယ်နေခြင်းသာဖြစ်ပါသည်။ ရှောင်ရှောင့်ကို သူ့မိသားစုဝင်များ ချစ်မြတ်နိုးဖို့ကိုသာ သူအလိုရှိသည်။ သူကိုယ်တိုင်ကလည်း ရှောင်ရှောင့်ကို အချစ်ဆုံးဖြစ်နေခြင်းကြောင့်ပင်။
ယဲ့ရှောင်ရှောင်သည် စာအိတ်နီများကို သေသေချာချာ သိမ်းဆည်းလိုက်သည်။ စာအိတ်များ၏ အထူကို စမ်းကြည့်ရုံဖြင့် ပမာဏမှာ မသေးလှမှန်း သိနိုင်ပါသည်။
ဤမျှအထိ များပြားလှသော ငွေများ လမ်းခရီးတွင် ပျောက်ဆုံးမသွားခဲ့သည်မှာ အံ့ဩစရာ ကောင်းလှသည်။
စာအိတ်နီများကို လုံလုံခြုံခြုံ သိမ်းဆည်းပြီးနောက် အဝတ်အစားများကို ယဲ့ရှောင်ရှောင် စစ်ဆေးခဲ့သည်။
လုဟန်ချွမ် ပြောသည့်အတိုင်းပင် သူ့အတွက် ဆောင်းတွင်းအနွေးထည်တစ်ထည်သာ ပါဝင်ပြီး ကျန်အဝတ်အစားများမှာ ယဲ့ရှောင်ရှောင် အတွက်သာ ဖြစ်ပါသည်။
ယွင်ချန်းရှို့၏ အမြင်တွင် မိန်းကလေးငယ်များကသာ လှလှပပ ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်သည်ဟု ထင်နေပုံ ရသည်။
ယဲ့ရှောင်ရှောင် အနွေးထည်များကို စမ်းသပ်ဝတ်ဆင်ကြည့်လိုက်ရာ သူမနှင့် ကွက်တိတော်နေမှန်း တွေ့ခဲ့ရသည်။
မည်သူက ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပါစေ အလွန်အမင်း စိတ်နှစ်၍ ဂရုတစိုက် စီစဉ်ပေးခဲ့ကြခြင်းဖြစ်မှန်း သိသာ ထင်ရှားလှပေသည်။
လုဟန်ချွမ်အတွက် ပါလာသော အနွေးထည်မှာလည်း ဆောင်းတွင်းဝတ် ဂွမ်းခံကုတ်အင်္ကျီအရှည်ကြီးဖြစ်ကာ အလွန် လှပပါသည်။
ဒီဇိုင်းပုံစံမှာ ရိုးရှင်းသော်ငြား လုဟန်ချွမ်သည် အရပ် ၁.၉ မီတာနီးပါးရှိရုံသာမက ပခုံးကျယ်၊ ခါးသေးကာ ခြေတံရှည်လျားသူ ဖြစ်ရာ မည်သည့်အဝတ်အစားကိုမဆို ဝတ်ဆင်လိုက်သည်နှင့် သေချာပေါက် ကြည့်ကောင်းပါလိမ့်မည်။
ယဲ့ရှောင်ရှောင် ပစ္စည်းများကို သိမ်းဆည်းနေစဉ် တစ်ဖက်တွင်လည်း နှစ်သစ်ကူး အစားအသောက်များကို ထမင်းစားဆောင်သို့ ပို့ဆောင်ပေးနကြပြီဖြစ်သည်။
မနက်ဖြန်မှစ၍ မီးထွန်းပွဲတော်နေ့အထိ ထမင်းစားဆောင်မှ အကောင်းဆုံးသော ဟင်းလျာများကိုသာ ကျွေးမွေး ဧည့်ခံပါလိမ့်မည်။
မည်သို့ပင် ပြင်ဆင်ချက်ပြုတ်ပါစေ ပုံမှန်ရက်များထက်စာလျှင် အဆမတန် ပိုမိုကောင်းမွန်နေမည်မှာတော့ မလွဲဧကန်ပင်။
ပျော်ရွှင်စရာပွဲတော်ကာလအငွေ့အသက်များအကြား စခန်းအတွင်း၌ ညစဉ်ညတိုင်း မီးရှူးမီးပန်းဖောက်သံများ၊ ဗြောက်အိုးသံများကို ကြားရတတ်ပါသည်။
လီကျန်းသည် အခြားသော ပစ္စည်းများကို များများစားစား မဝယ်ယူခဲ့သော်လည်း လက်ကိုင်မီးပန်းလေးများကိုမူ အမြောက်အမြား ဝယ်ယူခဲ့ပါသည်။
“အစ်မရဲ့ ဝါသနာတွေက ယောက်ျားလေးလိုပဲနော်”
ယဲ့ရှောင်ရှောင်က ကျီစယ်လိုက်သည်။
လီကျန်း: “အဲ့လို မဟုတ်ပါဘူးဟဲ့! နှစ်သစ်ကူးမလို့ ပျော်ရအောင် ဝယ်တာလေ၊ ငါတို့ ဆေးခန်းကိုလည်း ပျော်စရာ အငွေ့အသက်လေးတွေ ဖုံးလွှမ်းအောင် လုပ်ပေးရမှာပေါ့”
ယခင်က နှစ်သစ်ကူးကာလသို့ရောက်တိုင်း ဆေးခန်းတွင် လီကျန်းနှင့် ယန်ကျွမ်းတို့နှစ်ဦးတည်းသာ ကျန်ရှိနေတတ်သည်။
ကျောက်ချွင်းဟွာသည် ဆေးခန်း၏ ညွှန်ကြားရေးမှူးဖြစ်သော်လည်း မိသားစုဝင်များမှာ အနီးနားတွင် နေထိုင်ကြသဖြင့် နှစ်သစ်ကူးကာလတွင် မိသားစုနှင့်အတူ ဖြတ်သန်းရန်အတွက် အိမ်သို့စောစော ပြန်လေ့ရှိပါသည်။
ယန်ကျွမ်းမှာလည်း စာအုပ်များကိုသာ အမြဲလိုလို ဖတ်ရှုနေတတ်သူဖြစ်ပြီး အသက်အရွယ်ချင်းလည်း ကွာခြားသဖြင့် လီကျန်းတစ်ယောက် အတူတူပျော်ပါးရန်အတွက် အပေါင်းအသင်း ရှာမရခဲ့ပေ။
ယခု ယဲ့ရှောင်ရှောင်ရောက်ရှိနေပြီဖြစ်ရာ သူမနှင့်အတူတူ လီကျန်း ပျော်ချင်မိပါသည်။
“ဒါဆိုလည်း မီးမလောင်အောင် ကွင်းပြင်ကျယ်တစ်ခုခုမှာ သွားကစားကြမယ်”
ယဲ့ရှောင်ရှောင်သည် ခေတ်သစ်မှ ကူးပြောင်းလာသူတစ်ဦးဖြစ်သည့်အလျောက် မီးဘေးလုံခြုံရေးအသိပညာကို စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားထားပါသည်။
မီးကို ခေတ္တမျှ ပေါ့ဆလိုက်ရုံဖြင့် တစ်သက်လုံး ထောင်နန်းစံသွားရနိုင်သည်။
ကံကောင်းစွာဖြင့် ဤနေရာတွင် လူသူကင်းဝေးပြီး ကျယ်ပြောလှသော ကွင်းပြင်ကြီးများ အမြောက်အများ ရှိနေပါသည်။
လက်ကိုင်မီးပန်းများ ဆော့ကစားဖို့ မဆိုဦးနှင့်၊ ဒုံးကျည်တစ်စင်း ပစ်လွှတ်လျှင်ပင် ပြဿနာ ရှိနိုင်မည် မဟုတ်ချေ။
ယဲ့ရှောင်ရှောင်အား အတူတူ ကစားရန် စည်းရုံးနိုင်ခဲ့ခြင်းကပင် အောင်မြင်မှုတစ်ခု ဖြစ်နေပြီဖြစ်ရာ လီကျန်းအနေဖြင့် ကန့်ကွက်စရာမရှိခဲ့ပေ။
နောက်တစ်နေ့မှာ နှစ်သစ်ကူး အကြိုနေ့ဖြစ်သည်။
နေ့ဘက်တွင် ယဲ့ရှောင်ရှောင် ပုံမှန်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး နှစ်သစ်ကူး ဆုတောင်းစာတန်းများကိုလည်း ရေးသားခဲ့ပါသည်။
ထိုစာသားများကို သူမကိုယ်တိုင် ရေးသားထားခြင်းဖြစ်သည်။ သူမ၏ လက်ရေးမှာ သပ်ရပ်သည် ဆိုရုံမျှသာ ရှိသေးပြီး မြောင်စွေ့ဖန်းနှင့် မြောင်ဖုန်းရှန့်တို့၏ လက်ရေးအလှများနှင့် ယှဉ်လိုက်လျှင် လိုအပ်ချက်များစွာ ရှိနေပါသေးသည်။
သို့သော်လည်း ဤကဲ့သို့ ကလေးဆန်သော လက်ရေးလေးကပင် ကျောက်ချွင်းဟွာထံမှ အကြီးအကျယ် ချီးမွမ်းခြင်းကို ခံခဲ့ရသည်။
“တကယ်လှတာပဲ… ဒီခေတ်မှာ စုတ်တံနဲ့ စာရေးနိုင်တဲ့လူဆိုတာ သိပ်မရှိတော့ဘူးလေ”
နောင်ဆယ်စုနှစ်အနည်းငယ် ကြာပြီးနောက် ဝါသနာပါရာ ပညာရပ်များ ခေတ်စားလာသည့်အခါ လက်ရေးအလှပညာသည်လည်း အကြီးအကျယ် ပြန်လည်ခေတ်စားလာမည်ဖြစ်ကြောင်း ယဲ့ရှောင်ရှောင် ပြောပြချင်စိတ် ပေါက်သွားပါသည်။
ထို့ကြောင့် ညွှန်ကြားရေးမှူးကျောက် ဤမျှအထိ လွမ်းဆွတ်တမ်းတနေဖို့ မလိုအပ်ပေ။
မွန်းလွဲပိုင်းသို့ ရောက်ရှိလာသောအခါ ယဲ့ရှောင်ရှောင်သည် နှစ်သစ်ကူး၏ ပျော်ရွှင်စရာ အငွေ့အသက်များကို အမှန်တကယ် စတင်ခံစားခဲ့ရသည်။
ထမင်းစားဆောင်တွင် လူတိုင်းအတွက် ဟင်းလျာကောင်းများ စီစဉ်ပေးရုံသာမက ညဘက်တွင်လည်း အလွန်ခမ်းနားသည့် ဖျော်ဖြေပွဲတစ်ခု ရှိဦးမည်ဖြစ်ကြောင်း ကြားသိခဲ့ရပါသည်။
“စခန်းမှာ ဖျော်ဖြေပွဲရှိတယ်ဟုတ်လား၊ ကျွန်မတို့ကိုလည်း ဘယ်သူမှ အသိမပေးကြပါလား”
ဤကဲ့သို့သော အခမ်းအနားမျိုးတွင် ဌာနတိုင်း ပါဝင်ဆင်နွှဲသင့်သည်ဟု ယဲ့ရှောင်ရှောင် ခံစားမိပါသည်။
လီကျန်းကမူ မျက်တောင်တဖျပ်ဖျပ် ခတ်လျက် ကြောင်စီစီ ဖြစ်သွားခဲ့ရသည်။
“ဟင်”