အခန်း ၃၀၄
Vol. 31 Ch. 304
📗 Chapter 304
“ငါတို့ အိမ်ပဲ ပြန်ကြတာ မကောင်းဘူးလား၊ အကုန်လုံး ပိုက်ဆံတွေလည်း တစ်ပြားမှ မရှိတော့ဘူး၊ ဒီမှာပဲ ငတ်သေတဲ့အထိ နေကြမလို့လား”
ဝမ်ကျောင်းမှာ သူမ၏ ဆုံးဖြတ်ချက်အတွက် အလွန်ပင် နောင်တရနေမိပါပြီ။
ငွေကုန်သက်သာစေဖို့အတွက် သူတို့အားလုံး တောင်ပိုင်းသို့ ရထားဖြင့် ခရီးနှင်ခဲ့ကြသည်။
သို့သော် ရထားပေါ်တွင် သူခိုးတစ်ယောက်နှင့် ဆုံကာ ဝမ်ကျောင်း၏ ပိုက်ဆံအားလုံးကို ခိုးယူသွားခဲ့သည်။ ထိုသူခိုးကို လိုက်ဖမ်းဖို့အတွက် အဖွဲ့သားအားလုံး ရထားပေါ်မှ ပြေးဆင်းခဲ့ရသဖြင့် ရထားကိုလည်း လွတ်သွားခဲ့ရပါသည်။
ရှုကျားလဲ့နှင့် အခြားသူများတွင် ငွေအနည်းငယ် ကျန်ရှိနေသေးသော်လည်း ရထားလက်မှတ်အသစ် ဝယ်ယူဖို့ မလောက်ငတော့သဖြင့် ကျန်းချန်မြို့ရှိ လူမသိသူမသိ ဧည့်ဂေဟာ အသေးစားလေးတစ်ခုတွင်သာ ရှာဖွေ တည်းခိုနေကြရပါသည်။
ပုံမှန် တည်းခိုခန်းများဆိုလျှင် စည်းကမ်းသတ်မှတ်ချက်အရ မှတ်ပုံတင်ထုတ်ပြရလေ့ရှိသဖြင့် မှတ်ပုံတင်ပိုင်ဆိုင်ခြင်း မရှိသော ရှုကျားလဲ့တို့အားလုံးအတွက် အခက်တွေ့နိုင်ပါသည်။
ဤရက်ပိုင်းများအတွင်း သူတို့အားလုံး ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရဘဲ သူခိုးကိုလည်း မည်သည့်နေရာတွင် လိုက်ရှာရမှန်းမသိ ဖြစ်နေခဲ့ကြသည်။
ဝမ်ကျောင်းမှာ အိမ်ပြန်ချင်စိတ်သာ ပြင်းပြနေပါတော့သည်။
“ပိုက်ဆံမရှိတာလေးတစ်ခုတည်းနဲ့ ဒီလောက်ဖြစ်နေရလားကွာ၊ ငါတို့က လူအင်အား အများကြီးကို၊ မနက်ဖြန်ကျရင် အလုပ်တစ်ခုခု ထွက်ရှာလိုက်မယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အသက်မွေးလို့ရတာပဲဥစ္စာ”
တီးဝိုင်းမှ ဒရမ်သမားမှာ အလွန်ခေါင်းမာခက်ထန်သည့် လူငယ်တစ်ဦးဖြစ်ကာ ပြည့်စုံကြွယ်ဝသည့် မိသားစုမှ လာခဲ့သူဖြစ်ပြီး လောကဓံ၏ ရိုက်ခတ်မှုကို မခံစားဖူးသေးသဖြင့် မာနထောင်လွှားနေခြင်းသာ ဖြစ်ပါသည်။
ဝမ်ကျောင်းက လက်မခံနိုင်ပေ။
“အလုပ်ရှာရမယ်ဟုတ်လား၊ ငါမလိုက်ဘူးနော်၊ အိမ်မှာဆို ငါအလုပ်ကြမ်း တစ်ခါမှ မလုပ်ရဘူး”
ဒရမ်သမားက ဝမ်ကျောင်းကို လှည့်ကြည့်ကာ ပြန်ပြောလိုက်သည်။
“ငါတို့က အလုပ်ကြမ်းတော့ ဘယ်လုပ်ပါ့မလဲ၊ ဂီတသမားတွေပဲဥစ္စာ၊ ကျန်းချန်မြို့က မြို့ကြီးပြကြီးတစ်ခုလေ၊ ပေကျင်းနဲ့တောင် ရင်ဘောင်တန်းလို့ရတယ်၊ တောင်ပိုင်းထိ ရောက်အောင် မသွားနိုင်ဘူးဆိုရင်တောင် ဒီမှာပဲ အခြေချပြီး ဂီတလမ်းကြောင်းကို ဆက်လျှောက်ကြတာပေါ့”
ဝမ်ကျောင်းက ရှုကျားလဲ့အား တံတောင်ဖြင့်ထိုးကာ မေးလိုက်သည်။
“နင်လည်း အဲ့လိုပဲ ရည်ရွယ်ထားတာလား”
ရှုကျားလဲ့က ဆိုသည်။
“ကျန်းရန်ပြောတာ မှန်တယ်၊ ငါတို့ စထွက်လာကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ ထွက်လာခဲ့ကြတာ၊ အဲ့တာကြောင့် လမ်းတစ်ဝက်ရောက်မှ ဘာလို့ လှည့်ပြန်ရမှာလဲ၊ နင်ပြန်ချသပါ့ဆိုရင် နင့်ဖာသာနင်ပြန်၊ ငါ့ကိုတော့ ဆွဲမချနဲ့”
ဝမ်ကျောင်း အလွန်ဒေါသထွက်မိပါသည်။ သို့သော် သူမတစ်ယောက်တည်း ပြန်ဖို့ဟူသည်မှာလည်း မဖြစ်နိုင်လှပေ။
သူမသည် တီးဝိုင်း၏ ပင်တိုင်အဆိုတော်ဖြစ်နေရခြင်းမှာ အသံလှပခြင်းကြောင့် မဟုတ်ဘဲ တီးဝိုင်းထဲတွင် မိန်းကလေးတစ်ဦးကို လိုအပ်နေခြင်းကြောင့်သာ။
ပုံမှန်အားဖြင့် သူမသည် သီချင်းစာသားတစ်ကြောင်း နှစ်ကြောင်းသာ ပေါ့ပေါ့ပါးပါး သီဆိုဖို့ လိုအပ်ပြီး အဓိကမှာ ရုပ်လုံးထွက်ပြဖို့သာ ဖြစ်သည်။
ယခုအခါ တီးဝိုင်းအဖွဲ့သားများအားလုံး အလုပ်ထွက်ရှာဖို့ ပြင်ဆင်နေချိန်တွင် ဝမ်ကျောင်းတစ်ယောက် နောက်ပြန်ဆုတ်ချင်စိတ်များ တဖွားဖွား ပေါ်နေပါပြီ။ သို့သော် သူမ အလွယ်တကူလည်း အရှုံးမပေးချင်သေးပါ။
ထိုအချိန်တွင် အဆောင်အခန်းနံပါတ် ၂၀၆ ရှိ ကျောင်းသူများအတွက် အလုပ်နေရာချထားပေးခြင်းများ တရားဝင် ကျရောက်လာခဲ့ပါပြီ။
သူတို့အားလုံး စာမေးပွဲရလဒ်များ အလွန်ကောင်းမွန်ကြသဖြင့် တာဝန်ကျသည့် နေရာများမှာလည်း ပေကျင်းမြို့တွင်းမှာသာ ဖြစ်ကြပြီး မြို့စွန်ကျသည့် နေရာဟူ၍ အနည်းငယ်သာ ရှိပါသည်။
အားလုံးထဲတွင် အကောင်းဆုံးမှာ ‘ရှီချန်း မိခင်နှင့်ကလေးစောင့်ရှောက်မှု ဆေးရုံ’တွင် တာဝန်ကျသော ဟယ်ကျင်းပင်ဖြစ်သည်။
သူမက အတန်းထဲတွင် အမြဲတမ်း ထိပ်ဆုံးတွင်သာ ရှိတတ်ပြီး ပညာသင်ဆုများစွာလည်း ရရှိခဲ့သဖြင့် သူမ၏ အရည်အချင်းကို ဆရာဆရာမများအားလုံး နားလည်ကြပါသည်။
ဤခေတ်အခါက ဆေးကျောင်းသားများအတွက် အလုပ်နေရာချထားပေးဖို့ဟူသည်မှာ မခက်ခဲလှပေ။
ထို့ကြောင့် ကျောင်းသားများအနေဖြင့် အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်ပူပန်စရာမလိုအပ်သော်လည်း ကောင်းမွန်သည့် စမှတ်တစ်ခုကို ရရှိလိုခြင်းကတော့ လူတိုင်း၏ ဆန္ဒပင် ဖြစ်သည်။
အဆောင်ကို ရှင်းလင်းရမည့်နေ့တွင် ယဲ့ရှောင်ရှောင်က သူမ၏ ကိုယ်ပိုင်ကားလေးဖြင့် ရောက်ရှိလာပြီး အခန်းဖော်များ၏ အထုပ်အပိုးများကို ကူညီသယ်ဆောင်ပေးခဲ့ပါသည်။
ဝမ်ကျောင်း၏ ပစ္စည်းများကိုမူ သူမ၏ မိဘများက လာရောက်ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ယဲ့ရှောင်ရှောင်က ကမ်းလှမ်းသည်။
“တာဝန်ကျတဲ့ ဆေးရုံတွေကိုပဲ တန်းသွားကြမှာလား၊ ငါကားနဲ့ လိုက်ပို့ပေးရဦးမလား”
ထန်ရှို့ရှို့က ခေါင်းခါသည်။
“ရပါတယ်၊ ငါတို့ဖာသာ သွားလိုက်မယ်၊ ပြီးတော့ ဆေးရုံကို ချက်ချင်းသွားဖို့ အစီအစဉ် မရှိသေးဘူး၊ အိမ်အရင် ပြန်ဦးမယ်”
ဟယ်ကျင်းကလည်း ဝင်ပြောသည်။
“ဟုတ်တယ်၊ ငါလည်း အိမ်အရင်ပြန်ဦးမယ်”
ထိုအခါမှသာ အခန်းဖော်များ၏ အထုပ်အပိုးများက သိပ်မများလှသည်ကို ယဲ့ရှောင်ရှောင် သတိပြုမိသွားခဲ့ပါသည်။
“ဟုတ်ပါပြီ”
သူမ၏ အကူအညီကို မလိုအပ်သဖြင့် ယဲ့ရှောင်ရှောင်သည် ချန့်ဖုန်းလမ်းပေါ်ရှိ အိမ်ဝင်း၏ ပြုပြင်မွမ်းမံမှု အခြေအနေကို သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ပါသည်။
အကယ်၍ ပြုပြင်မွမ်းမံမှုများ ပြီးဆုံးခါနီးပြီဆိုလျှင် သူမ၏ မိသားစုအား ပေကျင်းသို့ ရက်ပိုင်းခန့် ခေါ်ဆောင်ထားနိုင်ပါသည်။
ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းအား မခေါ်နိုင်မည်ကို စိုးရိမ်ပူပန်ခြင်းမရှိပေ။ သူမ မကြာမီ လက်ထပ်တော့မည်ဖြစ်၍ မိဘများ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကာ မင်္ဂလာပွဲ တက်ရောက်ဖို့အတွက် ကျိန်းသေပေါက် ရောက်ရှိလာကြပါလိမ့်မည်။
တက္ကသိုလ်ကျောင်းဝင်းထဲမှ ထွက်လာစဉ် ယဲ့ရှောင်ရှောင်သည် သူမ၏ ကျောင်းတော်ကြီးကို လက်ပြနှုတ်ဆက်ခဲ့သည်။
သို့သော် သူမတွင် မဟာဘွဲ့အတွက် ဆက်လက်တက်ရောက်ရန် ရည်ရွယ်ချက် ရှိနေပါသေးသည်။
ထိုကိစ္စကို ယခင်က ပါမောက္ခစွန်းနှင့် ဆွေးနွေးတိုင်ပင်ဖူးရာ ပါမောက္ခကြီးက အလွန်အားပေးထောက်ခံပြီး ဤနှစ်မှာပင် တက်ရောက်ခွင့် ရရှိလိမ့်မည်ဟု အပြည့်အဝ ယုံကြည်နေလေသည်။
သို့သော် ယဲ့ရှောင်ရှောင် အိမ်ပြန်ပြီး ပြင်ဆင်ဖို့ လိုအပ်ပါသေးသည်။ စာအုပ်များကိုလည်း ဖတ်ရှု၍ မပြီးသေးပေ။
ကျင့်ဟွာတက္ကသိုလ်၏ ဘွဲ့လွန်စာမေးပွဲအား အောင်မြင်အောင် ဖြေဆိုနိုင်ပါက ကျောင်းတော်ကြီးကို အပြီးတိုင် နှုတ်ဆက်ရဦးမည် မဟုတ်ချေ။
ချန့်ဖုန်းလမ်းပေါ်သို့ ရောက်ရှိသောအခါ အိမ်ဝင်းကြီးအား ဆောက်လုပ်ပြုပြင်နေဆဲဖြစ်မှန်း ယဲ့ရှောင်ရှောင် မြင်ခဲ့ရသည်။
သို့သော် အိမ်ဝင်း၏ အခြေခံ ပုံစံဘောင်မှာမူ ရုပ်လုံးစပေါ်လာခဲ့ပြီဖြစ်ရာ တစ်လအတွင်းမှာပင် ဤအဆင့်ထိ ရောက်ရှိလာနိုင်ခဲ့ခြင်းက ယဲ့ရှောင်ရှောင်အတွက် စိတ်ကျေနပ်စရာ ကောင်းနေပါပြီ။
ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်က ယဲ့ရှောင်ရှောင်အား လှမ်းမြင်လိုက်သော်လည်း မည်သူမည်ဝါမှန်း မသိပေ။
“ကောင်မလေး၊ ဒါဆောက်လုပ်ရေးနယ်မြေနော်၊ ခပ်ဝေးဝေးမှာ နေပေးပါ”
ယဲ့ရှောင်ရှောင်: “ကျွန်မက ဒီအိမ်ပိုင်ရှင်ပါ”
ထိုအခါမှ အဖွဲ့ခေါင်းဆောင် ရုတ်တရက် နားလည်သွားသည်။
“ဪ ဥက္ကဌဟန်ရဲ့ မိတ်ဆွေကိုး! အဲ့တာဆို ကျေးဇူးပြုပြီး ဘေးကင်းလုံခြုံရေး ဦးထုပ်လေး ဆောင်းပေးထားပါဦး”
ထို့နောက် ယဲ့ရှောင်ရှောင်ထံသို့ ဦးထုပ်တစ်လုံး ကမ်းပေးလိုက်ပါသည်။
ယဲ့ရှောင်ရှောင် ဦးထုပ်ဆောင်းပြီးနောက် အိမ်ဝင်းထဲသို့ ဝင်လာခဲ့သည်။
ပင်မ အဆောက်အအုံအပိုင်း ပြီးစီးရန်အတွက် နောက်ထပ် လဝက်ခန့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။
ထို့နောက်မှသာ ပြူတင်းပေါက်များ တပ်ဆင်ခြင်း၊ အတွင်းပိုင်း အလှဆင်ခြင်း လုပ်ငန်းများကို အဆင့်ဆင့် ဆက်လက် ဆောင်ရွက်သွားရပါမည်။
လုဟန်ချွမ်သည် ထိုလုပ်ငန်းစဉ်အားလုံးကို ဟန်ရှင်းလက်ထဲ ယုံယုံကြည်ကြည်နှင့် အပ်နှံထားခြင်းဖြစ်သော်လည်း အတွင်းပိုင်း ဒီဇိုင်းအတွက် ယဲ့ရှောင်ရှောင်နှင့် ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်နိုင်ပါသေးသည်။
ဆောက်လုပ်ရေးဇုန်ဖြစ်သောကြောင့် ဖုန်အလွန်ထူသဖြင့် ယဲ့ရှောင်ရှောင်သည် ခေတ္တမျှသာ နေခဲ့ပြီး ပြန်လည် ထွက်ခွာလာခဲ့ပါသည်။
ဤအိမ်ဝင်းမှာ စုန့်အိမ်တော်နှင့် အလွန်နီးကပ်သဖြင့် အနားယူဖို့အတွက် ဆရာဖြစ်သူ၏ အိမ်ကိုသာ ယဲ့ရှောင်ရှောင် သွားခဲ့သည်။
အိမ်သို့ ရောက်သောအခါ စုန့်ကွမ်းကျင့်က မေးမြန်းလိုက်သည်။
“ဒါဆို ဒီတစ်ခါ တကယ်ဘွဲ့ရသွားပြီပေါ့၊ ကျောင်းကို ပြန်သွားစရာမလိုတော့ဘူးပေါ့ ဟုတ်လား”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။
“ဟုတ်တယ်၊ သမီးတို့ အခု လုပ်ငန်းခွင်ထဲ တရားဝင် ဝင်လို့ရပြီလေ”
စုန့်ကွမ်းကျင့်က ဆက်မေးသည်။
“ဘွဲ့လွန်စာမေးပွဲကော ဖြေဖို့ အစီအစဉ် ရှိသေးလား”
ပညာသင်ယူဖို့အတွက်သာဆိုလျှင် စုန့်ကွမ်းကျင့် တတ်မြောက်ထားသည့် ပညာအားလုံးကို လက်ဆင့်ကမ်း သင်ယူပြီးသည်နှင့် ယဲ့ရှောင်ရှောင်သည် တရုတ်နိုင်ငံတွင် ထိပ်တန်းအဆင့်ရှိသည့် တိုင်းရင်းဆေးပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်သွားပါလိမ့်မည်။
ထို့ကြောင့် ဘွဲ့လွန်ဒီပလိုမာဟူသည်မှာ အပေါ်ယံရွှေမှုန်ကြဲရုံမျှသာ ရှိလိမ့်မည်။
“အဲ့ကိစ္စကို နောက်နှစ်မှ စဉ်းစားလိုက်ပါ့မယ်၊ ဒီနှစ်တော့ သမီးလုပ်စရာကိစ္စတွေ အများကြီး ရှိသေးတယ်”
ယဲ့ရှောင်ရှောင်၏ အတွေးအမြင်များကလည်း စုန့်ကွမ်းကျင့်နှင့် ထပ်တူကျလှပါသည်။ ဘွဲ့လက်မှတ်နှင့် ယှဉ်လိုက်လျှင် စစ်မှန်သော အရည်အချင်းကသာ ပိုအရေးကြီးသည်။
ယခုအချိန်တွင် ယဲ့ရှောင်ရှောင် အားလပ်သွားသည့်အတွက် အပျော်ရွှင်ရဆုံးလူမှာ စုန့်ကွမ်းကျင့်ပင် ဖြစ်သည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ အဲ့တာဆို အခုချိန်ကစပြီး ဒီအိမ်မှာပဲ လာနေလိုက်တော့နော်၊ နင့်အိမ်ဝင်းကိုလည်း ပြုပြင်နေတာမလား၊ ဒီနားမှာပဲ အခြေချဖို့ ဆုံးဖြတ်လိုက်ပြီပေါ့၊ ကောင်းတယ် ကောင်းတယ်၊ ငါ့အိမ်နဲ့လည်း နီးတာပေါ့”
ယဲ့ရှောင်ရှောင်က ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းကာ စုန့်ကွမ်းကျင့်အနားသို့ ကပ်လျက် တိုးတိုးလေး ပြောလိုက်ပါသည်။
“ဆရာကြီး… သမီး လက်ထပ်ရတော့မယ်”
“ဟိုကောင် လုဟန်ချွမ်က လက်ထပ်ခွင့်တောင်းလိုက်ပြီပေါ့ ဟုတ်လား”
“အထက်အရာရှိတွေဆီကိုတော့ လက်ထပ်ခွင့် အစီရင်ခံစာ တင်ထားပြီးပြီ၊ ဒီလထဲမှာ ခွင့်ပြုချက် ကျလောက်တယ်၊ သမီး လက်ထပ်စာချုပ်အရင်ချုပ်ထားပြီး အိမ်ဝင်းကို ပြုပြင်လို့ပြီးတဲ့အခါကျမှ မင်္ဂလာ ဧည့်ခံပွဲကျင်းပမလားလို့”
ထိုအချိန်ကျလျှင် သူမ၏ မိသားစုတစ်စုလုံးကို ခေါ်ဆောင်လာလျှင်ပင် တည်းခိုစရာနေရာလုံလုံလောက်လောက် ရှိပါလိမ့်မည်။
စုန့်ကွမ်းကျင့်၏ စိတ်အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးသွားရသည်။
“အိမ်ထောင်ကျသွားရင်လည်း နင်က ငါ့တပည့်အဖြစ် ဆက်ရှိနေဦးမှာပဲ၊ နောက်နောင် ဘယ်လိုအခက်အခဲမျိုးနဲ့ပဲ ကြုံလာရပါစေ ငါ့ဆီ ချက်ချင်းလာခဲ့လို့ရတယ်၊ နင့်နောက်မှာ နင့်ဆရာရှိနေတာ မမေ့လိုက်နဲ့”
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
ယဲ့ရှောင်ရှောင် ရင်ထဲ အလွန်နွေးထွေးသွားခဲ့ရသည်။ စုန့်ကွမ်းကျင့်ကဲ့သို့ ဆရာကောင်းတစ်ဦးကို ပိုင်ဆိုင်ထားရခြင်းမှာ သူမအတွက် ကံကောင်းလှပါသည်။
ညနေစောင်းသောအခါ ယဲ့ချန်းနင်ထံသို့ ယဲ့ရှောင်ရှောင် ဖုန်းဆက်ကြည့်လိုက်သည်။
ပေကျင်းသို့ ပြန်ရောက်ခါစကလည်း ယဲ့ရှောင်ရှောင် ဆက်သွယ်ကြည့်ပါသေးသည်။ သို့သော် ဗီလာတွင် အိမ်တော်ထိန်းကသာ ဖုန်းကို ဖြေကြားခဲ့ပြီး ယဲ့ချန်းနင် နိုင်ငံခြားမှ ပြန်မရောက်လာသေးဟု ဆိုခဲ့သည်။
“တတိယအစ်ကို၊ ပေကျင်းပြန်ရောက်နေပြီလား”
ယဲ့ချန်းနင်: “ပြန်ရောက်တာ မကြာသေးဘူး၊ စာချုပ်ကိစ္စတစ်ခု ဆွေးနွေးဖို့ နိုင်ငံခြားကို ရက်ပိုင်းလောက် သွားခဲ့ရတာ၊ နင်ကောဘယ်လိုလဲ၊ အလုပ်သင်ကာလပြီးသွားပြီလား”
ယဲ့ရှောင်ရှောင်က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
“ဘွဲ့တောင် ရပြီးသွားပါပြီနော်”
ယဲ့ချန်းနင်ကလည်း ရယ်မောသည်။
“ငါ့ကိုအပြစ်တင်လို့မရဘူးလေ၊ ငါတို့ရှောင်ရှောင်လေးက တက္ကသိုလ်ဘွဲ့ရကြီးဖြစ်သွားပြီဆိုတာ အခုထိ မယုံနိုင်သေးဘူး၊ အခု နင်ဘယ်မှာလဲ၊ မနက်ဖြန် ငါလာခေါ်မယ်”
“အခု လောလောဆယ်တော့ ဆရာကြီးရဲ့အိမ်မှာ နေနေတာ၊ ရမ်သဲ့ထန်နဲ့လည်းနီးတော့ အလုပ်သွားရတာ အဆင်ပြေတာပေါ့”
“အခုမှ ကျောင်းပြီးခါစကို အလုပ်တွေ တန်းလုပ်တော့မှာလား၊ ရက်ပိုင်းလောက် နားပါဦးလား”
ယဲ့ချန်းနင်သည် ယဲ့ရှောင်ရှောင်အား သူ့ဗီလာတွင် ခေါ်ထားချင်သော်လည်း အလုပ်လုပ်ရမည့်နေရာနှင့် အနည်းငယ် အလှမ်းဝေးသဖြင့် အသွားအပြန် ခက်ခဲနိုင်ပါသည်။
ထို့အပြင် ကိုယ်ပိုင်ကားရှိနေသော်လည်း ယဲ့ရှောင်ရှောင်မှာ မနက်စောစော အိပ်ရာထရခြင်းကို လုံးဝ သဘောမကျပေ။
ယဲ့ချန်းနင်က ဆက်ပြောသည်။
“ချန်းရှန့်လည်း နွေရာသီပိတ်ရက်ကျရင် ပြန်လာလိမ့်မယ်၊ သူ့ကို ပေကျင်းဆီလာဖို့ပဲ ခေါ်လိုက်မှာ၊ နင်တို့နှစ်ယောက် မတွေ့တာ တော်တော်ကြာပြီမလား”
ယဲ့ရှောင်ရှောင်: “ကောင်းတာပေါ့၊ စတုတ္ထအစ်ကိုကော ဘွဲ့လွန်စာမေးပွဲ ဝင်ဖြေခဲ့သေးလား”
“ဖြေတာပေါ့၊ ငါတို့မိသားစုထဲမှာ ပညာရေးအမြင့်ဆုံးလူဆိုတော့ နှစ်နည်းနည်းလောက် ပညာဆက်သင်ရမှာပေါ့”
ယခုအခါတွင် မိသားစု၏ ငွေရေးကြေးရေး အခြေအနေက အလွန်ပင် တည်ငြိမ်နေပြီဖြစ်ကာ ယဲ့ချန်းနင်ကလည်း ယဲ့ချန်းရှန့်ထံသို့ စာသင်နှစ်တိုင်းတွင် ငွေအမြောက်အများ ပို့ဆောင်ပေးလေ့ရှိပါသည်။
ထို့ကြောင့် ယဲ့ချန်းရှန့်အနေဖြင့် အလုပ်ခွင်ထဲဝင်ရောက်ပြီး မိသားစုကို ထောက်ပံ့ဖို့ စိတ်လောစရာ မလိုအပ်ပေ။
ငွေရေးကြေးရေးပြဿနာမရှိတော့သဖြင့် ယဲ့ချန်းရှန့်၏ ပညာရေးလမ်းကြောင်းမှာ ပို၍ပင် ဖြောင့်ဖြူးလာခဲ့ပါသည်။
ပြီးခဲ့သည့် ဆောင်းရာသီ ယဲ့ရှောင်ရှောင် အလုပ်သင်ဆင်းနေသည့် အချိန်ကတည်းက ယဲ့ချန်းရှန့်မှာ ဘွဲ့လွန်စာမေးပွဲ၏ ရေးဖြေကဏ္ဍကို ဖြေဆိုအောင်မြင်ထားခဲ့ပါပြီ။