အခန်း ၂၉၇
Vol. 30 Ch. 297
📗 Chapter 297
ယဲ့ရှောင်ရှောင်တို့နှစ်ဦး ကာလအတန်ကြာအောင် ခွဲခွာနေခဲ့ရသော တိုက်ခန်းလေးဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင် နိုင်ငံခြားမှ ပြန်လာစဉ်က ထိုတိုက်ခန်းလေးကို သန့်ရှင်းရေးတစ်ကြိမ် လုပ်ထားခဲ့သော်လည်း လအနည်းငယ် ပစ်ထားခဲ့ရသဖြင့် နောက်တစ်ကြိမ် အစအဆုံး သန့်ရှင်းရေးပြန်လုပ်ရန် လိုအပ်နေပြန်သည်။
“ကိုယ်လုပ်လိုက်မယ်”
လုဟန်ချွမ်သည် အဝတ်စုတ်တစ်ထည်ကို ဆွဲယူလိုက်ပြီး ပရိဘောဂများကို စေ့စေ့စပ်စပ် စတင်တိုက်ချွတ်လေတော့သည်။
ကံကောင်းစွာဖြင့် တိုက်ခန်းအတွင်းပိုင်းတွင် ဖုန်အနည်းငယ်တက်နေခြင်းမှအပ အလွန်ညစ်ပတ်နေခြင်းမရှိပေ။
တစ်ချိန်တည်းမှာပင် ယဲ့ရှောင်ရှောင်ကလည်း ရေသာမခိုဘဲ အိပ်ရာခင်းများနှင့် ခေါင်းအုံးစွပ်များအားလုံးကို ဖြုတ်လဲလိုက်ပြီး ရေနှင့် လျှပ်စစ်မီးတို့ ပြန်လည်ရရှိစေရန် မိန်းခလုတ်များကို လိုက်ဖွင့်လိုက်သည်။
“ကျွန်မ ဘွဲ့ရပြီးရင် ရမ်သဲ့ထန်နားက အိမ်ဝင်းကို ပြန်ပြုပြင်ဖို့ စီစဉ်ထားတယ်၊ ဆရာကြီးရဲ့ အိမ်နဲ့လည်းနီး၊ ဆေးခန်းနဲ့လည်း နီးလို့လေ”
ထိုအိမ်ဝင်းမှာ ယဲ့ရှောင်ရှောင် မမျှော်လင့်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ဝယ်ယူရရှိခဲ့သည့် ပိုင်ဆိုင်မှုတစ်ခုဖြစ်ပေသည်။
ဒုတိယပတ်လမ်းအတွင်း၌ တည်ရှိသဖြင့် လက်ရှိအချိန်မှာပင် ထိုအိမ်ဝင်း၏ တန်ဖိုးမှာ အလွန်ပင် ကြီးမားနေပါပြီ။
နေရာကျယ်ဝန်းပြီး စုန့်အိမ်တော်နှင့် အလွန်နီးကပ်သောကြောင့် ယဲ့ရှောင်ရှောင်သည် ပြိုင်ဘက်များထက် လက်ဦးမှုရယူကာ အလျင်အမြန် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဝယ်ယူပြီးနောက် နိုင်ငံခြားသို့ ရုတ်တရက် ထွက်ခွာသွားခဲ့ရသဖြင့် သူမ ပိုင်ဆိုင်သော အိမ်ဝင်းများအနက် မည်သည့်အိမ်ကိုမှ လက်တွေ့ပြုပြင်ရခြင်း မရှိသေးချေ။
လုဟန်ချွမ်ကလည်း သဘောတူ ထောက်ခံသည်။
“ကောင်းပါတယ်၊ ဒါပေမယ့် ရှောင်ရှောင်ဝယ်ထားတဲ့ အိမ်ဝင်းအစုတ်ကြီးတွေက ‘ပြုပြင်’ရုံနဲ့ လုံလောက်မှာ မဟုတ်ဘူး၊ အစကနေ ပြန်ဆောက်မှ အဆင်ပြေမယ်ထင်တယ်”
ယဲ့ရှောင်ရှောင်က မကျေမနပ်ဖြင့် ပွစိပွစိ ပြန်ပြောလိုက်သည်။
“ဘာကို အိမ်ဝင်းအစုတ်ကြီးတွေလဲ၊ အဲ့အိမ်တွေရဲ့ သစ်သားအရည်အသွေးက အရမ်းကောင်းတာနော်၊ ဒီတိုင်း ပြုပြင်ပြောင်းလဲမှုလေး နည်းနည်း လုပ်ဖို့ပဲ လိုအပ်တာ”
လက်ရှိအချိန်တွင် ပေကျင်းမြို့ရှိ အိမ်ရာအဟောင်းများအား ပြန်လည်ပြုပြင်မွမ်းမံခြင်းများကို စတင် လုပ်ဆောင်နေကြပြီဖြစ်သည်။
အချို့အိမ်များတွင် အိမ်တွင်းအိမ်သာများကိုပင် တပ်ဆင်လာကြပြီ ဖြစ်သဖြင့် ခေတ်မီလာခဲ့ပြီး ယခင်ကထက် ပိုမိုအဆင်ပြေလာခဲ့ပါသည်။
လုဟန်ချွမ်က အကြံပြုသည်။
“ဘယ်လိုပဲ ပြုပြင်ပြုပြင်၊ ဆောက်လုပ်ရေးပိုင်းအတွက်ဆိုရင် ဟန်ရှင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်”
ယဲ့ရှောင်ရှောင်က ရှင်းပြသည်။
“ကျွန်မ သေချာစဉ်းစားရဦးမယ်၊ ကျွန်မက တရုတ်ရိုးရာအိမ်ဝင်းကြီးတွေကိုပဲ ပိုသဘောကျတာ၊ ကျွန်မတစ်ယောက်တည်း နေမှာဆိုတော့ အိမ်ခန်းတွေ အများကြီးမလိုဘူး၊ အခန်းခွဲထားတဲ့ နံရံတွေကို ဖြိုချပြီး အခန်းတွေကို ဆက်လိုက်မလားလို့”
ထိုအိမ်ဝင်းကြီး၏ မူလတည်ဆောက်ပုံမှာ သုံးဆင့်ဝင် အိမ်ဝင်းမျိုးဖြစ်ပြီး ယဲ့ရှောင်ရှောင်သည် ထိုဒီဇိုင်းကို လုံးဝ ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ထားပါသည်။
ထို့အပြင် အမျိုးမျိုးသော သစ်ပင်ပန်းမန်များနှင့် ဆေးဖက်ဝင် အပင်များစွာကို စိုက်ပျိုးရန်အတွက် ခေတ်မီ နေကာခန်းတစ်ခုကိုပါ ဆောက်လုပ်ဖို့ ရည်ရွယ်ထားသည်။
ဧရာမ အိမ်ဝင်းကြီးတစ်လုံးကို မလိုချင်သူဟူ၍ အဘယ်တွင်ရှိနိုင်မည်နည်း။
ယဲ့ရှောင်ရှောင်၏ အနာဂတ်အစီအစဉ်များကို စိတ်ဝင်တစား နားထောင်ရင်း လုဟန်ချွမ်သည် ရံဖန်ရံခါ အကြံဉာဏ် တစ်ခုနှစ်ခု ဝင်ပေးခဲ့ပါသည်။
သူတို့နှစ်ဦးစလုံးသည် မိမိတို့၏ အနာဂတ် အစီအစဉ်များအကြောင်း ရင်ဖွင့်ရသည်ကို အလွန်နှစ်သက်ကြသဖြင့် အိမ်သန့်ရှင်းရေးလုပ်ရင်း စကားများစွာ ပြောဖြစ်ခဲ့ကြသည်။
တိုက်ခန်းတစ်ခုလုံး သန့်ရှင်းသွားသည်နှင့် ယဲ့ရှောင်ရှောင် ဆိုဖာပေါ်တွင် ထိုင်ချကာ ညည်းတွားလိုက်လေသည်။
“ကြွက်သားတစ်မျှင်တောင် မလှုပ်ချင်တော့ဘူး… ဘာမှလည်း ချက်မစားချင်ဘူး”
လုဟန်ချွမ်က သူမကို အိပ်ခန်းထဲဝင်နားဖို့ တိုက်တွန်းလိုက်သည်။
“ခဏနေရင် အပြင်မှာ ထွက်စားကြမယ်လေ”
ယဲ့ရှောင်ရှောင်: “ဒါပေမယ့် ကျွန်မတို့နှစ်ယောက်စလုံး ကားမှ ပါမလာတာ”
ယဲ့ရှောင်ရှောင်၏ ကားကို စုန့်ကွမ်းကျင့်၏ အိမ်တွင် သိမ်းဆည်းထားဆဲဖြစ်သည်။
ဤတိုက်ခန်းမှ တက္ကသိုလ်ဝင်ပေါက်နားသို့ လမ်းအနည်းငယ်လျှောက်ရုံဖြင့် ရောက်ရှိနိုင်ကြောင်း လုဟန်ချွမ် ပြောပြချင်ခဲ့သော်လည်း နောက်ဆုံးတွင် မပြောဖြစ်ခဲ့ဘဲ တယ်လီဖုန်းကိုသာ ညွှန်ပြလိုက်သည်။
“ခဏနေရင် ဖုန်းဆက်ပြီး ကားလာပို့ခိုင်းလိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင် ခါးမတ်သွားပြီး မျက်တောင်တဖျပ်ဖျပ် ခတ်လျက် မေးလိုက်သည်။
“ဖုန်းက သုံးလို့ရသေးတယ်ပေါ့”
“လက်ကျန်ငွေရှိရင် သုံးလို့ရတာပေါ့”
ယဲ့ရှောင်ရှောင်သည် အနောက်မြောက်ပိုင်းဒေသသို့ မထွက်ခွာမီက ဖုန်းဘေလ်များစွာ ကြိုတင်ထည့်သွင်းခဲ့သဖြင့် အချိန်ကြာမြင့်စွာ အသုံးခံပါလိမ့်မည်။
ယဲ့ရှောင်ရှောင်သည် ဖုန်းလိုင်းအဖြတ်ခံရမည့် အချိန်ကို စောင့်မနေဘဲ ငွေပမာဏများစွာကို ကြိုတင်ပေးသွင်းထားတတ်သည့် လူစားမျိုးပင် ဖြစ်ပေသည်။
လုဟန်ချွမ် ဖုန်းလိုင်းကို စမ်းသပ်ကြည့်လိုက်ရာ ဖုန်းခေါ်ဆို၍ ရရှိသေးမှန်း အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် သူ၏ ကိုယ်ပိုင်ကားကို ဤနေရာသို့ လာရောက်ပို့ဆောင်ပေးရန် လူတစ်ဦးအား ဖုန်းဆက်ညွှန်ကြားလိုက်ပြီး မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ပစ္စည်းအချို့ကိုပါ ယူဆောင်လာပေးဖို့ မှာကြားလိုက်ပါသည်။
လုဟန်ချွမ် ဖုန်းချပြီး နောက်သို့ ပြန်လှည့်လိုက်ချိန်တွင် ယဲ့ရှောင်ရှောင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပါပြီ။
ထို့ကြောင့် လုဟန်ချွမ်သည် အိပ်ခန်းထဲမှ နူးညံ့အိစက်သော စောင်လေးတစ်ထည်ကို ယူဆောင်ကာ သူမ၏ကိုယ်ပေါ်တွင် အသာအယာ ခြုံထားပေးလိုက်သည်။
ယဲ့ရှောင်ရှောင် အိပ်ရာနိုးလာချိန်တွင် မိုးပင်ချုပ်နေပါပြီ။ လုဟန်ချွမ်သည် ဧည့်ခန်းထဲရှိ မျက်နှာကြက်မီးလုံးများကို မဖွင့်ဘဲ ကော်ဖီစားပွဲပေါ်ရှိ မီးအိမ်ငယ်လေးတစ်လုံးကိုသာ ဖွင့်ထားသဖြင့် တစ်ခန်းလုံး မှိန်မှိန်ပျပျ ဖြစ်နေလေသည်။
ယဲ့ရှောင်ရှောင် ခါးမတ်မတ် ထထိုင်လိုက်ပြီး အကြောဆန့်နေစဉ် လုဟန်ချွမ် အပြင်မှ ပြန်ရောက်လာသည်ကို မြင်လိုက်ရသည်။
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ ဆံနွယ်လေးများကို ပွတ်သပ်ပေးရင်း ပွေ့ချီလိုက်ကာ ပြောလိုက်သည်။
“ထတော့၊ ကိုယ်ညစာ ဝယ်လာခဲ့ပြီ”
ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ် ခတ်ကာ မေးလိုက်သည်။
“ဘယ်တုန်းက အပြင်ထွက်သွားတာလဲ”
“ရှောင်ရှောင် အိပ်ပျော်နေတဲ့ အချိန်တုန်းကလေ”
--- --- ---
ညစာစားသုံးပြီးနောက် ယဲ့ရှောင်ရှောင် စိတ်အနည်းငယ် ကြည်လင်သွားခဲ့ပါသည်။
ထို့အပြင် အိမ်ပြန်ရောက်လာပြီဖြစ်၍ ရေကို ဇိမ်ကျကျနှင့် ဝဝလင်လင် ချိုးနိုင်ပြီဖြစ်မှန်း သတိရသွားခဲ့လေသည်။
သူမ၏ ဆံနွယ်ရှည်များကို ဖြန့်လိုက်သောအခါ အနောက်မြောက်ပိုင်းဒေသရှိ သဲတစ်ဝက်လောက်ကို ခေါင်းပေါ်တွင် သယ်ဆောင်လာခဲ့ရသလို ခံစားလိုက်ရသည်။ သို့သော် သူမ၏ ဆံနွယ်များမှာ ယခင်ကကဲ့သို့ပင် နက်မှောင်တောက်ပကာ နူးညံ့ချောမွတ်နေဆဲဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်တစ်ယောက် ရေချိုးခန်းထဲတွင် တစ်နာရီကြာအောင် အချိန်ဖြုန်းခဲ့သဖြင့် ရေချိုးခန်းထဲ သတိများ လစ်နေသလားဟုပင် လုဟန်ချွမ် စိတ်ပူသွားမိသည်။
နောက်ဆုံးတွင် ရေချိုးခန်းတံခါး ပွင့်လာပြီး ရေနွေးငွေ့လေးအချို့နှင့်အတူ ညအိပ်အဝတ်အစားများ ဝတ်ဆင်ထားသည့် ယဲ့ရှောင်ရှောင် ပြန်ထွက်လာခဲ့ပါသည်။
အပူရှိန်ကြောင့် သူမ၏ ပါးပြင်လေးများ ပန်းရောင်သန်းနေသည်။ သူမ၏ ဖြူစင်ဝင်းပသော အသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်လို့နေသည့် နက်မှောင်သော ဆံနွယ်များကိုလည်း တိမ်တိုက်များနှင့် အသွင်တူအောင် လိပ်တင်ထားသည်။
သူမ၏ စိုစွတ်နေသော မျက်တောင်မွေးလေးများနှင့် ဆံနွယ်များကြောင့် ယဲ့ရှောင်ရှောင်တစ်ယောက် အလွန်တရာမှ ဆွဲဆောင်မှု ရှိလို့နေပါသည်။
လုဟန်ချွမ်၏ မျက်လုံးများ ရုတ်တရက် ရီဝေမှောင်မိုက်သွားရသည်။ ယဲ့ရှောင်ရှောင်ကမူ သူ့အမူအရာကို မရိပ်စားမိဘဲ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
“ရေကောင်းကောင်းမချိုးရတာ ဆယ်ဘဝလောက်ကြာပြီလို့တောင် ခံစားရတယ်”
အမှန်ဆိုရလျှင် အနောက်မြောက်ပိုင်းဒေသတွင်လည်း ယဲ့ရှောင်ရှောင် ရေချိုးရပါသည်။ သို့သော် ရေကို ဤမျှအထိ ပေါပေါများများ သုံးစွဲနိုင်ခြင်း မရှိခဲ့ပေ။
သူမ ဧည့်ခန်းထဲ ပြန်ဝင်လာသည့်တိုင်အောင် လုဟန်ချွမ်တစ်ယောက် ကျောက်ရုပ်ပမာ မတ်တပ်ရပ်နေသည်ကို မြင်သောအခါ ယဲ့ရှောင်ရှောင် ဇဝေဇဝါဖြစ်စွာ လှမ်းမေးလိုက်သည်။
“ရှင်ကော ရေမချိုးဘူးလား”
ထိုအခါမှ လုဟန်ချွမ် ရေချိုးခန်းထဲ တိတ်တဆိတ် ဝင်သွားလေတော့သည်။
ယဲ့ရှောင်ရှောင်: “…”
လုဟန်ချွမ်၏ စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချခဲ့သည်။ ယဲ့ရှောင်ရှောင်ကို အမြန်ဆုံး လက်ထပ်ခွင့်တောင်းမှ ဖြစ်ပါတော့မည်။
ထို့ကြောင့် နောက်တစ်နေ့မနက်စောစောတွင် ယဲ့ရှောင်ရှောင်ကို လုအိမ်တော်သို့ အရင်ဆုံး ခေါ်ဆောင်သွားခဲ့ပြီး နေ့လယ်ခင်းကျမှ ဆရာကြီးစုန့်၏အိမ်သို့ သွားရောက်လည်ပတ်ဖို့ လုဟန်ချွမ် စီစဉ်ခဲ့သည်။
“ရှောင်ရှောင်သွားချင်ရင် ဆရာကြီးစုန့်အိမ်ကို အရင်သွားလို့ရတယ်နော်”
ယဲ့ရှောင်ရှောင်: “ဘယ်ကိုပဲအရင်သွားသွား အတူတူပါပဲ”
ယဲ့ရှောင်ရှောင်သည် သပ်ရပ်သော ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီတို့ကို လဲလှယ်ဝတ်ဆင်လိုက်ပြီး အပေါ်မှ ဂျာကင် ကုတ်အင်္ကျီရှည်တစ်ထည်ကိုလည်း ထပ်ဝတ်လိုက်ပါသည်။
သူမ အရပ်အနည်းငယ် ပိုရှည်လာသလို ခံစားရသဖြင့် နောက်ဆုံးတော့ အရပ် ၁၇၀ စင်တီမီတာ ပြည့်ပြီလားဟုပင် တွေးတောမိသည်။
ထို့ကြောင့် အပြင်မထွက်မီ နံရံတွင်ကပ်ကာ အရပ်တိုင်းကြည့်ခဲ့ပါသည်။ သူမ၏ အရပ်မှာ အမှန်တကယ်ပင် ၁၇၁ စင်တီမီတာ ရှိနေပြီဖြစ်မှန်း သိခဲ့ရသည်။
ကံကောင်းစွာဖြင့် လုဟန်ချွမ်ကလည်း အလွန်အရပ်ရှည်သူဖြစ်သည့်အတွက် သူနှင့်အတူ တွဲလျှောက်လျှင် ယဲ့ရှောင်ရှောင်မှာ အလွန်သေးသွယ်သည့် ပုံစံပေါက်နေပါသေးသည်။
သူမ၏ သွယ်လျသော ခန္ဓာကိုယ်အချိုးအစားကြောင့် အရပ်အနည်းငယ် ပိုရှည်လာလျှင်ပင် သူမ၏ အလှတရားကို မည်သို့မျှ လျော့ပါး မသွားစေခဲ့ပေ။
လုဟန်ချွမ်က ကျီစယ်လိုက်သည်။
“ဖိနပ်မပါရင်တော့ ၁၆၉ စင်တီလောက်ပဲ ရှိမှာပါ”
ယဲ့ရှောင်ရှောင်က ညည်းတွားလိုက်သည်။
“ကျွန်မက ၁ စင်တီမီတာပဲ ပိုရှည်လာတာလား၊ ရှင့်ပေကြိုးက လုံးဝ မတိကျဘူး”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ ပခုံးကိုဖက်ကာ အပြင်သို့ ခေါ်ဆောင်လာခဲ့သည်။ လမ်းတွင်လည်း သူမကို စိတ်ကျေနပ်အောင် ချော့မြူဖို့ မမေ့လျော့ခဲ့ပေ။
“အရပ်ရှည်တာ ကောင်းပါတယ်၊ ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်လာရင် ပိုတောင်ကောင်းဦးမယ်”
ယဲ့ရှောင်ရှောင်က ချေပသည်။
“မဟုတ်တာ!”
ယဲ့ရှောင်ရှောင်သည် မိမိ၏ အလှအပ အသွင်အပြင်တို့အား အလွန်ဂရုစိုက်သူဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိ ဝိတ်တက်လာအောင် ပြုလုပ်ခြင်းမျိုးကို လုံးဝ လက်မခံနိုင်ပေ။
ယခုတစ်ခေါက် အိမ်ပြန်သည့်အခါ သူတို့နှစ်ဦး မည်သည့်လက်ဆောင်မှ ဝယ်မသွားခဲ့ကြပေ။
ဝေးလံခေါင်ဖျားသော အနောက်မြောက်ပိုင်းဒေသမှ ယခုကဲ့သို့ ပြန်ရောက်လာခြင်းကပင် လူကြီးမိဘများအား ပေးစွမ်းနိုင်သော အဖိုးအတန်ဆုံး လက်ဆောင်ပဏ္ဏာတစ်ခု ဖြစ်နေခဲ့ပါပြီ။
အိမ်ရှေ့သို့ ရောက်သည်နှင့် သူတို့နှစ်ဦးကို အဘွားလုက ချက်ချင်း တန်းမြင်သွားခဲ့သည်။ အိမ်တွင် အဘွားလုက အတက်ကြွဆုံးနှင့် အသွက်လက်ဆုံးလူဆိုလည်း မမှားနိုင်ပေ။
“ရှောင်ရှောင်နဲ့ ရှောင်းချွမ်တို့ ပြန်လာပြီဟေ့!”
မြေးဖြစ်သူနှင့် ၂ နှစ်ကျော်ကြာအောင် ခွဲခွာနေခဲ့ရသဖြင့် အဘွားလုမှာ အလွန်လွမ်းဆွတ်သတိရနေပြီး လုဟန်ချွမ်အား အချိန်အကြာကြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်ပါသည်။
ထို့နောက် ယဲ့ရှောင်ရှောင်ကိုလည်း သူမ နွေးနွေးထွေးထွေး ပွေ့ဖက်ထားခဲ့သည်။
“အောင်မယ်လေး… ငါတို့ရှောင်ရှောင်လေး ပိန်သွားလိုက်တာ၊ မြင်ရရုံနဲ့ အဘွား စိတ်တွေမကောင်းဘူး”
လုဟန်ချွမ်က ဘေးမှနေ၍ ကျီစယ်လိုက်သည်။
“အဘွားက တော်တော်ဘက်လိုက်တာပဲ၊ ကျွန်တော်လည်း ဒီလောက်ဝိတ်ကျသွားတာကို မမြင်ဘူးလား”
အဘွားလုက မြေးဖြစ်သူကို ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်လိုက်ပြီး မျက်စပစ်ကာ ပြောလိုက်သည်။
“နင့်ကို အဲ့လောက်အဝေးကြီး ထွက်သွားဖို့ ဘယ်သူက နှင်ထုတ်လို့လဲ၊ ပြီးတော့ နင်ပိန်သွားတာလည်း ငါမမြင်မိပါဘူး၊ အရင်ကထက်တောင် ပိုကြံ့ခိုင်လာသလိုပဲ”
စကားကို အကန်များ ပြောဆိုနေသော်လည်း သူမ၏ မျက်လုံးများက လုဟန်ချွမ်ပေါ်တွင်သာ ရှိနေခဲ့ပါသည်။
လုဟန်ချွမ်က အဘွားလု၏ လက်မောင်းကိုတွဲလျက် အပြုံးဖြင့် ပြောလိုက်သည်။
“ကြည့်မနေပါနဲ့တော့ အဘွားရယ်၊ အိမ်ထဲရောက်မှ ကျွန်တော့်ကို အဝကြည့်ပါ”
လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့နှစ်ဦး အဘွားလုကို တစ်ယောက်တစ်ဖက်စီ ကူတွဲပေးလျက် အိမ်ထဲသို့ ဝင်လာခဲ့ပါသည်။
အဘိုးလုကမူ ထုံးစံအတိုင်း တံခါးဝမှ စောင့်ကြိုနေသည်။
“နှစ်ယောက်သား ပြန်လာကြပြီလား”
“အဘိုး”
လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့ နှစ်ဦးစလုံး ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။
“ပြန်လာတာ ကောင်းပါတယ်၊ ကောင်းပါတယ်”
အဘိုးလုသည် အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း သူ့မျက်ဝန်းများထဲ တောက်ပနေသည့် မျက်ရည်စများက သူအလွန် စိတ်လှုပ်ရှားကာ ဝမ်းသာနေကြောင်း သက်သေပြနေခဲ့ပါသည်။
ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ လှည့်ကြည့်လိုက်ကြပြီး လုဟန်ချွမ်က အဘိုးဖြစ်သူအား ကူတွဲပေးလိုက်ပါသည်။
“အဘိုးနဲ့ အဘွားတို့ ကျန်းမာရေးကောင်းကြရဲ့လား”
အဘွားလုအား တွဲပေးထားရင်းနှင့်ပင် ယဲ့ရှောင်ရှောင်သည် သူမ၏ လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းလေးများတင်ကာ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ပါသည်။
အဘွားအိုတစ်ဦးအဖို့ သူမ၏ သွေးခုန်နှုန်းမှာ အလွန်ပင် ကျန်းမာသန်စွမ်းပြီး အားကောင်းလှသည်ဟု ဆိုနိုင်သည်။
သို့သော်ငြား အဘွားလုက ခေါင်းကို ဇွတ်အတင်းခါယမ်းရင်း ပြောလိုက်သည်။
“မကောင်းဘူး၊ လုံးဝ မကောင်းပါဘူးကွယ်၊ အဘွားကို အမြန်စစ်ကြည့်ပေးပါဦး ရှောင်ရှောင်”
ယဲ့ရှောင်ရှောင်သည် အဘွားအိုကို သက်တောင့်သက်သာရှိသည့် ထိုင်ခုံတစ်လုံးဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး သွေးခုန်နှုန်းကို နောက်တစ်ကြိမ် ဂရုတစိုက် စစ်ဆေးပေးလိုက်ပါသည်။
“အဘွားက ကျန်းမာရေးကောင်းပါတယ်”
အဘွားလုသည် ကလေးများ နောက်တစ်ကြိမ် ထပ်မံထွက်ခွာသွားမည်ကို စိုးရိမ်နေခြင်းကြောင့် ကျန်းမာရေးမကောင်းဟု လိမ်ညာပြောဆိုနေရခြင်းသာ ဖြစ်ပေသည်။
ယဲ့ရှောင်ရှောင်၏ လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း သူမ ပြောလိုက်သည်။
“ရှောင်ရှောင်လေး အနားမှာရှိနေမှ အဘွားက နေကောင်းတာပါ”
ယဲ့ရှောင်ရှောင် ခပ်ဖွဖွလေး ရယ်မောလိုက်သည်။
“သမီးလည်း အခုချိန်ကစပြီး ပေကျင်းမှာပဲ နေတော့မှာလေ၊ အဘွားဆီ နေ့တိုင်းလာလည်လို့ရတယ်၊ အဲ့တာကြောင့် အဘွားဘက်က သမီးကို မြင်ရတာ ငြီးငွေ့မသွားဖို့ပဲ လိုတယ်နော်”