← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

📗 Chapter 303

ယဲ့ရှောင်ရှောင် သတိမထားမိခဲ့သော်လည်း သူမ တယောတစ်လက်ဖြင့် စင်ပေါ်တက်ဖို့ ပြင်ဆင်နေသည့် အချိန်တွင် အနီးနားရှိ ကျောင်းသားတစ်ဦးက ကျန်းခိုင်နင်၏ အနားသို့ ချဉ်းကပ်ကာ တိုးတိုးလေး မေးမြန်းလိုက်ပါသည်။

“စီနီယာကြီး၊ အဲ့တာ စီနီယာကြီးရဲ့ ကောင်မလေးလား”

ကျန်းခိုင်နင်က ကင်မရာကို ပြင်ဆင်ရင်း ပြန်ဖြေလိုက်သည်။

“မဟုတ်ပါဘူး”

“အဲ့တာဆို ကျွန်တော့်ကို…”

“စိတ်တောင်မကူးနဲ့နော်၊ သူ့မှာကောင်လေးရှိတယ်၊ မကြာခင် လက်တောင်ထပ်ကြတော့မှာ”

သတ္တိမွေးကာ ဖွင့်ပြောဖို့ ရောက်ရှိလာသည့် ဂျူနီယာလေးမှာ ဂုတ်တိုသွားပြီး စိတ်ပျက်လက်ပျက် လှည့်ပြန်သွားခဲ့ရတော့သည်။

အခမ်းအနားတင်ဆက်သူက မိတ်ဆက်စကားဆိုပြီးနောက် ယဲ့ရှောင်ရှောင်သည် သူမ၏ တယောလေးဖြင့် စင်မြင့်ထက်သို့ တက်လှမ်းလာခဲ့ပါသည်။

ယနေ့တွင် သတင်းမီဒီယာသမားများစွာအပြင် ကျောင်း၏ သတင်းအချက်အလက်နှင့် ဓာတ်ပုံပညာဌာနများမှ ကျောင်းသားများလည်း ရောက်ရှိနေကြသည်။

ယဲ့ရှောင်ရှောင် စင်ပေါ်သို့ တက်လှမ်းလာသည်နှင့်တစ်ပြိုင်နက် ကင်မရာ တဖျပ်ဖျပ် ရိုက်သံများ မရပ်မနား ထွက်ပေါ်လာခဲ့တော့သည်။

ထို့အပြင် တယောသံစဉ်လေး သာယာပျော့ပြောင်းစွာ စတင်ထွက်ပေါ်လာသည်နှင့် သူမကို အပျော်တမ်း အဆင့်ဟုသာ ထင်မှတ်ထားကြသည့် လူတိုင်း၏ အမြင်များ ပြောင်းလဲသွားခဲ့ရသည်။

“အဲ့တာ ဘယ်မေဂျာက စီနီယာလဲ၊ တစ်ခါမှလည်း မမြင်ဖူးဘူး”

ကျောင်းသားသစ် ဂျူနီယာတစ်ယောက်က မေးမြန်းလိုက်သည်။

“မင်းမပြောနဲ့ ဒီမှာ ၂ နှစ်ကြာအောင် ကျောင်းတက်ခဲ့တဲ့ ငါတောင် သူ့ကို တစ်ခါမှ မမြင်ဖူးဘူး၊ ဧကန္တ ငါတို့ကျောင်းက အထူးတလည် ဖိတ်ကြားထားတဲ့ ဂီတပညာရှင်တွေဘာတွေများလား”

ယဲ့ရှောင်ရှောင်ကို သိကျွမ်းသည့် ကျောင်းသားတစ်ဦးက ဝင်ပြောသည်။

“အဲ့တာ တရုတ်တိုင်းရင်းဆေးမေဂျာက စီနီယာ ယဲ့ရှောင်ရှောင်လေ၊ သူနိုင်ငံခြားမှာ ပညာ ၂ နှစ် သွားသင်ခဲ့တာ၊ ပြီးတော့ ပြန်ရောက်လာတာနဲ့ အလုပ်သင်ဆင်းဖို့ တခြားဒေသကို ထွက်သွားတာဆိုတော့ မင်းတို့ မမြင်ဖူးတာ မဆန်းပါဘူး”

“လှလိုက်တာကွာ… စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရဘူး”

“လရောင်ဖြူလေးနဲ့တူတယ်”

“တိမ်မြူတွေ လွှမ်းနေတဲ့ မြစ်ပြင်ထက်က လမင်းလေးလိုပဲ၊ သူ့အသွင်အပြင်က ရေပြင်ပေါ်မှာ လှိုင်းထသွားစေတဲ့ လေပြည်လေညင်းလေးအတိုင်းပဲ”

ကင်မရာတစ်လုံးကိုင်ထားသည့် ဂျူနီယာ ကောင်မလေးတစ်ယောက်က ယဲ့ရှောင်ရှောင်အတွက် ရုတ်တရက် ကဗျာစပ်ကာ ချီးကျူးလိုက်သည်။

ကောင်လေးများက လှည့်ကြည့်လိုက်သောအခါ ဆံပင်တိုတိုနှင့် ထိုကောင်မလေးက အစွယ်လေးနှစ်ဖက် ပေါ်အောင် ပြုံးလျက် ပြောလိုက်သည်။

“နင်တို့နဲ့ ဘာမှမပြောတော့ဘူး၊ စီနီယာနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ စင်နောက်ကိုပဲ သွားတော့မယ်”

ကျန်ရစ်ခဲ့သည့် ကောင်လေးများမှာ သူမကို မနာလိုအားကျသော အကြည့်များဖြင့် ငေးကြည့်နေမိကြတော့သည်။

ယဲ့ရှောင်ရှောင် ရွေးချယ်ထားသည့် သံစဉ်လေးမှာ သွက်လက်ပေါ့ပါးပြီး လူငယ်ဆန်သော သံစဉ်လေးတစ်ပုဒ် ဖြစ်ပါသည်။

စင်ပေါ်တွင် အောင်မြင်စွာ ဖျော်ဖြေတင်ဆက်ပြီးနောက် ပရိတ်သတ်အား ယဲ့ရှောင်ရှောင် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး စင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။

စင်အောက်သို့ ရောက်သည်နှင့် ကောင်မလေးတစ်ဦးက သူမရှေ့တွင် ပိတ်ရပ်လိုက်လေသည်။

“ဟယ်လို စီနီယာ! ကျွန်မနာမည် တုံရွှယ်ကျောင်းပါ၊ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မကို လက်မှတ်လေး ထိုးပေးလို့ ရမလား”

ယဲ့ရှောင်ရှောင်သည် သူမကို ကမ်းပေးထားသည့် လက်တစ်ဖက်ကို ငုံ့ကြည့်ရင်း အသာအယာ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

“ဘာလို့လဲဟင်၊ အစ်မက ဆယ်လီလည်းမဟုတ် အိုင်ဒေါလည်း မဟုတ်ဘူးလေ”

“ဘာလို့ အိုင်ဒေါမဟုတ်ရမှာလဲ၊ ဒီနေ့ကစပြီး အစ်မက ကျွန်မရဲ့ အိုင်ဒေါဖြစ်သွားပြီ”

တုံရွှယ်ကျောင်းက ကင်မရာကိုင်ကာ တောင်းဆိုလိုက်သည်။

“စီနီယာနဲ့ ဓာတ်ပုံတစ်ပုံလောက် အတူတူရိုက်လို့ရမလား”

ယဲ့ရှောင်ရှောင်က ခေါင်းညိတ်သည်။

“ရပါတယ်”

တုံရွှယ်ကျောင်းမှာ အလွန်လှပသည့် စီနီယာအစ်မကြီးနှင့် ဓာတ်ပုံအတူတူ တွဲရိုက်ခွင့်ရသည့်အတွက် အလွန် ဝမ်းသာပီတိ ဖြစ်နေပါသည်။

ထို့နောက် မှတ်စုစာအုပ်လေးတစ်အုပ်ကို ထုတ်ကာ သူမ ပြောလိုက်သည်။

“ကျွန်မကို တကယ် လက်မှတ်ထိုးပေးလို့မရဘူးလားဟင်”

ယဲ့ရှောင်ရှောင်လည်း ရွေးချယ်စရာမရှိတော့ဘဲ တုံရွှယ်ကျောင်းအတွက် မှတ်စုစာအုပ်ပေါ်တွင် သူမ၏ အမည်ကို ရေးထိုးပေးလိုက်ရတော့သည်။

သို့သော် သူမ၏ ကိုယ်ပိုင် စာလုံးဆက် လက်ရေးပုံစံဖြင့် ရေးထိုးပေးလိုက်ခြင်းဖြစ်သဖြင့် သာမန်လူများဆိုလျှင် မည်သည့်စာလုံးများဖြစ်မှန်း ခန့်မှန်းရခက်ပါလိမ့်မည်။

“စီနီယာရဲ့ လက်ရေးကလည်း… အရမ်းထူးခြားတာပဲနော်”

တုံရွှယ်ကျောင်းက ပြုံးလျက် ဆက်ပြောသည်။

“စီနီယာ ဘွဲ့ရပြီးရင် ပေကျင်းမှာပဲ ဆက်နေမှာမလား၊ စီနီယာက ဆေးကျောင်းသူမဟုတ်လား၊ ဘယ်မှာအလုပ်လုပ်မှာလဲ”

“စီနီယာ…”

ထိုကောင်မလေးတွင် မေးခွန်းပေါင်းများစွာ ရှိနေသဖြင့် ယဲ့ရှောင်ရှောင်မှာ မည်သည့်မေးခွန်းကို အရင်ဖြေရမှန်းမသိ ဖြစ်သွားရသည်။

“အစ်မက ရမ်သဲ့ထန်မှာ အလုပ်လုပ်မှာပါ၊ အကူအညီလိုတာရှိရင် အစ်မဆီလာခဲ့လို့ရတယ်နော်”

ဤသို့ဖြင့် နောက်ထပ် လူနာရှင်တစ်ဦးကို ယဲ့ရှောင်ရှောင် စည်းရုံးနိုင်ခဲ့ပြန်ပါပြီ။

“အဆင်ပြေတာပေါ့! အဲ့တာဆို နောက်မှထပ်တွေ့ကြမယ်နော် စီနီယာ!”

တုံရွှယ်ကျောင်းသည် သူမ၏ မှတ်စုစာအုပ်လေးကို သိမ်းဆည်းလိုက်ပြီး ထွက်ခွာသွားသည့် ယဲ့ရှောင်ရှောင်အား မျက်တောင်မခတ် ငေးကြည့်နေခဲ့ပါသည်။

ဖျော်ဖြေပွဲ ပြီးဆုံးသွားသောအခါ ယဲ့ရှောင်ရှောင်က အခန်းဖော်များနှင့် အပြင်တွင် ညစာအတူတူသွားစားဖို့ စီစဉ်ခဲ့သည်။

သို့သော် ကျန်းခိုင်နင်ကလည်း အတန်းဖော်များနှင့် အတူတူလိုက်စားဖို့ ယဲ့ရှောင်ရှောင်ကို အတင်းခေါ်နေလေသည်။

“အဲ့တာဆို နှစ်ဖွဲ့ပေါင်းပြီး အားလုံးအတူတူ သွားကြမယ်လေ၊ နင်တို့အကုန်လုံးက အလှလေးတွေချည့်ပဲဥစ္စာ”

ယဲ့ရှောင်ရှောင်က သတိပေးလိုက်သည်။

“ငါတို့အဆောင်ခန်းက လူတိုင်းမှာ ပိုင်ရှင်ရှိပြီးသားမို့လို့ ဘာစိတ်ကူးမှ မဝင်နဲ့နော်”

“ဒီတိုင်း သူငယ်ချင်းတွေအဖြစ် ရိုးရိုးသားသား ညစာသွားစားမှာပါဟာ၊ ငါတို့အတန်းမှာ ကျားတွေများလွန်းလို့ မိန်းကလေး နည်းနည်းပါမှ ပျော်စရာကောင်းမှာပေါ့”

ထို့ကြောင့် ယဲ့ရှောင်ရှောင်သည် အခန်းဖော်များ၏ သဘောထားအား သွားရောက်မေးမြန်းခဲ့သည်။

ထန်ရှို့ရှို့က သဘောတူသည်။

“အဲ့တာဆို အတူတူသွားကြမယ်လေ၊ လီမိန့်ရူ ကောင်လေးရဲ့ စားသောက်ဆိုင်မှာ သွားစားလို့ရတာပဲ၊ ငါတို့အတွက် သူနေရာစီစဉ်ပေးလိမ့်မယ်”

ကျန်းခိုင်နင်က လက်ခုပ်လက်ဝါးတီးကာ ပြောလိုက်သည်။

“ကောင်းတာပေါ့၊ အခုလိုချိန်မှာ စားသောက်ဆိုင်ရှာဖို့ကလည်း မလွယ်ဘူး”

ဤသို့ဖြင့် အဖွဲ့နှစ်ဖွဲ့ ပေါင်းစည်းလိုက်ကြပြီး စားသောက်ဆိုင်ထံသို့ ချီတက်လာခဲ့ကြသည်။

တရုတ်တိုင်းရင်းဆေးမေဂျာရှိ အခြားအတန်းဖော်များက မကန့်ကွက်သော်လည်း မိန်းကလေးများစွာနှင့် ပထမဆုံးအကြိမ် ညစာအတူတူစားဖူးခြင်း ဖြစ်၍ အစပိုင်းတွင် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေကြပါသည်။

သို့သော် အစားအသောက်များ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အားလုံးခင်ခင်မင်မင်ဖြစ်သွားကြပြီး ပြောစရာရှိသည့် အကြောင်းအရာမှန်သမျှကို စီစီညံအောင် ပြောကြတော့သည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“အတန်းခေါင်းဆောင်က ဘယ်မှာတာဝန်ကျတာလဲ”

“ငါတို့အတန်းခေါင်းဆောင်ကြီးက ပေကျင်းမြို့ ပင်မဆေးရုံကြီးမှာ အလုပ်လုပ်ရမှာလေ! အလုပ်သင်ကာလတုန်းကလည်း အဲ့မှာပဲ လုပ်ခဲ့တာ၊ ဆေးရုံအုပ်ကြီးနဲ့ ပါမောက္ခစွန်းတို့ဆိုရင် သူ့ကို ချီးကျူးမဆုံးနိုင်ဖြစ်နေကြတာ၊ သူ့အနာဂတ်ကတော့ တောက်ပနေပြီ”

ချူးယွင်ရှောင်က အနေခက်စွာ ဝင်ပြောသည်။

“ငါက ဒီတိုင်း ကံကောင်းသွားလို့ပါ၊ ပါမောက္ခစွန်းက ပထမတော့ ရှောင်ရှောင့်ကို ခေါ်ချင်ခဲ့တာတဲ့၊ အဲ့တာကြောင့် ပင်မဆေးရုံကြီးက ငါတို့ကျောင်းအတွက် ခွဲတမ်းတစ်နေရာ ပေးခဲ့တာလေ”

ယဲ့ရှောင်ရှောင်က ပြန်ပြောသည်။

“အဲ့လိုတော့ မပြောပါနဲ့၊ နင်ကိုယ်တိုင်က အစွမ်းအစမရှိရင် အဲ့နေရာမှာ ဒီအချိန်ထိ ကြာရှည်ခံနိုင်ခဲ့ပါ့မလား၊ နင့်ကိုယ်ပိုင်အစွမ်းအစကြောင့်လည်း ပါတယ်”

ကျန်းခိုင်နင်က ဝင်ပြောသည်။

“အဲ့လိုကိုး… ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်စလုံး တော်ပါပေတယ်၊ မင်းတို့နှစ်ယောက်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ သောက်ကြရအောင်”

ယဲ့ရှောင်ရှောင်လည်း ဖန်ခွက်ကို ကိုင်မြှောက်လိုက်သည်။

“ချီးယားစ်!!!”

အားလုံး သောက်စားပြီးကြချိန်တွင် ညသန်းခေါင်ပင် ကျော်နေခဲ့ပါပြီ။

ကျန်းခိုင်နင်: “မင်းတို့ ကျောင်းထဲပြန်ဝင်လို့ ရကြသေးရဲ့လား”

“ရပါတယ်၊ ဒီနေ့ည ဘာကန့်သတ်ချက်မှ မရှိဘူး၊ ရှိရင်တောင် တံခါးစောင့် ဦးလေးကြီးနဲ့ အဆောင်မှူးတို့က မသိချင်ယောင် ဆောင်ပေးကြမှာ”

ကျန်းခိုင်နင်က ယဲ့ရှောင်ရှောင်အား မေးလိုက်သည်။

“နင်မမူးဘူးမလား၊ တစ်ယောက်တည်း ပြန်လို့အဆင်ပြေရဲ့လား”

ယဲ့ရှောင်ရှောင်: “ငါ့အခန်းဖော်တွေကို ငါ့အိမ်ခေါ်သွားမလို့လေ၊ လူတွေများတော့ အန္တရာယ်မရှိလောက်ပါဘူး”

မှောင်မိုက်နေသည့် လမ်းကြားများထဲမှ မသွားသရွေ့ ဤပတ်ဝန်းကျင်၏ လုံခြုံရေးမှာ အတော်အသင့် ကောင်းမွန်ပါသည်။

ကျန်းခိုင်နင်က ခေါင်းညိတ်သည်။

“အေးပါ အဲ့တာဆို သတိထားပြီး သွားကြဦး”

လီမိန့်ရူက ကောင်လေးဖြစ်သူ၏ အိမ်တွင် နေခဲ့မည်ဖြစ်ရာ ယဲ့ရှောင်ရှောင်သည် ကျန်ရှိသည့် အခန်းဖော်သုံးဦးနှင့်အတူ ကျောင်းအနီးရှိ တိုက်ခန်းထံသို့ ပြန်လာခဲ့သည်။

လရောင်အောက်တွင် အတူတူလမ်းလျှောက်ကြရင်း စကားစမြည် ပြောဖြစ်ခဲ့ကြပါသေးသည်။

ရှားလီက တီးတိုး မေးလိုက်သည်။

“အခုချိန် ဝမ်ကျောင်း ဘာတွေလုပ်နေမလဲမသိဘူးနော်၊ သူ့မိဘတွေကော ရှာတွေ့သွားပြီလားမသိဘူး”

ဟယ်ကျင်းက သက်ပြင်းချသည်။

“ဘယ်သိမလဲ၊ အဆင်ပြေပါစေလို့ပဲ ဆုတောင်းရမှာပေါ့၊ သူဘေးကင်းလုံခြုံဖို့ထက် ဘယ်အရာကမှ အရေးမကြီးဘူး”

အချိန်ကား အလွန်ညည့်နက်နေပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် ယဲ့ရှောင်ရှောင် အိပ်မောကျနေရမည့်အချိန် ဖြစ်သော်လည်း ယခုအခါတွင်မူ အိပ်ချင်စိတ် လုံးဝ မဖြစ်မိပေ။

“ငါ့အိမ်မှာ တီဗွီမရှိဘူး၊ မဟုတ်ရင် ငါတို့ခဏလောက် ထပ်ပျော်လို့ ရသေးတယ်”

ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်၏ ပခုံးကို ဖက်ကာ လမ်းလျှောက်ရင်း ဘယ်ညာယိမ်းနွဲ့လျက် ပြောလိုက်သည်။

“ရပါတယ်၊ အိမ်ပြန်ရောက်ရင် ရေမိုးချိုးပြီး တန်းအိပ်ကြတာပေါ့”

ယဲ့ရှောင်ရှောင်၏ တိုက်ခန်းတွင် အိပ်ခန်း ၂ ခန်းရှိသဖြင့် တစ်ခန်းလျှင် ၂ ဦးစီ အိပ်စက်နိုင်ပါသည်။

ယဲ့ရှောင်ရှောင်သည် ထန်ရှို့ရှို့နှင့် တစ်ခန်းတည်းအတူတူအိပ်ခဲ့ပြီး အိပ်မပျော်မီ စကားအနည်းငယ် ပြောခဲ့ကြသေးသည်။

ထန်ရှို့ရှို့က မေးသည်။

“နင်နဲ့ ဗိုလ်မှူးလုတို့ အခြေအနေ ဘယ်လိုရှိကြလဲ၊ တွဲနေတာ နှစ်တော်တော်ကြာပြီမလား”

ယဲ့ရှောင်ရှောင်က ပြန်ဖြေသည်။

“ငါတို့နှစ်ယောက် အတူတူရှိရတဲ့အချိန်က နည်းနည်းလေးပါ၊ အဲ့တာကြောင့် တွဲနေတာ ကြာပြီလို့တောင် မခံစားရဘူး”

“အဲ့တာမှ တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့မသွားဘဲ အမြဲတမ်း ဆန်းသစ်နေမှာပေါ့”

“ငါတို့ လက်ထပ်ကြတော့မှာလေ၊ သူ့အထက်လူကြီးတွေဆီကို လက်ထပ်ခွင့် အစီရင်ခံစာ တင်ထားပြီးပြီ”

ထန်ရှို့ရှို့က ပြုံးသည်။

“အဲ့တာဆို ငါ့ကို သေချာပေါက်ဖိတ်ရမယ်နော်၊ ငါက ပေကျင်းမြို့မှာပဲ ရှိနေမှာဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ် လာလို့ ရတယ်”

ယဲ့ရှောင်ရှောင်: “နင့်အလုပ်နေရာက အတည်ဖြစ်ပြီလား”

ထန်ရှို့ရှို့က တိုးညှင်းစွာ ရယ်မောသည်။

“အေး ပေကျင်းမြို့ထဲမှာပါပဲ၊ ဒါပေမယ့် မြို့လယ်ခေါင်မှာတော့ မဟုတ်ဘူး၊ ဆေးရုံက သာမန်ပဲဆိုပေမယ့် အိမ်နဲ့နီးတော့ အဆင်ပြေပါတယ်”

ယဲ့ရှောင်ရှောင်: “ဒါဆို ကောက်လင်းကကော”

ထန်ရှို့ရှို့က ခေါင်းခါသည်။

“သူနိုင်ငံခြားဘာသာတွေ သင်နေတယ်၊ အဲ့တာကြောင့် နောက်ပိုင်း နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ ဆုံးဖြတ်လောက်တယ်”

“နင်တို့နှစ်ယောက် တွဲနေကြတုန်းလား”

“ငါတို့က တစ်ဆင့်ချင်းပဲ သွားမှာပါ၊ ဒါပေမယ့် ငါကအသက် ၂၀ ကျော်လာပြီဆိုတော့ နှစ်တွေအကြာကြီး ထပ်စောင့်လို့တော့ မရ‌ဘူးလေ”

ထန်ရှို့ရှို့သည် ရံဖန်ရံခါတွင် အလွန်လက်တွေ့ဆန်သူဖြစ်ပြီး ပြဿနာမှန်သမျှကို တည်တည်ငြိမ်ငြိမ်နှင့် ဖြေရှင်းနိုင်စွမ်း ရှိပါသည်။

ယဲ့ရှောင်ရှောင်က ခန္ဓာကိုယ်ကို လှည့်ကာ သူမကို နွေးထွေးစွာ ဖက်ထားလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ဟူပေပြည်နယ်၊ ကျန်းချန်မြို့ရှိ စည်းကမ်းမရှိလှသော ဧည့်ဂေဟာအသေးစားလေးတစ်ခုတွင် ဝမ်ကျောင်း၊ ရှုကျားလဲ့နှင့် တီးဝိုင်းမှ ညီအစ်ကိုများအားလုံး တည်းခိုနေကြပါသည်။

လူတိုင်းတွင် ပါလာသည့် ပိုက်ဆံများကို အကုန်သုံးစွဲလိုက်ကြပြီဖြစ်ရာ ယခုအခါ ထမင်းနောက်တစ်နပ်အတွက် မည်သို့ ရှာကြံစားသောက်ရမည်ဟူသော အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရတော့သည်။

All Chapters