← Chapters

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း ၃၀၁

Vol. 31 Ch. 301

📗 Chapter 301

“အဲ့တာ ဝမ်ကျောင်းအသံမလားဟင်”

ရွက်ဖျင်တဲထံ လက်ညှိုးထိုးပြပြီး ယဲ့ရှောင်ရှောင် တိုးညှင်းစွာ မေးလိုက်သည်။

အခြားသူများကလည်း ခေါင်းညိတ်သည်။ ထိုအသံက ဝမ်ကျောင်း၏ အသံနှင့် အတော်လေး ဆင်တူနေပါသည်။

“ရှုကျားလဲ့! နင့်တီးဝိုင်းအစုတ်အပဲ့ကို နင့်ဖာသာနင်ပဲ စီမံနေလိုက်၊ ငါတော့ နင့်ကို ဘာမှမကူညီနိုင်တော့ဘူး!”

အော်ကြီးဟစ်ကျယ် သောင်းကျန်းပြီးနောက် ရွက်ဖျင်တဲထဲမှ မိန်းကလေးတစ်ဦး ဒေါကြီးမောကြီး ထွက်လာခဲ့သည်။

“ဝမ်ကျောင်း!”

ယဲ့ရှောင်ရှောင်တို့အားလုံး ပြိုင်တူ အော်ခေါ်လိုက်ကြလေသည်။

အခန်းဖော်များကို မြင်လိုက်ရသောအခါ ဝမ်ကျောင်း အလွန်နေရခက်သွားခဲ့ပါသည်။

“နင်တို့က ဒီမှာဘာလုပ်နေကြတာလဲ”

ထန်ရှို့ရှို့က ပြန်လည်ချေပသည်။

“နင်ပဲ ခေါ်ထားတာလေ၊ ဒီမှာ ဖျော်ဖြေပွဲ လာကြည့်ဖို့ ငါတို့ကို ဖိတ်ထားတာ မဟုတ်ဘူးလား”

ဝမ်ကျောင်းက ခေါင်းကုတ်လျက် ပြန်ပြောလိုက်သည်၊။

“ဪ အဲ့တာက… ပွဲကို ဖျက်သိမ်းလိုက်ပြီလေ”

ဟယ်ကျင်းက ဝင်မေးသည်။

“အဲ့တာဆို နင်ကကော ဘာဆက်လုပ်မှာလဲ၊ ကျောင်းကို ပြန်မှာလား”

ဝမ်ကျောင်း၏ အလုပ်သင်စာလွှာမှာ တံဆိပ်တုံး မထုရသေးပေ။ လက်ရှိအချိန်တွင် ကျောင်းသို့ ပြန်သွားလျှင်ပင် တရားဝင်အလုပ်သင်ဌာနထံမှ တံဆိပ်တုံးကိစ္စကို အဆင်ပြေအောင် မဆောင်ရွက်နိုင်လျှင် မည်သည့်အကျိုးမှ ထူးမည် မဟုတ်ချေ။

ဝမ်ကျောင်းက အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။

“သွားမှာ! ငါကျောင်းကိုပဲ ပြန်သွားတော့မှာ!”

ထိုသို့ပြောလိုက်သည်နှင့် ရွက်ဖျင်တဲထဲမှ ဆံပင်ကို ရွှေဝါရောင်ဆိုးထားသော လူတစ်ဦး ထွက်လာသည်။

သူတို့အားလုံးမှာ တက္ကသိုလ်တစ်ခုတည်းတွင် တက်ရောက်နေကြသည့် ကျောင်းသားများဖြစ်ကြသော်ငြား မတူညီသည့် ဌာနများက အနည်းငယ် အလှမ်းဝေးကွာသဖြင့် ရှုကျားလဲ့၏ မျက်နှာကို ယဲ့ရှောင်ရှောင်တို့အုပ်စု မရင်းနှီးလှပေ။

“ဝမ်ကျောင်း၊ ငါတောင်ပိုင်းကိုသွားဖို့ ဆုံးဖြတ်လိုက်ပြီ၊ နင်ကျောင်းကို ပြန်သွားမယ်ဆိုရင် ငါတို့လုံးဝ ကိစ္စပြတ်ပြီနော်”

ရှုကျားလဲ့ ထိုသို့ ရာဇသံပေးပြီးနောက် ဝမ်ကျောင်း၏ အဖြေကိုပင် မစောင့်ဘဲ ရွက်ဖျင်တဲထဲ ပြန်ဝင်သွားခဲ့တော့သည်။

ဝမ်ကျောင်းတစ်ယောက် အလွန်တိတ်ဆိတ်သွားသည်ကို ယဲ့ရှောင်ရှောင် သတိထားမိပါသည်။ ထိုအချက်က သူမ မှတ်မိသည့် ဝမ်ကျောင်း၏ စရိုက်လက္ခဏာနှင့် မကိုက်ညီလှပေ။

ဖန့်ခိုင်ရွှမ်နှင့် တွဲစဉ်အခါက အရာရာတွင် ဝမ်ကျောင်းကသာ အမြဲတမ်း အထက်စီးမှ နေတတ်သူဖြစ်သော်လည်း ယခုအခါတွင်မူ ရှုကျားလဲ့၏ ကြိုးဆွဲရာကို ကရသော အသုံးချခံ ဖြစ်နေပုံရပေသည်။

ယဲ့ရှောင်ရှောင်က မေးလိုက်သည်။

“နင်တကယ်ကြီး သူနဲ့အတူ တောင်ပိုင်းကို လိုက်သွားဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်”

ဝမ်ကျောင်း: “…”

ဟယ်ကျင်းကလည်း ဝင်အကြံပြုသည်။

“နင်သေချာ ပြန်စဉ်းစားနော်၊ နင့်မိဘနှစ်ပါးစလုံးက ပေကျင်းမှာပဲ ရှိနေကြတာ၊ နင်သာ တောင်ပိုင်းကို ထွက်သွားမယ်ဆိုရင် သူတို့ဘယ်လောက် စိတ်ပူရမလဲ ထည့်တွက်ပါဦး”

ဝမ်ကျောင်းက မြေကြီးပေါ်တွင် ခြေဆောင့်လျက် ပြောလိုက်သည်။

“ငါအဲ့လောက် မတုံးပါဘူးဟာ၊ တောင်ပိုင်းကို အလကားနေရင်း ဘာလို့သွားရမှာလဲ”

ရှားလီက ဝင်ပြောသည်။

“ဒီနေ့ ဘာဖျော်ဖြေပွဲမှ မရှိဘူးဆိုတော့ ငါတို့နဲ့အတူ ပြန်လိုက်ခဲ့ပါလား”

ယခုဆိုလျှင် ဝမ်ကျောင်းကို မြင်ရသည်မှာ ယဲ့ရှောင်ရှောင်တို့အားလုံးအတွက် အလွန်စိမ်းသက်နေသလို ခံစားရသည်။

သူမ၏ ဝတ်စားဆင်ယင်မှုနှင့် အသွင်အပြင်တို့မှာ ကျောင်းသူတစ်ဦးနှင့် လုံးဝ မတူတော့ဘဲ ဤအတိုင်းသာ ဆက်သွားလျှင် မကြာမီ ပြဿနာများ တက်လာတော့မည်ဟု အားလုံး ခံစားနေကြရသည်။

“ငါ့ကို ရက်ပိုင်းလောက် အချိန်ပေးပါဦး၊ ရက်ပိုင်းလောက်နေရင် ငါပြန်လာခဲ့မယ်”

ဝမ်ကျောင်းက လိပ်ပြာမလုံစွာ ဆင်ခြေပေးလိုက်ပါသည်။

ယဲ့ရှောင်ရှောင်တို့အုပ်စုလည်း အခြားရွေးချယ်စရာမရှိတော့ဘဲ ဝမ်ကျောင်းကို နှုတ်ဆက်ကာ အရင်ပြန်လာခဲ့ရတော့သည်။

အပြန်လမ်းတွင် သူငယ်ချင်းများ ဆွေးနွေးတိုင်ပင်ခဲ့ကြသော်လည်း မည်သူကမှ ဝမ်ကျောင်း၏ အကြောင်းကို ခရေစေ့တွင်းကျ မသိရှိကြပေ။

ဝမ်ကျောင်းက ဤရက်ပိုင်းထဲ ကျောင်းသို့ ပြန်လာမည်ဟု ကတိပေးထားသဖြင့် ထိုအချိန်ကျမှသာ စကားသေချာ ပြောကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတော့သည်။

သို့သော် ဝမ်ကျောင်းကို စောင့်နေချိန်တွင် ဝမ်ကျောင်း၏ မိဘများနှင့် အရင်ဆုံး ဆုံတွေ့ရလိမ့်မည်ဟ ယဲ့ရှောင်ရှောင်တို့ ထင်မှတ်မထားခဲ့ကြချေ။

ဝမ်ကျောင်း၏ မိဘနှစ်ပါးမှာ သမီးဖြစ်သူကို ရှာဖွေဖို့အတွက် တက္ကသိုလ်သို့ ရောက်ရှိလာကြပါသည်။

အဆောင်ထဲတွင် ဟယ်ကျင်းက စိုးရိမ်စိတ်ကြီးမားနေသော လူကြီးသူမနှစ်ဦးကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။

“ဦးလေးနဲ့ ဒေါ်လေးတို့၊ ဝမ်ကျောင်းက အလုပ်သင်ကာလစကတည်းက အဆောင်ကို ပြန်မလာဘူး၊ ဟိုရက်ပိုင်းကတော့ ယွဲ့ဟွာလမ်းနားမှာ သူနဲ့တွေ့ခဲ့သေးတယ်၊ မကြာခင် ကျောင်းကို ပြန်လာမယ်လို့လည်း ပြောသွားတယ်”

ဝမ်ကျောင်း၏ အမေဖြစ်သူမှာ စိတ်ပူလွန်းသဖြင့် မျက်ရည်များပင် ဝဲနေပါပြီ။

“ဒါဆို သူဘယ်ထွက်သွားတာလဲ၊ မတော်တဆတစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်”

ဝမ်ကျောင်း၏ အဖေက ဝင်ပြောသည်။

“ငါတို့ ရဲပဲ တိုင်လိုက်တာ ပိုကောင်းမယ်၊ အိမ်လည်း ပြန်မလာသလို အလုပ်သင်ဌာနမှာလည်း သူ့ကို ရှာမတွေ့ဘူး၊ အစောကြီးကတည်းက ရဲတိုင်ခဲ့သင့်တာကွာ!”

ဟယ်ကျင်းက အခန်းဖော်များကို မဝံ့မရဲ လှည့်ကြည့်လိုက်သည်။

ဤအခြေအနေကို ဝမ်ကျောင်း၏ မိဘများအား မည်သို့ ရှင်းပြရပါမည်နည်း။ ထို့အပြင် သူမတို့ကိုယ်တိုင် သိထားသည့် အသေးစိတ်အချက်အလက်များကလည်း နည်းပါးလှသည်။

အဆောင်သို့ ယဲ့ရှောင်ရှောင် ပြန်လာသောအခါ စိတ်ချောက်ချားတုန်လှုပ်နေကြသော ဝမ်ကျောင်း၏ မိဘများကို တွေ့လိုက်ရသည်။

“ဦးလေးနဲ့ ဒေါ်လေးတို့၊ ဘာတွေဖြစ်နေကြတာလဲ”

ရှားလီက တိုးညှင်းစွာ ရှင်းပြလိုက်သည်။

“ဝမ်ကျောင်းကို ရှာမတွေ့လို့တဲ့”

ယဲ့ရှောင်ရှောင်က ရှေ့သို့တိုးလာကာ မေးမြန်းလိုက်သည်။

“ဝမ်ကျောင်းကို နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က ဘယ်အချိန်လဲ ဦးလေးနဲ့ ဒေါ်လေးတို့”

ဝမ်ကျောင်း၏ အမေက အသည်းအသန် ရှင်းပြသည်။

“လွန်ခဲ့တဲ့ ၃ ရက်တုန်းကပဲ၊ ကျောင်းကျောင်းက အိမ်ကို ခဏပြန်လာလည်တာ၊ နောက်တစ်နေ့လည်းကျကော သူကျောင်းကို ပြန်တော့မယ်ထင်လို့ သူ့အလုပ်သင်ဌာနကို ဒေါ်လေး အစားအသောက်တွေ သွားပို့ပေးခဲ့တာလေ၊ ဒါပေမယ့် အလုပ်သင်ဌာနကိုရောက်တော့ သူအဲ့မှာ ရှိမနေဘူး! အဲ့က ဝန်ထမ်းတွေ ပြောတာတော့ သူအလုပ်မလာတာ လနဲ့ချီပြီး ရှိနေပြီတဲ့…”

ထိုစကားများကို သုံးသပ်ကြည့်ခြင်းအားဖြင့် သူမတို့နှင့် ယခင်တစ်ခေါက်တွေ့ဆုံပြီးနောက်တွင် မိဘများ၏ အိမ်သို့ ဝမ်ကျောင်း နောက်ဆုံးတစ်ကြိမ် ပြန်သွားသေးသည်ဟု ယဲ့ရှောင်ရှောင် ကောက်ချက်ချနိုင်သည်။

ရှုကျားလဲ့၏ စကားများနှင့် ဆက်စပ်ကြည့်လိုက်သောအခါ ဝမ်ကျောင်းတစ်ယောက် တောင်ပိုင်းသို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်နိုင်ခြေ အလွန်များနေပါပြီ။

လက်ရှိအချိန်တွင် တောင်ပိုင်းရှိ မြို့ကြီးပြကြီးများက လွတ်လပ်မှုရှိပြီး မြောက်ပိုင်းထက် ဖွံ့ဖြိုးတိုးတက်မှု ပိုမို မြင့်မားသဖြင့် ပညာရပ်တစ်ခုခုသင်ယူဖို့ သို့မဟုတ် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေဖို့ အခွင့်အရေးကောင်းများ ရှိနေပါသည်။

သို့သော် ဝမ်ကျောင်းအတွက်မူ ထိုအချက်များက အသုံးမဝင်လှပေ။ တောင်ပိုင်း၌ သူမ သင်ယူနိုင်မည့် ပညာဟူ၍ သိပ်မရှိလှပါ။

သူမသည် ဆေးကျောင်းသူတစ်ဦးဖြစ်၍ ဘွဲ့လက်မှတ်နှင့် ဆေးကုသမှုလိုင်စင် မရရှိသေးခင် အခြားကိစ္စများကို စဉ်းစားနေခြင်းမှာ စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်ပါသည်။

“ဦးလေးနဲ့ ဒေါ်လေးတို့ အိမ်ပြန်ပြီး ပိုက်ဆံတွေ ဘာတွေ ပျောက်နေလား စစ်ကြည့်ကြပါဦး၊ ပျောက်နေတာရှိရင် ဝမ်ကျောင်း အိမ်ကနေ ထွက်ပြေးတာ ဖြစ်ဖို့များတယ်”

ဝမ်ကျောင်း၏ အမေမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“သူ… သူ့ကို တစ်ယောက်ယောက်က ခြိမ်းခြောက်ပြီး ခေါ်သွားတာများလား”

ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“ဝမ်ကျောင်းက အရွယ်ရောက်ပြီးသား လူတစ်ယောက်ပါ၊ ဒေါ်လေးတကယ် စိတ်ပူနေတယ်ဆိုရင် ရဲစခန်းမှာ အမှုဖွင့်လို့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို တက္ကသိုလ်မှာတော့ ရှာတွေ့မှာ မဟုတ်ဘူး”

ဝမ်ကျောင်း၏ မိဘများမှာ ဦးနှောက်မဲ့သူများ မဟုတ်ကြဘဲ သမီးဖြစ်သူအတွက် သောကများနေခြင်းသာ ဖြစ်ပါသည်။

ဝမ်ကျောင်၏ အဖေက သဘောတူသည်။

“အမှုတော့ ကျိန်းသေပေါက် ဖွင့်ရမှာပဲ၊ အစောကြီးကတည်းက ရဲစခန်းကို သွားလိုက်ရင် ပြီးနေပြီကို၊ ကျောင်းကျောင်းရဲ့ အခန်းဖော်ပြောတာ မှန်တယ်၊ တို့တွေ အိမ်အရင်ပြန်ပြီး သူ့ပစ္စည်းတွေဘာတွေ ပျောက်နေလား စစ်ကြည့်ရအောင်၊ သူ့သဘောနဲ့သူ ထွက်သွားတာဆိုရင် တို့တွေ ဒီလောက်ထိ စိတ်သောကရောက်နေစရာ မလိုဘူး”

ဝမ်ကျောင်း၏ အမေက ခေါင်းညိတ်သည်။

“အဲ့တာဆိုလည်း မြန်မြန်ပြန်ကြစို့လေ”

သူတို့နှစ်ဦး ပြန်သွားသည့်အခါမှ ယဲ့ရှောင်ရှောင်တို့အားလုံး လွတ်လွတ်လပ်လပ် စကားပြောနိုင်ခဲကြပါသည်။

လီမိန့်ရူက မေးသည်။

“ဝမ်ကျောင်းက တောင်ပိုင်းကို တကယ် ထွက်သွားတာလား”

ရှားလီ: “အဲ့တာကိုများ သူ့ကိုသူ ငတုံးမဟုတ်ဘူးလို့ ပြောရဲသေးတယ်၊ ငါ့မျက်လုံးထဲမှာတော့ တကယ့် ငတုံးမ အကြီးစားပဲ”

ယဲ့ရှောင်ရှောင်လည်း ပခုံးသာတွန့်ပြနိုင်တော့သည်။

“သူတို့အဝေးကြီး မရောက်သေးဖို့ပဲ မျှော်လင့်ရတာပေါ့”

ဝမ်ကျောင်း၏ မိဘများ အိမ်သို့ ပြန်ရောက်သောအခါ သူမ၏ အဝတ်အစားအတော်များများ အမှန်တကယ် ပျောက်ဆုံးနေသည့်အပြင် မိသားစု စုငွေထဲမှ ယွမ် ၅၀၀ ပျောက်ဆုံးနေသည်ကိုလည်း တွေ့ခဲ့ရသည်။

သမီးဖြစ်သူ ပြန်ပေးဆွဲခံရခြင်းမဟုတ်ဘဲ မိမိသဘောနှင့်မိမိ ထွက်သွားခြင်းဖြစ်မှန်း သိရသဖြင့် မိဘနှစ်ပါး အနည်းငယ် စိတ်အေးရသော်လည်း သူမ မည်သည့်နေရာသို့ ထွက်သွားမှန်း မသိသဖြင့် ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြပါသည်။

ရဲအရာရှိများက တက္ကသိုလ်သို့ ရောက်ရှိလာကြပြီး သံသယရှိသူတစ်ဦးကို အမြန်ဆုံး ဖော်ထုတ်လိုက်ကြသည်။

ဝမ်ကျောင်းနှင့် ရှုကျားလဲ့တို့၏ ပတ်သက်မှုမှာ လျှို့ဝှက်ချက် မဟုတ်သည့်အပြင် ယခုအခါ ရှုကျားလဲ့သည်လည်း ထို့နည်းတူ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ထို့နောက် ရဲအရာရှိများသည် သူတို့နှစ်ဦးအတွက် လူပျောက်ကြော်ငြာများ ထုတ်ပြန်ကာ ကူညီရှာဖွေပေးခဲ့သော်လည်း ရှာတွေ့နိုင်ခြင်း ရှိ၊ မရှိကတော့ မသေချာလှပေ။

တစ်ဖက်တွင်လည်း ကျန်ရှိနေသည့် ကျောင်းသားများသည် ဘွဲ့ယူစာတမ်းများ ရေသားခြင်း၊ ပြုပြင်ခြင်းနှင့် ဘွဲ့နှင်သဘင် အခမ်းအနားများအတွက် စတင်ပြင်ဆင်နေကြပါပြီ။

ဘွဲ့ယူရာသီကို စနစ်တကျ ဖြတ်သန်းပြီးနောက် လူတိုင်းသည် မိမိတို့လျှောက်လှမ်းရမည့် မတူညီသော လမ်းမများပေါ်သို့ စတင်ခွဲခွာကြရတော့မည်ဖြစ်သည်။

ဘွဲ့နှင်းသဘင်အခမ်းအနားညသည် ကျောင်းသားအများစု ကျောင်းဝင်းကြီးထဲတွင် အတူတူအချိန်ကုန်ဆုံးရမည့် နောက်ဆုံးညတစ်ည ဖြစ်ပေသည်။

အခမ်းအနားပြီးဆုံး၍ ဘွဲ့လက်မှတ်များ ရရှိပြီးသည်နှင့် အလုပ်အကိုင်နေရာချထားခြင်း ခံထားရပြီးသား ကျောင်းသားများမှာ ချက်ချင်း ထွက်ခွာကြရမည်ဖြစ်ပြီး နေရာမရသေးသူများကမူ အနည်းငယ် ထပ်မံစောင့်ဆိုင်းကြရပါမည်။

တရုတ်တိုင်းရင်းဆေးမေဂျာအတန်းထဲရှိ ယဲ့ရှောင်ရှောင်၊ ချူးမြောင်နှင့် ကျန်းခိုင်နင်တို့ သုံးဦးကမူ ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများ လုံးဝ မရှိကြချေ။

သူတို့ သုံးဦးစလုံးသည် ရမ်သဲ့ထန်၌ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်ကြဖို့ ရွေးချယ်ထားပြီးပြီဖြစ်၍ ဘွဲ့လက်မှတ်ကို ရရှိသည်နှင့် စတင် ထွက်ခွာနိုင်ပါပြီ။

လက်ရှိတွင် ကျန်းခိုင်နင်သည် အတန်းဖော်များအား ဖျော်ဖြေပွဲများတွင် ပါဝင်ဖို့ တိုက်တွန်းနေလေသည်။

“မင်းတို့တွေ ဖျော်ဖြေရေးကဏ္ဍတစ်ခုခုမှာ တကယ်မပါကြဘူးလား၊ ဒါငါတို့အားလုံး တစ်ခုခုကို အတူတူ ပူးပေါင်း လုပ်ဆောင်ခွင့်ရမယ့် နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်တယ်နော်”

“ချူးမြောင်! မင်းက တိုင်းရင်းသားဆိုတော့ ဘက်စုံထူးချွန်မှာ သေချာတယ်၊ စင်ပေါ်တက်ပြီး သီချင်းလေးတစ်ပုဒ်နှစ်ပုဒ်လောက် မဆိုနိုင်ဘူးလား”

ကျန်းခိုင်နင်က အမည်များပါ တပ်၍ စတင် စိန်ခေါ်လေသည်။

ချူးမြောင်က ပြန်ငေါက်သည်။

“ငါ့ဖာသာငါ နေပါရစေ၊ မင်းအဲ့လောက် စိတ်အားထက်သန်နေရင် မင်းဖာသာမင်း တက်ဖျော်ဖြေလိုက်ပါလား”

ထို့နောက် ကျန်းခိုင်နင်က ယဲ့ရှောင်ရှောင်ဘက်သို့ မြားဦးလှည့်ကာ ပြောလိုက်သည်။

“ရှောင်ရှောင်… နင့်မှာကော လျှို့ဝှက်ပါရမီတွေ ဘာတွေ ရှိနေလား”

ယဲ့ရှောင်ရှောင်က ပြန်ဖြေသည်။

“ငါဖျော်ဖြေပေးလို့တော့ရတယ်၊ ဒါပေမယ့် နင်နဲ့တော့ လုံးဝ မဖျော်ဖြေနိုင်ဘူးနော်”

ကျန်းခိုင်နင် လက်ခုပ်လက်ဝါးတီးလိုက်သည်။

“အဲ့လိုဆိုလည်း ဖြစ်တာပဲ! နင်က ငါတို့တရုတ်တိုင်းရင်းဆေးမေဂျာအတွက် ဂုဏ်ဆောင်လုပ်ပေးလို့ရတယ်၊ နင် ဘယ်လိုဖျော်ဖြေမှာလဲ ရှောင်ရှောင်”

All Chapters