← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

📗 Chapter 291

လီကျန်း: “အရင်နှစ်တွေတုန်းကလည်း နှစ်သစ်ကူးအကြိုည ဖျော်ဖြေပွဲဆိုတာ ငါတို့ဆေးခန်းနဲ့ ဘာမှ မဆိုင်ဘူးလေ၊ ငါတို့ ဆေးခန်းမှာ သီချင်းဆိုတတ်တဲ့သူ၊ ကတတ်တဲ့သူ တစ်ယောက်မှ မရှိဘူး”

လီကျန်းပင် မဖျော်ဖြေနိုင်သဖြင့် ညွှန်ကြားရေးမှူးကျောက်နှင့် ယန်ကျွမ်းတို့ဆိုလျှင် ပို၍ပင် ဝေးပါလိမ့်မည်။

ကခုန်ဖို့နေနေသာသာ သီချင်းဆိုလျှင်ပင် ကီးမမှန်ကြချေ။

“ဪ… အဲ့လိုကိုး”

ယဲ့ရှောင်ရှောင် အတွေးနက်နက်စွာဖြင့် ရေရွတ်လိုက်သည်။

သူမ၏ အမူအရာကို မြင်သောအခါ လီကျန်းက မေးမြန်းလိုက်သည်။

“ဘာလို့လဲ၊ နင် ဖျော်ဖြေချင်လို့လား၊ ငါ့အမြင်ပြောရရင်တော့ စင်ပေါ်တက် ဖျော်ဖြေလည်း လက်ခုပ်တီးပြီး အားပေးခံရတာကလွဲရင် ဘာအကျိုးအမြတ်မှမရှိပါဘူးဟယ်၊ ငွေသားဆုကြေးတွေ ဘာတွေတောင် မပေးဘူး”

ယဲ့ရှောင်ရှောင်တွင် ငွေကြေးချို့တဲ့ခြင်းလည်း မရှိသဖြင့် လီကျန်း၏ စိတ်ထဲ ပို၍ပင် ထူးဆန်းနေခဲ့သည်။

ယဲ့ရှောင်ရှောင်က ညင်သာစွာ ပြုံးလျက်ဆိုသည်။

“ကျွန်မ ဖျော်ဖြေချင်လို့ မဟုတ်ပါဘူး၊ ကျွန်မတို့ဘက်မှာ ဘယ်သူတွေ ပါဝင်မှာလဲ စိတ်ဝင်စားလို့”

“လူငယ်တွေပဲနေမှာပေါ့၊ ကလေးထိန်းစင်တာက ဆရာမတွေနဲ့ ကလေးတွေလည်း ပါကြလိမ့်မယ်၊ စစ်တပ်ထဲမှာတော့ သီးသန့် သတ်မှတ်ထားတဲ့ ဖျော်ဖြေရေးအဖွဲ့တွေဘာတွေ မရှိဘူး၊ ဒါပေမယ့် တပ်သားငယ်တွေစုပြီး သီချင်းတွေဘာတွေ ဆိုတာမျိုးတော့ ရှိနိုင်တာပေါ့”

ဆန်းဆန်းပြားပြားရှိလှသည် မဟုတ်သော်လည်း ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် အပန်းဖြေစရာနည်းလမ်းဟူသည်မှာ ရှားပါးလှပေသည်။

သာမန်သီးချင်းတစ်ပုဒ် သီဆိုခြင်း သို့မဟုတ် ကဗျာရွတ်ဆိုခြင်းမျှကိုပင် အတော်အသင့် ကောင်းမွန်သော ဖျော်ဖြေမှုတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

ထို့အပြင် ယဲ့ရှောင်ရှောင် ဖျော်ဖြေချင်သည်ဆိုလျှင်ပင် သူမ တီးခတ်နိုင်သည့် မည်သည့်တူရိယာမှ ဤနေရာတွင် ရှိမနေချေ။

ထို့ကြောင့် ပရိတ်သတ်တစ်ဦးအနေဖြင့် စောင့်ကြည့်ရလျှင်ပင် ကျေနပ်နေပါပြီ။

ညနေခင်းသို့ ရောက်သောအခါ ထမင်းစားဆောင်၌ ညစာများကို စတင်ကျွေးမွေးခဲ့သည်။

လူတိုင်း ညစာအရင် စားသုံးကြပြီး စားသောက်ပြီးစီးသွားသည့်အခါ စားပွဲနှင့် ထိုင်ခုံများကို ဘေးပတ်ပတ်လည်သို့ အတူ ရွှေ့ဆိုင်းလိုက်ကြပြီး အလယ်တည့်တည့်တွင် စင်မြင့်ငယ်လေးတစ်ခု ဖန်တီးဖို့အတွက် နေရာလွတ်တစ်ခု ချန်လှပ်ထားလိုက်ကြသည်။

ဖျော်ဖြေပွဲကို မဖြစ်မနေ ကြည့်ရှုရမည်ဟူသော စည်းကမ်းမျိုးမရှိသော်လည်း မည်သူကမှ မပြန်ချင်ကြသေးပေ။

ထို့ကြောင့် ဧရာမ ထမင်းစားဆောင်ကြီးထဲ ဖျော်ဖြေပွဲကြည့်ရှုဖို့အတွက် လူပေါင်းများစွာဖြင့် ပြည့်နှက်သွားခဲ့တော့သည်။

ထိုင်ခုံမရှာနိုင်သည့်လူများက မတ်တပ်သာ ရပ်ကြည့်ခဲ့ကြပြီး ရဲဘော်ရဲဘက်များနှင့်အတူ ပွဲတော်ကို အတူတူဆင်နွှဲခဲ့ကြပါသည်။

ယဲ့ရှောင်ရှောင်သည် မူလက လီကျန်းနှင့်အတူ ထိုင်နေခဲ့သော်လည်း လီကျန်းမှာ တစ်စုံတစ်ခုလုပ်ဖို့အတွက် မည်သည့်အချိန်ကမှန်းမသိ လစ်ထွက်သွားခဲ့သည်။

ယဲ့ရှောင်ရှောင် ခေါင်းလှည့်ကြည့်လိုက်သောအခါ သူမဘေးတွင် ထိုင်နေသူက လုဟန်ချွမ်အဖြစ် ပြောင်းလဲသွားခဲ့ပါသည်။

ဤသည်မှာ တရားဝင်အစည်းအဝေးမဟုတ်သဖြင့် လုဟန်ချွမ်သည် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားရန် မလိုအပ်ပေ။

ထို့ကြောင့် သာမန်အဝတ်အစားများအပေါ်မှ ဂွမ်းခံအနွေးထည်အနက်ရောင်ကိုသာ ထပ်ဝတ်ထားသဖြင့် လူမသိသူမသိ ပုံစံမျိုး ပေါက်နေခဲ့ပါသည်။

သို့သော် ဤသည်မှာ အစပိုင်းတွင်သာဖြစ်ပြီး လုဟန်ချွမ် လာထိုင်သည်နှင့် လူအများအပြားက သူ့ကို ခိုးကြည့်ခဲ့ကြသည်။

ယဲ့ရှောင်ရှောင်သည် ရင်ခွင်ထဲတွင် သကြားလုံးထုပ်ကို‌ပွေ့ပိုက်ထားပါသည်။

ဖျော်ဖြေပွဲသို့ ကလေးငယ်များ ရောက်ရှိလာလိမ့်မည်ဟု လီကျန်းကပြောထားသဖြင့် ဖျော်ဖြေပွဲပြီးဆုံးသွားသည့်အခါ ကလေးငယ်များအား သကြားလုံးဝေပေးဖို့ ယဲ့ရှောင်ရှောင် ကြံရွယ်ထားသည်။

အချိန်အတော်ကြာအောင် စောင့်ရလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း တတိယမြောက် အစီအစဉ်မှာ ကလေးများ ကခုန်မည့် အစီအစဉ်ဖြစ်နေခဲ့ပါသည်။

ကလေးများအားလုံးက အသက် ၁၀ နှစ်အရွယ်အောက်များ ဖြစ်ကြပြီး မုန်လာဥနီတန်းလေးများအလား ချစ်စရာကောင်းစွာ ကခုန်နေကြလေသည်။

ဖျော်ဖြေမှုပြီးဆုံးသွားသောအခါ ယဲ့ရှောင်ရှောင်က လှမ်း၍ လက်ဟန်ပြလိုက်ရာ ကလေးများအားလုံး သကြားလုံးယူရန် တန်းစီပြီး ရောက်ရှိလာကြသည်။

ပုံမှန်အားဖြင့် ကလေးငယ်များသည် ယဲ့ရှောင်ရှောင်ကို အလွန်ချစ်ကြသော်လည်း ယနေ့တွင်မူ သကြားလုံး လာယူသည့်အခါ အနည်းငယ် တွန့်ဆုတ်နေကြပုံရသည်။

အစပိုင်းတွင် ကလေးများ ရှက်ရွံ့နေခြင်းဖြစ်မည်ဟုသာ ယဲ့ရှောင်ရှောင်ထင်ခဲ့သော်လည်း လုဟန်ချွမ်ကို လှည့်ကြည့်လိုက်သည့်အခါမှ နားလည်သွားခဲ့ရသည်။

“…”

ဤကလေးများ သကြားလုံးယူပြီးသည်နှင့် ကြောက်လန့်တကြား ထွက်ပြေးသွားခြင်းမှာ လုဟန်ချွမ်ကြောင့်သာ ဖြစ်နိုင်ပါသည်။

ယဲ့ရှောင်ရှောင် ပြုံးလိုက်ပြီး လုဟန်ချွမ်းနားကပ်ကာ တစ်စုံတစ်ခု တီးတိုးပြောလိုက်သည်။

လုဟန်ချွမ်က ဘာမှပြန်မပြောသော်လည်း ယဲ့ရှောင်ရှောင်ကို ချစ်စနိုးအကြည့်များဖြင့် ပြန်ငေးကြည့်နေခဲ့ပါသည်။

သူတို့နှစ်ဦး၏ တရင်းတနှီးအပြုအမူများမှာ ချစ်သူနှစ်ဦးအတွက် သာမန်မျှသာဖြစ်သော်လည်း ဘေးတွင် မြင်နေရသူများအဖို့ တမင်သက်သက် ခွေးစာကျွေးခံရသကဲ့သို့ ဖြစ်နေလေတော့သည်။

၎င်းတို့အနက် ကျမ့်လဲ့ယင်ကလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ဤသည်မှာ စခန်းတွင် သူမဖြတ်သန်းရမည့် နောက်ဆုံးသော နှစ်သစ်ကူးပွဲတော်ဖြစ်ရာ သူမအနေဖြင့် ပျော်ပျော်ရွှင်ရွှင်နှင့် ထွက်ခွာသွားချင်ခဲ့သော်လည်း မျက်စိရှေ့တွင် မြင်နေရသည့် မြင်ကွင်းများက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလွန်းနေပါသည်။

ကျမ့်လဲ့ယင် အသက်ဝဝ ရှူလိုက်သည်။

သူမသည် ယနေ့တွင် သီချင်းတစ်ပုဒ် သီဆိုဖျော်ဖြေရန်နှင့် မကြာမီ အခြားနေရာသို့ ပြောင်းရွှေ့တော့မည့်သတင်းကို လူတိုင်းအား သတိပေးရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

ဤနေရာတွင် နှစ်အတော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ရသဖြင့် လတ်တလောတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှာ မသာယာလှသော်လည်း သူမသည် ဤနေရာရှိ လူများအပေါ် စိတ်ရင်းအမှန်ဖြင့် ဆက်ဆံခဲ့ဖူးသဖြင့် ပြီးပြည့်စုံသော နှုတ်ဆက်ခြင်းတစ်ခု ဖြစ်စေရန် မျှော်လင့်ထားပါသည်။

စောစောက မြင်ခဲ့ရသည့် ယဲ့ရှောင်ရှောင်၏ ပျော်ရွှင်ကြည်နူးနေသော အပြုံးကြောင့် သူမ၏ စိတ်တည်ငြိမ်မှု ပျက်စီးလုနီးပါးဖြစ်သွားခဲ့ရသည်။

ကျမ့်လဲ့ယင် စင်ပေါ်တက်ရမည့်အလှည့်သို့ ရောက်သောအခါ စစ်ချီသီချင်းတစ်ပုဒ်ကို သီဆိုခဲ့သည်။

ထိုသီချင်းမှာ အမျိုးသားများသီဆိုလျှင် အားအပြည့်မာန်အပြည့် ရှိတတ်ပြီး အမျိုးသမီးများ သီဆိုလျှင် အလွန်သာယာနာပျော်ဖွယ်ရှိပါသည်။

ကျမ့်လဲ့ယင်သည် သီချင်းတစ်ပုဒ်လုံးကို နူးညံ့သိမ်မွေ့စွာ သီဆိုနိုင်ခဲ့သဖြင့် ပရိတ်သတ်များထံမှ သောင်းသောင်းဖြဖြ လက်ခုပ်လက်ဝါးတီး အားပေးမှုများကို ရရှိခဲ့သည်။

“အခုလို အားပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒီနေ့ သီဆိုဖျော်ဖြေဖို့အပြင် အားလုံးကို ပြောပြစရာလေးတစ်ခု ရှိလို့ လာခဲ့တာပါ၊ နှစ်သစ်ကူးပြီးတာနဲ့ ကျွန်မ ဒီစခန်းကနေ ထွက်ခွာသွားရတော့မယ်၊ စခန်းမှာ အလုပ်လုပ်ခဲ့တာ နှစ်တွေလည်း တော်တော်ကြာနေပြီ၊ အားလုံးရဲ့ ဂရုစိုက်မှုတွေကြောင့်သာ ကျွန်မ အခုလို အဆင်ပြေပြေနေနိုင်ခဲ့တာပါ၊ အဲ့တာကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်၊ နာလန်စခန်းမှာ နေထိုင်ခဲ့တဲ့ ကာလအတွင်းမှာ ကြုံခဲ့ရတဲ့ အမှတ်တရတွေကို ကျွန်မ အမြဲတမ်း တန်ဖိုးထားသွားမှာပါ”

လူအများစုမှာ ကျမ့်လဲ့ယင် အလုပ်ပြောင်းရွှေ့မည့်ကိစ္စကို မသိရှိကြသေးပေ။

ဤကဲ့သို့ ရုတ်တရက်ကြီး ကြားသိလိုက်ရသောအခါ ကျမ့်လဲ့ယင်အား နှုတ်ဆက်ရတော့မည်ကို အလွန် နှမြောတသ ဖြစ်မိကြပါသည်။

မကြာသေးမီကဖြစ်ပျက်ခဲ့သော သူလျှိုကိစ္စကြောင့် ကျမ့်လဲ့ယင် နာမည်အနည်းငယ် ပျက်ခဲ့ရသော်လည်း နောက်ဆုံး အမှန်တကယ် နှုတ်ဆက်ရတော့မည့်အချိန်တွင်မူ ထိုကိစ္စများမှာ အရေးမပါတော့သလိုပင်။

နာလန်စခန်းတွင် ကျမ့်လဲ့ယင် နေထိုင်ခဲ့သည့် ကာလအတွင်း လူပေါင်းများစွာကို ဆေးကုသပေးခဲ့သဖြင့် သူမအပေါ် သံယောဇဉ်ရှိနေကြသည်မှာလည်း မထူးဆန်းလှပေ။

“ဒေါက်တာကျမ့် ဘယ်ကို သွားရမှာလဲ၊ သတိရနေတော့မှာပဲ”

“ဒီမှာပဲ နေလို့မရဘူးလား ဒေါက်တာကျမ့်”

ယဲ့ရှောင်ရှောင်လည်း လုဟန်ချွမ်အား အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

“ကျမ့်လဲ့ယင်က အလုပ်ပြောင်းရွှေ့ရမယ်ဟုတ်လား၊ ဟိုကိစ္စကြောင့်လားဟင်”

လုဟန်ချွမ်က ရှင်းပြသည်။

“နာလန်စခန်းမှာ အကြွင်းမဲ့ စိတ်ချရတဲ့ ပတ်ဝန်းကျင်မျိုး ရှိဖို့လိုအပ်တယ်၊ သူလျှိုကိစ္စကြောင့် အထက်လူကြီးတွေလည်း ဒီနေရာကို လျစ်လျူရှုထားလို့ မရတော့ဘူးလေ၊ မကြာခင် ဒီနေရာကို လက်နက်ကိုင်ရဲတပ်ဖွဲ့တွေ ထပ်ရောက်လာလိမ့်မယ်လို့တောင် ကိုယ်ထင်မိတယ်”

လုဟန်ချွမ်နှင့် သူ၏ တပ်ဖွဲ့ဝင်များမှာ ဤနေရာသို့ အခြားစစ်ဆင်ရေးတစ်ခုဖြင့် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ဆင်ရေးအောင်မြင်သွားပြီး လုဟန်ချွမ် ပြန်သွားသည့်အခါ စခန်းရှိ လုံခြုံရေးကို ပိုမိုတင်းကျပ်ဖို့ လိုအပ်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင်သည် ကျမ့်လဲ့ယင် မည်သည့်နေရာကိုပဲသွားသွား စိတ်မဝင်စားလှပေ။

သို့သော် တစ်ဖက်လူ၏ လွန်လွန်ကဲကဲ လွမ်းဆွတ်တမ်းတနေမှုများကို မြင်ရသည်မှာ သူမအတွက် စိတ်အနှောင့်အယှက် အလွန်ဖြစ်စရာကောင်းပါသည်။

ထို့ကြောင့် လုဟန်ချွမ်အား သူမ လှည့်ပြောလိုက်သည်။

“ကျွန်မ အပြင်ထွက်ပြီး လက်ကိုင်မီးပန်းလေးတွေနဲ့ သွားကစားလိုက်ဦးမယ်”

ယဲ့ရှောင်ရှောင်အတွက် ဤနေရာတွင် လုပ်စရာမရှိတော့ချေ။

သကြားလုံးများ ဝေပြီးပြီးဖြစ်သကဲ့သို့ ဖျော်ဖြေပွဲကိုလည်း အတော်အတန် ကြည့်ရှုပြီးပါပြီ။

စပီကာ သို့မဟုတ် မိုက်ခရိုဖုန်းများ မရှိသဖြင့် ဤဖျော်ဖြေပွဲမှာ ကျောင်းစုံညီပွဲတော်တစ်ခုကိုပင် မမီနိုင်ဟု ယဲ့ရှောင်ရှောင် ခံစားရသည်။

တစ်ခုတည်းသော အစားထိုးမရသည့် တန်ဖိုးမှာ နွေးထွေးဆူညံလှသော ပွဲတော်၏ အငွေ့အသက်ပင်ဖြစ်သည်။ သို့သော် ကျမ့်လဲ့ယင်ကြောင့် သူမ စိတ်ခံစားချက်များ ပျက်ပြားသွားခဲ့ရပြီဖြစ်ရာ အပြင်သာ ထွက်နေချင်ပါတော့သည်။

လုဟန်ချွမ်လည်း မတ်တပ်ထရပ်ကာ ယဲ့ရှောင်ရှောင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“သွားကြစို့၊ အပြင်မှာ အေးတယ်၊ ဦးထုပ်နဲ့ လက်အိတ်ဝတ်ထားဦးနော်”

သို့သော် သူတို့နှစ်ဦး မတ်တပ်ထရပ်လိုက်သည်နှင့် ကျမ့်လဲ့ယင်က လှမ်းခေါ်လိုက်လေသည်။

ယဲ့ရှောင်ရှောင်မှာ နားကြားများမှားသွားသလားဟုပင် ခံစားလိုက်ရသည်။

‘ကျမ့်လဲ့ယင် ထွက်သွားမယ့်ကိစ္စက ငါနဲ့ဘာဆိုင်လို့လဲ’

ထို့နောက် နာလန်စခန်းတွင် ရှိနေစဉ်ကာလအတွင်း သူမကို ဂရုစိုက်ပေးခဲ့သည့်အတွက် လုဟန်ချွမ်အား ကျမ့်လဲ့ယင် ကျေးဇူးတင်နေသည်ကို ယဲ့ရှောင်ရှောင် ကြားလိုက်ရသည်။

လုဟန်ချွမ်အား ယဲ့ရှောင်ရှောင် မော့ကြည့်လိုက်သည်။

‘သူ့ကို ဘယ်လို ‘ဂရုစိုက်’ခဲ့တာလဲ ပြောပါဦး’

လုဟန်ချွမ်: “…”

တစ်ဖက်မိန်းကလေးမှာ ယဉ်ကျေးမှုအရ ကျေးဇူးတင်နေခြင်းသာ ဖြစ်ပါလိမ့်မည်။

လုဟန်ချွမ်သည် ကျမ့်လဲ့ယင်နှင့် ပတ်သက်၍ အမြဲတမ်း အလုပ်သဘောအရသာ ဆက်ဆံခဲ့သည်။ ရှောင်ရှောင်မှလွဲ၍ အခြားသူများကို အထူးအခွင့်အရေး ပေးရလောက်အောင်လည်း သူအားလပ် မနေပေ။

လုဟန်ချွမ်အား ကျေးဇူးတင်စကားပြောပြီးနောက် ကျမ့်လဲ့ယင်သည် ယဲ့ရှောင်ရှောင်ဘက်သို့ အကြည့်လွှဲလိုက်ပါသည်။

“ဒေါက်တာယဲ့က ဘက်စုံထူးချွန်တယ်လို့ ကြားမိတယ်နော်၊ နှုတ်ဆက်တဲ့အနေနဲ့ တို့အတွက် ဒေါက်တာယဲ့ သီချင်းတစ်ပုဒ်လောက် ဆိုပေးပါလား”

ယဲ့ရှောင်ရှောင် နှုတ်မှ ထုတ်ပြောလိုက်ချင်သည်။

‘ကိုယ့်ကိုယ်ကိုယ် တော်တော်အထင်ကြီးတာပဲ၊ သွားစရာရှိတာ သွားပေါ့၊ ဘာလို့ နှုတ်ဆက်သီချင်းပါ ဆိုပေးရဦးမှာလဲ’

သို့သော် ကျမ့်လဲ့ယင်၏ ရည်ရွယ်ချက်ကို ယဲ့ရှောင်ရှောင် ခပ်မြန်မြန်ပင် သဘောပေါက်နားလည်သွားခဲ့ပါသည်။

ကျမ့်လဲ့ယင်မှာ လူအများကို မျက်ရည်ဝဲသွားစေလောက်သော စစ်သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ ရုတ်တရက်တောင်းဆိုနေခြင်းမှာ သူမကိုစိန်ခေါ်လိုက်ခြင်းဖြစ်မှန်း သိသာပါသည်။

ကျမ့်လဲ့ယင်၏ ရန်လိုသော ရည်ရွယ်ချက်ကို အာရုံခံမိသဖြင့် လုဟန်ချွမ်က တစ်ခုခုဝင်ပြောဖို့ ကြံလိုက်သော်လည်း ယဲ့ရှောင်ရှောင်က လုဟန်ချွမ်၏ လက်ကိုလွှတ်ကာ ကျမ့်လဲ့ယင်အား တော်တောက်ပပ ပြုံးပြလိုက်လေသည်။

“ရတာပေါ့၊ ဒေါက်တာကျမ့်အတွက် ကျွန်မ ‘နှုတ်ဆက်သီချင်း’တစ်ပုဒ် ဆိုပေးမယ်နော်၊ လမ်းခရီးမှာ ဘေးကင်းလုံခြုံပြီး တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်”

All Chapters