← Chapters

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း ၂၉၂

Vol. 30 Ch. 292

📗 Chapter 292

စပီကာ သို့မဟုတ် မိုက်ခရိုဖုန်းများ မရှိသဖြင့် ဤနေရာတွင် ဖျော်ဖြေမှုဟူသည်မှာ နောက်ခံတီးလုံးမပါဘဲ အသံဗလာဖြင့် သီဆိုရခြင်းကိုသာ ဆိုလိုပါသည်။

ပွဲကြည့်ပရိတ်သတ်မှာလည်း အလွန်ဆူညံနေတတ်သဖြင့် သီဆိုသူ၏ အသံပါဝါနှင့် အရည်အချင်းအတွက် စစ်မှန်သော စိန်ခေါ်မှုပင် ဖြစ်ပေသည်။

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ ယဲ့ရှောင်ရှောင် သီချင်းဆိုသည်ကို သူတစ်ခါမှ မကြားဖူးပေ။

ထိုအတွေးဖြင့် သူ့မျက်နှာ ချက်ချင်း အေးခဲသွားရသည်။

‘ကျမ့်လဲ့ယင်မှာ အဲ့လိုတောင်းဆိုခွင့်ရှိလို့လား၊ ထွက်သွားရမယ်ဆိုလည်း အေးအေးဆေးဆေး ထွက်သွားလိုက်ပေါ့၊ ရှောင်ရှောင့်ကို သီချင်းဆိုပြီး နှုတ်ဆက်ခိုင်းစရာ လိုလို့လား’

လုဟန်ချွမ် အလွန်မကျေမနပ်ဖြစ်သွားပြီး စိတ်အခြေအနေလည်း မကောင်းတော့ပေ။

ယဲ့ရှောင်ရှောင်သာ ဆွဲမထားခဲ့လျှင် သူတစ်ခုခု ဝင်ပြောမိလောက်သည်။

ကျမ့်လဲ့ယင်သည် ယဲ့ရှောင်ရှောင်တစ်ယောက် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ရှေ့သို့ထွက်လာပြီး သူမအား တစ်ချက်လှမ်းကြည့်သွားသည်ကို မြင်လိုက်ရသည်။

သူမရင်ထဲ မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ လမ်းဖယ်ပေးလိုက်ပြီးနောက် လူအုပ်ကြီး၏ အကြည့်များအောက်တွင် တုန်လှုပ်မှု စိုးစဉ်းမျှမရှိဘဲ မရှိဘဲ တည်တည်ငြိမ်ငြိမ် ရပ်တည်နေသော ယဲ့ရှောင်ရှောင်အား စိုက်ကြည့်နေမိသည်။

ယဲ့ရှောင်ရှောင် သီချင်းမဆိုသည်မှာ ကြာပြီဖြစ်သော်လည်း သီချင်းမဆိုတတ်ဟု မဆိုလိုပေ။ သူမသည် ယခင်ဘဝက ဂီတသင်တန်းများကို တက်ရောက်ဖူးသူတစ်ဦးပင် မဟုတ်ပါလား။

ယဲ့ရှောင်ရှောင်၏ ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံလေးမှာ ထမင်းစားဆောင်အတွင်း ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

မည်သည့် အသံချဲ့စက် ကိရိယာမှ ရှိမနေသော်လည်း သူမ စတင်သီဆိုလိုက်သည်နှင့် ပရိတ်သတ်၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပါသည်။

မူလက စကားပြောဆိုနေကြသည့် လူများသည်လည်း တဖြည်းဖြည်းနှင့် ငြိမ်သက်သွားကြပြီး သီချင်းထဲ စီးမျောသွားခဲ့ကြသည်။

ယဲ့ရှောင်ရှောင်တွင် အသံလှလှလေးရှိပြီး သူမ၏ နူးညံ့သိမ်မွေ့သော အမူအရာနှင့် ပေါင်းစပ်လိုက်လျှင် ဤကဲ့သို့ စိတ်အေးချမ်းစေသည့် သီချင်းလေးများနှင့် အလိုက်ဖက်ဆုံးပင်ဖြစ်သည်။

သီချင်းပြီးဆုံးသွားသည့်အချိန်အထိ ပရိတ်သတ်များမှာ ရီဝေနေကြဆဲပင်။ သို့သော်လည်း တစ်စုံတစ်ဦးက လျင်မြန်စွာ ဦးဆောင်၍ လက်ခုပ်တီးလိုက်သည့်အခါတွင်မူ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ထမင်းစားဆောင်ကြီးတစ်ခုလုံး မိုးခြိမ်းသံပမာ ကျယ်လောင်သည့် လက်ခုပ်လက်ဝါးသံများဖြင့် စီစီညံသွားလေတော့သည်။

ကျမ့်လဲ့ယင်လည်း မျက်နှာ ဖြူဖျော့သွားခဲ့ရသည်။ သူမသည် တစ်ဖက်လူအား အစွမ်းပြခွင့် ပေးလိုက်သလို ဖြစ်သွားခဲ့သည်။

နာလန်စခန်းမှာ ထွက်ခွာခါနီးဆဲဆဲ အချိန်မှာပင် ဤကဲ့သို့ စိတ်ပျက်စရာကောင်းသော မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု ကျမ့်လဲ့ယင် လုံးဝ ထင်မှတ်မထားခဲ့ချေ။

စိတ်ပျက်အားလျော့မှုများက သူမရင်ထဲ လှိုင်းလုံးများပမာ ဝင်ရောက်လာပြီး သူမ မည်သို့ပင် ကြိုးစားပါစေ၊ ဘယ်သောအခါမှ ယဲ့ရှောင်ရှောင်အား ယှဉ်နိုင်တော့မည်မဟုတ်ဟု ခံစားလိုက်ရလေတော့သည်။

ယဲ့ရှောင်ရှောင်ကမူ သီချင်းဆိုပြီးသည်နှင့် ကျမ့်လဲ့ယင်အား တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ဘဲ လုဟန်ချွမ်ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

“သွားကြရအောင်၊ အပြင်မှာ လမ်းလျှောက်ကြမယ်”

လုဟန်ချွမ်၏ လက်ကို ဦးဆောင်တွဲလျက် အပြင်သို့ ယဲ့ရှောင်ရှောင် ခေါ်ဆောင်သွားခဲ့သည်။

ထမင်းစားဆောင် အပြင်ဘက်သို့ ရောက်ခါမှ သူမ မေးမြန်းလိုက်ပါသည်။

“ခုနက ကျွန်မကို ဘာလို့ လက်ခုပ်တီးပြီး အားမပေးတာလဲ”

လုဟန်ချွမ်က ပြန်ဖြေသည်။

“အဲ့သီချင်းက ကိုယ့်အတွက်ဆိုပေးတာမှ မဟုတ်တာ၊ ဘာလို့ လက်ခုပ်တီးရမှာလဲ”

ယဲ့ရှောင်ရှောင်: ‘သဘောထား သေးသိမ်လိုက်တာ’

ထို့နောက် ယဲ့ရှောင်ရှောင် အနားကပ်လာကာ တီးတိုးပြောလိုက်သည်။

“နောက်တစ်ခါကျမှ ရှင့်တစ်ယောက်တည်းအတွက် သီးသန့်ဆိုပေးမယ်”

လုဟန်ချွမ်: “နောက်တစ်ခါထိ စောင့်နေစရာမလိုပါဘူး၊ အခုလည်း ရတာပဲ၊ ရှောင်ရှောင် အဲ့လောက်ထိ အဆိုကောင်းလိမ့်မယ်လို့ ထင်မထားဘူး”

ယဲ့ရှောင်ရှောင်သည် ခြေဖျားထောက်လျက် သူ့ပါးပေါ် အနမ်းတစ်ပွင့်ခြွေလိုက်သည်။

“အရမ်းအေးလို့ စကားမပြောချင်ဘူး”

ပြောပြောဆိုဆိုနှင့် သူမ၏ လည်စည်းပဝါလေးကို နှာခေါင်းနားအထိ ဆွဲတင်လိုက်သည်။

လုဟန်ချွမ်က သူမ၏ လည်စည်ပဝါလေးကို ကူညီပြင်ဆင်ပေးရင်း ပြောလိုက်သည်။

“အဲ့တာဆိုလည်း ပေကျင်းကို ပြန်ရောက်မှ သီချင်းဆိုကြတာပေါ့”

ယဲ့ရှောင်ရှောင် သူ့ကို အသာအယာတွန်းထုတ်လိုက်သည်။ သို့သော် အားမပါလှသဖြင့် လုဟန်ချွမ်မှာ လှုပ်ပင် မလှုပ်‌ပေ။

“နောက်မနေနဲ့တော့၊ နောက်တစ်ခါ အခွင့်အရေးရရင် ကျွန်မ တယောထိုးပြမယ်၊ တယောထိုးတာကို ရှင်တစ်ခါမှ မမြင်ဖူးဘူးမလား”

ယခင်ဘဝက ယဲ့ရှောင်ရှောင်တွင် ပညာရှင်တစ်ဦး ကိုယ်တိုင်ဖန်တီးထားသည့် အဖိုးတန် တယောတစ်လက် ရှိခဲ့ဖူးသည်။

ဤကမ္ဘာသို့ ကူးပြောင်းလာစဉ်ကတည်းက ဆေးပညာတွင်သာ စိတ်နှစ်ထားခဲ့သဖြင့် အခြားမည်သည့် ပါရမီကိုမှ ထုတ်ပြနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်ပင် သူမ တယောထိုးတတ်သည်ကို မိသားစုဝင်များအပါအဝင် မည်သူမှ မသိကြသေးပါ။

လုဟန်ချွမ်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ရှောင်ရှောင်နှင့်ပတ်သက်၍ သူသိမထားသည့် အရာများစွာ ရှိနေသေးသည်ကို နားလည်သွားခြင်းကြောင့် ဖြစ်နိုင်သည်။

သူတို့နှစ်ဦး အတူတူဖြတ်သန်းရသည့် အချိန်များမှာ တိုတောင်းလွန်းလှပါသည်။ အခွင့်အရေးသာ ရရှိလာခဲ့လျှင် သူမနှင့် တစ်စက္ကန့်လေးပင် မခွဲခွာဘဲ တစ်သက်လုံးအတူတူနေနိုင်ဖို့ လုဟန်ချွမ် မျှော်လင့်မိသည်။

သို့သော် သူတို့နှစ်ဦးမှာ ကိုယ်ပိုင် ရည်မှန်းချက်များ၊ တာဝန်များဖြင့် အချိန်ကုန်ဆုံးနေရသူများ ဖြစ်ရာ ထိုအိပ်မက်မှာ စိတ်ကူးယဉ်အဆင့်သာသာ ရှိပါသေးသည်။

သူ၏မိဘများကဲ့သို့ပင် တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြသော်လည်း အတူတူဖြတ်သန်းရသည့် အချိန်များက နည်းပါးလွန်းလှပေသည်။

ချစ်သူကောင်မလေး၏ လက်ကိုကိုင်ရင်း လုဟန်ချွမ် ပြုံးကာ သတိပေးလိုက်သည်။

“ဟုတ်ပါပြီ၊ ကတိပေးထားတာတွေကို မမေ့နဲ့နော်”

ယဲ့ရှောင်ရှောင်က ချေပသည်။

“မမေ့ပါဘူး! ကျွန်မက အပြောနဲ့အလုပ်ညီတဲ့ မိန်းကလေးမျိုးပဲ၊ စောင့်ကြည့်နေလိုက်”

လုဟန်ချွမ် ကြင်ကြင်နာနာပြုံးလိုက်သည်။

“အင်းပါ စောင့်ကြည့်နေမယ်”

အပြင်ဘက်တွင်လည်း လုပ်စရာများများစားစား မရှိလှပေ။ လီကျန်းက မီးရှူးမီးပန်းများစွာ ဝယ်ယူထားသဖြင့် ကံကောင်းသွားသည်ဟု ဆိုနိုင်သည်။

သို့သော် ယဲ့ရှောင်ရှောင် အဆောင်သို့ ပြန်လာသောအခါ လီကျန်း၏ အရိပ်အယောင်ကို မမြင်မိပေ။

“သူဘာလို့ ပြန်မလာသေးတာလဲ၊ မီးရှူးမီးပန်းတွေ တစ်ယောက်တည်း သွားဖောက်နေတာများလား”

ယဲ့ရှောင်ရှောင် ဇဝေဇဝါဖြစ်စွာ ရေရွတ်လိုက်သည်။

လုဟန်ချွမ်က လက်ကိုင်မီးပန်းလေးနှစ်ချောင်းကို ကိုင်လျက် အကြံပြုလိုက်ပါသည်။

“ရှောင်ရှောင် ကစားချင်တယ်ဆိုရင် ဒါတွေအရင်ကစားနှင့်လေ”

မိုးအတော်ချုပ်နေပြီဖြစ်ရာ ရှောင်ရှောင်သည် ပုံမှန်အားဖြင့် ညည့်နက်အောင် မနေတတ်သဖြင့် မကြာမီ အိပ်ငိုက်လာမည်ကို လုဟန်ချွမ် စိတ်ပူမိပါသည်။

ယဲ့ရှောင်ရှောင်: “ဒါဆို နည်းနည်းပဲ ယူထားမယ်၊ လီကျန်းအားတဲ့အခါမှ ပြန်လာကြတာပေါ့”

အပြင်ဘက်တွင် လက်ကိုင်မီးပန်းများနှင့် ဆော့ကစားပြီးနောက် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ အဆောင်သို့ ပြန်လာခဲ့ကြသည်။

အနီးနားတွင် သက်ကြီးရွယ်အို လူကြီးမိဘများလည်း မရှိကြသဖြင့် နှစ်သစ်ကူးဂါဝရပြုဖို့ မလိုအပ်ပေ။ ယဲ့ရှောင်ရှောင်အား စောစောအိပ်ဖို့ မှာကြားပြီးနောက် စစ်တန်းလျားဘက်သို့ လုဟန်ချွမ် ပြန်သွားလေတော့သည်။

ယဲ့ရှောင်ရှောင်သည် အခန်းတံခါးကို အတွင်းဘက်မှ လော့ခ်ချကာ အိပ်စက်ဖို့ အသင့်ပြင်လိုက်ပါသည်။ သို့သော် ချက်ချင်း အိပ်မပျော်သေးဘဲ လီကျန်းပြန်လာသည့်အခါ တံခါးဖွင့်ပေးနိုင်ဖို့ စောင့်မျှော်နေခဲ့သည်။

အခန်းထဲရှိ အပူပေးမီးဖိုမှာ တောက်ပစွာ လောင်ကျွမ်းနေပြီး အပူပေးကုတင်ကလည်း နွေးထွေးလှပါသည်။

အပြင်ဘက်တွင် အသည်းခိုက်အောင် ချမ်းအေးနေလျှင်ပင် အခန်းအတွင်း၌ အလွန်သက်တောင့်သက်သာရှိအောင် နွေးထွေးလှပေသည်။

ည ၁၁ နာရီထိုးခါမှ လီကျန်း ပြန်ရောက်လာခဲ့သည်။

ယဲ့ရှောင်ရှောင်က စိုးရိမ်တကြီး မေးမြန်းလိုက်ပါသည်။

“အစ်မ ဘယ်တွေသွားနေတာလဲ၊ ဘာလို့ ဒီလောက်နောက်ကျနေတာလဲ”

လီကျန်းက လက်ယမ်းပြကာ ပေါ့ပေါ့တန်တန် ပြောလိုက်ပါသည်။

“မေးမနေပါနဲ့ဟယ်၊ လမ်းမှာ အရူးတစ်ကောင် လာနှောင့်ယှက်နေလို့”

ယဲ့ရှောင်ရှောင်: “…”

‘ကိုယ့်အခြေအနေနဲ့ သူများကို အရူးလို့ ခေါ်နိုင်သေးတယ်ပေါ့’

သို့သော် လီကျန်း၏ ပြောစကားအရ သူမကို တစ်စုံတစ်ယောက် ရည်းစားစကားပြောခဲ့ခြင်း ဖြစ်နိုင်သည်။

လီကျန်းမှာ ပိန်ပိန်ပါးပါးရှိပြီး အမြဲတမ်းလိုလို စိတ်လိုက်မာန်ပါ လုပ်တတ်သော်လည်း ယဲ့ရှောင်ရှောင်ထက် အသက်အနည်းငယ် ပိုကြီးပါသည်။

ယနေ့ညကုန်ဆုံးသွားသည်နှင့် သူမသည် အသက်တစ်နှစ် ပိုကြီးသွားတော့မည်ဖြစ်ရာ အပျိုကြီးအရွယ် ရောက်ရှိဖို့ ခြေတစ်လှမ်း ပိုမိုနီးကပ်လာပါတော့မည်။

လီကျန်းတွင် မည်သည့်မိသားစုဝင်မှ မရှိခြင်းကြောင့်သာ အိမ်ထောင်ပြုရန် အတင်းအကျပ် နားပူနားဆာ အလုပ်မခံရခြင်း ဖြစ်သည်။

“အစ်မဘက်က အဆင်ပြေတယ်လို့ထင်ရင် စဉ်းစားပေးလိုက်ပေါ့၊ အစ်မကော မိသားစုတစ်စုတည်ထောင်ပြီး အခြေတကျ မနေချင်ဘူးလား”

ယဲ့ရှောင်ရှောင် အကြံပြုလိုက်သည်။ အခြားမည်သည့်အချက်ကိုမှ ထည့်မတွက်လျှင်ပင် တစ်ဦးကိုတစ်ဦး အမြဲတစေ စောင့်ရှောက်ပေးနိုင်မည့် အဖော်တစ်ယောက် ရှိနေခြင်းမှာ ကောင်းမွန်သည့်အရာဖြစ်ပေသည်။

ဤသည်မှာ အိမ်ထောင်ပြုရခြင်း၏ အနှစ်သာရပင် မဟုတ်ပါလား။

လီကျန်းလည်း အနည်းငယ် တွေဝေသွားမိပါသည်။ ယခင်က သူမကို မည်သူမှ ရည်းစားစကား လာမပြောဖူးသဖြင့် ဤကိစ္စများနှင့် ပတ်သက်၍ တစ်ခါမှ မတွေးတောခဲ့ဖူးပေ။

သို့သော် ယခုအခါတွင်မူ သူမစိတ်ထဲ အနည်းငယ် ရှုပ်ထွေးသွားခဲ့ပြီး သေသေချာချာ စဉ်းစားချင့်ချိန်ဖို့ လိုအပ်လာခဲ့ပါသည်။

“ဒါပေမယ့် ငါက တွေ့ကရာလူကို လက်ထပ်လိုက်လို့ ဘယ်ဖြစ်မလဲ၊ အခုလည်း ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်တာပဲ၊ ယောက်ျားယူပြီးမှ သူ့ကိုပါ ထောက်ပံ့နေရရင် ဘယ်လိုလုပ်မလဲ”

လီကျန်းတွင်လည်း ကိုယ်ပိုင် အတွေးအခေါ်များ ရှိနေပါသေးသည်။

ယဲ့ရှောင်ရှောင်မှာ သူမကို ပြန်လည်ချေပဖို့ နည်းလမ်းရှာမရတော့ချေ။

“လက်ထပ်ပြီးလို့ အိမ်ထောင်တစ်ခု တည်ဆောက်တယ်ဆိုတာ နှစ်ယောက်စလုံး ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်လေ၊ တာဝန်တွေကို ဘယ်လိုခွဲဝေမလဲဆိုတာကတော့ အစ်မတို့ဖာသာ သေသေချာချာ တိုင်ပင်ရမယ့်ကိစ္စပေါ့”

လီကျန်းတစ်ယောက် ဦးနှောက်အလွန်ခြောက်လာပြီး ကုတင်ပေါ်သာ ပစ်လှဲချလိုက်တော့သည်။

“စိတ်ရှုပ်ဖို့ကောင်းလိုက်တာ”

နောက်တစ်နေ့တွင် ရာသီဥတုက အနည်းငယ် ဆိုးရွားနေခဲ့ပါသည်။ အနီးနားတွင် သဲမုန်တိုင်းတစ်ခု တိုက်ခတ်နေသဖြင့် စခန်းတွင် လွင့်ပျံနေသော အဝါရောင်သဲပွင့်များမှအပ အခြားမည်သည့်အရာကိုမှ မမြင်နိုင်ဖြစ်နေရသည်။

ယဲ့ရှောင်ရှောင်သည် လည်စည်းပဝါတစ်ထည်ကို ခေါင်းပေါ်တွင်ပတ်လျက် အပြင်သို့ထွက်ခဲ့သော်လည်း ပြန်ရောက်လာသည့်အခါ ပါးစပ်ထဲ သဲများပြည့်နေသကဲ့သို့ ခံစားနေရသည်။

နှစ်သစ်ကူးကာလအတွင်း အခြားသော နေရာများတွင် အပန်းဖြေအနားယူနိုင်ကြသော်လည်း နာလန်စခန်းမှာမူ ထူးခြားမှု သိပ်မရှိလှချေ။

ပုံမှန်နေ့ရက်များအတိုင်းပင် သုတေသနဌာနမှ ပညာရှင်များမှာ စိတ်ကြွဆေးများ ထိုးထားသည့်အလား တက်ကြွနေကြပြီး မည်သူကမှ ရေသာခို အချောင်လိုက်ခြင်း မရှိကြဘဲ အလုပ်ကို ပုံမှန်အတိုင်း ဆက်လုပ်နေကြပါသည်။

ဤကဲ့သို့ အေးချမ်းသာယာသော နေ့ရက်များမှာ ၁၁ ရက်နေ့ထိသာ ကြာရှည်ခံခဲ့ပြီး ထိုနေ့တွင် စခန်းမှ တပ်ဖွဲ့ဝင်အမြောက်အမြား ရုတ်တရက် စတင်ထွက်ခွာသွားခဲ့ကြသည်။

လုဟန်ချွမ်သည်လည်း ယခင်က ပြောပြဖူးသည့် စစ်ဆင်ရေးကို အပြီးသတ်ဖို့အတွက် ထွက်ခွာသွားရမည်ဖြစ်ကြောင်း ယဲ့ရှောင်ရှောင် သိထားပါသည်။

ထိုခရီးမှာ တစ်ရက် နှစ်ရက်သာကြာမည့် ခရီးမျိုးမဟုတ်သဖြင့် ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အတွက် ဆုတောင်းပေးရုံမှတစ်ပါး အခြားမလုပ်နိုင်ပေ။

ထိုအချိန်တွင် ကျမ့်လဲ့ယင်သည်လည်း စခန်းမှ ထွက်ခွာဖို့ အသင့်ဖြစ်နေပါပြီ။ သူမ မထွက်ခွာမီ ဝူထောင်နှင့် သူမတို့၏ လက်ထပ်ခွင့် အစီရင်ခံစာအတွက် အတည်ပြုချက် ကျလာခဲ့သည်။

သူတို့နှစ်ဦး လက်ထပ်စာချုပ်ကို ချုပ်ဆိုနိုင်ပြီဖြစ်သော်လည်း မကြာမီ သီးခြားစီ နေထိုင်ကြရတော့မည်ဖြစ်၍ ချုပ်ဆိုမည့် နေ့ရက်ကို အတိအကျ မသတ်မှတ်ရသေးပေ။

ဝူထောင်က ကျမ့်လဲ့ယင်ကို လိုက်လံပို့ဆောင်ပေးရင်း ပြောလိုက်သည်။

“လဲ့ယင်… ကိုယ်တို့တွေ လက်ထပ်စာချုပ် အရင်ချုပ်ထားသင့်တယ်နော်၊ လက်ထပ်ခွင့် အတည်ပြုချက်မှာက သတ်မှတ်ထားတဲ့ ရက်စွဲရှိတယ်၊ ရက်စွဲကျော်သွားရင် အစကနေ ပြန်လျှောက်ရမှာ”

ကျမ့်လဲ့ယင်အတွက်လည်း ပြဿနာမရှိလှပေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် ဝူထောင်အား ရွေးချယ်ထားခဲ့ပြီးပါပြီ။ သူ့ကို လက်ထပ်လိုက်ခြင်းက သူမအတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

ထို့အပြင် သူ့မိသားစုက ပေးပို့ထားသော မင်္ဂလာလက်ဖွဲ့ငွေများကို ကြည့်ခြင်းအားဖြင့် ဝူထောင်၏ မိသားစုနောက်ခံမှာ အတော်အသင့် ပြည့်စုံကြွယ်ဝကြောင်း သိနိုင်သည်။

ထို့ကြောင့် မိမိ၏ ရွေးချယ်မှု မှန်ကန်သည်ဟု ကျမ့်လဲ့ယင် သေချာပေါက် ယုံကြည်နေပါသည်။

ကျမ့်လဲ့ယင် သက်ပြင်းကို ဖြည်းညှင်းစွာ ချမိသည်။ ယခုအခါတွင် သူမသည် ယဲ့ရှောင်ရှောင်နှင့် လိုက်လံ ယှဉ်ပြိုင်ဖို့ စိတ်ကူးမရှိတော့ဘဲ သူမ၏ အနာဂတ်ကိုသာ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ရန် အပြည့်အဝ စိတ်နှစ်ထားခဲ့တော့သည်။

All Chapters