← Chapters

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း ၂၉၈

Vol. 30 Ch. 298

📗 Chapter 298

ယဲ့ရှောင်ရှောင် ခရီးဝေး ထပ်ထွက်ဖို့ အစီအစဉ်မရှိဘဲ ပေကျင်းတွင်သာ နေတော့မည်ဖြစ်ကြောင်း ကြားသိရသောအခါ အဘိုးလုနှင့် အဘွားလုတို့နှစ်ဦး အတိုင်းထက်အလွန်‌ ပျော်ရွှင်သွားခဲ့ကြသည်။

အဘွားလုသည် ချက်ချင်းဆိုသလိုပင် ဟင်းသီးဟင်းရွက်နှင့် အသားငါးများ သွားရောက်ဝယ်ယူရန် အိမ်အကူအဒေါ်ကြီးအား ညွှန်ကြားလိုက်ပြီး ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ကိုလည်း အိမ်တွင်သာ ညအိပ်ရန် တိုက်တွန်းလိုက်ပါသည်။

လုဟန်ချွမ်က အကြောင်းပြချက်ပေးသည်။

“ကျွန်တော်တို့ သွားစရာရှိသေးလို့ မနက်ဖြန်မှ ထပ်လာခဲ့မယ်လေ”

သူတို့နှစ်ဦးသည် နေ့လယ်ခင်းတွင် ဆရာကြီးစုန့်ထံသို့ သွားရောက်လည်ပတ်မည်ဟု ကြိုတင် သဘောတူထားပြီးသား ဖြစ်ရာ လုဟန်ချွမ်မှာ မည်သည့်ဘက်ကိုမှ လစ်ဟာမှုမရှိစေရန် အကောင်းဆုံးဖြစ်အောင် မျှမျှတတ စီစဉ်ပေးခဲ့ပါသည်။

အဘွားလုက ပြောသည်။

“မနက်ဖြန် လာရင်တော့ ဘယ်မှ ထွက်ပြေးလို့မရဘူးနော်၊ အိမ်မှာ ရက်နည်းနည်းလောက် လာနေရမယ်”

အဘွားလု၏ မျှော်လင့်ချက်များ ပြည့်ဝနေသော မျက်ဝန်းများအောက်တွင် လုဟန်ချွမ်တစ်ယောက် ခေါင်းသာ ညိတ်ပြလိုက်ရတော့သည်။

ထိုအခါမှသာ အဘွားလုက သူတို့နှစ်ဦးကို ညအိပ်ရန် ဖိအားဆက်မပေးတော့ချေ။

ထို့နောက် နှစ်ဦးတည်း သီးသန့်ရှိနေသည့်အချိန်တွင် အဘွားလုသည် လုဟန်ချွမ်အား ဘေးသို့ တိတ်တဆိတ် ခေါ်ထုတ်ကာ မေးမြန်းလိုက်သည်။

“နင်နဲ့ ရှောင်ရှောင်လေးတို့ ဘယ်တော့ လက်ထပ်ကြမှာလဲ၊ လက်ထပ်ပြီးရင် ရှောင်ရှောင်လေးကို ဒီအိမ်မှာ ခေါ်ထားလို့ ရပြီလေ”

လုဟန်ချွမ်က အဘွားဖြစ်သူအား ချော့မော့ကာ ပြောလိုက်သည်။

“သိပ်မကြာတော့ပါဘူး အဘွားရဲ့”

အဘွားလုက သတိပေးလိုက်သည်။

“ငါ့ကို လှည့်စားဖို့တော့ မကြိုးစားနဲ့နော်၊ ဟို… ငါနဲ့ မျိုးရိုးနာမည်တူပြီး နင့်ကိုသဘောကျလို့ အနောက်က တကောက်ကောက် လိုက်ဖူးတဲ့ ကောင်မလေးတောင် အခုဆို ကလေးတစ်ယောက် ရနေပြီ သိလား”

လုဟန်ချွမ်ကမူ အဘွားလု မည်သူ့ကို ဆိုလိုမှန်းပင် မမှတ်မိတော့ချေ။ သို့သော် အခြားသူများ ကလေးရခြင်း၊ မရခြင်းက သူနှင့် လားလားမှ မသက်ဆိုင်ပေ။

“အဘွားက မြစ်ချီချင်နေပြီလား၊ နှစ်နည်းနည်းလောက် စောင့်ပါဦး၊ ကျွန်တော်တို့က ငယ်ငယ်လေးတွေပဲ ရှိသေးတာကို”

လုဟန်ချွမ်သည် ချစ်သူဘဝကိုပင် ဖြတ်သန်းလို့မဝသေးသဖြင့် ကလေးယူဖို့ အတွေးမျိုး မဝင်နိုင်သေးပေ။

အဘွားလုကမူ မြေးဖြစ်သူအား ထိုးကြိတ်ချင်စိတ်များ တဖွားဖွား ပေါ်လာပါသည်။ သို့သော် အနည်းဆုံးတော့ လက်ထပ်ထားလျှင်ပင် သူမ စိတ်အေးနိုင်ပြီ ဖြစ်၍ လုဟန်ချွမ်အား ခြိမ်းခြောက်ကာ ပြောဆိုလိုက်သည်။

“ဒါဆိုလည်း မြန်မြန်လုပ်နော်၊ ဖင်လေးနေရင် နောက်ဆို အိမ်ကိုပြန်လာဖို့ စိတ်မကူးနဲ့တော့”

လုဟန်ချွမ်: “…”

အဘွားလု၏ အချိုးမှာ လွန်ခဲ့သည့် မိနစ်ပိုင်းကနှင့် လုံးဝ ခြားနားသွားခဲ့ပါပြီ။ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် မြေးအပေါ် ထားရှိသော ချစ်မေတ္တာများ အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့ပုံပင်။

လုအိမ်တော်တွင် နေ့လယ်စာ စားသုံးပြီးနောက် လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့နှစ်ဦး ချန့်ဖုန်းလမ်းမပေါ်ရှိ အိမ်ဝင်းကြီးထံသို့ ထွက်လာခဲ့ကြသည်။

ယဲ့ရှောင်ရှောင်ပြန်လာသည့် သတင်းကို စုန့်ကွမ်းကျင့်လည်း မကြားမိသေးပေ။ သို့သော် လတ်တလောတွင် စုန့်ကွမ်းကျင့်သည် အိမ်တွင်သာ အနေများသဖြင့် ယဲ့ရှောင်ရှောင် ရောက်ရှိလာသောအခါ အိမ်ဝင်းထဲတွင် ထိုင်ကာ အနားယူနေသည့် သူ့ကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည်။

စုန့်ကွမ်းကျင့်၏ မုတ်ဆိတ်ဖြူကြီးမှာ ပို၍ပင် ရှည်လျားလာသည်ဟု ခံစားရပြီး ထိုမုတ်ဆိတ်ကို ရိတ်ဖို့ စိတ်ကူးလည်း ရှိပုံမပေါ်ပေ။

ယဲ့ရှောင်ရှောင်ကို အရင်ဆုံး တွေ့မြင်သွားသူက ဒေါ်လေးစွန်းသာ ဖြစ်ပြီး မိမိမျက်လုံးကိုမိမိ မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။

“ဆရာကြီး၊ ဘယ်သူရောက်လာလဲ ကြည့်ပါဦး!”

ထိုအခါမှ စုန့်ကွမ်းကျင့်တစ်‌ယောက် ဆေးပင်တောထဲမှ ခေါင်းထောင်လာခဲ့သည်။

“ရှောင်… ရှောင်ရှောင် ပြန်လာပြီလား!”

စုန့်ကွမ်းကျင့်သည် ကျန်းမာရေးလိုက်စားသူဖြစ်၍ သက်တူရွယ်တူများနှင့် ယှဉ်လိုက်လျှင် အလွန်ငယ်ရွယ်နုပျိုပြီး စိတ်လက်တက်ကြွမှု ပိုရှိပါသည်။

ယဲ့ရှောင်ရှောင် အိမ်ဝင်းထဲသို့ ဝင်လာပြီး အဘိုးအိုအား ပွေ့ဖက်လိုက်သည်။

“သမီးပြန်လာပြီ ဆရာကြီး!”

“ကောင်းတာပေါ့၊ ပြန်လာတာ ကောင်းပါတယ်”

စုန့်ကွမ်းကျင့်သည့် ယဲ့ရှောင်ရှောင်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး လုဟန်ချွမ်အား လှည့်ကြည့်လိုက်သည်။

“လာလာ၊ အိမ်ထဲမှာ ဝင်ထိုင်ကြဦး”

ယဲ့ရှောင်ရှောင်: “မလောပါနဲ့ ဆရာကြီးရဲ့၊ အပြင်မှာ နေပူစာခဏလောက် လှုံရအောင်လေ”

သူတို့နှစ်ဦးစလုံး လုအိမ်တော်တွင် နေ့လယ်စာစားလာခဲ့ကြသဖြင့် ဒေါ်လေးစွန်းအား အလောတကြီး ချက်ပြုတ်ဖို့ မလိုအပ်ကြောင်း ယဲ့ရှောင်ရှောင် သတိပေးလိုက်သည်။

ထို့နောက် ယဲ့ရှောင်ရှောင်သည် စုန့်ကွမ်းကျင့်အား ဆေးပင်အမျိုးအစားများ ကူညီခွဲခြားပေးလိုက်ပြီး လုဟန်ချွမ်ကိုလည်း လှမ်းခေါ်လိုက်သည်။

“ဒီမှာလာထိုင်လေ”

လုဟန်ချွမ်သည် အိမ်ဝင်းထဲရှိ ခုံတန်းလျားငယ်လေးတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။

သူ့အရပ်အမောင်းကြောင့် ဤကဲ့သို့ ခုံပုလေးတစ်ခုပေါ်တွင် ထိုင်ရသည်မှာ အနည်းငယ် တင်းကျပ်နေသလို ခံစားရသော်လည်း ကံကောင်းစွာဖြင့် ယနေ့ ပေါ့ပေါ့ပါးပါး အဝတ်အစားများကိုသာ ဝတ်ဆင်လာခဲ့ပါသည်။

စုန့်ကွမ်းကျင့်က ယဲ့ရှောင်ရှောင်အား လှည့်ကြည့်ရင်း မေးမြန်းလိုက်သည်။

“ဒီတစ်ခေါက်ပြီးရင် ဘယ်မှထပ်မသွားတော့ဘူးမလား”

ယဲ့ရှောင်ရှောင်က ခေါင်းညိတ်သည်။

“တခြားဘာကိစ္စမှမရှိရင်တော့ ဘွဲယူပြီးတာနဲ့ ရမ်သဲ့ထန်မှာပဲ အလုပ်ဝင်လုပ်တော့မှာ”

စုန့်ကွမ်းကျင့် တစ်စုံတစ်ခုကို သတိရသွားသည်။

“နင်ဘွဲ့ရပြီးရင် တပည့်ခံယူပွဲအတွက် ပေကျင်းမြို့ဂရန်းဟိုတယ်မှာ အခမ်းအနားတစ်ခု ကျင်းပရအောင်၊ နင့်ရဲ့ စီနီယာဦးလေးတွေ၊ ဂျူနီယာဦးလေးတွေနဲ့ မိတ်ဆက်ပေးမယ်၊ နောက်လည်း သူတို့နဲ့ မကြာခဏ ဆုံလာရတော့မှာ ဆိုတော့ ကြိုမိတ်ဖွဲ့ထားတော့ ပိုကောင်းတာပေါ့”

တရုတ်တိုင်းရင်းဆေးပညာလောကသည် အလွန်တရာမှ ထုံးတမ်းစဉ်လာကြီးမားလှ‌သော ပညာရပ်နယ်ပယ်တစ်ခုဖြစ်ပြီး စုန့်ကွမ်းကျင့်သည်လည်း အလွန်စနစ်ကျသော ဂိုဏ်းအနွယ်ဝင်တစ်ဦး ဖြစ်ပေသည်။

သူသည် တပည့်တစ်ဦးကို တရားဝင်လက်ခံကာ ပညာရပ်များအား သင်ကြားပေးခဲ့ပြီးပြီဖြစ်၍ နောင်အနာဂတ်တွင် ပြဿနာတစ်စုံတရာ ဖြစ်မလာစေရန်အတွက် ယခုအချိန်ကတည်းက လူသိရှင်ကြား ကြေညာထားသင့်ပါသည်။

ထို့အပြင် ဤနယ်ပယ်တွင် ယဲ့ရှောင်ရှောင် ဆက်လက်တိုးတက်အောင်မြင်နိုင်ဖို့အတွက် ဝါရင့်ပညာရှင်များနှင့် ဆုံတွေ့ပေးထားခြင်းက သေချာပေါက် အကျိုးရှိစေပါလိမ့်မည်။

ယဲ့ရှောင်ရှောင်က သဘောတူသည်။

“ဟုတ်ကဲ့ပါဆရာကြီး၊ ရက်ပိုင်းလောက်နေရင် သမီးလည်း ကျောင်းကို ပြန်သွားရတော့မယ်”

အမှန်ဆိုရလျှင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာစဉ်ကတည်းက အလုပ်သင်စာလွှာကို အပ်ဖို့အတွက် ကျောင်းသို့ ချက်ချင်းသွားရောက်နိုင်သော်လည်း လုဟန်ချွမ်၏ အားလပ်ရက်များက မပြီးဆုံးသေးသဖြင့် သူမတို့၏ ခက်ခက်ခဲခဲ ရရှိလာသော ကိုယ်ပိုင်အချိန်လေးများကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် ကျန်ကိစ္စများကို ခေတ္တရွှေ့ဆိုင်းထားခဲ့ခြင်းသာ ဖြစ်ပါသည်။

စုန့်ကွမ်းကျင့်က ခေါင်းညိတ်လျက် ဆိုသည်။

“လောစရာမလိုသေးဘူး၊ အိမ်မှာ တစ်ရက်နှစ်ရက်လောက် အနားယူလိုက်ဦးနော်”

သူသည် တင်းကျပ်လွန်းသော အုပ်ထိန်းသူတစ်ဦး မဟုတ်ပေ။ လက်ရှိအချိန်တွင် အတန်းများပင် မစတင်သေးသဖြင့် ‌ကျောင်းသို့ ချက်ချင်း ပြန်သွားလျှင်လည်း အကျိုးထူးနိုင်မည် မထင်ပေ။

ထို့အပြင် ယဲ့ရှောင်ရှောင်၏ အလုပ်နေရာချထားပေးခြင်းအတွက်လည်း စိုးရိမ်ပူပန်စရာမလိုအပ်ချေ။

စုန့်ကွမ်းကျင့် စိတ်ပူရသည့် တစ်ခုတည်းသော ကိစ္စမှာ ကလေးနှစ်ဦး၏ ဆက်ဆံရေးအခြေအနေပင်။

လုဟန်ချွမ်ကို စုန့်ကွမ်းကျင့် လှည့်ကြည့်လိုက်သည်။

‘ဒီကောင်ဘာလို့ ခြေလှမ်းမစသေးတာလဲ’

သို့သော် လုဟန်ချွမ်သည် ခြေလှမ်းစချင်လွန်းသဖြင့် တစ်ပိုင်းသေနေပြီး အခွင့်အရေးမရသေးခြင်းကြောင့်သာ ငြိမ်နေရခြင်းဖြစ်မှန်း ဆရာကြီးစုန့် မသိခဲ့ချေ။

ဆရာကြီးစုန့်အား နေ့တစ်ဝက်ခန့် အဖော်ပြုပေးပြီးနောက် ယဲ့ရှောင်ရှောင် ပြန်လည်ပြုပြင်ဖို့ စီစဉ်ထားသည့် အိမ်ဝင်းကို နှစ်ယောက်သား သွားကြည့်ခဲ့ကြပြီး ညနေစောင်းမှ အိမ်ပြန်ဖို့ စီစဉ်ခဲ့ကြသည်။

အိမ်ဝင်း၏ တံခါးမကြီးရှေ့တွင် ရပ်နေရင်း လုဟန်ချွမ်သည် ဟောင်းနွမ်းစုတ်ပြတ်ကာ လူသူကင်းမဲ့နေသော အိမ်ဝင်းနံရံများကို ငေးကြည့်လျက် ပြောလိုက်ပါသည်။

“ကိုယ်ပြောသားပဲ၊ ဒီအိမ်ဝင်းကို လုံးဝ ဖြိုချပြီး အသစ်ပြန်ဆောက်မှ အဆင်ပြေမယ်လို့”

ယဲ့ရှောင်ရှောင်က တံခါးသော့ကိုဖွင့်ကာ တံခါးမကြီးအား တွန်းဖွင့်လိုက်သည်။ အိမ်ဝင်း၏ အဓိက တံခါးမကြီးသည် သက်တမ်းရင့် ဟောင်းနွမ်းနေပြီဖြစ်သော်ငြား အလွန်ခမ်းနားထည်ဝါနေပါသေးသည်။

“အချိန်တန်ရင် အပြင်ဘက်နံရံတွေကိုပဲ ပြန်ဆောက်လိုက်မယ်၊ ပြီးရင် အထဲမှာ အိပ်ခန်းနည်းနည်း၊ ဧည့်သည်အခန်းနည်းနည်းနဲ့ ကျန်တဲ့နေရာလွတ်တွေကိုတော့ နေကာခန်းအကြီးကြီးဆောက်ဖို့ ထားလိုက်မယ်၊ နေကာခန်းဆိုတာ ဘာလဲသိလား၊ ဖန်နဲ့ပဲ လုပ်ထားတဲ့အခန်းတွေလေ၊ ဆောင်းတွင်းရောက်ရင်တောင် အဲ့အထဲမှာ အသီးအနှံတွေ စိုက်ပျိုးလို့ရတယ်”

ယဲ့ရှောင်ရှောင်က လက်ဟန်ခြေဟန်ဖြင့် စိတ်ပါလက်ပါ ရှင်းပြလိုက်ပါသည်။

“ရပါတယ်၊ ရှောင်ရှောင် ဘာပဲဆောက်ချင်ဆောက်ချင် အဆင်ပြေတယ်”

လုဟန်ချွမ်သည့် ယဲ့ရှောင်ရှောင်၏ အစီအစဉ်များကို လုံးဝ ကန့်ကွက်မှုမရှိခဲ့ပေ။

ယဲ့ရှောင်ရှောင်က ဆက်လက်တွက်ချက်ပြလိုက်သည်။

“အိမ်ထဲမှာ ကျွန်မတို့က တစ်ခန်းယူမယ်၊ ဧည့်ခန်းကို ကျယ်ကျယ်လေးထားပြီး ဧည့်သည်အခန်းတွေ များများ ဆောက်ထားမယ်၊ အဲ့တာမှ ကျွန်မတို့လက်ထပ်ပြီးလို့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေလာလည်တဲ့အခါကျ ကောင်းကောင်း ဧည့်ခံနိုင်မှာပေါ့ ဟုတ်တယ်မလား”

ထိုသို့ပြောပြီးနောက် ယဲ့ရှောင်ရှောင် ခေါင်းလေးစောင်းကာ လုဟန်ချွမ်အား စိုက်ကြည့်လိုက်သည်။

လုဟန်ချွမ် အခြားမည်သည့်အရာကိုမှ မစဉ်းစားနိုင်ခင် သူ့နားထဲ ‘လက်ထပ်ပြီးလို့’ဟူသည့် စကားလုံးကိုသာ ထင်ထင်ရှားရှား ကြားလိုက်ရပါသည်။

ယဲ့ရှောင်ရှောင်အား သူရုတ်တရက်ပွေ့ချီလိုက်ပြီး လေထဲတွင် ပျော်ရွှင်စွာ တစ်ပတ်လှည့်ပစ်လိုက်တော့သည်။

“ရှောင်ရှောင်က ကိုယ်တို့ လက်ထပ်ပြီးရင် နေမယ့် မင်္ဂလာအိမ်လေးကို စီစဉ်နေတာပဲ!”

ယဲ့ရှောင်ရှောင် ထိတ်လန့်သွားပြီး သူ့ပခုံးပေါ်သို့ လက်နှစ်ဖက်တင်ကာ ဟန်ချက်ကို မနည်းထိန်းထားလိုက်ရသည်။ လုဟန်ချွမ် ပြန်လည် ငြိမ်သက်သွားခါမှ သူပခုံးကိုပုတ်ကာ ယဲ့ရှောင်ရှောင် ရှင်းပြလိုက်ပါသည်။

“မင်္ဂလာအိမ်လို့တော့ သတ်မှတ်လို့မရသေးဘူး၊ ဒါပေမယ့် လက်ထပ်ပြီးရင် နေဖို့နေရာတစ်ခုတော့ လိုတာပဲလေ၊ ဒီအိမ်ဝင်းမှာ နေရတာက တက္ကသိုလ်နားက တိုက်ခန်းထက် ပိုအဆင်ပြေမယ်ထင်လို့”

ဤနေရာသည် မည်သည့်အရပ်ကိုမဆို သွားလာဖို့ ဗဟိုကျပြီး အကွာအဝေးအသင့်အတင့်သာ ရှိသော နေရာတစ်ခု ဖြစ်နေခြင်းကြောင့်ပင်။

ယဲ့ရှောင်ရှောင်က မျက်တောင်တဖျပ်ဖျပ် ခတ်ကာ မေးလိုက်သည်။

“ဧကန္တ… ရှင်ကျွန်မကို လက်ထပ်ဖို့ တစ်ခါမှ စိတ်မကူးဖူးတာတော့ မဟုတ်ပါဘူးနော်”

လုဟန်ချွမ်၏ ရင်ခုန်သံများ ယခုချိန်ထိ တည်ငြိမ်မသွားသေးဘဲ ယဲ့ရှောင်ရှောင်၏ နှုတ်ခမ်းဘူးလေးကို ငုံ့နမ်းလိုက်ပါသည်။

“ကိုယ်ဘာလို့ မစဉ်းစားရမှာလဲ၊ နေ့တိုင်းနေ့တိုင်း အဲ့ကိစ္စအတွက်ပဲ တွေးပူနေရတာ”

လုဟန်ချွမ်တစ်ယောက် စနစ်တကျ ပြင်ဆင်ရန် ရည်ရွယ်ထားခဲ့သော လက်ထပ်ခွင့်တောင်းခြင်း အစီအစဉ်မှာ ယခုကဲ့သို့ ဟာသဆန်ဆန်ပင် ပျက်စီးသွားခဲ့ရတော့သည်။ သို့သော် လုဟန်ချွမ်၏ ရင်ထဲတွင် နောင်တအနည်းငယ်ပင် မရှိခဲ့ချေ။

ရုတ်တရက် ရောက်ရှိလာသော အံ့အားသင့်စရာဖြစ်ရပ်ကြောင့် သူမျှော်လင့်ထားသည်ထက် ပို၍ပင် ပျော်ရွှင်ခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်ကမူ လက်ထပ်မည့်ကိစ္စအပေါ်တွင် အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်ခြင်းမျိုး မရှိပေ။

သူမသည် အတိတ်က ထိုအကြောင်းအရာနှင့်ပတ်သက်၍ အများကြီး မတွေးတောခဲ့ဖူးသော်လည်း လုဟန်ချွမ်နှင့် တွေ့ဆုံပြီးနောက် အခြားမည်သူ့ကိုမှ ထည့်သွင်းစဉ်းစားခြင်း မရှိတော့ချေ။

အကယ်၍ သူမ၏ လက်ကျန်ဘဝတစ်ခုလုံးကို သူနှင့်အတူ ဖြတ်သန်းရမည်ဆိုလျှင် ချစ်သူအဆင့်ဖြစ်စေ၊ ဇနီးမောင်နှံ အဆင့်ဖြစ်စေ သူမအနေဖြင့် အပြည့်အဝ လက်ခံပေးနိုင်ပါသည်။

လုဟန်ချွမ်က ဆိုသည်။

“အဲ့တာဆို ကိုယ်အခုပဲ စခန်းမှာ လက်ထပ်ခွင့် အစီရင်ခံစာ သွားလျှောက်လိုက်တော့မယ်၊ ကိုယ့်ကို မကျီစယ်နဲ့နော်”

ယဲ့ရှောင်ရှောင်သည် သူ့မျက်နှာကို ညင်ညင်သာသာ ထိတွေ့ကာ လေးလေးနက်နက် ပြောလိုက်သည်။

“ကျွန်မ အတည်ပြောနေတာ”

“ဒါဆို မနက်ဖြန် လက်ထပ်လက်စွပ်လေးတွေ သွားရွေးကြရအောင်”

လုဟန်ချွမ် အလွန်စိတ်လှုပ်ရှားစွာ အကြံပြုလိုက်ပါသည်။

ယဲ့ရှောင်ရှောင်က လက်ကို ပြန်ချလျက် ပြောလိုက်သည်။

“မနက်ဖြန်ကျရင် အိမ်ဝင်းပြန်ပြုပြင်မယ့် အစီအစဉ်ကို အချောသတ်ရမယ်၊ အဲ့တာမှ ဆောက်လုပ်ရေးကို အမြန်ဆုံး စနိုင်မှာလေ၊ ပြီးတော့ ကျွန်မတို့မှာ လက်စွပ်ရှိပြီးသား မဟုတ်ဘူးလား”

သူမ၏ လက်ချောင်းလေးများကို အသာအယာ ခါပြလိုက်သေးသည်။

လုဟန်ချွမ်: “ဘယ်တူပါ့မလဲ၊ အခုက တရားဝင်လက်ထပ်မှာလေ၊ အဲ့တာကြောင့် သေသေချာချာ ပြင်ဆင်ရမှာပေါ့၊ ပြီးတော့ သတို့သားက သတို့သမီးကို ပေးရမယ့် ရွှေထည်သုံးမျိုးကိစ္စလည်း ရှိသေးတယ်၊ ရှောင်ရှောင့်အတွက် အလေးချိန် ၂ ကျင်းရှိတဲ့ ရွှေဆွဲကြိုးလည်း လုပ်ပေးဦးမယ်”

ယဲ့ရှောင်ရှောင်: “…”

‘လုဟန်ချွမ် ပီသပါပေတယ်’

ဤခေတ်အခါက မင်္ဂလာပွဲများအတွက် ရွှေငွေလက်ဝတ်ရတနာ ဝယ်ယူသူဟူ၍ များများစားစားမရှိလှဘဲ အလွန် ပြည့်စုံကြွယ်ဝသည့် မိသားစုများသာလျှင် လက်ဖွဲ့အနေဖြင့် ပေးအပ်တတ်ကြသည်။

ယဲ့ရှောင်ရှောင်ကိုယ်တိုင်ကလည်း ပုံမှန်အားဖြင့် လက်ဝတ်ရတနာများကို ဝတ်ဆင်လေ့ မရှိပေ။

“လက်စွပ်တော့ ဝယ်လို့ရပါတယ်၊ ဒါပေမယ့် ရွှေဆွဲကြိုးတော့ တော်ပြီနော်၊ တော်ကြာ အဲ့လောက်လေးတာကြီး ဝတ်လို့ ကျွန်မ ကျီးပေါင်းရောဂါဖြစ်နေပါဦးမယ်”

All Chapters