အခန်း ၃၀၈
Vol. 31 Ch. 308
📗 Chapter 308
မြောင်စွေ့ဖန်းသည်လည်း ကလေးနှစ်ဦး တရားဝင် လက်ထပ်စာချုပ်ချုပ်ဆိုမည့် နေ့ရက်အား မျှော်လင့်စောင့်စားနေခဲ့သည်မှာ ကြာပါပြီ။
ကလေးနှစ်ဦး စတွဲခါစအချိန်ကဆိုလျှင် သူမ စိတ်ပူမိလောက်သော်လည်း ယခုအခါတွင်မူ သူတို့နှစ်ဦး တွဲလာကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကာ ဗိုလ်မှူးလုကလည်း သစ္စာရှိ၊ အားကိုးထိုက်သူတစ်ဦးဖြစ်ကြောင်း အကြိမ်ကြိမ်အခါခါ သက်သေပြခဲ့ပြီးပြီဖြစ်၍ တတ်နိုင်သမျှ အမြန်ဆုံး အခြေချနိုင်လျှင် အကောင်းဆုံး ဖြစ်ပါလိမ်မည်။
မြောင်စွေ့ဖန်းသည် ရှေးခေတ်လူကြီးမိဘများ၏ အတွေးအခေါ်များကို လက်ကိုင်ပြုထားဆဲဖြစ်ပြီး အိမ်ထောင်ပြုပြီးမှသာ တည်ငြိမ်အေးချမ်းသည့် ဘဝကို အမှန်တကယ် ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ထားပါသည်။
ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းအား အချိန်ရလျှင် တစ်မိသားစုလုံးကို ခေါ်ဆောင်၍ ပေကျင်းသို့ အလည်လာရန် တိုက်တွန်းလိုက်သည်။
ပေကျင်းတွင် တစ်မိသားစုလုံး တည်းခိုနေသည့် အိမ်ဝင်းတစ်ခုကို သူမ ပိုင်ဆိုင်ထားပါပြီ။
မြောင်စွေ့ဖန်းက ဆိုသည်။
“သမီးတို့ မင်္ဂလာဧည့်ခံပွဲ ကျင်းပတဲ့အချိန်ကျရင်တောင် မွေးရပ်မြေကလူတိုင်း လာနိုင်မှာ မဟုတ်လောက်ဘူး၊ မိသားစုအရင်းအချာလောက်ပဲ ခေါ်လာလို့ရမှာ၊ တခြားသူတွေကတော့ ဒီလောက်ဝေးတဲ့ခရီးကို လာချင်ကြမှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်သည်လည်း ယဲ့မိသားစု၏ အခြားသော ဆွေမျိုးအသိုင်းအဝိုင်းများအကြောင်း သိပ်မသိလှပါ။
ထို့အပြင် ပေကျင်းမြို့သည် ပိုင်ချွမ်ရွာနှင့် အလွန်ဝေးကွာလှသဖြင့် သာမန်ဆွေမျိုး သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများအနေဖြင့် ဤမျှဝေးလံသော ခရီးကို အမှန်တကယ် လာချင်ကြမည် မဟုတ်လောက်ပေ။
ထို့ကြောင့် နောက်ပိုင်း အချိန်ရမှ ရွာသို့ပြန်ကာ ဧည့်ခံပွဲနောက်တစ်ခု ကျင်းပပေးလိုက်ဖို့ ရှိပါသည်။
“အလုပ်တွေ အရမ်းမလုပ်ဘဲ ပျော်ပျော်သာနေနော် ရှောင်ရှောင်”
ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါ အမေ”
ဖုန်းချပြီးနောက် နေ့လယ်ခင်း တွေ့ဆုံပွဲအတွက် မည်သည့်အဝတ်အစားများ ဝတ်သွားရမည်ကို ယဲ့ရှောင်ရှောင် စတင်ရွေးချယ်လေတော့သည်။
သူမတွင် အဝတ်အစားအသစ်များစွာ ရှိနေပါသည်။ တက္ကသိုလ်ကျောင်းသူဘဝက ရိုးရိုးရှင်းရှင်းသာ ဝတ်စားခဲ့သော်လည်း ယခုမူ ကျောင်းပြီးသွားပြီဖြစ်၍ သိမ်းဆည်းထားသမျှ အားလုံးကို ထုတ်ဝတ်ကြည့်နိုင်ပါပြီ။
တောက်ပပြီး ကျော့ရှင်းလှသည့် အနီရောင်စကော့ကွက် ဂါဝန်လေးကို သူမ ရွေးချယ်ဝတ်ဆင်လိုက်သည်။
လုဟန်ချွမ်လည်း ယခုတစ်ခါ စစ်ယူနီဖောင်းကို မဝတ်ဆင်ဘဲ အတန်အသင့် သပ်သပ်ရပ်ရပ်ရှိလှသော ဝတ်စုံကိုသာ ဝတ်ဆင်ထားပါသည်။
သီးသန့်အခန်းတစ်ခန်း ကြိုယူထားရန် သူတို့နှစ်ဦး ပေကျင်းဂရန်းဟိုတယ်သို့ စောစီးစွာ ရောက်ရှိလာခဲ့ကြသည်။ သူတို့နှစ်ဦးနောက်တွင် ပထမဆုံး ရောက်ရှိလာသူက ယဲ့ချန်းနင်ပင်။
အခြားသူများကို ကြိုဆိုဖို့ လုဟန်ချွမ် အောက်ထပ်သို့ ရောက်ရှိနေချိန်ကို အခွင့်ကောင်းယူကာ ယဲ့ရှောင်ရှောင်အား ယဲ့ချန်းနင် တီးတိုး ပြောလိုက်ပါသည်။
“ဘာလို့ ရုတ်တရက်ကြီးလဲ၊ မိသားစုကိုတောင် ကြိုအသိမပေးဘူး”
ယဲ့ရှောင်ရှောင်က မသိနားမလည်သော ပုံစံလေးဖြင့် ပြန်ပြောလိုက်သည်။
“တစ်လ၊ နှစ်လအတွင်းမှာပဲလို့ သမီးပြောထားတယ်လေ”
ယဲ့ချန်းနင် ဆွံ့အသွားရသည်။
“တစ်လနှစ်လနဲ့ တစ်ရက်နှစ်ရက်က တူလို့လား! ဒါပေမယ့် နင်တို့နှစ်ယောက် လက်ထပ်သင့်နေပြီ ဆိုတာတော့ မှန်ပါတယ်၊ ဒီ့ထက်သာ အချိန်ထပ်ဆွဲနေရင် နင်တို့နှစ်ယောက် လမ်းခွဲကြတော့မှာလို့တောင် ငါထင်မိလောက်တယ်”
ယဲ့ရှောင်ရှောင်: “သမီး လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားတာတောင် မကြာသေးဘူး၊ နိမိတ်မရှိတာတွေ မပြောစမ်းပါနဲ့”
ယဲ့ရှောင်းနင်သည် အလွန်ထူသည့် အနီရောင် စာအိတ်တစ်လုံးကို ထုတ်ကာ ယဲ့ရှောင်ရှောင်၏ လက်ထဲ ထိုးထည့်ပေးလိုက်ပါသည်။
“ငါဘာမှ ကြိုပြင်မထားမိဘူး၊ နောက်ရက်တွေကျမှ နင့်အတွက် လက်ဆောင်တစ်ခု ခမ်းခမ်းနားနား ပြင်ပေးပါ့မယ်”
ယဲ့ရှောင်ရှောင်သည် အစ်ကိုဖြစ်သူပေးသည့် စာအိတ်နီလေးကို သေချာသိမ်းဆည်းထားလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကို၊ သမီးအတွက် ဘာခမ်းခမ်းနားနား လက်ဆောင်မှ မလိုပါဘူး၊ ဒီစာအိတ်နီနဲ့တင် လုံလောက်ပါပြီ”
“ဘယ်ဖြစ်မလဲ၊ ငါ့မှာ ညီမလေးဆိုလို့ ဒီတစ်ယောက်ပဲရှိတာ၊ နင့်ကိုမပေးရင် ဘယ်သူ့ကို သွားပေးရမှာလဲ”
ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်နှင့် ယဲ့ချန်းရှန့်တို့ကို အခန်းထဲအရင်ဝင်ထိုင်နှင့်ဖို့ ပြောလိုက်ပြီး သူမကမူ ဆရာကြီးစုန့်အား ကြိုဆိုဖို့ အပြင်တွင် စောင့်မျှော်နေခဲ့ပါသည်။
ထိုစဉ် ခပ်လှမ်းလှမ်းမှ သုတ်သုတ်ပျာပျာ လျှောက်လာသည့် အဘွားလုအား ယဲ့ရှောင်ရှောင် လှမ်းမြင်လိုက်ရသည်။
“အဘွား၊ ဘာလို့ အလောတကြီး လမ်းလျှောက်လာတာလဲ”
ယဲ့ရှောင်ရှောင်သည် အဘွားအိုအား ချက်ချင်း သွားတွဲပေးလိုက်ပါသည်။
အဘွားလုသည် သူမ၏ ရင်ခွင်ထဲတွင် သေတ္တာငယ်လေးတစ်လုံးကို ပွေ့ပိုက်ထားလေသည်။
“ရှောင်ရှောင့်ကို အဘွားမြန်မြန် တွေ့ချင်လို့ပေါ့”
ထို့နောက် အဘွားလုသည် သူမတစ်လမ်းလုံး သယ်ဆောင်လာခဲ့သည့် သေတ္တာငယ်လေးအား ယဲ့ရှောင်ရှောင်၏ လက်ထဲသို့ လွှဲပြောင်းပေးလိုက်တော့သည်။ ထို့နောက် အပေါ်တက်လာသည့် လုဟန်ချွမ်နှင့် အခြားသူများကို ခိုးကြောင်ခိုးဝှက် လှည့်ကြည့်ကာ ယဲ့ရှောင်ရှောင်အား ပြောလိုက်သည်။
“အိမ်ပြန်ရောက်မှ ဖွင့်ကြည့်နော် ရှောင်ရှောင်”
ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။
“ဟုတ်ကဲ့ပါ”
လုရှင်းကျိုးနှင့် ယွင်ချန်းရှို့တို့နှစ်ဦးလည်း မအားလပ်သည့်အကြားမှ အချိန်ဖဲ့ကာ ရောက်ရှိလာခဲ့ပါသည်။
ဤသည်မှာ ကလေးနှစ်ဦး၏ ဘဝအတွက် အရေးပါလှသော အချိန်ဖြစ်ရာ သူတို့မည်မျှပင် အလုပ်များနေကြပါစေ ရောက်အောင် လာသင့်ပါသည်။
အတန်ကြာသောအခါ ဆရာကြီး စုန့်ကွမ်းကျင့်လည်း ရောက်ရှိလာသည်။
ယခုရောက်ရှိလာကြသူများမှာ အဓိကအားဖြင့် အနီးကပ် မိသားစုဝင်များသာဖြစ်ကြ၍ ရိုးရှင်းသည့် မိသားစု နေ့လယ်စာစားပွဲလေးတစ်ခု ဖြစ်နေလေတော့သည်။
ယွင်ချန်းရှို့နှင့် လုရှင်းကျိုးတို့နှစ်ဦးက လုမိသားစုကိုယ်စား စကားအနည်းငယ် ပြောခဲ့ပါသည်။
သူတို့နှစ်ဦးစလုံး ရှောင်ရှောင့်ကို အလွန်သဘောကျနှစ်သက်ကြသည်။ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ရပြီးနောက်တွင် နောက်ဆုံးတွင်တော့ ချွေးမတစ်ဦးကို ပိုင်ဆိုင်နိုင်ခဲ့ကြပါပြီ။
ယွင်ချန်းရှို့သည် ရှောင်ရှောင်၏ လက်ကလေးကို ဆုပ်ကိုင်လျက် ပြောလိုက်သည်။
“ရှောင်ရှောင်၊ သမီးအတွက် အမေလက်ဆောင်တစ်ခု စီစဉ်ထားတယ်၊ ရှောင်းချွမ်လေး ကလေးဘဝကတည်းက အဲ့ဒီပစ္စည်းကို အမေ ပြင်ဆင်ထားတာပါ၊ အမေတို့အိမ်ကို သမီး လာဖြစ်တဲ့တစ်နေ့ကျရင် ထုတ်ပေးမယ်နော်၊ ဒီနေ့တော့ အလောတကြီး လာခဲ့ရတာမို့လို့ စာအိတ်နီလေးတစ်လုံးပဲ ပြင်ဆင်လာနိုင်တယ်ကွယ်”
လုဟန်ချွမ် အသက် ၁၈ နှစ် ပြည့်စဉ်ကတည်းက ယွင်ချန်းရှို့သည် သားဖြစ်သူ၏ အနာဂတ် အိမ်ထောင်ရေးအတွက် အရင်းအနှီးများစွာကို ကြိုတင်ပြင်ဆင်ထားခဲ့ပါသည်။
ထိုစောင့်ဆိုင်းမှုက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ယနေ့တွင်မူ သူမ စိတ်လုံးလုံး ချနိုင်ခဲ့လေပြီ။
ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမဟုတ်သည့်အတွက် ယခုအချိန်တွင် ပေးအပ်သော စာအိတ်နီသည် ပုံမှန်အားဖြင့် ယောက္ခများအား ခေါ်ဝေါ်ပုံ ပြောင်းလဲခြင်းအတွက် ပေးအပ်သော ‘လက်ဆောင်’သဘောမျိုးပင် ဖြစ်ပေသည်။
ပုံမှန်အားဖြင့် ပမာဏက အလွန်များပြားလေ့ရှိကာ အချို့မိသားစုများက ရာဂဏန်း၊ အချို့က ထောင်ဂဏန်းအထိ ပေးတတ်ကြပါသည်။
ယွင်ချန်းရှို့ပေးသည့် စာအိတ်နီထဲတွင်မူ မည်မျှပါဝင်သည်ကို သေချာမသိနိုင်ပေ။ သို့သော် ချက်လက်မှတ်တစ်စောင်သာ ထည့်သွင်းပေးထားခြင်းဖြစ်၍ အလွန်ပါးလွှာလှပါသည်။
“ကျေးဇူးတင်ပါတယ် ဒေါ်လေး”
ယဲ့ရှောင်ရှောင်က ယဉ်ကျေးသိမ်မွေ့စွာ ကျေးဇူးတင်လိုက်ပါသည်။
ယွင်ချန်းရှို့က ညင်ညင်သာသာ အမှန်ပြင်ပေးလိုက်သည်။
“အမေ့ကို ခေါ်တဲ့ပုံစံ ပြောင်းရတော့မယ်လေ ရှောင်ရှောင်”
ယဲ့ရှောင်ရှောင်ကလည်း သိတတ်လိမ္မာစွာ စကားနားထောင်လိုက်သည်။
“အမေ”
ယွင်ချန်းရှို့ အလွန်ဝမ်းမြောက်သွားရပါသည်။
“လိမ္မာလိုက်တာ!”
ထိုအခါ လုရှင်းကျိုးကလည်း မျှော်လင့်တကြီး လှမ်းကြည့်နေသဖြင့် သူ့ကိုလည်း ယဲ့ရှောင်ရှောင် ချန်လှပ်ထား၍ မဖြစ်ပေ။
“အဖေ”
ထိုအခါမှ လုရှင်းကျိုး သွားပေါ်အောင် ပြုံးမိတော့သည်။ လုရှင်းကျိုးမှာ ပုံမှန်အားဖြင့် ခက်ခက်ထန်ထန်သာ နေတတ်သဖြင့် ဤကဲ့သို့ နူးညံ့သိမ်မွေ့သော မျက်နှာထားမျိုးကို ပြခဲလှပါသည်။
ယဲ့ရှောင်ရှောင်၏ ဘေးတွင် ထိုင်နေသည့် လုဟန်ချွမ်ပင် အဖေဖြစ်သူ၏ မျက်နှာကို ကြည့်ရင်း အံ့အားသင့်နေရသည်။
‘သူငယ်ငယ်က သားရေခါးပတ်နဲ့ရိုက်ပြီး ဆုံးမခဲ့တဲ့ အဖေကော ဟုတ်သေးရဲ့လား’
လုဟန်ချွမ်သည် ယဲ့ချန်းနင်ထက် အသက် ၁ နှစ် ပိုကြိးသော်လည်း မိသားစုအဆင့်အတန်း သတ်မှတ်ချက်အရ ယခုဆိုလျှင် သူ့ကို ‘အကိုယောက်ဖ’ဟုပင် ခေါ်ဆိုရပါတော့မည်။
နောက်ဆုံးတော့ ယဲ့ချန်းနင်တစ်ယောက် လုဟန်ချွမ်၏ ရှေ့တွင် ခေါင်းမော့ ရင်ကော့နိုင်ခဲ့လေပြီ။
သတို့သမီး၏ အစ်ကိုဖြစ်သူဟူသော ဂုဏ်ကို အပြည့်အဝ ထုတ်သုံးလျက် လုဟန်ချွမ်အတွက် ယဲ့ချန်းနင် အရက်အတင်း ငှဲ့ပေးလေတော့သည်။
သို့သော် လုဟန်ချွမ်က တုတ်တုတ်မျှ မလှုပ်ခင်မှာပင် ယဲ့ချန်းနင်ကိုယ်တိုင် အမူးလွန်သွားခဲ့တော့သည်။
“ငါ… ငါသတိပေးထားမယ်နော်… မင်း… မင်းငါ့ညီမလေးကို အနိုင်ကျင့်ဖို့မကြိုးစားနဲ့”
ယဲ့ချန်းနင်တစ်ယောက် အာလေးလျှာလေးဖြင့် စကားကို မပီမသပြောကာ လုဟန်ချွမ်အား သတိပေးလိုက်သည်။ ပြန်ရတော့မည့်အချိန်တွင်မူ ယဲ့ချန်းရှန့်က တွဲခေါ်သွားရသည့် အခြေအနေထိ ရောက်ရှိသွားခဲ့ပါသည်။
ကံကောင်းစွာဖြင့် ကျန့်နန်လည်း ပါလာသဖြင့် သူ့ကို ကူတွဲပေးပြီး အိမ်ပြန်ရောက်သည်အထိ ကားဖြင့် မောင်းပို့ပေးနိုင်သည်။ မဟုတ်ပါက ယဲ့ချန်းရှန့်ကဲ့သို့ ပိန်ပိန်ပါးပါးပုံစံနှင့် ယဲ့ချန်းနင်အား အကြာကြီး တွဲပေးနိုင်မည်မဟုတ်ပေ။
ယဲ့ရှောင်ရှောင်က လမ်းတွင် ကားကိုဖြည်းဖြည်းမောင်းရန် ကျန့်နန်အား မှာကြားလိုက်ပါသည်။
“တာ့တာနော် စတုတ္ထအစ်ကို၊ မနက်ဖြန်ကျရင်လည်း လျှောက်လည်ဖို့ သမီးလာခဲ့ဦးမယ်၊ ကျောင်းကို အလောတကြီး ပြန်စရာမလိုဘူးမလား”
ယဲ့ချန်းရှန့်က ခေါင်းခါလိုက်ပါသည်။ သို့သော် ကားထဲမဝင်မီ ယဲ့ရှောင်ရှောင်အား လှည့်ကြည့်လိုက်ပြီး နောက်ဆုံးစကားတစ်ခွန်း ပြောခဲ့ပါသည်။
“ရှောင်ရှောင်၊ ပျော်ပျော်နေနော်”
ယဲ့ရှောင်ရှောင် ခေတ္တကြောင်စီစီ ဖြစ်သွားသော်လည်း တောက်တောက်ပပ ပြုံးကာ ခေါင်းညိတ်ပြလိုက်ပါသည်။
“ဟုတ်ကဲ့ပါအစ်ကို”
ထိုအခါမှ ယဲ့ချန်းရှန့် စိတ်ချက်လက်ချ ကားပေါ်တက်သွားပြီး ထွက်ခွာသွားလေတော့သည်။
သူနှင့် ယဲ့ရှောင်ရှောင်တို့သည် အတူတူကြီးပြင်းလာကြသူများ မဟုတ်သော်လည်း ယဲ့ရှောင်ရှောင် ရောက်ရှိလာစဉ်ကတည်းက သူတို့မိသားစုအတွက် မရေမတွက်နိုင်သော ကံကောင်းခြင်းများစွာကို သယ်ဆောင်လာပေးခဲ့သည်။
ယဲ့ရှောင်ရှောင်သည် သူတို့မိသားစု၏ ခွဲခြား၍ မရနိုင်သော အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပါပြီ။ ရှောင်ရှောင် တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်စေဖို့ ယဲ့ချန်းရှန့် စိတ်ရင်းဖြင့် အမှန်တကယ် ဆုတောင်းပေးမိတော့သည်။
အစ်ကိုဖြစ်သူတို့အား နှုတ်ဆက်ပြီးနောက် ဆရာကြီးစုန့်အား နှုတ်ဆက်ဖို့ ယဲ့ရှောင်ရှောင် ပြင်လိုက်ပါသည်။
စုန့်ကွမ်းကျင့်သည်လည်း ဤကဲ့သို့နေ့ရက်မျိုးကို စောင့်မျှော်နေခဲ့သည်မှာ အလွန်ကြာပါပြီ။
“မင်္ဂလာဧည့်ခံပွဲက ဘယ်တော့ ကျင်းပမှာလဲ၊ ဒီတစ်ခါတော့ အလောတကြီး လုပ်လို့မရဘူးနော်”
ယဲ့ရှောင်ရှောင်က စုန့်ကွမ်းကျင့်၏ လက်ကို တွဲလျက် ကလေးတစ်ဦးပမာ ပြုမူလိုက်သည်။
“သမီးသိပါတယ် ဆရာကြီးရဲ့၊ လက်ထပ်စာချုပ် ချုပ်မယ့်ကိစ္စကိုလည်း ဆရာကြီးကို ကြိုအသိမပေးခဲ့မိတာ သမီးအမှားပါ၊ စိတ်မဆိုးပါနဲ့နော်”
စုန့်ကွမ်းကျင့်က မျက်စပစ်လျက် ဆိုသည်။
“ငါက ဘာလို့စိတ်ဆိုးရမှာလဲ၊ နင့်ကို သူများလှည့်စားတာ ခံရမှာစိုးလို့ ပြောနေတာ”
ဘေးနားတွင် လုဟန်ချွမ်တစ်ယောက် ထီးထီးကြီး မတ်တပ်ရပ်နေပါသေးသည်။ ဆရာကြီးစုန့်၏ စကားကိုကြားသောအခါ မျက်ခုံးသာ ပင့်လိုက်ပြီး ဘာမှ ဝင်မပြောခဲ့ပေ။
ယဲ့ရှောင်ရှောင်က သံယောင်လိုက်ကာ ဆိုလိုက်သည်။
“ဆရာကြီးသာရှိရင် သမီးကို ဘယ်သူက လှည့်စားရဲမှာလဲ”
စုန့်ကွမ်းကျင့်: “အဲ့တာဆို မနက်ဖြန် အိမ်မှာ ညစာလာစားလှည့်”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်သဘောတူလိုက်သည်။
“ဟုတ်ကဲ့ပါ”
တစ်ဖက်တွင်မူ အဘွားလုကလည်း လုဟန်ချွမ်အား နားပူနားဆာလုပ်နေပါသည်။
“နင်တို့နှစ်ယောက် ဒီနေ့ည အိမ်မှာ လာမအိပ်ကြဘူးလား”
မြို့ထဲတွင် လုဟန်ချွမ်ပိုင်ဆိုင်သည့် အိမ်ပေါင်းများစွာ ရှိမှန်း အဘွားလုသိသော်လည်း ရှောင်ရှောင်နှင့် တရားဝင် လက်ထပ်ပြီးသွားပြီဖြစ်၍ မိသားစုအိမ်တွင် ခေတ္တ လာနေသင့်ပါသည်။
လုဟန်ချွမ်က အဘွားဖြစ်သူအား ချော့ပြောလိုက်သည်။
“ရက်ပိုင်းလောက်နေရင် လာခဲ့ပါ့မယ် အဘွားရဲ့၊ ပြီးတော့ အဘွားလည်း အိမ်ပြန်ရောက်ရင် ဖုန်းတွေဆက်ရဦးမှာ မဟုတ်ဘူးလား၊ ရှောင်ရှောင်နဲ့ ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ အဘွားရဲ့ အစ်မကြီးတွေကို ဖိတ်ရဦးမယ် မလား”
ထိုအခါမှ အဘွားလုသည် သူမ၏ တာဝန်ဝတ္တရားများကို သတိရသွားပုံပေါ်ပါသည်။
“ဒါပေါ့ သူတို့ကို ဖိတ်ရမှာပေါ့! ဒါဆို ငါအိမ်ပြန်ရောက်တာနဲ့ ဖုန်းဆက်လိုက်မယ်၊ တော်ကြာ အဝေးကြီးမှာ နေတဲ့လူတွေက အချိန်မီ ရောက်မလာနိုင်ဘဲ နေဦးမယ်”
သူမတွင် လုပ်ဆောင်ရမည့် တာဝန်များ ရှိနေသေးမှန်း သတိရသွားပြီးနောက် အဘွားလုသည် မြေးဖြစ်သူကိုပင် ဂရုမစိုက်တော့ဘဲ အိမ်သို့ အမြန်ပြန်ပို့ပေးဖို့ ယာဉ်မောင်းအား အမိန့်ပေးလိုက်တော့သည်။
ဘေးမှနားထောင်နေသည့် အဘိုးလုသည်လည်း သူ၏ ရဲဘော်ရဲဘက်ဟောင်းများကို ဖိတ်ကြားရမည်ဟု တွေးလိုက်မိပါသည်။ ရဲဘော်ရဲဘက်ဟောင်းကြီးများနှင့် မတွေ့ဆုံရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ယခုမင်္ဂလာပွဲက အခွင့်ကောင်းတစ်ခု ဖြစ်လာနိုင်သည်။
လုရှင်းကျိုးသည် အဘွားလုအား လမ်းကိုဖြည်းဖြည်းလျှောက်ဖို့ အကြိမ်ကြိမ်မှာကြားသော်လည်း အဘွားလုက လုံးဝ နားမထောင်ပေ။ အဖေဖြစ်သူအားလှည့်ကြည့်လိုက်ပြန်တော့လည်း ထိုနည်းလည်းကောင်းပင်။
မိဘနှစ်ပါးစလုံးအတွက် သူဘယ်သောအခါမှ စိတ်အေးနိုင်မည် မဟုတ်ပါ။
တစ်ဖက်တွင် ယွင်ချန်းရှို့ကလည်း ရှောင်ရှောင်နှင့်အတူ အိမ်တွင် ရက်အနည်းငယ် လာနေဖို့ လုဟန်ချွမ်အား မှာကြားနေပါသည်။
လုမိသားစုမှ စီစဉ်ထားသည့် မင်္ဂလာလက်ဖွဲ့များကို ရှောင်ရှောင့်အား ပေးဖို့ လိုသေးသည်ဟု ယွင်ချန်းရှို့ အကြောင်းပြချက် ပေးခဲ့သည်။
လုဟန်ချွမ်ကလည်း မိသားစုတိုင်း ညွှန်ကြားချက်တိုင်းကို သဘောတူလက်ခံခဲ့ပါသည်။