← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

📗 Chapter 296

၁၀ ရက်ခန့်အကြာတွင် လုဟန်ချွမ်တစ်ယောက် လူနာဆောင်အပြင်ဘက်သို့ ထွက်ခွာခွင့် ရခဲ့ပါသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လုဟန်ချွမ်သည် အထက်လူကြီးrsm;နှင့် တွေ့ဆုံရန်အတွက် စစ်ဌာနချုပ်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့တော့သည်။

ယဲ့ရှောင်ရှောင်: “…”

သူ့အား လှုပ်ရှားသွားလာခွင့် ပြုလိုက်သည်ဆိုသော်လည်း အဝေးကြီးသို့ ထွက်သွားဖို့ ခွင့်ပြုချက် မပေးခဲ့ပေ။

သို့သော် ရွှေ့ဆိုင်း၍ မရသော တာဝန်ကိစ္စများဖြစ်၍ မနက်ဖြန်မှသာ သူနှင့် စာရင်းရှင်းဖို့ ယဲ့ရှောင်ရှောင် ဆုံးဖြတ်လိုက်တော့သည်။

မေလသို့ ရောက်ရှိသောအခါ လုဟန်ချွမ်၏ တာဝန်များမှာ အခြေခံအားဖြင့် ပြီးစီးသွားခဲ့ပြီဖြစ်ပြီး စခန်းတွင် တပ်စွဲထားသော တပ်ဖွဲ့ဝင် အရေအတွက်မှာလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ပါပြီ။

စစ်ဆင်ရေးအတွင်း ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်ကြောင့် လုဟန်ချွမ်သည် ဒုဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ပေးခြင်း ခံခဲ့ရသည်။ သူ့လက်အောက်မှ အခြားတပ်ဖွဲ့ဝင်များလည်း ဆုလာဘ်အသီးသီးကို ရရှိခဲ့ကြပါသည်။

ယဲ့ရှောင်ရှောင်၏ဘက်တွင်လည်း တက္ကသိုလ်မှပေးပို့လိုက်သော အလုပ်သင်ဆင်းခြင်းဆိုင်ရာ အကဲဖြတ်မှုစာလွှာကို လက်ခံရရှိခဲ့ပါပြီ။

ယခု ညွှန်ကြားရေးမှူးကျောက်က ထိုစာလွှာပေါ်တွင် မှတ်ချက်များ ရေးသားပေးပြီး တံဆိပ်တုံး ရိုက်နှိပ်ပေးဖို့သာ လိုအပ်ပါတော့သည်။

ယဲ့ရှောင်ရှောင်သည် စာရွက်စာတမ်းများကို ယူဆောင်၍ ကျောက်ချွင်းဟွာအား သွားရောက်တွေ့ဆုံခဲ့သည်။ ကျောက်ချွင်းဟွာက မျက်မှန်ကို သေချာပင့်တင်လျက် စာရွက်စာတမ်းများအား အကြိမ်ကြိမ် ဖတ်ရှုကြည့်လိုက်ပါသည်။

“အချိန်တွေကုန်တာ ဒီလောက်မြန်မယ် ထင်မထားဘူး၊ ဒေါက်တာယဲ့တောင် ပြန်ရတော့မှာပဲ”

ယဲ့ရှောင်ရှောင်: “ဟုတ်တယ်၊ ကျွန်မလည်း ဒီလောက်မြန်မြန် ပြီးဆုံးသွားလိမ့်မယ်လို့ ထင်မထားပါဘူး”

ကျောက်ချွင်းဟွာမှာ ယဲ့ရှောင်ရှောင်ကို နှုတ်ဆက်ဖို့ အလွန်နှမြောတသ ဖြစ်နေမိပါသည်။

စခန်းတွင် ယဲ့ရှောင်ရှောင်ရှိနေစဉ် ကာလများအတွင်း သူတို့၏ ဆေးခန်းလေးမှာ ပြောင်းလဲမှုများစွာနှင့် ကြုံတွေ့ခဲ့ရသည်။

သို့သော် ယဲ့ရှောင်ရှောင်သည် ပိုမိုတောက်ပသည့် အနာဂတ်တစ်ခုသို့ လျှောက်လှမ်းရမည့်လူဖြစ်ကြောင်းကိုလည်း ကျောက်ချွင်းဟွာ နားလည်ထားပါသည်။

ထို့ကြောင့် စာလွှာတစ်ခုလုံးကို တစ်ထိုင်တည်းဖြင့် အလျင်အမြန် ဖြည့်စွက်ပေးလိုက်ပြီး ဆေးခန်း၏ တရားဝင် တံဆိပ်တုံးကို သေသပ်စွာ ရိုက်နှိပ်ပေးလိုက်တော့သည်။

ထို့နောက် သူမေးမြန်းလိုက်သည်။

“ဘယ်တော့ပြန်မှာလဲ”

အလုပ်သင်များတွင် အတိအကျ ပြန်ရမည့် ရက်စွဲဟူ၍ မရှိပေ။ ဇွန်လမတိုင်ခင် ပြန်ရောက်လျှင် အဆင်ပြေပါပြီ။

သက်ဆိုင်ရာ အလုပ်သင်ဌာနများ မတူညီမှုကြောင့် အချို့သူများသည် အကဲဖြတ်မှုစာလွှာများကို ချက်ချင်း မရရှိနိုင်ကြသဖြင့် အနည်းငယ်နောက်ကျမှ ပြန်ရလျှင်လည်း ပြဿနာ မရှိနိုင်ချေ။

ယဲ့ရှောင်ရှောင်သည် အကဲဖြတ်မှုစာလွှာကို နောက်ကျမှ ရရှိခဲ့သူများအနက် ပါဝင်သော်လည်း နောက်ဆက်တွဲ လုပ်ငန်းစဉ်များမှာ အလွန်လျင်မြန်လှပေသည်။

နာရီဝက်ပင် မပြည့်သော အချိန်အတွင်းမှာပင် သူမ၏ အလုပ်သင်ကာလမှာ တရားဝင်အဆုံးသတ်သွားခဲ့တော့သည်။

“ရက်ပိုင်းလောက်ဆို ပြန်ပြီ၊ လုဟန်ချွမ်နဲ့အတူတူ ပြန်မှာလေ”

ကျောက်ချွင်းဟွာက ပြုံးသည်။

“ဟုတ်ပါပြီ၊ ဒါဆိုလည်း လမ်းခရီးမှာ ဘေးအန္တရာယ်ကင်းပါစေလို့ ကြိုဆုတောင်းပေးလိုက်ပါတယ်”

“ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူး”

ရာသီဥတု တဖြည်းဖြည်းနွေးထွေးလာသည်နှင့်အမျှ ယဲ့ရှောင်ရှောင်သည်လည်း အထုပ်အပိုးများ စတင်ပြင်ဆင်လေတော့သည်။

သူမထွက်ခွာတော့မည်ဖြစ်ကြောင်း ကြားသိရသောအခါ လီကျန်းအလွန် စိတ်ဓာတ်ကျသွားခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်က မှာကြားလိုက်သည်။

“တကယ်လို့ ဒီနေရာကနေ ထွက်သွားချင်တဲ့စိတ်ကူးမျိုး ရှိလာခဲ့ရင် ကျွန်မကို ပေကျင်းမြို့က ရမ်သဲ့ထန်မှာ လာတွေ့လို့ ရပါတယ်”

အခြားသော နေရာများမှာ လိပ်စာပြောင်းလဲသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းမျိုး ရှိနိုင်သော်လည်း ယဲ့ရှောင်ရှောင်ကိုတော့ ရမ်သဲ့ထန်တွင် အချိန်မရွေး ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

အကယ်၍ ထိုနေရာ၌ သူမကို ရှာမတွေ့လျှင်ပင် ရှောင်ရှောင်၏ မိတ်ဆွေဖြစ်ကြောင်း ပြောပြလိုက်သည်နှင့် ဆေးခန်းရှိ ဝန်ထမ်းများက အစစအရာရာ စီစဉ်ပေးကြပါလိမ့်မည်။

လီကျန်းက ခေါင်းညိတ်သည်။

“ရေတွင်းကိစ္စပြီးသွားရင် ငါပေကျင်းကို လာလည်ပါ့မယ်”

လီကျန်းသည် သူမ၏ ကိုယ်ပိုင်စုငွေများကို အသုံးမပြုရသေးဘဲ ယဲ့ရှောင်ရှောင်အား ပေးချင်သော်လည်း ယဲ့ရှောင်ရှောင်က ငြင်းဆန်ခဲ့ပါသည်။

သူမ၏ လက်ရှိ စုငွေဖြင့်ဆိုလျှင် ပေကျင်းမြို့၌ အချိန်အတိုင်းအတာတစ်ခုအထိ သက်တောင့်သက်သာ နေထိုင်နိုင်ပါလိမ့်မည်။

တစ်ချိန်တည်းမှာပင် ရုတ်တရက် အလုပ်အားလပ်သွားသည့် လီကျန်းမှာ အနည်းငယ် လမ်းပျောက်သွားသလို ခံစားခဲ့ရသည်။

“ကျွန်မ သင်ပေးထားတဲ့ ဆေးပညာတွေကိုလည်း ဆက်ပြီးလေ့လာနေဦးနော်၊ နားမလည်တာရှိရင် ကျွန်မဆီ စာရေးပြီး မေးလို့ရတယ်”

ယခုဆိုလျှင် လီကျန်း၏ စွမ်းဆောင်ရည်များမှာ သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ပြီး ဆေးခန်းတွင်လည်း ပိုမို အားကိုးလာရပါပြီ။

သို့သော် သူမ၏ စွမ်းရည်များကို စဉ်ဆက်မပြတ် ဆက်လက်မြှင့်တင်ရန် ယဲ့ရှောင်ရှောင် မှာကြားခဲ့သည်။

လီကျန်းက ကတိပေးလိုက်ပါသည်။

“ငါနားလည်ပါတယ်၊ နင်လည်း ငါ့ကို မေ့မသွားနဲ့ဦးနော်”

ယဲ့ရှောင်ရှောင်က ပြုံးသည်။

“မမေ့ပါဘူး”

ယဲ့ရှောင်ရှောင် ရောက်ရှိလာစဉ်က ပစ္စည်းများမှာ သယ်ရပြုရ လွယ်ကူသော်လည်း ထွက်ခွာရန် ပြင်ဆင်သည့် အချိန်တွင်မူ ပိုလျှံနေသည့် ပစ္စည်းအားလုံးကို သယ်ဆောင်သွားရန် မဖြစ်နိုင်တော့ချေ။

အဝတ်အစားများထက် ဆေးပညာစာအုပ်များနှင့် မှတ်စုစာအုပ်များကို သူမ မဖြစ်မနေ ယူဆောင်သွားရပါမည်။

“ကျွန်မကို ဒီအဝတ်အစားတွေ ရှင်းပေးလို့ရမလားဟင်”

ထိုအဝတ်အစားအားလုံးမှာ တစ်ကြိမ်နှစ်ကြိမ်သာ ဝတ်ရသေးသည့် အသစ်စက်စက်များ ဖြစ်ကြသည်။ ထိုကဲ့သို့ အဝတ်အစားများကို အလကားမပေးဘဲ လျှော့ဈေးဖြင့် ရောင်းချမည်ဆိုလျှင်ပင် လူအများအပြားက အလုအယက် ဝယ်ယူကြပါလိမ့်မည်။

လီကျန်းက ခေါင်းညိတ်သည်။

“စိတ်ချ စိတ်ချ၊ အချိန်တန်ရင် လိုအပ်တဲ့လူတွေကို ခွဲဝေပေးလိုက်ပါ့မယ်”

မေလအလယ်တွင် လုဟန်ချွမ်၏ တာဝန်အသစ်ရောက်ရှိလာခဲ့ပြီး သူတို့နှစ်ဦး ပေကျင်းမြို့သို့ပြန်ဖို့ အချိန်ကျလာခဲ့ပါပြီ။

လုဟန်ချွမ်သည် ပေကျင်းမြို့ရှိ မူလစခန်းသို့ ပြန်ရဦးမည်ဖြစ်သော်လည်း ကြားထဲတွင် အနားယူခွင့်ကာလ အကြာကြီး ရရှိဦးမည်ဖြစ်၍ သူတို့နှစ်ဦး အချိန်အတူတူဖြုန်းနိုင်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင်က ဆိုသည်။

“ရထားနဲ့ပဲ ပြန်ကြရအောင်”

ဤဒေသမှ ထွက်ခွာမည့် လေကြောင်းလိုင်းများ မရှိသဖြင့် လက်ရှိအချိန်တွင် ရထားမှာ အမြန်ဆန်ဆုံးနည်းလမ်း ဖြစ်ပေသည်။

လုဟန်ချွမ်၏ အကူအညီဖြင့် ယဲ့ရှောင်ရှောင်သည် လေးလံသည့် ခရီးဆောင်အိတ်များကို ကိုယ်တိုင် သယ်ဆောင်ရမည့် အရေးအတွက် စိတ်ပူစရာမလိုတော့ချေ။

သူတို့ မပြန်မီ တစ်ရက်အလိုတွင် ကျိုးရှန့်ယန်သည် လုဟန်ချွမ်အား လာရောက်နှုတ်ဆက်သည့်အနေဖြင့် အရက်အချို့ပါ ယူဆောင်လာခဲ့ပါသည်။

“ဒီနေ့ ငါတို့နှစ်ယောက်စလုံး ဘာတာဝန်မှ မရှိဘူး၊ ပြီးတော့ မင်းက မနက်ဖြန် ပြန်ရတော့မှာ၊ အဲ့တာကြောင့် မသောက်ဘူးလို့ ငြင်းလို့လုံးဝ မဘူးနော်”

မင်္ဂလာပွဲတွင် မသောက်နိုင်လျှင်ပင် အနည်းဆုံးတော့ နှုတ်ဆက်သည့်အနေဖြင့် ရအောင် သောက်ရပါမည်။

လုဟန်ချွမ်ကလည်း ယခုတစ်ခေါက်တွင် မငြင်းဆန်တော့ပေ။ သူတို့နှစ်ဦးသည် အဆောင်ခန်းအတွင်း၌ ထမင်းစားဆောင်မှ ယူဆောင်လာသော မြေပဲနှင့် အမြည်းအချို့ကို အသုံးပြုကာ အရက်ဝိုင်းလေးတစ်ခု ပြင်ဆင်လိုက်ကြသည်။

ကျိုးရှန့်ယန်သည် လုဟန်ချွမ်ထက် အသက်အနည်းငယ်ပိုကြီးသူဖြစ်ပြီး မူလက လုဟန်ချွမ်၏ အစွမ်းအစအပေါ် အယုံအကြည် မရှိခဲ့သူလည်းဖြစ်သည်။

သို့သော်လည်း လုဟန်ချွမ်၏ အရည်အချင်းများကို အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးနောက်တွင်မူ ကျိုးရှန့်ယန် လုံးဝ အညံ့ခံသွားခဲ့ရပါသည်။

လုဟန်ချွမ်သည် ပေကျင်းမြို့မှ ရောက်ရှိလာသူဖြစ်သော်ငြား စစ်မှန်သော် ပါရမီနှင့် အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် အလွန်ငယ်ရွယ်သူဖြစ်၍ မိမိအနေဖြင့် မည်သို့မှ ယှဉ်နိုင်ဖွယ်မရှိမှန်း ကျိုးရှန့်ယန် သဘောပေါက်နားလည်ခဲ့ရပါသည်။

တစ်ခွက်ပြီးတစ်ခွက်မော့ချနေသည့် ကျိုးရှန့်ယန်ကို ကြည့်ရင်း လုဟန်ချွမ်မှာ ကိုယ်တိုင်မမူးသေးသော်လည်း တစ်ဖက်လူ အခြေအနေမဟန်တော့မှန်းကို ရိပ်စားမိလေသည်။

“ငါ… ငါတို့တွေ အခွင့်အရေးရရင် ပေကျင်းမှာ ပြန်ဆုံကြတာပေါ့ကွာ”

ထို့နောက် ဒုန်းခနဲမြည်သံနှင့်အတူ ကျိုးရှန့်ယန်၏ ခေါင်းမှာ စားပွဲပေါ်သို့ တန်းတန်းမတ်မတ် မှောက်ကျသွားခဲ့တော့သည်။

ထိုလူ အရက်ဒဏ်ခံနိုင်စွမ်းမှာ ဤမျှအထိ ညံ့ဖျင်းလိမ့်မည်ဟု လုဟန်ချွမ် မျှော်လင့်မထားခဲ့မိချေ။

‘ဒီလိုပုံစံနဲ့ အရက်သောက်ချင်လို့ နေ့တိုင်းညည်းနေတာတဲ့လား…’

ထို့နောက် လုဟန်ချွမ်သည် ကျိုးရှန့်ယန်ကို ကူတွဲကာ သူ့အဆောင်သို့ရောက်အောင် ပြန်လည် ပို့ဆောင်ပေးခဲ့ရပါသည်။

နောက်တစ်နေ့မနက် အရုဏ်တက်ချိန်တွင် လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့နှစ်ဦး စစ်သုံးယာဉ်တစ်စီးဖြင့် ဘူတာရုံသို့ ထွက်ခွာခဲ့ကြသည်။

ထိုအချိန်တွင် ကျိုးရှန့်ယန်ကမူ အဆောင်ခန်းထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။

လိုက်လံပို့ဆောင်ပေးသူများနှင့် စကာအးနည်းငယ်ပြောပြီးနောက် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား ဘူတာရုံထဲသို့‌ ခေါ်ဆောင်သွားခဲ့တော့သည်။

နာလန်စခန်းတွင် နေခဲ့ရသည့် ကာလများအတွင်း ယဲ့ရှောင်ရှောင်မှာ စခန်းပြင်ပသို့ ထွက်ခဲလှသဖြင့် ယခုလို လူအုပ်ကြီးအား ရုတ်တရက်မြင်လိုက်ရသောအခါ အနည်းငယ် နေသားမကျ ဖြစ်သွားခဲ့ပါသည်။

လုဟန်ချွမ်က သူမ၏ ခရီးဆောင်အိတ်ထဲတွင် မည်သည့်ပစ္စည်းများ သယ်ဆောင်လာကြောင်းကို မေးမြန်းကြည့်ခဲ့သည်။

“စာအုပ်တွေပဲ ပါတာပါ၊ အဲ့တာတွေ လုံးဝ ပျောက်လို့မရဘူးနော်”

နာလန်စခန်းတွင် နေထိုင်ခဲ့စဉ်က အချိန်ဖြုန်းဖို့အတွက် ထိုစာအုပ်များကိုသာ သူမ အားကိုးခဲ့ရပါသည်။

လုဟန်ချွမ်: “…”

အိပ်စင်တန်းသို့ ရောက်ရှိသောအခါ ခရီးဆောင်အိတ်များကို သေချာ သိမ်းဆည်းလိုက်ကြသည်။ ဤဒေသမှ ပေကျင်းမြို့သို့ ရောက်ရှိဖို့ အချိန်ကြာမြင့်စွာ ခရီးနှင်ရမည်ဖြစ်၍ ယဲ့ရှောင်ရှောင်အား အရင်ဆုံး အနားယူဖို့ လုဟန်ချွမ် တိုက်တွန်းလိုက်ပါသည်။

နေကြာစေ့များ၊ သစ်သီးခြောက်များကိုလည်း ဝယ်ယူလာခဲ့သဖြင့် စားချင်သည့်အချိန်တိုင်း ထုတ်စား၍ ရနိုင်သည်။

ယဲ့ရှောင်ရှောင်သည် အောက်ထပ်အိပ်စင်တွင် နေရာယူလိုက်ပြီး မအိပ်ချင်သေးဘဲ လုဟန်ချွမ်နှင့်သာ စကားပြောချင်နေပါသည်။

ထို့ကြောင့် သူတို့နှစ်ဦး လွန်ခဲ့သည့် နှစ်များက ကြုံတွေ့ခဲ့ရသော ကိုယ်ပိုင်ဘဝအတွေ့အကြုံအသီးသီးကို ပြန်ပြောခဲ့ကြပြီး အနာဂတ်အစီအစဉ်များကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ယခုအချိန်တွင် လုဟန်ချွမ်အတွက် အရေးကြီးဆုံး ကိစ္စမှာ လက်ထပ်ဖို့ပင်ဖြစ်သည်။ သို့သော် ရထားပေါ်တွင် ထိုအကြောင်းကို ထုတ်မပြောဖြစ်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ကိစ္စမျိုးကို ပေါ့ပေါ့တန်တန် မပြောလိုဘဲ ယဲ့ရှောင်ရှောင်အား ခမ်းနားထည်ဝါသော အခမ်းအနားမျိုးဖြင့် တရားဝင် လက်ထပ်ခွင့်တောင်းလိုခြင်းကြောင့် ဖြစ်ပါသည်။

ယဲ့ရှောင်ရှောင်က ဆိုသည်။

“ကျွန်မ ဘွဲ့ရပြီးရင် ရမ်သဲ့ထန်မှာ အလုပ်ဝင်လုပ်မှာ”

ထို့အပြင် နောက်နှစ်တွင် ဘွဲ့လွန်စာမေးပွဲများ ဝင်ရောက်ဖြေဆိုဖို့ကိုလည်း သူမ စဉ်းစားထားပါသေးသည်။

သူမ၏ ရွေးချယ်မှုများကို လုဟန်ချွမ် မကန့်ကွက်ခဲ့ဘဲ အပြည့်အဝ ထောက်ခံခဲ့သည်။

“ရမ်သဲ့ထန်က ကောင်းပါတယ်”

ယဲ့ရှောင်ရှောင်သည် တရုတ်တိုင်းရင်းဆေးပညာကို လေ့လာနေသူဖြစ်သည့်အပြင် ရမ်သဲ့ထန်ကလည်း ဆရာကြီးစုန့် ပိုင်ဆိုင်သည့် ဆေးခန်းပင် ဖြစ်သည်။

ထိုနေရာတွင် ယဲ့ရှောင်ရှောင် အလုပ်လုပ်မည်ဆိုပါက လုပ်ငန်းခွင်အတွင်း ပြိုင်ဆိုင်မှုများကြောင့် ယဲ့ရှောင်ရှောင် အနိုင်ကျင့်ခံရမည်ကို လုဟန်ချွမ် စိတ်ပူရန် မလိုအပ်ပေ။

ယဲ့ရှောင်ရှောင်က မျက်တောင်တဖျပ်ဖျပ်ခတ်လျက် မေးမြန်းလိုက်သည်။

“ရှင်ကော”

လုဟန်ချွမ်: “ကိုယ်လည်း ပေကျင်းမှာပဲ နေမှာပေါ့”

ထိုနေရာတွင် အချိန်ပြည့်နေနိုင်မည်ဟု အတိအကျ မပြောနိုင်ရုံသာ ရှိသည်။

ထိုစကားကိုကြားပြီး ယဲ့ရှောင်ရှောင် စိတ်အေးသွားခဲ့ပါသည်။ အနာဂတ်ကို ကြိုတင်မသိမြင်နိုင်သော်လည်း လက်ရှိအချိန်တွင် သူတို့နှစ်ဦး အတူတူရှိနေကြဖို့က အရေးအကြီးဆုံးပင် ဖြစ်သည်။

ဤတွဲခန်းငယ်လေးတွင် အိပ်စင် ၄ ခုပါဝင်သော်လည်း လုဟန်ချွမ်က အိပ်စင် ၄ ခုစလုံးအတွက် လက်မှတ်ဖြတ်ထားခြင်းကြောင့်လား သို့မဟုတ် ဤခရီးလမ်းတွင် ခရီးသည်ရှားပါးခြင်းကြောင့်လား မသိနိုင်သော်လည်း ဤတွဲခန်းထဲသို့ အခြားမည်သူမှ ဝင်မလာခဲ့ပေ။

ရထားပေါ်မှ ဆင်းသည့်အချိန်ထိတိုင်အောင် အခြားခရီးသွားများနှင့် မဆုံတွေ့ခဲ့ရချေ။

ဘူတာရုံမှထွက်လာပြီးနောက် လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့နှစ်ဦး တက္ကသိုလ်အနီးရှိ တိုက်ခန်းလေးထံသို့ ပြန်ရန် တက္ကစီ ငှားလိုက်ကြသည်။

သူတို့နှစ်ဦး၏ အဝတ်အစားများကို ထိုတိုက်ခန်းတွင်သာ သိမ်းဆည်းထားသဖြင့် ရေမိုးချိုးကာ အဝတ်အစားလဲဖို့ အလွန်ဆင်ပြေပါသည်။

လုဟန်ချွမ်သည် သူပြန်လာမည့်အချိန်ကို မိသားစုအား ကြိုတင်အသိပေးထားခြင်းမရှိသဖြင့် လုအိမ်တော်သို့ အလောတကြီး ပြန်စရာလည်း မလိုသေးပေ။

All Chapters