အခန်း ၃၀၉
Vol. 31 Ch. 309
📗 Chapter 309
ယဲ့ရှောင်ရှောင်သည် လူကြီးသူမများအားလုံးကို နှုတ်ဆက်ပြီးခါမှ အဘွားလုပေးထားသည့် သေတ္တာငယ်လေးကို ပွေ့ပိုက်ကာ ကားထဲဝင်သွားခဲ့ပါသည်။
“အထဲမှာ ဘာပါတယ်လို့ထင်လဲ၊ အဘွားက အိမ်ပြန်ရောက်မှကြည့်ဖို့ ပြောထားတယ်”
ယဲ့ရှောင်ရှောင်သည် ကားထဲရောက်သည်နှင့် သေတ္တာငယ်လေးအား ဖွင့်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။
လုဟန်ချွမ်ကမူ ကားမောင်းဖို့သာ အာရုံစိုက်ထားပြီး သေတ္တာထဲတွင် ဘာပါသည်ကို စိတ်ဝင်စားပုံ မပေါ်ပေ။
“အဘွားပေးတဲ့ပစ္စည်းဆိုတော့ အကောင်းဆုံးတွေပဲဖြစ်မှာပေါ့”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်ထောက်ခံလိုက်ပြီး သေတ္တာငယ်လေးကို ဟစိလေးဖွင့်ကြည့်လိုက်သည်။ သို့သော် အထဲမှပစ္စည်းကို ရိပ်ခနဲမြင်လိုက်ရသည်နှင့် ချက်ချင်း ပြန်ပိတ်ပစ်လိုက်ပါသည်။
“အစိမ်းရောင်လေး မြင်လိုက်ရသလိုပဲ”
ဒုတိယအကြိမ် ထပ်ဖွင့်ကြည့်လိုက်သောအခါတွင်မူ တန်ဖိုးကြီး လက်ဝတ်ရတနာများစွာကို မြင်လိုက်ရလေသည်။
ရိပ်ခနဲမြင်လိုက်ရသော အစိမ်းရောင်လေးမှာလည်း အရည်အသွေးမြင့်သည့် ကျောက်စိမ်းလက်ဝတ်ရတနာများမှ အရောင်ပြန်နေခြင်း ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်သည် လက်ဝတ်ရတနာများအကြောင်း ကောင်းကောင်းမသိသော်လည်း ယခင်ဘဝက တန်ဖိုးကြီး ရတနာများစွာကို မြင်ခဲ့ဖူးသည်။
ဤကဲ့သို့ အရည်အသွေးမြင့်သည့် လက်ဝတ်ရတနာများကို ခေတ်သစ်တွင် ရောင်းချမည်ဆိုပါက သန်းရာမကျော်လျှင်ပင် အနည်းဆုံး သန်းဆယ်ချီပြီး ရနိုင်ပေသည်။
လုဟန်ချွမ်က တိုးညှင်းစွာ ရယ်မောသည်။
“အဘွားက ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိတဲ့ မျိုးကြီးရိုးကြီးက ဆင်းသက်လာတာလေ၊ အဘိုးနဲ့ လက်ထပ်တုန်းကဆိုရင် အဘွားဘက်က ခန်းဝင်ပစ္စည်းတွေကို ကုန်တင်ကားနဲ့ အပြည့်သယ်လာရတာ၊ အဲ့ထဲက ဘယ်ပစ္စည်းကိုပဲ ရွေးကြည့်ကြည့် အကုန်အဖိုးမဖြတ်နိုင်တာတွေချည့်ပဲ”
လုဟန်ချွမ်ငယ်စဉ်ကတည်းက သူအရွယ်ရောက်လာ၍ အိမ်ထောင်ပြုလျှင် ထိုရတနာမျာအားလုံးက သူနှင့် အနာဂတ်ဇနီးလောင်းလေးအတွက်သာဖြစ်မှန်း အဘွားဖြစ်သူအကြိမ်ကြိမ်အခါခါ ပြောခဲ့ဖူးပါသည်။
သို့သော် လုဟန်ချွမ်သည် အိမ်ထောင်ပြုရန်အတွက် အဘွားဖြစ်သူ၏ စည်းစိမ်ချမ်းသာအပေါ် အမှီပြုရန် စိတ်ကူး မရှိခဲ့ချေ။
ထို့အပြင် ငယ်စဉ်ကတည်းက ထိုကဲ့သို့ ရတနာများကို အမြတ်တနိုး တန်ဖိုးထားရကောင်းမှန်း မသိခဲ့သဖြင့် ယခုချိန်အထိ စိတ်ဝင်စားမှုမရှိဘဲ ထိုရတနာများသည် အခြားသူများအတွက် မည်သည့်အတွက်ကြောင့် ဆွဲဆောင်မှုရှိနေရမှန်းကိုလည်း လုဟန်ချွမ် နားမလည်နိုင်သေးပေ။
ယဲ့ရှောင်ရှောင်က တီးတိုး ရေရွတ်လိုက်သည်။
“အရမ်းတခမ်းတနားကြီး ဖြစ်မနေဘူးလား”
ထို့နောက် သူမ၏ လက်ကောက်ဝတ်ပေါ်တွင် ဝတ်ဆင်ထားသည့် လက်ကောက်လေးကို သတိရကာ လုဟန်ချွမ်အား မေးမြန်းလိုက်သည်။
“ဒီလက်ကောက်ကကော အဘွားပိုင်တဲ့ ပစ္စည်း မဟုတ်လောက်ပါဘူးနော်”
ဤကဲ့သို့ ‘လရောင်ဖြူ’အရည်အသွေးရှိသည့် ကျောက်စိမ်းဖြူမျိုးမှာ အလွန်ရှားပါးလွန်းပါသည်။
လုဟန်ချွမ်က ပြန်ဖြေသည်။
“အဘွားဟာ မဟုတ်ပါဘူး၊ ရှောင်ရှောင်နဲ့ အရမ်းလိုက်လောက်တယ်လို့ ခံစားရလို့ ကိုယ့်ဖာသာကိုယ် ဝယ်လာခဲ့တာ”
ရှောင်ရှောင်သည် ငယ်ရွယ်နုပျိုပြီး ဖြူစင်ဝင်းပသည့် အသားအရေကို ပိုင်ဆိုင်ထားပါသည်။ ထို့ကြောင့် ဤကဲ့သို့ ကြည်လင်တောက်ပသော အရောင်လေးများက သူမနှင့် အလိုက်ဖက်ဆုံးပင် ဖြစ်သည်။
ယဲ့ရှောင်ရှောင် ပြုံးသွားသည်။
“ရှင်အမြင်ရှိသားပဲ”
လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့၏ မင်္ဂလာဧည့်ခံပွဲကို မကြာမီကျင်းပတော့မည်ဟူသော သတင်းမှာ စစ်တပ်ဝင်းတစ်ခုလုံးတွင် အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကို ကြားရသည့်အခါ လူအများစုက မင်္ဂလာသတင်းဖြစ်သည်ဟု သတ်မှတ်ကြသော်လည်း ဟောက်မိသားစုနှင့် ရှုမိသားစုဝင်များကမူ အများနည်းတူ စိတ်မချမ်းသာနိုင်ပေ။
ထိုသတင်းကို ကြားပြီးနောက် ရှုကျမ့်လီတစ်ယောက် ယဲ့ရှောင်ရှောင်ကို သွားတွေ့ချင်စိတ်ဖြင့် ဂနာမငြိမ် ဖြစ်နေလေသည်။
“အစ်မရှောင်ရှောင် နိုင်ငံခြားက ဘယ်အချိန်ပြန်ရောက်လာတာလဲတောင် ငါမသိဘူး!”
ယဲ့ရှောင်ရှောင် နိုင်ငံခြားသို့ရောက်ရှိနေသည့် ၂ နှစ်တာ ကာလအတွင်း လိပ်စာကိုမသိသဖြင့် ရှုကျမ့်လီမှာ သူမထံသို့ စာဖြင့်ပင် ဆက်သွယ်၍ မရခဲ့ပေ။
ထို့အပြင် ယဲ့ရှောင်ရှောင် နိုင်ငံခြားမှ ပြန်ရောက်လာပြီး ချက်ချင်းဆိုသလိုပင် အနောက်မြောက်ပိုင်းဒေသသို့ ထွက်သွားခဲ့ရသဖြင့် ယခုမှ သူမ၏ အကြောင်းကို ရှုကျမ့်လီ ကြားခဲ့ရခြင်း ဖြစ်ပါသည်။
ထိုစဉ် ကျောက်ဟုံရှားက အောက်ထပ်သို့ ဆင်းလာရင်း ပြောလိုက်သည်။
“အဲ့ကောင်မလေး လုဟန်ချွမ်နဲ့ တကယ်လက်ထပ်နိုင်လိမ့်မယ်လို့ ထင်မထားဘူး၊ နှစ်တွေအများကြီး ကြာတာတောင် လုဟန်ချွမ်က တခြားဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတာ၊ လုမိသားစုကလည်း သားလုပ်တဲ့လူကို အိမ်ထောင်အမြန်ပြုဖို့ မတိုက်တွန်းကြဘူး”
ရှုကျမ့်လီက ချေပသည်။
“လျှောက်တွေးမနေစမ်းပါနဲ့ အမေရာ၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင်ပြေပြီးသား၊ ပြီးတော့ လုဟန်ချွမ်က ငတုံးမှ မဟုတ်တာ၊ အစ်မရှောင်ရှောင်ထက် သာတဲ့သူ ဘယ်မှာရှိလို့လဲ”
“နင်လည်း ဘွဲ့ရတော့မှာနော်၊ ကောင်မလေး ဘယ်အချိန်ရှာမှာလဲ”
ကျောက်ဟုံရှားက သားဖြစ်သူဘက်သို့ မြားဦးလှည့်လိုက်လေသည်။
ရှုကျမ့်လီမှာ သူ့ပစ္စည်းများကို အမြန်သိမ်းဆည်းရင်း တံခါးမကြီးဆီသို့ ပြေးသွားခဲ့ပါသည်။
“တော်ပါဗျာ၊ အစ်ကိုကြီးတို့အိမ်ကိုသွားပြီး ကလေးမြန်မြန်ယူဖို့သာ နားပူနားဆာ သွားလုပ်စမ်းပါ!”
ကျောက်ဟုံရှားသည် သားဖြစ်သူအား လှမ်းတားသော်လည်း ရှုကျမ့်လီမှာ အိမ်ထဲမှ သုတ်သုတ်ပျာပျာ ထွက်ပြေးသွားပါသည်။
သို့သော် ရှုကျမ့်လီ ပြောခဲ့သည့်စကားကြောင့် သူမရင်ထဲ လှုပ်ခတ်သွားရသည်။ ၃ နှစ်ကြာသည့်တိုင်အောင် သူမ မြေးချီခွင့် မရသေးပေ။
သားကြီးလက်ထပ်ပြီးစဉ်ကတည်းက ကလေးယူဖို့ သူမ နားပူနားဆာလုပ်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဟောက်ယန်ယန်၏ အထည်လုပ်ငန်းက တိုးတက်အောင်မြင်လာပြီး မိသားစုအတွက် ဝင်ငွေများစွာကို ရှာဖွေပေးနိုင်ခဲ့သဖြင့် ကျောက်ဟုံရှားလည်း ချွေးမဖြစ်သူကို ဖိအားပေးတိုက်တွန်းဖို့ ရှက်ရွံ့လာခဲ့ပါသည်။
ထို့ကြောင့် ဤပြဿနာမှာ ၃ နှစ်တိတိ ကြာမြင့်သွားခဲ့ရသည်။
‘မဖြစ်ဘူး… ဒီနေ့ပဲ သားကြီးတို့အိမ်ကို သေချာပေါက် သွားမှဖြစ်မယ်’
တစ်ချိန်တည်းမှာပင် ဟောက်အိမ်တော်၌…
ဟယ်ချောင်းရှန့်သည်လည်း ယဲ့ရှောင်ရှောင်၏ သတင်းကို ကြားမိပါသည်။
သူမရင်ထဲ မနာလိုစိတ်တစ်ခု ဖြစ်ပေါ်လာမိသည်။
‘ငါ့သမီးအရင်းက အဲ့မိန်းမရဲ့ သမီးကို လုံးဝ မယှဉ်နိုင်တော့ဘူးလား’
မူလက ယဲ့ရှောင်ရှောင် နိုင်ငံခြားသွားတော့မည်ဟူသော သတင်းကို ကြားပြီးနောက် သူမနှင့် လုဟန်ချွမ်တို့ ကျိန်းသေပေါက် လမ်းခွဲရလိမ့်မည်ဟု ဟယ်ချောင်းရှန့် ခန့်မှန်းထားခဲ့သည်။
သို့သော် ၃ နှစ်ကြာသည့်အခါ မင်္ဂလာဧည့်ခံပွဲပင် ကျင်းပတော့မည်ဟူသည့် သတင်းအား ကြားရလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဟောက်ချန်းပင်လည်း အိမ်တွင် ရှိနေသဖြင့် ထိုသတင်းကိုကြားပြီးနောက် မကျေမနပ် ညည်းတွားမိပါသည်။
“အရင်က မိသားစုတွေအကြား ခါးခါးသီးသီးဖြစ်အောင် မလုပ်ခဲ့ရင် အကောင်းသား၊ ရှောင်ရှောင်ကို အရွယ်ရောက်တဲ့အထိ ငါတို့ ပျိုးထောင်ပေးခဲ့တာ၊ လုမိသားစုနဲ့ ဆွေမျိုးတော်တာက ရှုမိသားစုနဲ့ ဆွေမျိုးတော်တာထက် အများကြီး ပိုအကျိုးရှိမှာ”
နဂိုကတည်းက စိတ်အခြေအနေ မကြည်လင်သဖြင့် ခင်ပွန်းဖြစ်သူ၏ စကားကို ကြားပြီးနောက် ဟယ်ချောင်းရှန့် ချက်ချင်းဒေါသထွက်သွားခဲ့သည်။
“အခုတော့ နောင်တရနေပြီပေါ့ ဟုတ်လား၊ ကျွန်မကို လက်ထပ်ခဲ့မိတာကိုကော နောင်တရနေပြီလား”
ဟောက်ချန်းပင် သက်ပြင်းချမိသည်။
“မင်းဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေပြန်ပြီလဲ”
ဟယ်ချောင်းရှန့်က ဒေါကြီးမောကြီး ငေါက်လိုက်သည်။
“ကျွန်မကို မသိဘူးများထင်နေလား! ရှင်က မြောင်စွေ့ဖန်းလို အိမ်မှုကိစ္စနိုင်နင်းပြီး အစွမ်းအစရှိတဲ့ မိန်းမမျိုးကိုမှ သဘောကျတာမလား၊ သူနဲ့ ယှဉ်ရင် ကျွန်မက ဘာမှမဟုတ်ဘူးလို့ ခံစားနေရတယ်မလား၊ ဟား… ဒါပေမယ့် စိတ်တော့ မကောင်းစရာပဲ၊ သူက ရှင့်ကို လှည့်ကြည့်မယ့်အစား ရွာပြန်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဘဝမှာပဲ နေသွားခဲ့တာနော်”
ဟောက်ချန်းပင်သည် ထိုစွပ်စွဲစကားများကြောင့် လုံးဝ ဆွံ့အသွားခဲ့ရသည်။
သူသည် ငယ်စဉ်က ယဲ့ကျန်းကော်၏ အိမ်သို့သွားရောက်ကာ ထမင်းကပ်စားခဲ့ဖူးပြီး မရီးဖြစ်သူအား ချီးကျူးစကား အနည်းငယ် ပြောဖူးရုံသာရှိပါသည်။
ထိုလုပ်ရပ်များက ဟယ်ချောင်းရှန့်၏ နှုတ်ဖျားသို့ရောက်ရှိသောအခါ အလွန် ယုတ်ညံ့သည့် စွပ်စွဲစကားများအဖြစ် အသွင်ပြောင်းလဲသွားခဲ့ရသည်။
ယခင်က သူတို့နှစ်ဦးကို အမှန်တကယ် နှိုင်းယှဉ်ဖူးသည်ဆိုသော်လည်း သူ့အား အပြစ်တင်၍ မရပေ။
ထိုစဉ်က ဟယ်ချောင်းရှန့်သည် မိသားစု၏ ဝင်ငွေကို သုံးစွဲပြီး တစ်လအတွင်းမှာပင် အဝတ်အစားလေးစုံ ဝယ်ခဲ့သဖြင့် လကုန်သောအခါ သူတို့ စားသောက်ဖို့ပင် ငွေအလုံအလောက်မရှိဘဲ ဖြစ်ခဲ့ရပြီး ပေါက်စီများကို ဟင်းသီးဟင်းရွက် ဆားရည်စိမ်များဖြင့် တွဲဖက်ကာ မနည်းမျိုချခဲ့ရပါသည်။
ထိုအဖြစ်ကို မကြည့်ရက်သဖြင့် ယဲ့ကျန်းကော်တို့ လင်မယားက သူတို့အိမ်တွင် လာစားဖို့ မကြာခဏ ဖိတ်ကြားခဲ့ဖူးသည်။
ထို့ကြောင့် ဟယ်ချောင်းရှန့်သည်လည်း မရီးမြောင်စွေ့ဖန်းကဲ့သို့ အိမ်မှုကိစ္စ နိုင်နင်းလျှင် သိပ်ကောင်းမည်ဟု သူ့နှုတ်မှ တစ်ခါတရံ ရေရွတ်မိခဲ့ပါသည်။
သို့သော် ထိုစကားလုံးများကို ဟယ်ချောင်းရှန့်က ယနေ့အထိ အမှတ်ရနေဆဲဖြစ်ကာ စကားများ ရန်ဖြစ်တိုင်းလည်း လက်နက်သဖွယ် ထုတ်သုံးလေ့ရှိသည်။
“ဟယ်ချောင်းရှန့်၊ မင်းငါ့ကို ကြိုက်သလို ရန်ရှာလို့ရတယ်၊ ဒါပေမယ့် ငါ့ကိုယ်ကျင့်သိက္ခာကိုတော့ မစော်ကားနဲ့နော်!”
ဟောက်ချန်းပင် သတင်းစာကို ဘေးသို့ ပစ်ချလိုက်ပြီး ပစ္စည်းများကို သိမ်းဆည်းကာ အိမ်မှထွက်သွားဖို့ ပြင်လိုက်ပါသည်။ မသွားမီ ဟယ်ချောင်းရှန့်အား သူပြောခဲ့သည်။
“ရှောင်ရှောင်က လက်ထပ်တော့မှာ၊ မင်းသူ့ကို ဂုဏ်သွားမပြုနိုင်ဘူးဆိုရင်တောင် ပြဿနာတော့ မရှာနဲ့နော်၊ ငါတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း ထည့်တွက်ဦး၊ စစ်တပ်ဝင်းတစ်ခုလုံးက အထင်အမြင်သေးမယ့် လုပ်ရပ်မျိုး မလုပ်နဲ့”
ထိုစကားက ဟယ်ချောင်းရှန့်၏ ဒေါသမီးကို ပိုမိုတောက်လောင်သွားစေပါသည်။
‘ဟုတ်ပါတယ် ဟုတ်ပါတယ်! အခုတော့ ငါက အိမ်မှုကိစ္စမနိုင်နင်းရုံတင်မဟုတ်ဘူး သူ့အမြင်မှာ ကောက်ကျစ်တဲ့ မိန်းမဖြစ်နေပြီပေါ့!’
ရင်ထဲတွင် မခံမရပ်နိုင်အောင် ခံစားနေရပြီး ရင်ဖွင့်စရာလူလည်း မရှိသဖြင့် သမီးဖြစ်သူထံသို့သာ ဟယ်ချောင်းရှန့် ဖုန်းဆက်ရတော့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဟောက်ယန်ယန်သည် အလွန်လိမ်လိမ်မာမာ နေထိုင်ခဲ့ပြီး သူမ၏ အထည်လုပ်ငန်းမှာလည်း တဖြည်းဖြည်းနှင့် တိုးတက်အောင်မြင်လာခဲ့ပါသည်။
လုပ်ငန်းကြီးဟု မခေါ်ဆိုနိုင်သေးသော်လည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်တည်ထောင်နိုင်ခဲ့ပြီဖြစ်ကာ မကြာသေးမီက ကိုယ်ပိုင်အထည်စက်ရုံတစ်ရုံ ဖွင့်လှစ်ဖို့ကိုပင် အစီအစဉ်ဆွဲခဲ့ပါသေးသည်။
အမေဖြစ်သူထံမှ ဖုန်းဝင်လာသောအခါ ဖုန်းတစ်ဖက်မှ ညည်းညူသံများကို နားထောင်ရင်း ဟောက်ယန်ယန် မျက်မှောင်အနည်းငယ် ကြုတ်မိသည်။
“အမေကလည်း… အဲ့ကိစ္စတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စတွေလေ၊ အဲ့တာတွေကိုပဲ ထပ်ခါတလဲလဲ ပြောနေရင် အဖေလည်း စိတ်ဆိုးမှာပေါ့”
ဟယ်ချောင်းရှန့်က မကျေမနပ် မေးလိုက်သည်။
“အဲ့တာဆို နင်လည်း ငါ့အပြစ်လို့ ထင်တယ်ပေါ့”
ခုတလော အမေဖြစ်သူ၏ စိတ်အခြေအနေ ပိုမိုဆိုးရွားလာသည်ဟု ဟောက်ယန်ယန် ခံစားမိသည်။ ၎င်းမှာ သွေးဆုံးကိုင်သည့် လက္ခဏာဖြစ်နိုင်သဖြင့် စနစ်တကျ ဆေးသောက်သုံးရန် လိုအပ်ပါသည်။
“အဲ့လိုဟုတ်ပါ့မလား အမေရဲ့၊ သမီးက အမေ့ဘက်မှာပဲ အမြဲတမ်း ရပ်တည်မှာ၊ အဖေဆိုရင်တောင် သမီးရင်ထဲက အမေ့ရဲ့ အဆင့်ကို မယှဉ်နိုင်ဘူး”
သမီးဖြစ်သူ၏ နှစ်သိမ့်စကားကို ကြားရမှ ဟယ်ချောင်းရှန့် စိတ်အနည်းငယ် ပြေလျော့သွားခဲ့ပါသည်။
“ယဲ့ရှောင်ရှောင်က လုဟန်ချွမ်နဲ့ လက်ထပ်နိုင်မယ်မှန်းသာ ငါကြိုသိခဲ့ရင် နင့်ကိုလည်း ရှုကျမ့်ဝမ်နဲ့ အလောတကြီး မပေးစားခဲ့ပါဘူး၊ ငါတို့ နည်းနည်းလောက် ထပ်ရွေးခဲ့ရင် ရှုမိသားစုထက် ပိုသာတဲ့ မိသားစုကို တွေ့ရလောက်မှာ”
ဟောက်ယန်ယန် နှုတ်ခမ်းများစည်းတင်းသွားခဲ့ပြီး သူမရင်ထဲတွင်လည်း မကျေနပ်ချက်အချို့ ဖြစ်တည်လာခဲ့ပါသည်။
‘ဘာလို့လဲ…၊ ယဲ့ရှောင်ရှောင်က ငါ့ဘဝ ဆယ်စုနှစ် တစ်စုစာကို လုယူခဲ့တဲ့အပြင် ဘာလို့ ငါ့ထက်ပိုသာတဲ့ နိဂုံးမျိုးကို ပိုင်ဆိုင်သွားရတာလဲ၊ ယဲ့ရှောင်ရှောင်လို လူမျိုးက ပိုင်ချွမ်ရွာမှာပဲနေပြီး လီသဲ့ရှုလိုကောင်နဲ့ လက်ထပ်သင့်တာ!’
လီသဲ့ရှုအကြောင်းကို စဉ်းစားမိခါမှ သူလည်း ယခုချိန်ထိ စိတ္တဇဆေးရုံတွင် ပိတ်လှောင်ခံထားရဆဲဖြစ်ကြောင်း ဟောက်ယန်ယန် သတိရသွားခဲ့သည်။
စိတ်အခြေအနေ ပုံမှန်မဟုတ်တော့သော်ငြား အသက်တော့ ရှင်နေပါသေးသည်။
ယခင်ဘဝက ဟောက်ယန်ယန်သည် လီသဲ့ရှုနှင့် လက်ထပ်ခဲ့ရသော်လည်း ယခုဘဝတွင်မူ မိမိ၏ ဘဝကို ယဲ့ရှောင်ရှောင်နှင့် ပြန်လည် လဲလှယ်နိုင်ခဲ့ပြီဖြစ်၍ လီသဲ့ရှုနှင့် အမှန်တကယ် လက်ထပ်ရမည့်သူမှာ ယဲ့ရှောင်ရှောင်သာ ဖြစ်သင့်ပေသည်။