← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

📗 Chapter 295

အလုပ်အားလုံးကို ယဲ့ရှောင်ရှောင် တစ်ဦးတည်းဆောင်ရွက်သွားခြင်းကြောင့် လီကျန်းနှင့် ယန်ကျွမ်းတို့နှစ်ဦး အကူအညီများများစားစား မပေးနိုင်ခဲ့ကြပေ။

ထို့ကြောင့် ယန်ကျွမ်းသည် ဒဏ်ရာရရှိထားသော အခြားတပ်သားများကိုသာ သွားရောက်စစ်ဆေးပေးခဲ့ပါသည်။

ကျည်ဆံထိမှန်ထားသည့် တပ်သားမှအပ အခြားသူများမှာမူ အသက်အန္တရာယ်မစိုးရိမ်ရသည့် ဒဏ်ရာအသေးစားများကိုသာ ရရှိထားကြသည်။

လီကျန်းက ဒဏ်ရာရ တပ်သားများထံမှ အသေးစိတ်အချက်အလက်များ မေးမြန်းကြည့်ရန် ကြိုးစားခဲ့ပါသည်။

“စစ်ဆင်ရေးက ပြီးသွားပြီမလားဟင်၊ တခြားဒဏ်ရာရတဲ့သူတွေ ရှိသေးလား”

နဖူးပေါ်မှ သွေးများ စီးကျနေဆဲဖြစ်သော တပ်သားတစ်ဦးက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခေါင်းသာ ခါပြလိုက်ပါသည်။

သို့သော်လည်း သူ့ရင်ထဲတွင်မူ ထိုရာဇဝတ်သားများက ဓားစာခံများ ဖမ်းယူထားခြင်းကြောင့်သာ မဟုတ်လျှင် သူတို့ဘက်မှ ယခုလောက်ထိ ထိခိုက်ကျဆုံးမှုမျိုး ရှိလာစရာအကြောင်းမရှိဟု နာနာကျည်းကျည်း တွေးနေမိပါသည်။

ဆေးခန်းရှိ တာဝန်အားလုံး ပြီးဆုံးသွားသည့်အခါ မနက် ၂ နာရီပင် ထိုးခဲ့လေပြီ။

ယဲ့ရှောင်ရှောင်က မျက်မှောင်ကြုတ်လျက် တံခါးလာခေါက်သော တပ်သားကို လှည့်မေးလိုက်သည်။

“ရဲဘော်တို့ရဲ့ စစ်ဆရာဝန်က ဘယ်မှာလဲ”

ဒဏ်ရာရ တပ်သားများ ဤကဲ့သို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာလျှင် စစ်ဆရာဝန်ကပါ အတူတူ လိုက်ပါလာခဲ့သင့်ပါသည်။ ယခင်ကဆိုလျှင် ကျမ့်လဲ့ယင်လည်း ထိုနည်းတူ လိုက်ပါလာလေ့ ရှိတတ်သည်။

မေးမြန်းခံရသည့် တပ်သားလေးမှာ မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားပြီး ထစ်ထစ်ငေါ့ငေါ့နှင့် ပြန်ပြောလိုက်သည်။

“အာ… ဟိုဟာ… ဟိုဘက်မှာ လုပ်စရာတွေ ရှိသေးလို့ ကျန်ခဲ့တာပါ”

ယဲ့ရှောင်ရှောင်က ဆက်လက်ဖိအားပေး မေးမြန်းသည်။

“အဲ့တာဆို လုဟန်ချွမ်ကကော၊ သူလည်း မကြာခင် ပြန်လာမှာလား”

“ချက်ချင်းကြီးတော့ ပြန်မလာလောက်သေးဘူး၊ ဗိုလ်မှူးလုက တပ်ချုပ်ဆီသွားပြီး အစီရင်ခံစရာ ရှိသေးလို့ တခြားသူတွေပြီးမှ ပြန်လာလိမ့်မယ်ထင်တယ်”

ထိုတပ်သားသည် ယဲ့ရှောင်ရှောင်အား လှည့်စားရန် ဤမျှအထိ ခက်ခဲလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။

သူမ၏ စူးရှလှသော အကြည့်များကြောင့် အမှန်အတိုင်း ဖွင့်ပြောရတော့မည့် အခြေအနေသို့ပင် ရောက်ရှိနေပါပြီ။

ယဲ့ရှောင်ရှောင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“အဲ့တာဆို ကျွန်မ စခန်းမှာရှိတဲ့ ဖုန်းနဲ့ ကော်မရှင်နာရှုဆီ ဖုန်းဆက်ပြီး လုဟန်ချွမ် အခုဘယ်မှာလဲဆိုတာ မေးကြည့်လိုက်ဦးမယ်”

“…”

တစ်ချိန်တည်းမှာပင် စစ်တန်းလျားဘက်မှ ဆေးခန်းတွင် စစ်ဆရာဝန်သည် လုဟန်ချွမ်၏ ဒဏ်ရာကို ပတ်တီးစည်းပေးခြင်းအား လက်စသတ်ပြီးခါစ ရှိပါသေးသည်။

လုဟန်ချွမ်သည် ပခုံးပေါ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ဒဏ်ရာ၏ အတိမ်အနက်ကို အကဲခတ်ကြည့်ရသလောက် သုံးမြှောင့် တြိဂံပုံစံ ဓားသွားကဲ့သို့သော လက်နက်မျိုးဖြင့် ထိုးစိုက်ခံထားရခြင်းဖြစ်မည်ဟု ခန့်မှန်းရသည်။

ပခုံးကို ထိမှန်သွား၍ ကံကောင်းသည်ဟု ဆိုရမည်။ အခြားသော အသက်အန္တရာယ်ရှိနိုင်သည့် နေရာများကိုသာ ထိခိုက်သွားပါက ယခုလောက်ဆို အသက်ပျောက်နေလောက်ပါပြီ။

တစ်ချိန်တည်းမှာပင် ဆရာဝန်သည် ဗိုလ်မှူးလုအား ချီးမကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။

ဤမျှအထိ ပြင်းထန်လှသော ဒဏ်ရာကို အောင့်အည်းသည်းခံကာ စခန်းသို့ ပြန်ရောက်သည့်တိုင်အောင် ကြံ့ကြံ့ခံနိုင်ခဲ့ခြင်းမှာ အံ့ဩစရာကောင်းလှပေသည်။

ယခုအချိန်တွင် လုဟန်ချွမ်တစ်ယောက် မေ့ဆေးအရှိန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါသည်။

စစ်ဆရာဝန်သည် ဆေးပစ္စည်းများကို သိမ်းဆည်းကာ လူနာဆောင်ထဲမှ အသာအယာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် တံခါးဝ၌ ထီးထီးကြီး ရပ်နေသော ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရလေသည်။

“အာ…”

ကျမ့်လဲ့ယင်နေရာ၌ အစားထိုးဝင်ရောက်လာသည့် ဆရာဝန်အသစ်မှာ ယဲ့‌ရှောင်ရှောင်နှင့် ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိသေးပေ။

သို့သော် ဗိုလ်မှူးလု၏ သတို့သမီးလောင်းလေးဖြစ်ကြောင်းကိုတော့ အခြားသူများထံမှ ကြားသိထားပါသည်။ ထို့ကြောင့် လူနာရှင်တစ်ဦးဖြစ်သည့်အလျောက် သူမလမ်းတွင် တားဆီးပိတ်ပင်ထားစရာ အကြောင်းမရှိပေ။

ယဲ့ရှောင်ရှောင်ကို လိုက်ပို့ပေးသည့် တပ်သားလေးမှာ အထဲသို့ပင် မဝင်ရဲခဲ့ပါ။ လုဟန်ချွမ် သတိလည်လာပါက အရှင်လတ်လတ် ဝါးစားခံရမည့်အဖြစ်ကို တွေးတောရင်း အလိုလို ကြောက်လန့်နေမိသည်။

ယဲ့ရှောင်ရှောင်ကမူ မျက်စိမျက်နှာပျက်ကာ အခန်းထဲဝင်သွားပြီး တံခါးကို ချက်ချင်း ပိတ်ချပစ်လိုက်သည်။

စစ်ဆရာဝန်မှာလည်း မတတ်သာတော့ဘဲ ခေါင်းကို ခါယမ်းလျက် ထိုနေရာမှ အမြန်ဆုံး လစ်ထွက်လာခဲ့တော့သည်။

နောက်တစ်နေ့တွင် လုဟန်ချွမ်တစ်ယောက် ဒဏ်ရာမှ စူးစူးရှရှ နာကျင်မှုကြောင့် သတိလည်လာခဲ့သည်။ သူ့မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ကုတင်ဘေးတွင် ထိုင်နေသော ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရပါသည်။

လုဟန်ချွမ်က သူမ၏ အေးစက်နေသော လက်ဖဝါးလေးကို လှမ်းကိုင်လိုက်သည်။

“အသားတွေ ဘာလို့ အေးစက်နေတာလဲ၊ ဒီကို ဘယ်တုန်းက ရောက်နေတာလဲ ရှောင်ရှောင်”

ယဲ့ရှောင်ရှောင်ကမူ သူ့လက်ကို မညှာမတာ ရိုက်ထုတ်ပစ်ကာ အရွဲ့တိုက်သော လေသံဖြင့် ပြောလိုက်သည်။

“ကျွန်မသာ ရောက်မလာရင် ဗိုလ်မှူးကြီးလု ဘယ်လောက်ထိအစွမ်းအစရှိလဲ သိရမှာ မဟုတ်ဘူးလေ”

လုဟန်ချွမ်သည် ငယ်စဉ်အချိန်မှစ၍ အရွယ်ရောက်လာသည့်အချိန်အထိ မည်သည့်အကြောင်းအရာကြောင့်မှ လိပ်ပြာမလုံ၊ အပြစ်ရှိသလို မခံစားခဲ့ရဖူးပေ။

သို့သော် ယခု ယဲ့ရှောင်ရှောင်၏ အေးစက်နေသော မျက်နှာလေးကို ကြည့်ရင်း မနေသာတော့ဘဲ ဖြေရှင်းချက် ပေးဖို့ စဉ်းစားရတော့သည်။

လုဟန်ချွမ် ကုတင်ပေါ် ထထိုင်ဖို့ ကြံနေသည်ကိုမြင်ပြီး ယဲ့ရှောင်ရှောင်က သူ့ကို ပြန်တွန်းလှဲလိုက်ကာ ပြောလိုက်သည်။

“လှဲနေစမ်းပါ၊ ရှင့်လက်ပြတ်သွားချင်လို့လား၊ နှလုံးကို မထိတာနဲ့ဘဲ ဒဏ်ရာက အန္တရာယ်မရှိဘူး ထင်လို့လား”

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ ကုတင်ဘေးတွင် ညလုံးပေါက် ထိုင်စောင့်နေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် ငယ်ရွယ်နုပျိုသူဖြစ်၍ အိပ်ရေးပျက်သည့်ဒဏ်ကို ခံနိုင်ကာ မျက်ကွင်းညိုခြင်းမျိုး မရှိပေ။

သို့သော်ငြားလည်း ထိုအခြေအနေကပင် လုဟန်ချွမ်အား ရင်နာသွားစေဖို့ လုံလောက်ခဲ့ပါသည်။

“မတော်တဆ ထိခိုက်သွားတာပါ၊ ဓားစာခံတစ်ယောက်အတွက် ဝင်ကာပေးရင်း ဖြစ်သွားတာ၊ မဟုတ်ရင် ကိုယ့်မှာ ဘာအန္တရာယ်မှ မရှိဘူး”

ယဲ့ရှောင်ရှောင်က အလွန်မကျေမနပ်ဖြစ်နေသည့် ပုံစံဖြင့် မျက်လွှာသာချထားသည်။

လုဟန်ချွမ်က နူးညံ့သိမ်မွေ့စွာ ချော့မော့လိုက်ပါသည်။

“စိတ်မဆိုးပါနဲ့၊ နောက်တစ်ခါ ဘာဒဏ်ရာမှ မရစေရဘူးလို့ ကိုယ်ကတိပေးတယ်”

ယဲ့ရှောင်ရှောင်: “ကျွန်မက ရှင်ဒဏ်ရာရတဲ့ကိစ္စကို အပြစ်တင်နေလို့လား၊ ဘာလို့ ကျွန်မကို ဖွင့်မပြောဘဲ ဖုံးကွယ်ထားရတာလဲဆိုတာကို သိချင်တာ!”

လုဟန်ချွမ်လည်း အမှန်အတိုင်း ဝန်ခံလိုက်ရတော့သည်။

“ရှောင်ရှောင့်ကို စိတ်မပူစေချင်လို့ပါ”

ယဲ့ရှောင်ရှောင် ရုတ်တရက် မတ်တပ်ထရပ်ကာ လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။ လုဟန်ချွမ်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး သူမလက်ကို အမြန်လှမ်းဆွဲလိုက်ပါသည်။

သို့သော် အားအများကြီး မသုံးရဲသလို ကုတင်ပေါ်မှလည်း ထပ်မထရဲပေ။ သူ့ဒဏ်ရာသာ ပြန်ပွင့်သွားခဲ့လျှင် ရှောင်ရှောင် ဒေါသပိုထွက်သွားလောက်သည်။

“ကျွန်မကို လွှတ်၊ စားစရာသွားယူမလို့၊ ရှင်ဗိုက်မဆာရင်တောင် ကျွန်မ ဗိုက်ဆာတယ်”

ထိုအခါမှသာ လုဟန်ချွမ် လွှတ်ပေးလိုက်ပါသည်။ ဆိုလိုသည်မှာ သူမ အမှန်တကယ် စိတ်ဆိုးနေခြင်း မဟုတ်ပေ။

လုဟန်ချွမ်သည် သူမကို ရည်ရွယ်ချက်ရှိရှိ လှည့်စားလိုစိတ် မရှိခဲ့ပါ။ သူမအား စိုးရိမ်ပူပန်စိတ်များ မဖြစ်စေရန်အတွက်သာ ဤသို့ ကြံရွယ်လိုက်ရခြင်း ဖြစ်သည်။

သူ့လုပ်ရပ်မှာ မမှန်ကန်သော်လည်း ထိုလုပ်ရပ်အတွက် နောင်တ မရမိပေ။

ယဲ့ရှောင်ရှောင် ထွက်ခွာသွားသည်နှင့် စစ်ဆရာဝန်က လုဟန်ချွမ်၏ ဒဏ်ရာကို ဆေးထည့်ပေးရန် အခန်းထဲသို့ အသာအယာ ဝင်လာခဲ့ပါသည်။

“ဗိုလ်မှူးလု… မင်းရဲ့ သတို့သမီးလောင်းက ကြောက်စရာတော်တော်ကောင်းတာပဲ”

မနေ့ညကဆိုလျှင် သူစကားတစ်ခွန်းပင် မပြောရဲခဲ့ချေ။

လုဟန်ချွမ်က ကုတင်ပေါ်တွင် တည်တည်ငြိမ်ငြိမ် လှဲလျောင်းလျက် ပြန်ပြောလိုက်ပါသည်။

“မဟုတ်ပါဘူး၊ သူက အရမ်းသဘောကောင်းပါတယ်”

စစ်ဆရာဝန်မှာ လုံးဝ မယုံကြည်နိုင်ပေ။ လုဟန်ချွမ်အား ပတ်တီးလဲပေးပြီးနောက် ဆေးခန်းသို့ ပြန်ထွက်လာခဲ့သည်။

ယဲ့ရှောင်ရှောင်ကိုယ်တိုင်က ဆရာဝန်တစ်ဦးဖြစ်သဖြင့် ဗိုလ်မှူးလုကို အနီးကပ်စောင့်ကြည့်ပေးထား၍ အဆင်ပြေနိုင်ပါသည်။

စစ်ဆရာဝန်မှာ အခြားသော ဒဏ်ရာရရှိထားသူများ၏ အခြေအနေကို သွားရောက်စစ်ဆေးပြီး အကူအညီ လိုအပ်ခြင်း ရှိ၊ မရှိကို ကြည့်ရှုရဦးမည် ဖြစ်သည်။

ယဲ့ရှောင်ရှောင်လည်း အရပ်သားဆေးခန်းသို့ အရင်ဆုံး ပြန်လာခဲ့သည်။ ဒဏ်ရာရရှိသူများအားလုံး အခြေအနေ တည်ငြိမ်နေပြီဖြစ်မှန်း အတည်ပြုပြီးခါမှ ထမင်းစားဆောင်တွင် အစားအသောက်များ သွားယူခဲ့ပါသည်။

ကျည်ဆံထိမှန်ထားသည့် တပ်သားလည်း သတိပြန်လည်လာပြီဖြစ်ကာ ကုတင်ပေါ်တွင် လှဲလျောင်းလျက် အနားယူနေပါသည်။

သို့သော် သူ့စိတ်အခြေအနေ အလွန်ကြည်လင်နေပြီး ပြန်လည်ကျန်းမာလာစေရန်အတွက် ဂရုတစိုက် အနားယူဖို့သာ လိုအပ်ပါတော့သည်။

ဤစစ်ဆင်ရေးတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့မှုကြောင့် မကြာမီမှာပင် သူ့သက်တမ်းတစ်လျှောက် ပထမဦးဆုံးသော တတိယအဆင့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ကို ချီးမြှင့်ခံရပါလိမ့်မည်။

ထိုတပ်သားကို လီကျန်းက အနီးကပ် ကြည့်ရှုစောင့်ရှောက်ထားရသည်။

ယဲ့ရှောင်ရှောင်ပြန်လာသည်ကိုမြင်သောအခါ လီကျန်းက လှမ်း၍ မေးမြန်းလိုက်သည်။

“ဘယ်လိုအခြေအနေရှိလဲ၊ ဗိုလ်မှူးလုလည်း တကယ်ဒဏ်ရာရထားတာလား”

ယနေ့ညက ယဲ့ရှောင်ရှောင်၏ စိတ်အခြေအနေကြောင့် လီကျန်းပင် အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။

“ဟုတ်တယ် ခဏနေရင် သူ့ဆီပြန်သွားရဦးမယ်”

လီကျန်း: “စိတ်ချလက်ချသွား၊ ဒီမှာ ငါနဲ့ယန်ကျွမ်းတို့ ရှိတယ်”

“ပြဿနာတစ်ခုခုရှိရင် ကျွန်မကို လာအကြောင်းကြားလို့ရတယ်နော်”

“အေးပါ”

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အတွက် ဆီမပါဆားမပါသော အစားအသောက်များကိုသာ ယူဆောင်လာခဲ့ပါသည်။

ထိုအစားအသောက်များမှာ သူ့အကြိုက်မဟုတ်သော်ငြား လုဟန်ချွမ်သည် မြိန်ရေရှက်ရေ စားသုံးခဲ့သည်။ မိမိ၏ ချစ်သူကောင်မလေး ကိုယ်တိုင် ခွံ့ကျွေးသည့် အစားအသောက်များလောက် အရသာရှိသည့်အရာ ဘယ်မှာ ရှိနိုင်ပါဦးမည်နည်း။

စားသောက်ပြီးနောက် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား အဆောင်သို့ပြန်ကာ အနားယူဖို့ တိုက်တွန်းလိုက်သည်။

“မနေ့ညက ရှောင်ရှောင် အိပ်ရေးတွေ ပျက်ထားတယ်မလား၊ ပြန်နားလိုက်ပါဦး၊ ဒါမှမဟုတ် ဒီမှာပဲ ခဏလောက် အိပ်လိုက်လည်းရတယ်”

လူနာခန်းထဲတွင် ကုတင်နှစ်လုံးရှိပြီး လူနာဟူ၍ လုဟန်ချွမ် တစ်ဦးတည်းသာ ရှိပါသည်။

ယဲ့ရှောင်ရှောင်က သူ့ကိုယ်သူသာ ဂရုစိုက်ဖို့ ပြန်ပြောလိုက်သည်။

“ကျွန်မ မပင်ပန်းဘူး၊ လူနာတွေကတောင် ပင်ပန်းတဲ့အကြောင်း တစ်ခွန်းမပြောတာကို ကျွန်မက ပင်ပန်းခွင့် ရှိလို့လား”

သူမ၏ စကားလုံးလေးများက အနည်းငယ် စူးရှသော်လည်း လုဟန်ချွမ်၏ အမြင်တွင်မူ ချစ်စရာကောင်းနေဆဲ ဖြစ်သည်။

“ကိုယ်ကတိပေးပါတယ်၊ ကျိန်ဆိုလည်း ကျိန်ရဲပါတယ်၊ နောက်နောင် ရှောင်‌ရှောင့်ကို ဘယ်ကိစ္စပဲဖြစ်ဖြစ် လျှို့ဝှက်မထားတော့ဘူး၊ ကတိဖျက်ရင်…”

ယဲ့ရှောင်ရှောင်က သူ့ပါးစပ်ကို လှမ်းအုပ်ရင်း အေးစက်စွာ ပြောလိုက်သည်။

“ပါးစပ်ပိတ်ထားတော့”

လုဟန်ချွမ် စကားမပြောနိုင်တော့သော်လည်း မျက်လုံးလေး ကလယ်ကလယ်နှင့် သနားစရာကောင်းအောင် လုပ်ပြလိုက်ပါသည်။

ယဲ့ရှောင်ရှောင် သက်ပြင်းချကာ ပြောလိုက်သည်။

“ရှင့်ဒဏ်ရာသက်သာလာတဲ့အချိန်ထိ သေသေချာချာ အနားယူမယ်ဆိုရင် ကျွန်မ စိတ်မဆိုးတော့ဘူး”

ထိုစကားကြားရမှာသာ လုဟန်ချွမ် ပြုံးသွားခဲ့ပါသည်။

“ရှောင်ရှောင်လေးက အကောင်းဆုံးဆိုတာ ကိုယ်သိသားပဲ!”

လုဟန်ချွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်ကောင်းမွန်လှပေသည်။ ဤမျှအထိ ပြင်းထန်သော ဒဏ်ရာမျိုးအတွက် သာမန်လူတစ်ဦးဆိုလျှင် ၁၀ ရက်မှ ၁၅ ရက်အထိ ကုတင်ပေါ်တွင် လှဲလျောင်းကာ အနားယူရပါလိမ့်မည်။

သို့သော် လုဟန်ချွမ်အတွက်မူ ၅ ရက်မြောက်နေ့သို့ ရောက်ရှိသည်နှင့် ကုတင်ပေါ်မှထကာ လမ်းလျှောက်နိုင်သည့် အဆင့်အထိ ရောက်ရှိနေပါပြီ။

လုဟန်ချွမ်တစ်ယောက် ကုတင်ပေါ်တွင် ငြိမ်ငြိမ်မနေနိုင်သည်ကို မြင်သောအခါ ယဲ့ရှောင်ရှောင်လည်း ရွေးချယ်စရာမရှိဘဲ သူ့ကို လှုပ်ရှားသွားလာခွင့် ပြုခဲ့ရတော့သည်။

သို့သော် လူနာဆောင်ပြင်ပကိုတော့ လုံးဝ ထွက်ခွာခွင့် မပြုသေးပေ။

လုဟန်ချွမ်က ဆိုသည်။

“ကိုယ်ဘယ်မှ မသွားပါဘူး၊ အခုချိန်မှာ အစီရင်ခံစာတွေ ရေးဖို့ပဲ အာရုံစိုက်ရမှာ”

လုဟန်ချွမ် ဒဏ်ရာရရှိထားသဖြင့် စစ်ဆင်ရေး၏ နောက်ဆက်တွဲ တာဝန်များကို ကျိုးရှန့်ယန်ကသာ တာဝန်ယူ ဆောင်ရွက်နေရပါသည်။

ယခု လုဟန်ချွမ် သက်သာသွားပြီဖြစ်၍ ကျိုးရှန့်ယန်သည် စစ်ဆင်ရေးအခြေအနေများကို လာရောက် ရှင်းပြပေးခဲ့သည်။

လုဟန်ချွမ် သတိပြန်လည်လာသည့် နေ့မှာပင် အသေးစိတ်အချက်အလက်များ အားလုံးကို ကိုင်တွယ်ဆောင်ရွက်ပြီးခဲ့ပြီဖြစ်၍ ယခုရောက်ရှိလာခြင်းမှာလည်း အထက်လူကြီးများထံမှ ညွှန်ကြားချက်များကို တစ်ဆင့် ပြန်လည် ပြောကြားပေးဖို့သာ ဖြစ်သည်။

မိမိတို့၏ တပ်ဖွဲ့အတွင်းမှ တပ်သားများ ထိခိုက်ဒဏ်ရာ အနည်းအကျဉ်း ရရှိခဲ့သည်မှအပ ဤစစ်ဆင်ရေး၏ ရလဒ်မှာ အလွန်ကြီးမားသည့် အောင်မြင်မှုတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။

သူတို့တပ်ဖွဲ့သည် အနောက်မြောက်ပိုင်းရှိ အကြမ်းဖက်ရာဇဝတ်သားများကို တစ်ကြိမ်တည်းနှင့် အပြတ် ရှင်းထုတ်နိုင်ခဲ့သည်။ အနည်းဆုံး နောက်ထပ် ၁၀ နှစ်ကြာသည့်တိုင်အောင် မည်သည့် အဖွဲ့အစည်းကမှ ဤနယ်မြေတွင် သောင်းကျန်းဝံ့တော့မည် မဟုတ်ချေ။

All Chapters