← Chapters

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း ၃၀၂

Vol. 31 Ch. 302

📗 Chapter 302

“ငါက…”

ယဲ့ရှောင်ရှောင် တစ်လုံးချင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

“…တယောထိုးမှာ”

ကျန်းခိုင်နင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်မိသည်။

“ဝါး… အဆင့်မြင့်လိုက်တာ! နင် တယောထိုးတတ်တယ်ပေါ့ ဟုတ်လား”

“အေး၊ ဒါပေမယ့် ငါအရွေးခံရပါ့မလား မသိဘူး”

တက္ကသိုလ်တွင် အနုပညာကျောင်းသားများစွာ ရှိသဖြင့် ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်လှပါသည်။

ကျန်းခိုင်နင်က အာမခံသည်။

“ကျိန်းသေပေါက် အရွေးခံရမှာပါ၊ မေဂျာတိုင်း ဖျော်ဖြေမှု တစ်ခု နှစ်ခုလောက် လုပ်ရမယ်လို့ တက္ကသိုလ်က စည်းကမ်းသတ်မှတ်ထားတယ်၊ ငါတို့ တိုင်းရင်းဆေးမေဂျာက ကျောင်းသားဦးရေနည်းတော့ တစ်ခုလောက်ဆို လုံလောက်ပြီ၊ ငါတို့ထဲက တခြားဘယ်သူမှ စာရင်းမသွင်းရင် နင်တစ်ယောက်တည်းပဲ ရှိမှာ”

ကျန်းခိုင်နင်၏ စကားကို အခြားသူများလည်း ခေါင်းညိတ်ထောက်ခံကြသည်။

မည်သူကမှ စင်ပေါ်တက်ပြီး မဖျော်ဖြေချင်ကြသဖြင့် ယဲ့ရှောင်ရှောင်အား အတန်း၏ဂုဏ်ဆောင်ဖြစ်ခွင့် ပေးနိုင်ပြီး သူတို့ကမူ အေးအေးလူလူသာ စောင့်ကြည့်ချင်ကြပါသည်။

ယခုအချိန်တွင် ယဲ့ရှောင်ရှောင်အတွက် အရေးအကြီးဆုံး တာဝန်မှာ တယောတစ်လက် ဝယ်ယူဖို့ပင် ဖြစ်သည်။

ကျောင်းသားများအားလုံး ဘွဲ့ယူစာတမ်းများ ရေးသားပြီးကြပြီဖြစ်၍ ယခုဆိုလျှင် ကျောင်းဝင်းထဲ အလုပ်မရှိ အလွန် အားလပ်နေကြပါသည်။

ထိုနေ့မှာပင် ယဲ့ရှောင်ရှောင်သည် ဂီတတူရိယာဆိုင်တစ်ဆိုင်သို့ သွားရောက်ကာ တယောတစ်လက်ကို ရွေးချယ် ဝယ်ယူခဲ့သည်။

ထိုတယောကို လက်ထဲတွင် ကိုင်တွယ်ရသည်မှာ ရာနှုန်းပြည့် ပြည့်စုံမနေသော်လည်း ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဖျော်ဖြေဖို့အတွက်မူ လုံလောက်သည်ထက် ပိုပါသည်။

သူမအတွက် ဈေးနှုန်းကလည်း မမြင့်လှပေ။ ယွမ် ၂,၀၀၀ သာ တန်ဖိုးရှိသည်။

ဂီတတူရိယာဆိုင်၏ ပိုင်ရှင်မှာ ခေတ်ဆန်သော ဆံပင်ကောက်ကောက်နှင့် လူငယ်တစ်ဦးဖြစ်သည်။

“ကျွန်တော် ကြိုးညှိပေးရဦးမလား”

“ဟုတ်ကဲ့ ကျေးဇူးပါ”

ဆိုင်ရှင်သည် တယောကို ပရော်ဖက်ရှင်နယ်ကျကျ ကြိုးညှိပေးကာ ယဲ့ရှောင်ရှောင်အား ပြန်ပေးလိုက်ပါသည်။

“စမ်းကြည့်ပါဦး”

ယဲ့ရှောင်ရှောင်လည်း ဆိုင်အတွင်းမှာပင် သံစဉ်တိုလေးတစ်ပုဒ်ကို စမ်းသပ်တီးခတ်ကြည့်လိုက်သည်။

ထိုသံစဉ်လေးကို ကြားသောအခါ ဆိုင်ရှင်မှာ အလွန်အံ့အားသင့် မှင်သက်သွားခဲ့ရပါသည်။ ဤမိန်းကလေးအား သူတစ်ခါမှ မမြင်ဖူးချေ။ ဤဆိုင်တွင် ပထမဦးဆုံးအကြိမ် လာရောက် အားပေးခြင်း ဖြစ်နိုင်သည်။

သို့သော် သူမ တီးခတ်နေသည့် သံစဉ်အား သူကောင်းကောင်းကြီး သိနေပါသည်။

ထိုသံစဉ်မှာ အလွန်ခက်ခဲသည့် သံစဉ်တစ်ပုဒ်ဖြစ်ကာ တည်ငြိမ်သွက်လက်သော တီးခတ်မှုပုံစံ၊ အမှားအယွင်းမရှိ လျင်မြန်သော အသံကူးပြောင်းမှုပုံစံနှင် မှန်ကန်သော ဘိုးတံကိုင်တွယ်မှု အနေအထားတို့ကို လိုအပ်သည့် သံစဉ်တစ်ပုဒ်ဖြစ်ပါသည်။

ယဲ့ရှောင်ရှောင် ၃ မိနစ်ခန့်သာ တီးခတ်ခဲ့သော်လည်း သူမ၏ စွမ်းရည်ကို ထုတ်ပြဖို့အတွက် လုံလောက်ခဲ့သည်။

“အဲ့သံစဉ်က ‘ဘီးလုံးငှက်ငယ်လေး’ သံစဉ်မလား၊ အရမ်းလှပတာပဲ… နားထောင်ကြည့်ရုံနဲ့ သာယာလှပတဲ့ နေ့လေးတစ်နေ့မှာ ဘီးလုံးငှက်လေးတွေ တေးဆိုနေတဲ့ မြင်ကွင်းကို မျက်လုံးထဲ မြင်ယောင်မိတယ်”

ယဲ့ရှောင်ရှောင်: “ကျွန်မ တယောမထိုးဖြစ်တာ ကြာပြီဆိုတော့ လက်ကနည်းနည်း အသားမကျဘူးဖြစ်နေတာ”

ဆိုင်ရှင်က ကမ်းလှမ်းသည်။

“ဒီမှာ တယောထိုး ဝါသနာရှင်အဖွဲ့ရှိတယ်လေ၊ တကယ်လို့ စိတ်ဝင်စားရင် တနင်္ဂနွေနေ့တွေမှ အတူတူ လာလေ့ကျင့်လို့ရပါတယ်”

ယဲ့ရှောင်ရှောင်က အပြုံးဖြင့် ငြင်းဆန်လိုက်ပါသည်။

“ရပါတယ် ကျေးဇူးပါ၊ နောက်မှ ထပ်ဆုံကြမယ်နော်”

ထို့နောက် ပိုက်ဆံရှင်းကာ သူမ၏ တယောအသစ်စက်စက်လေးကို သယ်ဆောင်လျက် ဆိုင်ထဲမှ ပြန်ထွက်သွားတော့သည်။

ဆိုင်ရှင်မှာ ထွက်ခွာသွားသည့် ယဲ့ရှောင်ရှောင်ကို အတန်ကြာအောင် ငေးကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

ယဲ့ရှောင်ရှောင်သည် ရက်အနည်းငယ်ခန့် အိမ်တွင် ကိုယ်တိုင်သေချာ လေ့ကျင့်ခဲ့သည်။ သံစဉ်တစ်ပုဒ်လုံးကို အမှားအယွင်းမရှိ အချောသတ် တီးခတ်နိုင်သွားသောအခါ လုဟန်ချွမ်ထံသို့ စာတစ်စောင် ပို့ပေးလိုက်ပါသည်။

စာဟုဆိုသော်လည်း မည်သည့် စာသားမှ မပါဝင်ဘဲ တယောကို ပွေ့ပိုက်ထားသည့် သူမ၏ ဓာတ်ပုံလေးတစ်ပုံသာ ပါဝင်သည်။

ယခင်က လုဟန်ချွမ်အတွက် တယောထိုးပြမည်ဟု သူမ ကတိပေးထားဖူးပါသည်။ သူမ သီချင်းဆိုပြသည့်အခါတိုင်း လုဟန်ချွမ် အလွန်သဘောကျတတ်သည်။

သို့သော် လုဟန်ချွမ်က ဂီတအကြောင်း သိပ်နားမလည်ဘဲ သီချင်းဆိုနေသည့်လူက သူမဖြစ်နေခြင်းကြောင့်သာ စိတ်ဝင်တစား နားထောင်ပေးခြင်း ဖြစ်မည်ဟု ယဲ့ရှောင်ရှောင် သံသယဝင်မိပါသည်။

ဤတယောကို ဘွဲ့နှင်းသဘင်အခမ်းအနားအတွက် ရည်ရွယ်ဝယ်ယူခဲ့ခြင်းဖြစ်သော်ငြား လုဟန်ချွမ်ကို သူမ၏ ပထမဦးဆုံးသော ပရိတ်သတ်ဖြစ်စေချင်သည်။

စိတ်ချင်းဆက်နွယ်နေသည့်အလား လုဟန်ချွမ်တစ်ယောက် စာကိုရရှိလိုက်သည့် နေ့လယ်ခင်းမှာပင် အိမ်သို့ ပြန်လာခဲ့ပါသည်။ ရှောင်ရှောင် အိမ်တွင်ရှိနေမလားဟူ၍ မေးစရာပင် မလိုအပ်ချေ။

“ရှင်တကယ် ပြန်လာတာပဲ”

ရင်ခွင်ထဲ ပြေးဝင်လာသည့် ရှောင်ရှောင်အား လုဟန်ချွမ် ပွေ့ပိုက်လိုက်သည်။

“ကိုယ့်ကို အဲ့ဒီဓာတ်ပုံ ပို့ပေးလိုက်တာ ပြန်လာစေချင်လို့လို့ မဟုတ်ဘူးလား”

ယဲ့ရှောင်ရှောင်က ပြုံးသည်။

“ကျွန်မ သံစဉ်တစ်ပုဒ်လေ့ကျင့်ထားတာလေ၊ အဲ့တာ ရှင့်ကို အရင်ဆုံး နားထောင်စေချင်လို့”

အချိန်မှာ ညနေ ၅ နာရီဖြစ်၍ အိမ်တွင် တယောတီးခတ်ခြင်းက အိမ်နီးချင်းများကို အနှောင့်ယှက်ပေးရာ ကျမည်မထင်ပါ။

ထို့အပြင် လွန်ခဲ့သော ရက်များက သူမ တယောထိုးလေ့ကျင့်နေစဉ်အတွင်း ဤတိုက်ရှိ တစ်စုံတစ်ယောက်ကလည်း မွန်းလွဲပိုင်းများတွင် စန္ဒရားတီး လေ့ကျင့်တတ်မှန်း ယဲ့ရှောင်ရှောင် သတိထားမိခဲ့ပါသည်။

ရံဖန်ရံခါတွင် သူတို့နှစ်ဦး၏ သံစဉ်များက ယှက်နွယ်သွားပြီး အလွန်သာယာအေးချမ်းသော သံစဉ်လေးတစ်ပုဒ်အဖြစ် ပြောင်းလဲသွားတတ်သည်။

ယဲ့ရှောင်ရှောင်က ဧည့်ခန်းထဲတွင် ထိုင်ခုံတစ်လုံးချကာ လုဟန်ချွမ်အား ပြောလိုက်သည်။

“ဒီမှာထိုင်ပါ”

လုဟန်ချွမ်လည်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ယဲ့ရှောင်ရှောင်က သူ့ရှေ့တွင် တယောတစ်လက်ဖြင့် မတ်တပ်ရပ်ကာ ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်သည်။

ထို့နောက် သူမ၏ သွယ်လျဖြူစင်သော လက်ကောက်ဝတ်လေးကို မြှောက်ကာ ဘိုးတံဖြင့် တယောကြိုးလေးများကို စတင်တီးခတ်တော့သည်။ သံစဉ်လေးကလည်း နူးညံ့သိမ်မွေ့စွာ စတင်ထွက်ပေါ်လာခဲ့ပါသည်။

နေဝင်ဆည်းဆာ နေရောင်ခြည်က ဝရန်တာမှတဆင့် ဖြာကျလာပြီး သူမ၏ ဆံနွယ်ရှည်များပေါ်တွင် ရွှေရောင် အလင်းတန်းများအား ယှက်နွယ်သွားစေသည်။

သူမ၏ တောက်ပသော မျက်ဝန်း၊ ဖြူစင်သော သွားကလေးများနှင့် ကျော့ရှင်းသော ကိုယ်ဟန်အနေအထားတို့ကို ပိုမို ထင်ရှားပေါ်လွင်စေပြီး နှိုင်းယှဉ်ဖွယ်ရာမရှိသော အလှတရားတစ်ခု ဖြစ်ပေါ်နေတော့သည်။

လုဟန်ချွမ်သည် ဂီတပညာ၏ နက်နဲသော သီအိုရီများကို အမှန်တကယ် နားမလည်နိုင်သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပဲ ထိုသံစဉ်ထဲ စီးမျောသွားခဲ့ရသည်။

ရှောင်ရှောင်၏ လက်ချောင်းလေးများက တယောပေါ်တွင် အထက်အောက် ပြေးလွှားလှုပ်ရှားနေပြီး မတူညီသော အသံအနိမ့်အမြင့်များကလည်း စဉ်ဆက်မပြတ် ထွက်ပေါ်နေသည်။

တစ်ခါတရံတွင် စာကလေးငယ်များ၏ ပျော်ရွှင်ဖွယ်ရာ တေးဆိုသံများနှင့် ဆင်တူသော်လည်း တစ်ခါတရံတွင်မူ သောင်းချီသော မြင်းစစ်သည်တော်များ စစ်ချီလာသကဲ့သို့ အားမာန်အပြည့် ရှိလှသည်။

သံစဉ်၏ ခမ်းနားလှပမှုကြောင့် လုဟန်ချွမ်၏ နှလုံးသားထဲ စိတ်ခံစားချက်များစွာ ဖြစ်ပေါ်လာပြီး ရုတ်တရက် အဆုံးသတ်သွားသည့်အခါမှာလည်း ရင်ထဲတွင် တမ်းတမှုများစွာ ကျန်ရစ်ခဲ့ရသည်။

သံစဉ်က အဆုံးသတ်သွားပြီဆိုသော်ငြား လုဟန်ချွမ်၏ အာရုံထဲတွင်မူ ပဲ့တင်သံ ထပ်နေဆဲပင်။

ယဲ့ရှောင်ရှောင် တယောကို ပြန်ချလိုက်သည်။ ၂ စက္ကန့်ခန့် ကြာခါမှ လုဟန်ချွမ် လက်ခုပ်တီးကာ အားပေးနိုင်ခဲ့ပါသည်။

ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ယဲ့ရှောင်ရှောင်ထံသို့ ချဉ်းကပ်လာခဲ့သည်။

ယဲ့ရှောင်ရှောင်၏ နဖူးပေါ်တွင်လည်း ချွေးစက်ကလေးများ အနည်းငယ် စိမ့်ထွက်နေပါသည်။

“ဘယ်လိုနေလဲ”

“ရှောင်ရှောင့်ရဲ့ အသက်ရှူသံလေးတွေက ပန်းကလေးတွေလိုပဲ မွှေးပျံ့တယ်၊ ကျော့ရှင်းတဲ့ အလှတရားက ဆွဲဆောင်မှုရှိလွန်းလို့ ထမင်းမေ့ ဟင်းမေ့တောင် ဖြစ်သွားစေတယ်”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား နက်ရှိုင်းပြီး မပြောင်းလဲသော ချစ်ခြင်းမေတ္တာများအပြည့်ဖြင့် ငေးကြည့်နေခဲ့ပါသည်။

ယဲ့ရှောင်ရှောင်မှာ ရှက်သွေးဖြာသွားရသည်။

“သံစဉ်ကို ဝေဖန်ခိုင်းတာ၊ ကျွန်မကို ကဗျာစပ်ပြီး ချီးကျူးခိုင်းနေတာ မဟုတ်ဘူး”

လုဟန်ချွမ်က ပြန်လည်ချေပသည်။

“ဘာလို့ မချီးကျူးရမှာလဲ၊ ဖျော်ဖြေသူကလည်း သံစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ”

ယဲ့ရှောင်ရှောင်မှာ ပြန်ချေပစရာစကား မရှိတော့ချေ။ အနည်းဆုံးတော့ လုဟန်ချွမ်၏ အပြောကောင်းမှုအား အသိအမှတ်ပြုရပါမည်။

“ဘွဲ့နှင်းသဘင် ဖျော်ဖြေပွဲမှာ ကျွန်မ တယောထိုးပြီး ဖျော်ဖြေမလို့လေ၊ ဘယ်လိုသဘောရလဲ”

လုဟန်ချွမ်: “ဒီသံစဉ်ကိုလား”

“မဟုတ်ပါဘူး! ဒီသံစဉ်က ရှင့်အတွက် သီးသန့်ပဲ၊ တချို့အစိတ်အပိုင်းတွေကိုတောင် ကျွန်မဖာသာကျွန်မ ပြုပြင်မွမ်းမံထားတာလေ”

ထိုစကားကိုကြားပြီး လုဟန်ချွမ်၏ အပြုံးမှာ ပိုမိုနက်ရှိုင်းသွားရသည်။

“အဲ့တာဆိုရင်တော့ တခြားသူတွေ အလကားနေရင်း ကံထူးကြတော့မှာပဲ”

ယဲ့ရှောင်ရှောင်က နားမလည်နိုင်ဘဲ ခေါင်းလေးစောင်းသွားသည်။

“ဟင်”

“ဒီလိုသံစဉ်မျိုး နားထောင်ဖို့ လက်မှတ်တွေ ဘာတွေတောင် ဝယ်သင့်တယ်လို့ ပြောတာပါ”

“ဟင်း ရှင်ဘာလို့ ဒီနေ့ အဲ့လောက်အပြောကောင်းနေရတာလဲ လုဟန်ချွမ်”

လုဟန်ချွမ်က သူမကို ပွေ့ဖက်လိုက်သည်။

“ကိုယ်ဘယ်တုန်းက အပြောမကောင်းဖူးလို့လဲ”

ယဲ့ရှောင်ရှောင် သေချာစဉ်းစားကြည့်လိုက်သည်။

အခြားသူများ ရှိနေသည့်အချိန်များတွင် လုဟန်ချွမ်သည် အမြဲတမ်း တည်ငြိမ်ရင့်ကျက်ပြီး စည်းကမ်းကြီးသူပီသစွာ ပြောဆို ဆက်ဆံတတ်ပါသည်။ သို့သော် သူ့မေးခွန်းကိုမူ ယဲ့ရှောင်ရှောင် အပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။

လုဟန်ချွမ်သည် အိမ်တွင် တစ်ညသာ နေခဲ့ပြီး နောက်တစ်နေ့မနက် ယဲ့ရှောင်ရှောင် မနိုးမီမှာပင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

သူမ အိပ်ပျော်နေစဉ်အတွင်း လက်ကောက်ဝတ်ပေါ် တစ်စုံတစ်ခု ရောက်ရှိလာသည်ကို ယဲ့ရှောင်ရှောင် သတိမထားမိခဲ့ပေ။

သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် လုဟန်ချွမ်က သူမလက်ပေါ် ဝတ်ပေးသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မနက်မိုးလင်း၍ ယဲ့ရှောင်ရှောင် မျက်လုံးလေးများပွင့်လာသောအခါ သူမလက်ကောက်ဝတ်ပေါ်တွင် လရောင်ဖြူ ကျောက်စိမ်းလက်ကောက်လေးတစ်ကွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

၎င်းမှာ အဖြူရောင် ဖန်အမျိုးအစား ကျောက်စိမ်းဖြစ်ပြီး အလွန်ကြည်လင်လှသဖြင့် အတွင်းပိုင်းကိုပင် ဖောက်ထွင်း မြင်နိုင်ပါသည်။

လမ်းဘေးတွင် ကောက်ရလျှင် သာမန်ဖန်ဟု အထင်မှားနိုင်သော်လည်း လက်ဆောင်ပေးသူက လုဟန်ချွမ်ဖြစ်နေသဖြင့် အလွန်တန်ဖိုးကြီးမားသော ကျောက်စိမ်းအစစ်သာ ဖြစ်ပေလိမ့်မည်။

‘ဧကန္တ သူ့အိမ်က မိသားစုအမွေပစ္စည်း‌တွေ ခိုးလာတာတော့ မဟုတ်လောက်ပါဘူးနော်’

ယဲ့ရှောင်ရှောင်တစ်ယောက် ကုတင်ပေါ်တွင် လှဲလျောင်းရင်း အတွေးကမ္ဘာထဲ နစ်မျောသွားခဲ့သည်။ နောက်ဆုံးတွင်တော့ ထိုလက်ကောက်ကို မချွတ်ဘဲ ဆက်ဝတ်ထားဖို့သာ ဆုံးဖြတ်ခဲ့တော့သည်။

လုဟန်ချွမ်သည် ဘွဲ့နှင်းသဘင် ဖျော်ဖြေပွဲသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်နိုင်မည် မဟုတ်သော်လည်း ယဲ့ရှောင်ရှောင် စိတ်မကောင်းမဖြစ်မိပေ။

သူမ၏ ပထမဦးဆုံးဖျော်ဖြေမှုကို နေဝင်ဆည်းဆာအောက်တွင် ပထမဦးဆုံးသော ပရိတ်သတ်အတွက် ဖျော်ဖြေတင်ဆက်ပေးခဲ့ပြီးပါပြီ။

ယဲ့ရှောင်ရှောင်သည် အခမ်းအနားတွင် ဖျော်ဖြေဖို့ စာရင်းပေးသွင်းပြီးသား ဖြစ်သည်။ လေ့ကျင့်မှု ၂ ကြိမ်ခန့် ပြုလုပ်ပြီးနောက် ဘွဲ့နှင်းသဘင်ဖျော်ဖြေပွဲကျင်းပမည့်ရက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့တော့သည်။

ဇူလိုင်လ အစောပိုင်းဖြစ်၍ ရာသီဥတု အပူဆုံးကာလလည်းဖြစ်သည်။

စင်နောက်ဘက်တွင် အလှည့်ကျမည့်အချိန်ကို ယဲ့ရှောင်ရှောင် စောင့်ဆိုင်းနေစဉ် ကျန်းခိုင်နင်က ဘေးမှ မရပ်မနား ပွစိပွစိ‌ ပြောနေပါသည်။

“ရှောင်ရှောင်၊ နင်ဝတ်ထားတာ အရမ်း မရိုးလွန်းဘူးလား၊ တခြားသူတွေဆို တခမ်းတနားနဲ့ တောက်တောက်ပြောင်ပြောင် ဝတ်ထားကြတာ ကြည့်ပါဦး”

ယဲ့ရှောင်ရှောင်က သူမ၏ ရိုးရှင်းသော အဖြူရောင်ဂါဝန်လေးကို ငုံ့ကြည့်လျက် ပြန်ပြောလိုက်သည်။

“မရိုးပါဘူး”

ကျန်းခိုင်နင်လည်း ဆက်မဝေဖန်တော့ပေ။

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ နင့်ရုပ်ရည်နဲ့ဆိုရင် ဂုန်နီအိတ်ကြီး စွပ်ထားရင်တောင် ဆွဲဆောင်မှု ရှိနေမှာပဲ”

ယဲ့ရှောင်ရှောင်သည် သူမ၏ တယောလေးကို ကိုင်ဆောင်လျက် မတ်တပ်ထရပ်လိုက်သည်။

“ငါ့အလှည့်ရောက်ပြီထင်တယ်”

ကျန်းခိုင်နင်: “သွားတော့ သွားတော့! ငါစင်အောက်ကနေ ဓာတ်ပုံလှလှလေးတွေ ရိုက်ထားပေးမယ်၊ ၈၈ ခုနှစ်ရဲ့ ဘွဲ့ရကျောင်းသူတွေ ဘယ်လောက်လှလဲဆိုတာ ဂျူနီယာတွေ မြင်သွားအောင် ပြရမယ်”

ကျန်းခိုင်နင်၏ အတွေးများမှာ စိတ်ကူးယဉ်ဆန်လွန်းပြီး အခြားသူများက ထိုသို့ တွေးမြင်ကြလိမ့်မည်မဟုတ်ဟု ယဲ့ရှောင်‌ရှောင် ခံစားမိပါသည်။

All Chapters