← Chapters

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆

Vol. 31 Ch. 306

📗 Chapter 306

“စတုတ္ထအစ်ကို နှစ်သစ်ကူးတုန်းက အိမ်ပြန်ဖြစ်သေးလား၊ အိမ်မှာ အားလုံးအဆင်ပြေကြရဲ့လား”

ယဲ့ချန်းရှန့်: “အဆင်ပြေပါတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် ပြန်တုန်းက အဖေက အိမ်ဝင်းကို ပြန်ပြင်ပြီး အခန်းနည်းနည်း ထပ်ဖွဲ့ထားသေးတယ်၊ အမေကတော့ အခု မြို့ပေါ်မှာ အစ်ကိုကြီးရဲ့ ကလေးတွေကို ကူထိန်းပေးနေတယ်၊ အစ်ကိုကြီးက ကိုယ်ပိုင်သတ္တုတွင်းတူးဖော်ဖို့ ကန်ထရိုက်ဆွဲထားပြီးပြီလေ၊ ယောင်းမအကြီးဆုံးကလည်း ညကျောင်းတစ်ခုမှာ တက်နေလို့ ညနေပိုင်းဆို အတန်းသွားတက်ရပြီ၊ သူတို့ဘဝက အဓိပ္ပာယ်ရှိပြီး ပျော်စရာကောင်းပါတယ်”

ယခုနှစ်တွင်တော့ အိမ်ကို သေချာပေါက်ပြန်ရမည်ဟု ယဲ့ရှောင်ရှောင် တွေးလိုက်မိသည်။ အိမ်တွင် ဤမျှလောက်အထိ ပြောင်းလဲသွားလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

“အစ်ကိုကြီးအခုလို ကိုယ်ပိုင်လုပ်ငန်းထွက်လုပ်တာ ကောင်းပါတယ်”

ယဲ့ရှောင်‌ရှောင် အနည်းငယ် စိုးရိမ်ပူပန်မိသော်လည်း အစ်ကိုဖြစ်သူ၏ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံပါသည်။

ယဲ့မိသားစုမှ အခြားမောင်နှမများတွင် ကိုယ်ပိုင်အလုပ်အကိုင်များ ရှိနေကြပြီဖြစ်ရာ အစ်ကိုအကြီးဆုံးဖြစ်သည့် ယဲ့ချန်းချင့်သည်လည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုလောက် ရှိနေသင့်သည် မဟုတ်ပါလား။

မဟုတ်ပါက မောင်နှမများနှင့် နှိုင်းယှဉ်ပြီး စိတ်အားငယ်ကာ ပြဿနာများ ပေါ်ပေါက်လာနိုင်ပေသည်။

မောင်နှမချင်း စိတ်ဝမ်းကွဲလောက်သည်အထိ မဖြစ်နိုင်သော်လည်း ယဲ့မိသားစု၏ စည်းလုံးညီညွတ်မှုက ယခုလောက်ထိ ခိုင်မြဲနေတော့မည် မဟုတ်ချေ။

ယဲ့ချန်းရှန့်က ခေါင်းညိတ်လျက် ဆိုသည်။

“အစ်ကိုကြီးက ဘဏ်ကနေ ချေးငွေယူထားတယ်၊ တတိယအစ်ကိုဆီကလည်း‌ ငွေနည်းနည်း ချေးထားသေးတယ်၊ အဖိုးတန် သတ္တုတွေ တကယ်တူးဖော်နိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့”

ယဲ့ရှောင်ရှောင်: “ကျိန်းသေပေါက် အောင်မြင်မှာပါ၊ အစ်ကိုကြီးကို သမီး ယုံကြည်တယ်”

နေ့လယ်ခင်းသို့ ရောက်သောအခါ ယဲ့ချန်းနင် အိမ်ပြန်လာပါသည်။ ယဲ့ရှောင်ရှောင်တို့အားလုံး နေ့လယ်စာ စားပြီးကြပြီ ဖြစ်၍ ဧည့်ခန်းထဲတွင်ထိုင်ကာ တီဗွီကြည့်နေကြသည်။

တီဗွီက မကြီးမားသော်လည်း အရောင်ပါသည့် တီဗွီဖြစ်ကာ ယဲ့ရှောင်ရှောင်သည် ကာတွန်းကားတစ်ကား ဖွင့်ကြည့်နေခဲ့ပါသည်။

အိမ်ပြန်ရောက်လာ၍ မောင်နှမများ ကြည့်ရှုနေသည့် ကာတွန်းကားကို မြင်သောအခါ ယဲ့ချန်းနင် ရယ်ရယ်မောမောနှင့် မေးလိုက်သည်။

“နင်တို့အသက် ဘယ်လောက်ရှိနေပြီလဲ၊ အခုထိ ကလေးကလားတွေ ကြည့်နေတုန်းလား”

ယဲ့ရှောင်ရှောင်က ချေပသည်။

“သမီးတစ်ခါမှ မကြည့်ဖူးလို့လေ”

၎င်းမှာ ကာတွန်းကား အဟောင်းတစ်ကားသာ ဖြစ်သော်လည်း ယဲ့ရှောင်ရှောင်သည် ယခုဘဝတွင်သာမက ယခင်ဘဝကလည်း ကာတွန်းကားများကို ကြည့်ခဲလှပါသည်။

သူမတို့ မိသားစုမှ ကလေးများသည် ငယ်စဉ်ကတည်း စာအုပ်များ၊ အထူးသဖြင့် ဆေးပညာဆိုင်ရာ စာပေးများကိုသာ အဓိက အာရုံစိုက်ဖတ်ရှုခဲ့ကြရပြီး စိတ်အပန်းဖြေစရာဟူ၍ အပိုထပ်ဆောင်း သင်တန်းများ တက်ရောက်ရခြင်းသာ ရှိပါသည်။

ယဲ့ချန်းနင်ကပြောသည်။

“ကြည့်ပါ ကြည့်ပါ၊ ကြိုက်တာကြည့်ကြ၊ ညနေစောင်းလို့ နေအေးသွားရင် လမ်းလျှောက်ထွက်ကြမယ်”

ပေကျင်းမြို့သို့ ယဲ့ချန်းရှန့် ရောက်ရှိလာရသည့် အဓိက အကြောင်းအရင်းမှာ အထင်ကရ နေရာမျိုးစုံသို့ လည်ပတ်ရန် ဖြစ်သည်။

တစ်ဖက်တွင် ဝမ်ပေါင်နျန်ကလည်း ပေကျင်းမြို့သို့ ရောက်ရှိလာစဉ်ကတည်းက အံ့အားသင့်စရာများ တစ်ခုပြီးတစ်ခုနှင့် ကြုံနေရပါသည်။

သူ့အခန်းဖော်၏ တတိယအစ်ကိုမှာ သူဌေးကြီးစင်စစ် ဖြစ်လို့နေကာ သူနေထိုင်သည့် အိမ်ကြီးကလည်း အလွန်ပင် ခမ်းနား ထည်ဝါလွန်းလှသည်။

ယဲ့ချန်းရှန့်နှင့် ဝမ်ပေါင်နျန်တို့နှစ်ဦး ဗီလာတွင် အနားယူခဲ့ကြပြီး ယဲ့ရှောင်ရှောင်လည်း ထိုနေရာတွင် တစ်ည တည်းခိုခဲ့ပါသည်။

နောက်တစ်နေ့တွင် ယဲ့ချန်းရှန့်တို့နှင့်အတူ လိုက်သွားပြီး ပေကျင်းမြို့ရှိ လည်ပတ်စရာနေရာများသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။

သူမကိုယ်တိုင်လည်း ပေကျင်းမြို့ရှိ နေရာတိုင်းသို့ စုံလင်အောင် မရောက်ဖူးသဖြင့် အစ်ကိုဖြစ်သူများနှင့် အတူတူ လည်ပတ်ရသည်မှာ ပျော်စရာကောင်းလှပါသည်။

--- --- ---

တစ်ချိန်တည်းမှာပင် လုဟန်ချွမ်၏ လက်ထပ်ခွင့် အစီရင်ခံစာအတွက် အထက်မှ ခွင့်ပြုချက် ကျလာခဲ့ပါပြီ။ ထိုအကြောင်းကို ပထမဆုံး သိရှိသွားသူက အခြားသူမဟုတ်ဘဲ လုဟန်ချွမ်၏ အဖေကိုယ်တိုင်ပင် ဖြစ်သည်။

“အစီရင်ခံစာမတင်ခင် မိသားစုနဲ့ ဘာလို့ အရင်မတိုင်ပင်တာလဲကွ”

လုရှင်းကျိုးသည် သားဖြစ်သူ တာဝန်ကျသည့် စခန်းအထိ လိုက်လာပြီး စစ်ဆေးမေးမြန်းခဲ့လေသည်။

လုဟန်ချွမ်က အဖေဖြစ်သူအား ပေါ့ပေါ့ပါးပါး လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့ချက်ချင်း လက်ထပ်မှာမှ မဟုတ်တာ”

လုရှင်းကျိုး: “ဘယ်လိုပဲဖြစ်ဖြစ် မိသားစုနဲ့ တိုင်ပင်သင့်တာပေါ့ကွ၊ မင်္ဂလာဧည့်ခံပွဲကျင်းပတဲ့အခါကျရင် ဆွေမျိုးတွေကို ဖိတ်ကြားရမှာလေ”

ထိုစကားမှာ အဓိပ္ပာယ်ရှိသည်ဟု လုဟန်ချွမ် ခံစားရပါသည်။ သို့သော် ဤကဲ့သို့သော ကိစ္စရပ်များကို ပုံမှန်အားဖြင့် အမေဖြစ်သူသာ ကိုင်တွယ်လေ့ရှိပြီး အဖေဖြစ်သူက ဝင်ရောက်စွက်ဖက် မေးမြန်းနေခြင်းမှာ ယခုက ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုနိုင်သည်။

“အဲ့တာဆိုလည်း အခုကတည်းက အဖေတို့ အသိပေးချင်တဲ့လူကို အသိပေးထားလိုက်တော့၊ ဒါပေမယ့် မင်္ဂလာဧည့်ခံပွဲအတွက် ရက်တောင် မရွေးရသေးဘူးနော်၊ တစ်လ နှစ်လလောက် စောင့်ရဦးမယ်”

သားဖြစ်သူကို ယုံကြည်၍မရဟု လုရှင်းကျိုး ပိုပိုပြီး ခံစားလာရသည်။

“ငါတို့ဘက်က အမျိုးတွေကိုပဲ ဖိတ်မှာလား၊ ရှောင်ရှောင်တို့ မိဘတွေကိုလည်းဖိတ်ပြီး စကားအေးအေးဆေးဆေး ပြောရဦးမယ်လေ”

လုဟန်ချွမ်: “ကျွန်တော်သိတယ်၊ အခုအဲ့အတွက်ပဲ စီစဉ်နေတာ မဟုတ်ဘူးလား”

လုရှင်းကျိုးက ညွှန်ကြားလိုက်သည်။

“အခု အစီရင်ခံစာအတွက် ခွင့်ပြုချက်ရပြီဆိုတော့ လက်ထပ်စာချုပ်ချုပ်ဖို့ နေ့ကောင်းနေ့မြတ် ရွေးလိုက်တော့”

ထို့နောက် ခေတ္တစဉ်းစားကာ ထပ်ပြောလိုက်သည်။

“မြန်လေ ကောင်းလေပဲ”

လုဟန်ချွမ်: “…”

လုရှင်းကျိုးက ဆက်ပြောသည်။

“ပြီးတော့ လက်ဖွဲ့ပစ္စည်းတွေကိုလည်း စီစဉ်ထားရဦးမယ်၊ အဲ့ကိစ္စကိုတော့ မင်းအမေနဲ့ပဲ ငါပြန်တိုင်ပင်လိုက်ပါဦးမယ်”

လုမိသားစုက ချွေးမဖြစ်သူအပေါ်တွင် မည်သည့်အတွက်ကြောင့်မှ လစ်ဟာမှု ရှိမည် မဟုတ်ပေ။ ယဲ့မိသားစုက ထုတ်မပြောသေးသော်လည်း ပြင်ဆင်ထားရမည့်အရာမှန်သမျှကို ဟာကွက်မရှိစေရန် ကြိုတင် ပြင်ဆင်ထားရပါမည်။

ထိုကိစ္စများမှာ လူကြီးမိဘများ စီစဉ်ရမည့်ကိစ္စများဖြစ်၍ လုရှင်းကျိုးက သားဖြစ်သူကို တာဝန်တစ်ခုသာ ပေးလိုက်သည်။ လက်ထပ်စာချုပ် အမြန်ဆုံး ချုပ်ဆိုထားဖို့ပင်။

အဖေဖြစ်သူအား စခန်းအပြင်ဘက်ထိ လိုက်ပို့ပေးပြီးနောက် လုဟန်ချွမ်သည်လည်း ခွင့်ယူကာ စခန်းမှ ထွက်ခွာလာခဲ့ပါသည်။

သူ့အဖေပြောခဲ့သည့် စကားတစ်ခွန်းကတော့ မှန်ကန်သည်။ လက်ထပ်စာချုပ်ကို စောစောစီးစီးချုပ်ဆိုထားခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

ရမ်သဲ့ထန်၌ ယဲ့ရှောင်ရှောင် အလုပ်လုပ်နေစဉ် လုဟန်ချွမ် ရောက်ရှိလာခဲ့သည်။ လုဟန်ချွမ်မှာ စစ်ယူနီဖောင်းဖြင့် အလွန်မျက်စိကျစရာ ကောင်းနေသဖြင့် ဆေးခန်းထဲသို့ ဝင်လာသည်နှင့် လူပေါင်းများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပါသည်။

“တဆိတ်လောက်ပါ အစ်ကို၊ ဆေးခန်းပြမလို့လား၊ ဒါမှမဟုတ် ဆေးလာထုတ်တာလားရှင့်”

ဆေးခန်းထဲ လုဟန်ချွမ်တစ်ယောက် ဟိုကြည့်ဒီကြည့် လုပ်နေသည်မြင်ပြီး ရမ်သဲ့ထန်၏ အကူသူနာပြုလေးတစ်ဦးက လာရောက်မေးမြန်းလိုက်ပါသည်။

လုဟန်ချွမ်က ပြန်ဖြေသည်။

“ဒေါက်တာ ယဲ့ရှောင်ရှောင် ရှိလား၊ သူ့ကိုလာရှာတာပါ”

လုဟန်ချွမ်၏ အသံကို ကြားသောအခါ သူနာပြုမလေး ရင်ထဲမှ သက်ပြင်းချမိသည်။ ရုပ်ရည်ချောမောသည့်အပြင် အသံကလည်း ယောက်ျားပီသလှပါသည်။

“ဒေါက်တာယဲ့နဲ့ တွေ့ဖို့ဆိုရင် ရက်ချိန်းကြိုယူရပါမယ်ရှင့်”

ယခုအခါတွင် ဒေါက်တာယဲ့ထံ လာရောက်ပြသသည့် လူနာအရေအတွက်မှာ နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်အောင် များပြားလှပေသည်။

ထို့အပြင် ဒေါက်တာယဲ့မှာ နေ့တိုင်းဂျူတီထိုင်လေ့မရှိဘဲ အခြားလုပ်စရာရှိသည့်နေ့များတွင် နေ့တစ်ဝက်သာ ဆေးခန်းထိုင်လေ့ ရှိပါသည်။

လုဟန်ချွမ်က ရှင်းပြသည်။

“ဆေးခန်းလာပြတာ မဟုတ်ပါဘူး၊ ကျုပ်က သူ့ကောင်လေးပါ”

“ဪ!”

သူနာပြုမလေး မျက်လုံးများ ပြူးကျယ်သွားရသည်။ ဒေါက်တာယဲ့တွင် ကောင်လေးအမှန်တကယ် ရှိနေလေသည်။

“အပေါ်ထပ်က အခန်း ၂၀၃ မှာပါ၊ ဒေါက်တာယဲ့ရဲ့ ရုံးခန်းက ဒုတိယထပ်မှာ ရှိပါတယ်”

လုဟန်ချွမ် ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

“ရ… ရပါတယ်ရှင်”

ဤမျှ ယောကျ်ားပီသသည့် လူတစ်ဦးနှင့် စကားပြောဆိုရလျှင် မည်သူမဆို ရှက်သွေးဖြာမိကြပါလိမ့်မည်။

လုဟန်ချွမ်လည်း ဒုတိယထပ်သို့ တက်လာခဲ့သည်။

ရုံးခန်းထဲတွင် လူနာများ ရှိနေသေးသဖြင့် လူနာအားလုံး ပြန်ထွက်လာသည့်အခါကျမှ ရုံးခန်းထဲ သူဝင်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်သည် မနက်ခင်း၏ နောက်ဆုံးလူနာကို နှုတ်ဆက်ပြီးနောက် ရုံးခန်းထဲတွင် အညောင်းအညာ ဖြေနေပါသည်။

ယဲ့ချန်းရှန့်က ‌ပေကျင်းတွင် ရှိနေဆဲဖြစ်၍ နေ့လယ်ခင်းတွင် သူနှင့်အတူတူ လျှောက်လည်ဖို့ စီစဉ်ထားသည်။ ထို့ကြောင့် ယနေ့လည်း နေ့တစ်ဝက်သာ ဆေးခန်းထိုင်ဖို့ ရည်ရွယ်ထားသည်။

ယဲ့ချန်းနင်ကမူ သူမကို အလုပ်ပင်မလုပ်စေချင်သေးဘဲ ရက်အနည်းငယ်လောက် ထပ်မံအနားယူစေချင်နေပါသေးသည်။

လုဟန်ချွမ် တံခါးကို တွန်းဖွင့်ကာ ဝင်လာသောအခါ ယဲ့ရှောင်ရှောင် အကြောဆန့်နေသည့် အချိန်နှင့် တည့်တည့် တိုးတော့သည်။

“ရှင်ဒီကို ဘာလာလုပ်တာလဲ”

ယဲ့ရှောင်ရှောင်က လုဟန်ချွမ်ကို အူတူတူဖြင့် စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

“ဧကန္တ… ဆေးခန်းပြဖို့ ရက်ချိန်းယူထားတာလား”

လုဟန်ချွမ်က တိုးညှင်းစွာ ရယ်မောလိုက်သည်။

“ဘာလဲ… ဒေါက်တာယဲ့က ကျုပ်ကို ကျန်းမာရေးစစ်ပေးချင်လို့လား”

ယဲ့ရှောင်ရှောင်က သူ့ကို ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။

“လက်ပေးပါ”

လုဟန်ချွမ် မျက်ခုံးပင့်သွားသည်။

“တကယ်ကြီးလား”

ယဲ့ရှောင်ရှောင်: “ကျွန်မကို တွေ့ဖို့ ဒီအထိတောင် လာခဲ့တာဆိုတော့ ရောဂါတစ်ခုခု ဖြစ်နေလို့များလား”

ပြောပြောဆိုဆိုနှင့် လုဟန်ချွမ်၏ လက်ကောက်ဝတ်ပေါ်သို့ သူမလက်ကို တင်ထားပြီးပါပြီ။

အနောက်မြောက်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်ရင်း လုဟန်ချွမ် ဒဏ်ရာ ရရှိခဲ့သည်။ ပြင်ပဒဏ်ရာဖြစ်သော်လည်း ယဲ့ရှောင်ရှောင်ကမူ နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးပေးသည့် သဘောဖြင့် အတည်ပေါက် လေးလေးနက်နက် ဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်က အလွန်ကျန်းမာနေပြီး သူမထက်ပင် ပိုမိုသန်စွမ်းသေးသည်ဟု ကောက်ချက် ချလိုက်ရတော့သည်။

“ရှင့်ကျန်းမာရေးက… တော်တော်ကောင်းပါတယ်”

ယဲ့ရှောင်ရှောင် လက်ကို ပြန်ရုတ်သိမ်းလျက် ပြောလိုက်သည်။

လုဟန်ချွမ်: “စိတ်ချပါ၊ ကိုယ်က နှစ်တိုင်း ကျန်းမာရေး စစ်ဆေးရတယ်၊ ဘာရောဂါမှ မရှိဘူး”

ယဲ့ရှောင်ရှောင် အရွဲ့တိုက်ကာ ရယ်မောလိုက်သည်။

“အရင်တစ်ခေါက်က ဒဏ်ရာဒဏ်ချက်နဲ့ ပြန်လာတာ ဘယ်သူပါလိမ့်”

“…”

လူတစ်ဦး၏ ကျန်းမာရေးက မည်မျှပင် ကောင်းမွန်နေပါစေ၊ ပြင်ပထိခိုက်ဒဏ်ရာ ရရှိမှုကိုမူ မည်သူမှ ကာကွယ်နိုင်မည် မဟုတ်ချေ။

သို့သော် လုဟန်ချွမ် ပြန်မပြောရဲပါ။ ယနေ့ လက်ထပ်စာချုပ်ချုပ်မည့် ကိစ္စအတွက် ဇနီးလောင်းလေးနှင့် တိုင်ပင်ဖို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ စကားနိုင်လုဖို့ ရောက်ရှိလာခြင်း မဟုတ်ပေ။

ထို့ကြောင့် သူယူဆောင်လာသည့် လက်ထပ်ခွင့် အစီရင်ခံစာ အတည်ပြုချက်ကို ယဲ့ရှောင်ရှောင်အား ပြသလိုက်သည်။

ထိုအတည်ပြုချက်စာလွှာကို ဖတ်ရှုပြီးမှ လုဟန်ချွမ်ရောက်ရှိလာရသည့်အကြောင်းအရင်းကို ယဲ့ရှောင်ရှောင် နားလည်သွားခဲ့ရတော့သည်။

“အခုချက်ချင်း လက်မှတ်သွားထိုးမှာလား”

ယဲ့ရှောင်ရှောင် မတ်တပ်ထရပ်လိုက်သည်။

“အိမ်ပြန်ပြီး အဝတ်အစားလဲလိုက်ဦးမယ်”

လုဟန်ချွမ် ရယ်ရခက်ငိုရခက် ဖြစ်သွားခဲ့သည်။

“မလောပါနဲ့ဦး၊ နေ့ကောင်းနေ့မြတ် မရွေးတော့ဘူးလား”

ယဲ့ရှောင်ရှောင်၏ နှုတ်မှ စကားလုံးများ အလိုလျောက် ထွက်ကျလာလေသည်။

“ရှင်နဲ့အတူရှိနေရတဲ့ နေ့ရက်တိုင်းက နေ့ကောင်းနေ့မြတ်ပဲလေ”

လုဟန်ချွမ်သည် ကျွမ်းကျင်မိတ်ကပ်စတူဒီယိုတစ်ခုသို့ သွားသင့်၊ မသွားသင့်ကိုပါ တိုင်ပင်လိုက်ပါသည်။ မင်္ဂလာဓာတ်ပုံ ရိုက်ကူးဖို့အတွက် ဆံပင်များကိုလည်း ပြင်ဆင်ဖို့ လိုအပ်သေးသည်။

ယဲ့ရှောင်ရှောင်သည် ဤခေတ်အခါက ရေပန်းစားသော မျက်နှာအဖွေးသားနှင့် နီနီရဲရဲ ပါးနီများကို မြင်ယောင်ကာ ချက်ချင်း ငြင်းဆန်လိုက်လေသည်။

“နေပါစေတော့၊ မိတ်ကပ်ကိုတော့ ကျွန်မဖာသာ ပြင်လိုက်မယ်”

လုဟန်ချွမ်ကမူ စစ်ယူနီဖောင်း ဝတ်ဆင်ထားပြီးသားဖြစ်၍ အဝတ်အစားလဲစရာ မလိုတော့ချေ။

ယဲ့ရှောင်‌ရှောင် အိမ်ပြန်သွားပြီး အနီရောင်ဝတ်စုံတစ်ခုကို လဲလှယ်ဝတ်ဆင်ကာ မိတ်ကပ်ပါးပါးလေး လိမ်းလိုက်ပါသည်။

သူမ၏ အသားအရေက သဘာဝအတိုင်း ဖြူစင်ဝင်းပနေပြီးသားဖြစ်၍ မိတ်ကပ်ပါးပါးလေး အုပ်လိုက်ရုံဖြင့် နူးညံ့သိမ်မွေ့သော ဆွဲဆောင်မှုကို ပိုမို ထင်ရှားသွားစေခဲ့သည်။

ရိုးရှင်းသော ပြင်ဆင်မှုတစ်ခုသာ ဖြစ်သော်လည်း လုဟန်ချွမ်အတွက်မူ မျက်တောင်ပင် မခတ်နိုင်လောက်အောင် မှင်သက်သွားရလောက်သည့်အထိ လုံလောက်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင်က ရည်ရွယ်ချက်ရှိရှိ ကျီစယ်ကာ မေးလိုက်သည်။

“ကျွန်မ လှရဲ့လား”

လုဟန်ချွမ်မှာ စကားပင်ကျယ်ကျယ် မပြောနိုင်တော့ဘဲ တိုးညှင်းစွာ ရေရွတ်လိုက်တော့သည်။

“အရမ်းလှပါတယ်”

All Chapters