အခန်း ၂၉၃
Vol. 30 Ch. 293
📗 Chapter 293
ကျမ့်လဲ့ယင်မှာ ပါးနပ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။ လုဟန်ချွမ်ထံမှ အကြိမ်ကြိမ် ငြင်းပယ်ခြင်းကို ခံခဲ့ရခြင်းကြောင့်သာ ယဲ့ရှောင်ရှောင်နှင့် တွေ့သည့်အခါတိုင်း အမြဲတမ်း ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ခဲ့ရခြင်း ဖြစ်ပါသည်။
ယခုအခါတွင်မူ ဤနေရာကြီးမှ ထွက်ခွာသွားနိုင်တော့မည်ဖြစ်ရာ သူမ၏ စိတ်အခြေအနေများလည်း ပြန်လည် တည်ငြိမ်သွားခဲ့ရလေပြီ။
“ရှင့်သဘောပါပဲ”
ကျမ့်လဲ့ယင်သည် ဝူထောင်ဘက်သို့ လှည့်ကာ အလွန်နူးညံ့သိမ်မွေ့လှသော စကားလုံးများကို ဆိုလိုက်ပါသည်။
ဝူထောင်တစ်ယောက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်သွားခဲ့သည်။ သူသည် ဤစခန်းသို့ရောက်ရှိလာသည့် အချိန်ကတည်းက ကျမ့်လဲ့ယင်အပေါ် မေတ္တာသက်ဝင်ခဲ့ရသည်။
သို့သော် သူမရင်ထဲတွင် ရှိနေသူက ဗိုလ်မှူးလုဖြစ်ကြောင်း သိခဲ့ရသဖြင့် သူ့ခံစားချက်များကို တစ်သက်လုံး ဖုံးကွယ်ထားရတော့မည်ဟု ဝူထောင် ထင်မှတ်ထားခဲ့သည်။
သို့သော် ယဲ့ရှောင်ရှောင် ရောက်ရှိလာမှုကြောင့် သူ့ကံကြမ္မာက အကြွင်းမဲ့ ပြောင်းလဲသွားခဲ့ရပါသည်။
ယဲ့ရှောင်ရှောင်သည် ဗိုလ်မှူးလု၏ ဇနီးလောင်းဖြစ်သည်။ သူမတွင် ထူးချွန်ထက်မြက်သော ဆေးပညာစွမ်းရည်များ ရှိနေပြီး ပြိုင်ဘက်ကင်း အလှတရားများကို ပိုင်ဆိုင်ထားသည်။
အရေးအကြီးဆုံးအချက်မှာ သူတို့နှစ်ဦး လက်မထပ်ရသေးသော်လည်း ဗိုလ်မှူးလုသည် ဇနီးဖြစ်သူကို အလိုလိုက်လွန်းသော ခင်ပွန်းတစ်ဦးပမာ ပြုမူနေပါပြီ။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန်ခိုင်မာလှပြီး မည်သူမှ ကြားဝင်စွက်ဖက်နိုင်မည့် အခွင့်အရေးမရှိမှန်း သိသာလှပေသည်။
ထို့အပြင် ဆေးခန်းမှ ယန်ကျွမ်းကဲ့သို့ လူမျိုးပင် ဖွင့်ပြောရဲလျှင် သူသည်လည်း တွန့်ဆုတ်နေစရာအကြောင်းမရှိဟု ဝူထောင် ခံစားခဲ့ရသည်။
ထို့ကြောင့် ကျမ့်လဲ့ယင်အား သူဖွင့်ပြောခဲ့ပြီး အောင်မြင်မှုလည်း ရရှိခဲ့ပါသည်။ ယခုအခါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၍ မည်သည့်အမှားအယွင်းမှ အဖြစ်မခံနိုင်ပေ။
ယနေ့မနက်ကပင် ဗိုလ်မှူးလုသည် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရန်အတွက် ရှေ့ပြေးတပ်ဖွဲ့များနှင့်အတူ ထွက်ခွာသွားခဲ့ပါပြီ။
ဤတာဝန်မှာ အချိန်တိုအတွင်း ပြီးဆုံးမည့်တာဝန် မဟုတ်သလို ဝူထောင်တွင်လည်း နောက်ပိုင်း ကိုယ်ပိုင်အစီအစဉ်များ ရှိနေပါသေးသည်။
အလွန်ဆုံး ဤနေရာမှ ဧပြီလ၊ သို့မဟုတ် မေလတွင် ထွက်ခွာသွားနိုင်မည်ဖြစ်ကာ ထိုအချိန်ကျလျှင် ကျမ့်လဲ့ယင်ကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။
“ပျော်လိုက်တာ လဲ့ယင်ရယ်၊ ဒါဆို အခုချိန်ကစပြီး လဲ့ယင်က ကိုယ့်ဇနီးဖြစ်သွားပြီနော်”
ဝူထောင်သည် ကျမ့်လဲ့ယင်ကို ရင်ခွင်ထဲထည့်ကာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်တော့သည်။
တစ်ဖက်တွင်လည်း ယဲ့ရှောင်ရှောင် သတင်းကောင်းတစ်ခုကို ကြားခဲ့ရပါသည်။
စုန့်ရှောင်းကွမ်ဦးဆောင်သော ပညာရှင်အဖွဲ့သည် နာလန်မြို့ပတ်ဝန်းကျင်အခြေအနေကို စစ်ဆေးပြီးကြပြီဖြစ်ကာ ရေတွင်းတစ်တွင်းတူးဖော်ဖို့ သင့်တော်သည့်နေရာကောင်းတစ်ခုအား နောက်ဆုံးတွင် အတည်ပြု ရွေးချယ်နိုင်ခဲ့ကြပါပြီ။
နောက်ဆုံးတွင် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကိုမူ ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပါသေးသည်။
လက်ရှိတွင် ရာသီဥတုမှာ အလွန်အေးမြနေသေးသော်လည်း စစ်ဆေးရေးလုပ်ငန်းများကို ယခုအပြီးသတ်နိုင်ပါက တူးဖော်ခြင်းလုပ်ငန်းအား မေလထဲတွင် စတင်နိုင်တော့မည် ဖြစ်သည်။
လက်ရှိအချိန်တွင် စုန့်ရှောင်းကွမ်နှင့် ဆောက်လုပ်ရေးအဖွဲ့သားများသည် နာလန်မြို့တွင် တည်းခိုနေထိုင်နေကြသည်။ နှစ်သစ်ကူးကာလက ပေကျင်းမြို့သို့ ခေတ္တပြန်သွားခဲ့ကြသော်လည်း ယခုနာလန်မြို့သို့ ပြန်လည်ရောက်ရှိနေကြပါပြီ။
ယဲ့ရှောင်ရှောင်သည် စုန့်ရှောင်းကွမ်အား နှစ်သစ်ကူးပွဲတော်ကာလအတွင်း အဝေးကြီးသို့ လာရောက်စေခဲ့သည့်အတွက် အလွန်အားနာစိတ်ဝင်မိသည်။
အကယ်၍ ဤအစီအစဉ်သာမရှိပါက သူသည် ပေကျင်းမြို့ရှိ အိမ်ဝင်းကျယ်ကြီးထဲတွင် ဆရာကြီးစုန့်နှင့်အတူ ညစာအတူတူစားရင်း စကားလက်ဆုံပြောကာ သက်တောင့်သက်သာ နေနိုင်လောက်သည်။
သို့သော် အမှန်တွင်မူ ယဲ့ရှောင်ရှောင် အတွေးလွန်နေခြင်းသာဖြစ်သည်။ စုန့်ရှောင်းကွမ်သည် လက်ရှိအချိန်တွင် ပေကျင်းမြို့၌ လုံးဝ မနေချင်ပေ။
အကြောင်းမှာ ဆရာကြီးစုန့်သည် ရှောင်ရှောင့်ကို အလွန်အမင်း လွမ်းဆွတ်တမ်းတနေခြင်းကြောင့်ပင်။ ညစာစားသည့်အချိန်တိုင်း သူမအကြောင်းကို အမြဲလိုလို ထုတ်ပြောလေ့ရှိပြီး မည်သူမှလည်း ဖျောင်းဖျ၍ မရနိုင်ပေ။
ဆရာကြီးစုန့် အသက်အရွယ်ရလာပြီဖြစ်၍ ယဲ့ရှောင်ရှောင်အား အနားတွင် ခေါ်ဆောင်ထားချင်ခြင်းဖြစ်မည်ဟု စုန့်ရှောင်းကွမ် ခန့်မှန်းမိပါသည်။
ဤခရီးစဉ်အတွက် သူသည် ပေကျင်းမြို့မှ အရသာရှိသော အစားအသောက်အချို့ကိုပါ ရှောင်ရှောင့်အတွက် ယူဆောင်လာခဲ့သည်။
ဆောင်းတွင်း၌ အစားအသောက်များက ပုပ်သိုးလွယ်ခြင်းမရှိသဖြင့် ဘဲကင်နှစ်ကောင်ကိုပင် သယ်ဆောင်လာခဲ့ပါသေးသည်။
ယဲ့ရှောင်ရှောင်သည် စုန့်ရှောင်းကွမ်ထံမှ ကြေးနန်းစာ ရရှိပြီးနောက် လီကျန်းနှင့်အတူ နာလန်မြို့သို့ သွားရောက်ဖို့ စီစဉ်ခဲ့သည်။ စခန်းတွင် လုဟန်ချွမ်ရှိမနေသဖြင့် သူမတို့နှစ်ဦးတည်းသာ ထွက်ခွာရပါမည်။
လီကျန်းက တွန့်ဆုတ်စွာ ပြောလိုက်သည်။
“ဗိုလ်မှူးလု ပြန်လာရင် ငါ့ကို ကိုက်မစားလောက်ပါဘူးနော်”
ယဲ့ရှောင်ရှောင်: “သူက အစ်မရဲ့ အထက်အရာရှိမှ မဟုတ်တာ၊ ဘာလို့ ကိုက်စားရမှာလဲ”
လီကျန်း: “ပြောတာတော့ လွယ်တာပေါ့၊ စစ်သားတွေဆိုတာ အကျိုးအကြောင်းနားလည်တာမဟုတ်ဘူး၊ တစ်ယောက်ယောက်ကို ဆူဆဲချင်ရင် ဆဲပစ်လိုက်တာပဲ”
ယဲ့ရှောင်ရှောင်က ဘာမှမဖြစ်စေရဟု အကြိမ်ကြိမ် အာမခံပေးမှသာ လီကျန်းတစ်ယောက် ညွှန်ကြားရေးမှူးထံမှ စက်ဘီးသွားငှားပေးခဲ့ပါသည်။
ကျောက်ချွင်းဟွာကလည်း သူမတို့ကို မေးမြန်းခဲ့သေးသည်။
“နင်တို့နှစ်ယောက်တည်း အပြင်ထွက်ကြမလို့လား၊ တစ်ယောက်ယောက်ကို အဖော်ခေါ်သွားပါလား”
လီကျန်းက ကန့်ကွက်သည်။
“အခုမှ နှစ်သစ်ကူးခါစလေ၊ ဘယ်သူက အပြင်ကို အလကားနေရင်း ထွက်ချင်မှာလဲ၊ ဓားပြတွေတောင် အအေးခံပြီး အပြင်ထွက်လာမှာ မဟုတ်ဘူး၊ ဘာအန္တရာယ်မှ မရှိပါဘူး”
ဆောင်းရာသီတွင် လမ်းမများပေါ်၌ သူတောင်းစားများကိုပင် တွေ့ရခဲလှသည်။ ဓားပြများကလည်း ဤအချိန်ကာလမျိုးကို ရွေးချယ်ကာ တိုက်ခိုက်ကြမည် မဟုတ်ပေ။
နှစ်သစ်ကူးမတိုင်မီကာလကသာ လုယက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ယခုအချိန်တွင်မူ လူတိုင်း ငွေကို ကုန်အောင် သုံးစွဲပြီးကြပြီဖြစ်၍ ဓားပြတိုက်လျှင်ပင် များများစားစား ရရှိနိုင်မည် မဟုတ်ချေ။
လီကျန်းသည် သူမ၏ ယုတ္တိသိပ်မရှိလှသော ဆင်ခြေဆင်လက်များဖြင့် ညွှန်ကြားရေးမှူးအား အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါသည်။
ကျောက်ချွင်းဟွာက သူမတို့ကို သတိထားဖို့နှင့် မိုးချုပ်သည့်အချိန်ထိ ပြန်မလာပါက စခန်းကို တိုင်ကြားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။
ကျောင်းတက်စဉ်က အဆောင်ခန်းများကို လာရောက်စစ်ဆေးတတ်သည့် အဆောင်မှူးကိုပင် ယဲ့ရှောင်ရှောင် သတိရသွားမိပါသည်။ လီကျန်းက ပြဿနာရှိမည်မဟုတ်ကြောင်း အကြိမ်ကြိမ်အခါခါ ကတိပေးပြီးခါမှ စက်ဘီးကို ငှားယူနိုင်ခဲ့ပါသည်။
ဤခရီးစဉ်မှာ ယခင်တစ်ခေါက်ကနှင့် မခြားနားလှသော်လည်း လေထန်နေခြင်းကြောင့် လမ်းမများမှာ ယခင်ကထက် ပိုမိုရှည်လျားနေသည်ဟု ယဲ့ရှောင်ရှောင် ခံစားမိသည်။
“ဒီလိုအခြေအနေရှိမှန်း ကြိုသိခဲ့ရင် ကားယူလာခဲ့ပါတယ်… ရထားနဲ့ လာခဲ့မိတာ မှားတာပဲ”
လေဒဏ်ကို အံတုလျက် လီကျန်းကအော်မေးလိုက်သည်။
“ဘာဖြစ်တယ်၊ နင့်မှာကားတောင်ရှိတယ်လား!”
ယဲ့ရှောင်ရှောင် စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ဟုတ်တယ်၊ အဲ့ကားက ယွမ် ၂၀၀,၀၀၀ ကျော် တန်တာလေ၊ ရေတွင်းတွေ အများကြီး တူးဖို့လုံလောက်တဲ့ ပမာဏပဲ’
သို့သော်လည်း ယခုချိန်တွင် ယဲ့ရှောင်ရှောင် စကားပြန်ပြောချင်စိတ် မရှိချေ။ လမ်းခရီးတစ်လျှောက်လုံး လီကျန်း၏ ကျောပေါ်တွင် မျက်နှာကို အပ်ထားခဲ့ပြီး မြို့ထဲသို့ ရောက်ခါမှ ခေါင်းပြန်ဖော်ခဲ့ပါသည်။
လီကျန်းက သက်လုံအလွန်ကောင်းသည်ဟု ဆိုရမည်။ စက်ဘီးနင်းရမည့်သူက ယဲ့ရှောင်ရှောင်သာဆိုလျှင် ပန်းတိုင်ကိုမရောက်မီ လမ်းတစ်ဝက်မှာပင် သတိလစ်သွားနိုင်ပါသည်။
သို့သော် လီကျန်းသည်လည်း အလွန်ခြေကုန်လက်ပန်းကျခဲ့ရပြီး ဆောင်တွင်းကြီးမှာပင် ချွေးမျာစီးကျနေသည်။
“ဘာအရေးကြီးကိစ္စရှိလို့ ဒီအထိ လာခဲ့ရတာလဲ၊ နင်နဲ့တွေ့ဖို့ ဒီအထိ အဝေးကြီးလာခဲ့တဲ့လူက ဘယ်သူလဲဆိုတာ ငါမြင်ချင်နေပြီ”
ယဲ့ရှောင်ရှောင်ကမူ အပြစ်ရှိသလို လုံးဝ မခံစားရပေ။ လီကျန်းအား မြို့ထဲရှိ ဧည့်ဂေဟာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ဧည့်ဂေဟာ၏ အခြေအနေက သာမန်မျှသာ ဖြစ်သော်လည်း အတွင်းပိုင်းက နွေးထွေးမှု ရှိပါသည်။ စုန့်ရှောင်းကွမ် တည်းခိုနေသည့် အခန်းအား မေးမြန်းပြီးနောက် လီကျန်းကို ခေါ်ဆောင်ကာ ယဲ့ရှောင်ရှောင် တံခါးသွားခေါက်ခဲ့သည်။
ကြေးနန်းစာရရှိသည်နှင့် ယဲ့ရှောင်ရှောင် ရောက်လာမည်မှန်း သိသဖြင့် စုန့်ရှောင်းကွမ်သည်လည်း အသင့် စောင့်ကြိုနေပါသည်။
တံခါးခေါက်သံထွက်ပေါ်လာသည်နှင့် တံခါးကို ချက်ချင်း ဖွင့်ပေးခဲ့သည်။
လီကျန်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
‘ဒီကောင်လေးနဲ့တွေ့ဖို့အတွက်နဲ့ ငါ့ကို အဝေးကြီး စက်ဘီး နင်းခိုင်းခဲ့တာလား’
ထိုကောင်လေးမှာ ရုပ်ရည်ပြေပြစ်သော်လည်း ဗိုလ်မှူးလုလောက် ယောက်ျားမပီသပေ။ ယဲ့ရှောင်ရှောင်အား လီကျန်း နားမလည်နိုင်စွာ လှည့်ကြည့်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်က ပေါ့ပေါ့ပါးပါးပင် မိတ်ဆက်ပေးလိုက်သည်။
“သူက စုန့်ရှောင်းကွမ်တဲ့၊ ကျွန်မအစ်ကိုလေ”
လီကျန်းက ပွစိပွစိ ပြောလိုက်သည်။
“နင့်မှာ အစ်ကိုတွေတော်တော်များတာပဲ”
ယဲ့ရှောင်ရှောင်: “…”
“အဲ… မဟုတ်ဘူး မဟုတ်ဘူး၊ အဲ့လိုသဘောမျိုး ပြောတာ မဟုတ်ပါဘူး!”
လီကျန်းသည် လက်ကိုအမြန်ဆန့်တန်းကာ စုန့်ရှောင်းကွမ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
“ကျွန်မက ရှောင်ရှောင်ရဲ့ လုပ်ဖော်ကိုင်ဖက် လီကျန်းပါ”
စုန့်ရှောင်းကွမ်: “ရှောင်ရှောင် စာထဲမှာ ပြောပြထားလို့ ကျွန်တော် ကြားဖူးပါတယ်၊ ဒီမှာ ရှိနေတဲ့ကာလအတွင်း သူ့ကို စောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးပါ”
စုန့်ရှောင်းကွမ်သည် ယခင်က စကားနည်းသည့် လူငယ်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါတွင် သူသည် လုပ်ငန်းရှင်ကြီးတစ်ဦးအဖြစ် နှစ်အတော်ကြာအောင် ရပ်တည်ခဲ့ရသူ ဖြစ်နေပါပြီ။
ထို့ကြောင့် စကားပြောဆိုခြင်း အတတ်ပညာကို အတော်အတန် တတ်မြောက်ထားခဲ့ပြီဖြစ်ရာ ယခုကဲ့သို့ အခြေအနေမျိုးကို အခက်အခဲမရှိ ကိုင်တွယ်နိုင်ပေသည်။
သူ့ကျေးဇူးတင်စကားကြောင့် လီကျန်းမှာ အနည်းငယ် အားနာသွားခဲ့ရပါသည်။
“အထဲဝင်ကြလေ၊ အခန်းထဲမှာ နွေးတယ်”
စုန့်ရှောင်းကွမ်သည် တံခါးဝမှ ဖယ်ပေးလိုက်ပြီး မိန်းကလေးနှစ်ဦးကို အခန်းထဲဝင်ဖို့ ဖိတ်ကြားလိုက်သည်။ အခန်းထဲတွင် နေရာတကျ ထိုင်လိုက်ကြပြီးနောက် စုန့်ရှောင်းကွမ်က နွားနို့နှစ်ပုလင်း ယူဆောင်လာပေးခဲ့သည်။
ထို့နောက် ယဲ့ရှောင်ရှောင်သည် လီကျန်းကို အဘယ်ကြောင့် ဤနေရာသို့ ခေါ်ဆောင်လာရကြောင်းနှင့် ယခင်က မည်သည့် အစီအစဉ်များ ဆွဲထားခဲ့ကြောင်း အလုံးစုံ ရှင်းပြလိုက်တော့သည်။
ထိုရှင်းပြချက်များကို နားထောင်ပြီးနောက် လီကျန်းတစ်ယောက် လုံးဝ မှင်သက်သွားခဲ့ရသည်။
“ဒါဆို… သူက ရေတွင်းတူးဖို့ ရောက်လာတာပေါ့ ဟုတ်လား”
ယဲ့ရှောင်ရှောင်: “သူက စပွန်ဆာပေးတဲ့သဘောပါ၊ တကယ်ရေတွင်းတူးတာကိုတော့ ဆောက်လုပ်ရေးအဖွဲ့က လုပ်ပေးမှာ”
လီကျန်း: “အတူတူပဲ မဟုတ်ဘူးလား၊ စပွန်ဆာပေးတယ်ဆိုတာ ဘာလဲ ငါနားလည်ပါတယ်၊ သူက ငွေကြေးထောက်ပံ့ပေးဖို့ ရောက်လာတဲ့ သဘောပဲ မဟုတ်ဘူးလား”
ထိုအတွေးအခေါ်ကလည်း မမှားယွင်းလှပေ။
စုန့်ရှောင်းကွမ်သည် ငွေကြေးပံ့ပိုးပေးမည့် အလှူရှင်ကြီးဖြစ်မှန်း သိရှိသွားပြီးနောက် လီကျန်း၏ အချိုးမှာ ၃၆၀ ဒီဂရီ လုံးဝ ပြောင်းလဲသွားခဲ့တော့သည်။
“မစ္စတာစုန့်က အရမ်းတော်တာပဲ! အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်နေတဲ့အပြင် သူများတွေကိုပါ ကူညီပေးချင်စိတ်ရှိတယ်၊ ကျွန်မတို့ နာလန်မြို့တစ်မြို့လုံး ရှင့်ရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး”
စုန့်ရှောင်းကွမ်: “…”
ထိုမိန်းကလေး၏ မြန်ဆန်လွန်းလှသော ပြောင်းလဲမှုကြောင့် စုန့်ရှောင်းကွမ် အနေခက်သွားခဲ့ပါသည်။
ထို့အပြင် ရှောင်ရှောင်၏ တောင်းဆိုမှုကြောင့်သာ မဟုတ်လျှင် သူတို့ကုမ္ပဏီအနေဖြင့် မည်သည့်ပံ့ပိုးမှုမှ ပြုလုပ်ဖို့ အစီအစဉ်မရှိကြောင်းကိုလည်း အမှန်အတိုင်း ပြောပြချင်စိတ် ပေါက်သွားမိသည်။
ယဲ့ရှောင်ရှောင်က လီကျန်းအား ပြောလိုက်သည်။
“ခဏထိုင်ပါဦး အစ်မရဲ့၊ နောက်ဆက်တွဲ ကိစ္စတွေကို ဆွေးနွေးကြရအောင်၊ ပညာရှင်တွေက နာလန်မြို့မှာ ရေတွင်းတူးဖို့ သင့်တော်တဲ့အခြေအနေတွေ ရှိတယ်လို့ အတည်ပြုပေးနိုင်ခဲ့ပေမယ့် နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေက အသေးစိတ်ကျပြီး အချိန်ယူရမှာမို့လို့ အချိန်တိုအတွင်း ပြီးနိုင်မှာ မဟုတ်ဘူး၊ ကျွန်မ ပေကျင်းကို ပြန်သွားတဲ့အခါကျရင် ဒီဘက်က လုပ်ငန်းတွေကို ဆက်တာဝန်ယူပေးမယ့်လူတစ်ယောက်လိုအပ်နေတယ်၊ အဲ့ဒီတာဝန်ကို အစ်မ ယူပေးနိုင်မလား”