အခန်း ၂၉၉
Vol. 30 Ch. 299
📗 Chapter 299
လုဟန်ချွမ်က အပြုံးဖြင့် သဘောတူလိုက်သည်။
“ဟုတ်ပါပြီ၊ ရှောင်ရှောင့်ကို ပေးလို့ရတဲ့ တခြားပစ္စည်းတွေလည်း ရှိပါသေးတယ်”
ယဲ့ရှောင်ရှောင်: “ဘာပစ္စည်းတွေလဲ”
“အဲ့တာကတော့ လျှို့ဝှက်ချက်”
ပဟေဠိဆန်ချင်နေသည့် လုဟန်ချွမ်ကို ကြည့်ရင်း ယဲ့ရှောင်ရှောင်လည်း ဆက်မမေးခဲ့တော့ချေ။
မူလက လုဟန်ချွမ်သည် အားလပ်ရက်များ ရရှိထားသဖြင့် အိမ်တွင် အေးအေးလူလူ အနားယူရန် ကြံရွယ်ထားသော်လည်း ယခုအခါတွင်မူ စခန်းသို့ အမြန်ဆုံး ပြန်သွားချင်ဇောဖြင့် မစောင့်နိုင် မဆိုင်းနိုင် ဖြစ်နေလေတော့သည်။
နောက်တစ်နေ့တွင် လုဟန်ချွမ်သည် ပေကျင်းမြို့ရှိ သူငယ်ချင်းများနှင့် တွေ့ဆုံရန် အပြင်ထွက်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်သည်လည်း တွေ့ဆုံရမည့် သူငယ်ချင်းများ ရှိနေသဖြင့် သူနှင့်အတူ လိုက်မသွားခဲ့ပေ။ သူမ၏ ကားကို ယူဆောင်ကာ အပြင်ထွက်လာခဲ့ပြီး ရမ်သဲ့ထန်သို့ ဦးစွာ သွားရောက်ကြည့်ရှုခဲ့သည်။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် ချူးမြောင်တစ်ယောက် ရမ်သဲ့ထန်တွင်သာ အမှန်တကယ် အလုပ်သင်ဆင်းနေမှန်း ယဲ့ရှောင်ရှောင် မြင်ခဲ့ရသည်။ ဘွဲ့ရပြီးလျှင် ရမ်သဲ့ထန်၌သာ အလုပ်ဝင်လုပ်မည်ဟူသော သူ့စကားမှာလည်း စနောက်နေခြင်း မဖြစ်နိုင်တော့ပေ။
“အခြေအနေ ဘယ်လိုရှိလဲ၊ ဒီမှာအလုပ်လုပ်ရတာ အသားကျနေပြီလား”
ယဲ့ရှောင်ရှောင် အပြုံးဖြင့် မေးလိုက်သည်။ ချူးမြောင်မှာ အဖြူရောင် ဂျူတီကုတ်ဖြင့် ပို၍ပင် သန့်ပြန့်ခန့်ညားနေပါသေးသည်။
ချူးမြောင်က နှာခေါင်းစည်းကို ချွတ်ရင်း ပြန်မေးလိုက်သည်။
“နင့်အလုပ်သင်ကာလ ပြီးသွားပြီလား”
ယဲ့ရှောင်ရှောင် ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေါ့”
ချူးမြောင်သည် ယဲ့ရှောင်ရှောင်ကို သေချာအကဲခတ်လိုက်ပြီး အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ထပ်ပြောလိုက်ပါသည်။
“နင်တကယ်ကြီး အသားမဲမသွားဘူးပဲ… အဲ့ဒေသကိုရောက်သွားတဲ့လူတော်တော်များများက ပါးတွေနီပြီး အသားအရေတွေ ပျက်စီးကုန်ကြတယ်လို့ ငါကြားဖူးတယ်”
ယဲ့ရှောင်ရှောင်: “အခြေအနေက အဲ့လောက်မဆိုးပါဘူးဟယ်၊ ပြီးတော့ ငါက လပိုင်းလောက်ပဲ နေခဲ့ရတာလေ၊ အဲ့တာကြောင့် အသားအရေ အပြောင်းအလဲသိပ်မရှိတာ နေမှာပါ”
စခန်းတွင် ရှိစဉ်ကာလက ဆေးခန်းထဲတွင်သာ အလုပ်လုပ်ခဲ့ရသဖြင့် ယဲ့ရှောင်ရှောင် ထင်သလောက် မပင်ပန်းခဲ့ရပေ။
သို့သော် စစ်သားများကဲ့သို့ ကွင်းပြင်ထဲတွင် အလုပ်လုပ်ခဲ့ရမည်ဆိုပါက ချူးမြောင်ပြောသလိုပင် ကျိန်းသေပေါက် အသားမဲသွားနိုင်ပါသည်။
ချူးမြောင်က ယဲ့ရှောင်ရှောင်နှင့် စကားအေးအေးဆေးဆေး ပြောဆိုနိုင်ဖို့အတွက် သူ့ရုံးခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်က ချီးကျူးသည်။
“နင့်မှာ ကိုယ်ပိုင်ရုံးခန်းတွေဘာတွေတောင် ရှိနေပြီပေါ့ ဟုတ်လား”
ချူးမြောင်က ဆိုသည်။
“နင့်ရုံးခန်းလည်း ဒီမှာ ရှိတယ်လေ၊ အချိန်မရွေး အလုပ်လာလုပ်လို့ရတယ်၊ ငါတို့ရမ်သဲ့ထန်မှာ ရှုပ်ထွေးပြီး ခက်ခဲတဲ့ ရောဂါတွေအတွက် နင်ဝင်ကူညီပေးနိုင်ရင်အကောင်းဆုံးပဲ”
ပြောပြောဆိုဆိုနှင့် အံဆွဲထဲမှ ဆေးမှတ်တမ်းအချို့ကိုထုတ်ကာ ယဲ့ရှောင်ရှောင်လက်ထဲသို့ သူထိုးထည့်ပေးလိုက်ပါသည်။
ယဲ့ရှောင်ရှောင်သည် ရမ်သဲ့ထန်သို့ ရောက်ရောက်ချင်းမှာပင် အလုပ်ပေးခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“ငါအေးအေးဆေးဆေး ဖတ်ကြည့်လိုက်ပါဦးမယ်”
ထိုဆေးမှတ်တမ်းများကို လှန်လှောဖတ်ရှုကြည့်လိုက်ရာ အမှန်တကယ် ကုသဖို့ ခက်ခဲသည့် ရောဂါဝေဒနာများဖြစ်မှန်း ယဲ့ရှောင်ရှောင် တွေ့လိုက်ရပါသည်။
ယဲ့ရှောင်ရှောင်ဖြစ်နေလျှင်ပင် မည်သည့်ကောက်ချက်မှ မချနိုင်ခင် သေသေချာချာ လေ့လာရမည့် အခြေအနေများ ဖြစ်ပေသည်။
ချူးမြောင်က အသိပေးလိုက်သည်။
“နင်မရှိတဲ့ ကာလအတွင်း နင့်ကိုလာရှာတဲ့လူတွေ အများကြီးရှိတယ်နော်၊ နိုင်ငံခြားမှာ ၂ နှစ်နေပြီး အလုပ်သင်ဆင်းဖို့ ထပ်ထွက်သွားခဲ့တာတောင် လူတွေက အခုချိန်ထိ နင့်ကို သတိရနေကြတုန်းပဲ”
ချူးမြောင်သည် အမှန်တရားကိုသာ ထုတ်ပြောနေခြင်းဖြစ်ပြီး မနာလိုဖြစ်၍ ပြောဆိုနေခြင်း မဟုတ်ပေ။ အမှန်တွင် ရမ်သဲ့ထန်၌သာ ယဲ့ရှောင်ရှောင် ရာသက်ပန် လာရောက်နေထိုင်ဖို့ သူမျှော်လင့်နေမိပါသည်။
“နင်ဒီမှာအလုပ်လုပ်မယ်ဆိုရင် ငါတို့ဆေးခန်းအခြေအနေက ကျိန်းသေပေါက် ပိုတိုးတက်လာမှာ”
ယဲ့ရှောင်ရှောင်က တခစ်ခစ်ရယ်မောလျက် ချေပလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် နင်တို့လစာကို ထိခိုက်တာမှ မဟုတ်ပဲ၊ ငါမရှိလည်း နင်တို့ဖာသာ ကိုင်တွယ်နိုင်မယ်လို့ ငါယုံကြည်ပြီးသားပါ”
ချူးမြောင်: “ဒီမှာ ခဏထိုင်စောင့်လိုက်ဦး၊ ခဏနေရင် ကျန်းခိုင်နင် လာလိမ့်မယ်”
ယဲ့ရှောင်ရှောင်က မေးသည်။
“သူကော အလုပ်သင်ဆင်းဖို့ ဘယ်မှမသွားဘူးလား”
ချူးမြောင်: “သူက အခု မန်နေဂျာကျန်းဖြစ်နေပြီလေ၊ ဘယ်သူ့ဆီမှာ အလုပ်သင်ဆင်းဖို့လိုမှာလဲ”
ယခုဆိုလျှင် ကျန်းခိုင်နင်တစ်ယောက် ပုဂ္ဂလိကစက်ရုံကြီးတစ်ခုကို စီမံကြီးကြပ်နေရပြီး တစ်လလျှင် ယွမ် ၁၀,၀၀၀ ကျော်အပြင် ရှယ်ယာဝင်ငွေများကိုလည်း အလွယ်တကူ ရရှိနေပါသည်။
ငွေကြေးအခြေအနေ ခိုင်မာသွားပြီဖြစ်ကာ မြို့ထဲတွင်လည်း အိမ်တစ်လုံး ဝယ်ယူထားပြီးပြိဖြစ်၍ ဤခေတ်ကာလ၏ အောင်မြင်ပြီး အလားအလာရှိသော လူငယ်တစ်ဦး ဖြစ်နေလေတော့သည်။
“သူအရင်ကထက်တော့ ပိုဝမလာလောက်ပါဘူးနော်”
ချူးမြောင်က ရယ်မောသည်။
“မဝပါဘူး၊ ဒါပေမယ့် အန္တရာယ်များတဲ့အဆင့်ကို ရောက်နေပြီ၊ ဘီယာဗိုက်တောင် ပေါ်လာတော့မယ် ထင်တယ်”
ထိုစကားကိုကြားပြီး ယဲ့ရှောင်ရှောင် သွားပေါ်အောင် ပြုံးလိုက်မိသည်။
“နင်ပြောမှ သူ့ကို တကယ်တွေ့ချင်နေပြီ”
ကျီစယ်ဖို့အတွက် တွေ့ချင်နေခြင်းသာ ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်သည် ရုံးခန်းထဲတွင် ဆက်စောင့်နေခဲ့ပြီး လူနာများအား ချူးမြောင် ကြည့်ရှုစမ်းသပ် စစ်ဆေးပေးနေစဉ် ဘေးမှ ကူညီပေးခဲ့သည်။
ချူးမြောင်မှာ လူနာများကို ကိုယ်တိုင်အပြည့်အဝ တာဝန်ယူ ကုသပေးနိုင်နေပြီဖြစ်သဖြင့် သူ၏ ဆေးပညာအရည်အချင်းများ တိုးတက်လာခဲ့ကြောင်း သိသာလှပေသည်။
ရမ်သဲ့ထန်တွင် နေ့လယ်စာ စားသောက်ပြီးနောက် မွန်းလွဲပိုင်းတွင် ကျန်းခိုင်နင် ရောက်ရှိလာခဲ့ပါသည်။ ချူးမြောင်၏ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အထဲတွင်ရှိနေသည့် ယဲ့ရှောင်ရှောင်ကို သူ မြင်လိုက်ရသည်။
“ငါအမြင်တွေ မှားနေတာလား! ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲ! မတွေ့တာကြာပြီ ရှောင်ရှောင်!”
ယဲ့ရှောင်ရှောင်လည်း ကျန်းခိုင်နင်ကို အနီးကပ် အကဲခတ်ကြည့်လိုက်ပါသည်။
သူ့ပုံစံမှာ ယခင်ကထက် ပိုကြည့်ကောင်းလာသည်။ ဝမလာသည့်အပြင် ပိုမိုရင့်ကျက်လာသည့် အရှိန်အဝါမျိုးကို ခံစားနေရပါသည်။
ကျန်းခိုင်နင်က ရုပ်ရည်ကို အားကိုး၍ ရနိုင်သည့်လူမျိုးမဟုတ်သဖြင့် ပါရမီနှင့် အစွမ်းအစကိုသာ အားကိုးရမည့် လူတန်းစားထဲတွင် ပါဝင်သည်။
“ဘာအမြင်မှ မမှားဘူး၊ ငါ့အလုပ်သင်ကာလပြီးသွားပြီ၊ ကျောင်းကိုတော့ အစီရင်မခံရသေးဘူး၊ ငါ့ဖာသာငါ အားလပ်ရက် ပေးထားတာလေ”
ကျန်းခိုင်နက် ခေါင်းညိတ်သည်။
“အနားယူတာ ကောင်းပါတယ်၊ ဒါနဲ့ နေ့ခင်းကျရင် ငါနဲ့အတူ ဓာတ်ခွဲခန်းကို လိုက်ခဲ့ဦး၊ ငါတို့ပရောဂျက်အသစ်ကို သွားကြည့်ရအောင်”
ပေကျင်းမြို့သို့ ယဲ့ရှောင်ရှောင် ပြန်ရောက်လာသည်နှင့် လူတိုင်းက သူမကို အလုပ်ခိုင်းရန်သာ ကြံစည်နေကြတော့သည်။
သို့သော် ယဲ့ရှောင်ရှောင်ကိုယ်တိုင်ကလည်း နိုင်ငံခြားတွင်ဖြစ်စေ၊ အနောက်မြောက်ပိုင်းဒေသတွင်ဖြစ်စေ မည်သည့်အခါမှ အားလပ်နေသည်ဟူ၍ မရှိလှပေ။ ထုတ်ကုန်အသစ်များအတွက် ဖော်မြူလာများကို ချရေးပြီး စုန့်ရှောင်းကွမ်ထံသို့ ပို့ဆောင်ပေးတတ်ပါသည်။
ကျန်းခိုင်နင်တို့ဘက်မှ ထုတ်ကုန်များကမူ ဆေးဘက်ဆိုင်ရာ ပစ္စည်းများဖြစ်ကြသဖြင့် သုတေသနပြုလုပ်ရန် အလွန် ခက်ခဲပြီး စမ်းသပ်မှု ကာလမှာလည်း ကြာမြင့်လှသည်။
အကယ်၍ အမှားအယွင်းတစ်စုံတရာ ဖြစ်သွားပါက သုံးစွဲသူများကို ထိခိုက်စေနိုင်သဖြင့် ယဲ့ရှောင်ရှောင်သည် ဆေးဝါးကိစ္စများနှင့် ပတ်သက်လာလျှင် အစစအရာရာကို လေးလေးနက်နက် ကိုင်တွယ်တတ်ပါသည်။
“အေးပါ၊ ငါလိုက်ကြည့်ပေးမယ်”
ဓာတ်ခွဲခန်းတွင် အလုပ်လုပ်ရခြင်းမှာလည်း ရမ်သဲ့ထန်တွင် အလုပ်လုပ်ရခြင်းနှင့် ညီမျှသည်။
ကျန်းခိုင်နင် အပျော်လွန်သွားရသည်။
“ဟုတ်ပြီ ဟုတ်ပြီ! နင်ပြန်ရောက်လာပြီဆိုတော့ ငါတို့လုပ်ငန်းကို အကြီးအကျယ် တိုးချဲ့ကြတာပေါ့”
“နင့်ဖာသာနင်လည်း တိုးချဲ့နေတာ မဟုတ်ဘူးလား”
“ဘယ်တူမလဲဟ၊ ဒီတစ်ခါတော့ အကြီးဆုံးဖြစ်အောင် လုပ်ဖို့ ငါစီစဉ်ထားတာ!”
ကျန်းခိုင်နင်က အားတက်သရောရှင်းပြလိုက်သည်။
ထို့နောက် ယဲ့ရှောင်ရှောင်သည် ကျန်းခိုင်နင်နှင့်အတူ ဓာတ်ခွဲခန်းထဲတွင်သာ တစ်နေ့ခင်းလုံး အချိန်ကုန်ဆုံးခဲ့ပါသည်။ ယနေ့သည် သူမအတွက် အလွန်အနှစ်သာရရှိပြီး စိတ်ချမ်းမြေ့စရာနေ့ရက်လေးတစ်ခု ဖြစ်ခဲ့သည်။
လုဟန်ချွမ် ညစာစားဖို့ အိမ်ပြန်လာမည်လား ယဲ့ရှောင်ရှောင် မသိသော်လည်း သူမ အိမ်ပြန်ရောက်သွားချိန်တွင် တိုက်ခန်းလေးမှာ ဗလာကျင်းဖြစ်လို့နေပါသည်။
ယဲ့ရှောင်ရှောင်သည် ညစာစားပြီးသားဖြစ်၍ စားရေးစားပွဲပေါ်ရှိ မီးအိမ်ကလေးကိုဖွင့်ကာ ဒီဇိုင်းပုံကြမ်းများ စတင်ရေးဆွဲလေတော့သည်။
တိုက်ခန်းထဲတွင် တီဗွီမရှိသဖြင့် စာဖတ်ခြင်းမှအပ အချိန်ဖြုန်းစရာဘာမှ မရှိလှပေ။
အိမ်ဝင်းအား ပြုပြင်ဖို့အတွက် ဒီဇိုင်းပုံကြမ်းများကို ယနေ့အပြီးသတ်ဆွဲသားဖို့ ယဲ့ရှောင်ရှောင် ရည်ရွယ်ထားခဲ့သော်လည်း တစ်နေ့ခင်းလုံး မအားလပ်သဖြင့် ယခုအချိန်မှသာ စတင်ဆွဲသားရခြင်း ဖြစ်ပါသည်။
ည ၇ နာရီဝန်းကျင်တွင် လုဟန်ချွမ် ပြန်ရောက်လာသည်။ သူ့ကိုယ်ပေါ်မှ အရက်နံ့အနည်းငယ် ရသော်လည်း မူးနေခြင်း မရှိပေ။
ယဲ့ရှောင်ရှောင်က ချက်ချင်း မေးလိုက်သည်။
“ရှင့်ဖာသာရှင် ကားမောင်းပြီး ပြန်လာတာတော့ မဟုတ်ပါဘူးနော်”
လုဟန်ချွမ်: “မဟုတ်ပါဘူး၊ ဟူကျစ် လိုက်ပို့ပေးတာ၊ ကိုယ့်ကို အိမ်အောက်ထိ ရောက်အောင် ပို့ပေးပြီးမှ သူပြန်သွားတာ”
ယဲ့ရှောင်ရှောင်က မေးသည်။
“သူ့ကို ဘာလို့ အိမ်ပေါ် ခေါ်မလာတာလဲ”
ထိုဟူကျစ်ဆိုသူကို ယဲ့ရှောင်ရှောင် မသိသော်လည်း လုဟန်ချွမ်၏ သူငယ်ချင်းတစ်ဦး ဖြစ်မည်ဟု ယူဆလိုက်ပါသည်။
လုဟန်ချွမ်: “နောက်ကျနေပြီလေ၊ အဲ့တာကြောင့် စောစောပြန်ဖို့ ပြောလိုက်တာ၊ ရှောင်ရှောင် စားပြီးပြီလား”
“စားပြီးပြီ”
ကျန်းခိုင်နင်ကို တစ်နေ့ခင်းလုံး ကူညီပေးခဲ့ရသဖြင့် ညစာမကျွေးခိုင်းဘဲ ပြန်လာလို့ မဖြစ်ပေ။
လုဟန်ချွမ်သည် ယနေ့တွင် သူငယ်ချင်းများနှင့် အပျော်အပါးသက်သက် အလေလိုက်နေခဲ့ခြင်း မဟုတ်ပေ။
သူငယ်ချင်းများအားလုံး ဆွေ့ဆုံကာ ပေကျင်းမြို့ရှိ လက်ရှိအခြေအနေများနှင့် သတိထားမိစရာ ပြောင်းလဲမှုများအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကြခြင်းဖြစ်ပါသည်။
ရှောင်ရှောင့်ကို ပြောပြစရာ အကြောင်းအရာအချို့လည်း ပါလာခဲ့သေးသည်။ ထို့ကြောင့် အရက်ရှိန်အနည်းငယ် ပြေသွားသည်နှင့် လုဟန်ချွမ် ရေသွားချိုးခဲ့ပါသည်။
ရေချိုးခန်းထဲမှ လုဟန်ချွမ် ပြန်ထွက်လာသောအခါ ယဲ့ရှောင်ရှောင်က သူမ ရေးဆွဲထားသော ပုံကြမ်းများကို ထုတ်ပြလိုက်သည်။
“အိမ်ဝင်းအတွက် ပုံကြမ်းဆွဲထားတာလေ၊ ဘယ်လိုသဘောရလဲ”
ယဲ့ရှောင်ရှောင်၏ ပုံဆွဲစွမ်းရည်က မဆိုးလှသဖြင့် ပုံကြမ်းကလည်း သပ်သပ်ရပ်ရပ် ရှိလှပါသည်။
ပုံကြမ်းကို သေသေချာချာ ကြည့်ရှုပြီးနောက် လုဟန်ချွမ် ခေါင်းညိတ်ထောက်ခံလိုက်သည်။
“မဆိုးပါဘူး၊ လောလောဆယ်တော့ ဒီအတိုင်းပဲသွားရအောင်၊ မနက်ဖြန် ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ ကိုယ်ရှာပေးမယ်၊ ပြီးရင် အလုပ်သမားတွေနဲ့တိုင်ပင်ပြီး ဘယ်လိုကုန်ကြမ်းကို သုံးရမလဲ ဆုံးဖြတ်ကြတာပေါ့”
ယဲ့ရှောင်ရှောင် ပုံကြမ်းများကို ပြန်လည်သိမ်းဆည်းထားလိုက်သည်။
“ဟုတ်ပြီ၊ သူတို့နဲ့ တိုင်ပင်နေတုန်း အသေးစိတ် အချက်အလက်တွေလည်း ထပ်ဖြည့်လို့ရတာပေါ့”
ဤသို့ဖြင့် နောက်ရက်အနည်းငယ်အတွင်း ယဲ့ရှောင်ရှောင်ဘက်မှ ဟိုနားဒီနား အသေးစား ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ပြီးနောက် အိမ်ဝင်းပြန်လည်ပြုပြင်ရေး ပရောဂျက်မှာ နောက်ဆုံး၌ အချောသတ်ပြီးစီးသွားခဲ့တော့သည်။
ဆောက်လုပ်ရေးအဖွဲ့ကို ဟန်ရှင်းတို့ကုမ္ပဏီမှ စီစဉ်ပေးထားခြင်းဖြစ်ပြီး လိုအပ်သည့် ကုန်ကြမ်းများကိုလည်း သူတို့ ကုမ္ပဏီကသာ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်နေစရာ မလိုအပ်ပေ။
အလုပ်ရှင်၏ အဆင့်အတန်းနှင့် အရှိန်အဝါကို သိထားသဖြင့် ဆောက်လုပ်ရေး လုပ်သားများသည်လည်း ပစ္စည်းခိုးယူခြင်း၊ သို့မဟုတ် ရေသာခို အချောင်လိုက်ခြင်းများကို မည်သည့်အခါမှ လုပ်ဝံ့ကြမည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် အရှေ့မြောက်ပိုင်းဒေသရှိ တောင်ပေါ်သတ္တုတွင်းတစ်ခု၌ ယဲ့ချန်းချင့်သည် လုပ်သားအင်အား ၂၀ ကျော်ကို ဦးဆောင်ကာ သတ္တုရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေခဲ့ပါသည်။
ထိုသတ္တုတွင်းကို ရှောင်းရှီတောင်တန်းဟု ခေါ်ဆိုပြီး ယဲ့ချန်းချင့် ကန်ထရိုက်ဆွဲကာ ဝယ်ယူခဲ့သည့် သတ္တုတွင်း တည်နေရာလည်း ဖြစ်ပေသည်။
သို့သော် သုံးလတိတိ ကြာမြင့်ခဲ့ပြီး တောင်ပေါ်တွင် သတ္တုတွင်းပေါင်းများစွာကို တူးဖော်ခဲ့ကြသော်လည်း မည်သည့် အဖိုးတန် သတ္တုရိုင်းကိုမှ ရှာမတွေ့ခဲ့ကြပေ။
“ဘော့စ်ယဲ့… ဒီနေရာကို အကဲခတ်တာ မှားများ မှားသွားတာလား၊ ကြည့်ရတာ ဒီမှာ ဘာသတ္တုရိုင်းမှ ရှိပုံ မပေါ်ဘူးနော်”
ယဲ့ချန်းချင့်က ခေါင်းခါလျက် ဆိုသည်။
“ဒီနေရာမှာ တူးဖော်လို့ရမယ့် သတ္တုတွေ ကျိန်းသေပေါက် ရှိတယ်၊ ထပ်ကြိုးစားကြည့်ရအောင်”
အလုပ်သမားများကဲ့သို့ မဟုတ်ဘဲ ယဲ့ချန်းချင့်ကမူ အလွန်တည်ငြိမ်အေးဆေးနေပါသည်။
သူ့တွင် လက်ရှိ အကြွေးယွမ်သိန်းပေါင်းများစွာ တင်နေသည့်တိုင်အောင် တည်ငြိမ်နေနိုင်သေးသည်။ ယခုအကြိမ် ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရပါက လုပ်ငန်းတစ်ခုလုံး ဒေဝါလီခံရပြီး အကြွေးများကိုပင် ပြန်ဆပ်နိုင်တော့မည် မဟုတ်ချေ။