← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

📗 Chapter 310

ရင်ထဲတွင် မလိုမုန်းထားမှုပေါင်းများစွာ ဆူပွက်လာသဖြင့် ဟောက်ယန်ယန်သည် စိတ်ကျန်းမာရေး ဆေးရုံရှိ လီသဲ့ရှုထံသို့ သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့တော့သည်။

ယဲ့ရှောင်ရှောင်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေရုံမျှသာဆိုလျှင်ပင် လီသဲ့ရှု၌ အသုံးချစရာ တန်ဖိုး ရှိနေသေးသည့် သဘောပင်။

သားအမိနှစ်ယောက် စကားကောင်းနေစဉ် အိမ်တံခါးပွင့်သွားပြီး ရှုကျမ့်ဝမ် ဝင်လာခဲ့ပါသည်။

ဟောက်ယန်ယန်က ဖုန်းအမြန်ချဖို့ ပြင်လိုက်သည်။

“အမေ၊ ကျမ့်ဝမ်ပြန်လာပြီ၊ သမီးဖုန်းချလိုက်တော့မယ်နော်”

ရှုကျမ့်ဝမ်သည် ယခုအချိန်တွင် မြို့တော်ရုပ်မြင်သံကြားဌာန၏ သတင်းကဏ္ဍတွင် လက်ထောက်ညွှန်ကြားရေးမှူးရာထူးကို ရရှိထားခဲ့ပါပြီ။

နှစ်အနည်းငယ်အတွင်း ရှုကျမ့်ဝမ်၏ ရာထူးတိုးသည့် နှုန်းက အလွန်မြန်ဆန်လှသည်ဟု ဆိုရပေမည်။ မိသားစုနောက်ခံ အရှိန်အဝါက အထောက်အကူပြုနိုင်သော်လည်း အဓိကအားဖြင့် ရှုကျမ့်ဝမ်ကိုယ်တိုင်က အရည်အချင်းရှိခြင်းကြောင့် ဖြစ်ပါသည်။

“ပြန်လာပြီလား”

ဟောက်ယန်ယန် ဖုန်းချကာ ရှုကျမ့်ဝမ်အား ကြိုဆိုလိုက်သည်။

၃ နှစ်တာကာလအတွင်း ဟောက်ယန်ယန်သည် ယခင်ကကဲ့သို့ ကလေးဆန်ပြီး မရင့်ကျက်သည့် စိတ်ဓာတ်အား စွန့်လွှတ်ခဲ့သည်မှာ ကြာပါပြီ။

သခင်မရှုဟူသော ဂုဏ်လည်းရှိ၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သဖြင့် ရင့်ကျက်တည်ငြိမ်ပြီး မိမိကိုယ်မိမိလည်း ယုံကြည်မှု အပြည့် ရှိလာခဲ့ပါသည်။

ရုပ်ရည်အလှအပကို အလွယ်တကူ ပြောင်းလဲ၍ မရနိုင်သော်လည်း သူမ၏ စရိုက်လက္ခဏာမှာမူ ယခင်ကနှင့် မိုးနှင့်မြေလို ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

ရှုကျမ့်ဝမ်သည်လည်း ယခင်ကထက် ပိုမိုရင့်ကျက်လာပြီး နူးညံ့သိမ်မွေ့ကာ ပညာတတ်ဆန်သော အရှိန်အဝါမျိုးကို သယ်ဆောင်ထားပါသည်။

ဟောက်ယန်ယန်နှင့် ရှုကျမ့်ဝမ်တို့၏ အိမ်ထောင်ရေးအခြေအနေမှာ အဆင်ပြေသည်ဆိုသော်လည်း အလွန်အမင်း ချိုမြိန်နေခြင်းတော့ မဟုတ်လှပေ။

ဇနီးဖြစ်သူ၏ ကြိုဆိုမှုကို ရှုကျမ့်ဝမ် တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လျက် တုံ့ပြန်ခဲ့ပါသည်။

“အင်း”

ဟောက်ယန်ယန်သည် သူ့ထံမှ အိတ်ကို ကူသယ်ပေးရင်း အကြံပြုလိုက်သည်။

“ဒီနေ့ အလုပ်ဆင်းတာ စောတယ်နော်၊ အပြင်မှာ လမ်းလျှောက်ထွက်ကြရအောင်လေ”

ဟောက်ယန်ယန်သည် ခုတလော အထည်စက်ရုံတည်ဆောက်ဖို့အတွက် တည်နေရာရှာဖွေရင်း အလုပ်များနေခဲ့သဖြင့် ခင်ပွန်းဖြစ်သူအား အချိန်သိပ်မပေးနိုင်ခဲ့ပေ။

“ဒီနေ့မနက် အလုပ်လုပ်ရတာ နည်းနည်းပင်ပန်းလာလို့ မင်းတစ်ယောက်တည်းပဲ သွားလိုက်ပါ”

ရှုကျမ့်ဝမ်၏ စိတ်အခြေအနေမှာ ကြည်လင်နေပုံသိပ်မရပေ။

ဟောက်ယန်ယန်၏ ရင်ထဲတွင်လည်း အနည်းငယ် အောင့်သက်သက် ဖြစ်သွားရသည်။

‘အိမ်ပြန်လာတိုင်း ဘာလို့ အဲ့လိုစိတ်မပါလက်မပါ ဖြစ်နေရတာလဲ၊ ဧကန္တ အပြင်မှာ တခြားတစ်ယောက်ယောက်နဲ့ တွေ့နေတာလား’

သို့သော်လည်း ထိုအတွေးများမှာ သူမ၏ အာရုံထဲ တစ်စက္ကန့်မျှသာ ဖြတ်ခနဲ ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားရပါသည်။

ယခုအချိန်တွင် စက်ရုံတည်ဆောက်မည့် ကိစ္စကတစ်ဖက်၊ အိမ်ထောင်သက် နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း ယခုချိန်ထိ သားသမီးမထွန်းကားသေးသည့် ကိစ္စကတစ်ဖက်နှင့် သူမ အလွန်ခေါင်းကိုက်နေရပါသည်။

ယောက္ခမဖြစ်သူက အမြဲမပြတ် နားပူနားဆာလုပ်နေရုံသာမကဘဲ သူမကိုယ်တိုင်လည်း အတော်လေး စိုးရိမ်ပူပန်နေမိပါပြီ။

ကလေးတစ်ယောက်ရှိလာမှသာ ယောက်ျားတစ်ယောက် ခြေငြိမ်သွားလိမ့်မည်ဟု ဟောက်ယန်ယန် ယုံကြည်ထားသည်။

ရှုကျမ့်ဝမ် အပြင်ထွက်ဖို့ စိတ်ကူးမရှိသဖြင့် ဟောက်ယန်ယန်က သိတတ်လိမ္မာပြီး နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောလိုက်ပါသည်။

“အဲ့တာဆို ကျွန်မ အပြင်ခဏလောက်ထွက်လိုက်ဦးမယ်နော်၊ ပြန်လာရင် ညစာချက်ပေးပါ့မယ်”

ဟောက်ယန်ယန်ထွက်သွားပြီး သိပ်မကြာလိုက်ဘဲ ကျောက်ဟုံရှား ရောက်ရှိလာခဲ့သည်။

အိမ်တွင် ရှုကျမ့်ဝမ်တစ်ဦးတည်းသာရှိသည်ကို မြင်သဖြင့် မကျေမနပ် စတင်ညည်းညူတော့သည်။

“ယန်ယန်ဘယ်မှာလဲ၊ အလုပ်ကိစ္စနဲ့ အပြင်သွားပြန်ပြီလား၊ မိန်းမသားတစ်ယောက်ဖြစ်ပြီး အိမ်မှုကိစ္စကို ပိုဂရုစိုက်သင့်တာပေါ့”

ရှုကျမ့်ဝမ်က ပြန်ပြောသည်။

“သူ့လုပ်ငန်းက တော်တော်လေး အောင်မြင်နေလို့ပါ၊ ပြီးတော့ အိမ်မှုကိစ္စမှာလည်း မလစ်ဟင်းပါဘူး”

ရှုကျမ့်ဝမ်သည် ဟောက်ယန်ယန်အား နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်း မရှိသော်လည်း သူတို့နှစ်ဦး အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ခင်ပွန်းတစ်ဦးအနေဖြင့် ကာကွယ်ပြောဆိုပေးသင့်သည်ဟု ခံစားရပါသည်။

ကျောက်ဟုံရှားကလည်း ထိုစကားကို ကြားချင်နေခြင်းပင်။

“အိမ်မှုကိစ္စမှာ မလစ်ဟင်းဘူးဆိုရင် ဘာလို့အခုချိန်ထိ ကလေးမရသေးတာလဲ၊ ငါ့သဘောအရ ပြောရရင်တော့ နင်တို့ နှစ်ယောက်စလုံး ဆေးရုံမှာ ဆေးသွားစစ်သင့်နေပြီ၊ ချို့ယွင်းချက်တစ်ခုခုရှိနေတာဆိုရင် ဘယ်လိုလုပ်ကြမလဲ”

ရှုကျမ့်ဝမ်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“ကျွန်တော်တို့က ငယ်ပါသေးတယ် အမေရဲ့၊ အဲ့လောက် လောစရာမလိုပါဘူး”

ကျောက်ဟုံရှားက လက်ထဲရှိပစ္စည်းများကို စားပွဲပေါ်သို့ အားဖြင့် ရိုက်ချကာ ပြောလိုက်သည်။

“နင်တို့ မလောပေမယ့် ငါလောတယ်ဟဲ့! နင်အိမ်ထောင်ကျတာ ဘယ်လောက်ကြာနေပြီလဲ၊ လက်တောင်မထပ်ရသေးတဲ့ လူတွေကို နင့်ထက် ပိုသာမသွားစေနဲ့!”

ရှုကျမ့်ဝမ်: “ရှုကျမ့်လီက မိန်းမယူတော့မှာလား”

ကျောက်ဟုံရှား: “ဘာကို ရှုကျမ့်လီလဲ! ငါ ယဲ့ရှောင်ရှောင်အကြောင်း ပြောနေတာ၊ သူနဲ့ လုဟန်ချွမ်တို့ မင်္ဂလာဧည့်ခံပွဲတောင် ကျင်းပကြတော့မှာတဲ့၊ သူတို့နှစ်ယောက် တကယ်ယူကြတော့မှာ ငါအခုထိ မယုံနိုင်သေးဘူး”

ထိုသတင်းကို ကြားသောအခါ ရှုကျမ့်ဝမ် မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။ ဤသို့ဖြစ်လာနိုင်လိမ့်မည်ဟု သူလည်း မျှော်လင့်မထားခဲ့ပေ။

ယခင်က သူ့နောက်သို့ တကောက်ကောက်လိုက်ကာ ပိုးပန်းခဲ့ဖူးသည့် ကောင်မလေးမှာ ယခုဆိုလျှင် သူနှင့် လုံးဝ ခြားနားလှသော ဘဝလမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိနေခဲ့ပါပြီ။

“ဟပ်ချိုး!”

ထိုစဉ် လူတိုင်း၏ ပြောစရာအကြောင်းအရာဖြစ်နေသော ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်နှင့် သူ့သူငယ်ချင်းတို့ကို သူမ၏ အိမ်ဝင်းကြီးထံသို့ ခေါ်ဆောင်ကာ လိုက်လံပြသပေးနေပါသည်။

အဆောက်အအုံ၏ အပြင်ပန်း တည်ဆောက်မှုများ အ‌ခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်ကာ ယခုအခါ ပြူတင်းပေါက်များ တပ်ဆင်ရန်နှင့် အတွင်းပိုင်း အလှဆင်ရန်သာ ကျန်ရှိတော့သည်။

နေကာအခန်းကို မတည်ဆောက်ရသေးသဖြင့် ခြံဝင်းထဲတွင် အနည်းငယ် ဗလာကျင်းဖြစ်နေသလို ခံစားရပါသည်။

အဆောက်အုံတစ်ခုလုံးကို တရုတ်ရိုးရာ ဗိသုကာလက်ရာဖြင့် ပြုပြင်ထားခြင်းဖြစ်ပြီး အိမ်မကြီးမှာ နှစ်ထပ်အဆောက်အအုံ ဖြစ်သည်။ အရှေ့ဘက် ဘေးဆောင်အိမ်၏ အမိုးကိုမူ လသာဆောင်ပုံစံဖန်တီးထားသဖြင့် အသားကင် ပါတီပွဲများ ပြုလုပ်ရန် အလွန် သင့်တော်လှပေသည်။

ဝမ်ပေါင်နျန်က မေးသည်။

“ဒီလို အိမ်ဝင်းအကြီးကြီးထဲမှာ တစ်ယောက်တည်း နေရတာ ကြောက်စရာမကောင်းဘူးလား”

အိမ်မကြီးမှနေ၍ အိမ်ဝင်းဂိတ်တံခါးသို့ သွားရောက်ဖို့အတွက်ပင် အတော်အလှမ်းဝေးပါသည်။

ယဲ့ရှောင်ရှောင်က ချေပသည်။

“ဘာမှကြောက်စရာမကောင်းပါဘူး၊ နေကာခန်းကို ဆောက်ပြီးတာနဲ့ ဒီလောက်ထိ ဟာလာဟင်းလင်းဖြစ်နေတော့မှာ မဟုတ်ဘူး၊ ပြီးတော့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေလည်း လာတည်းလို့ရတယ်လေ၊ ခွေးနှစ်ကောင်နဲ့ ကြောင်တွေလည်း မွေးဦးမှာ”

ငယ်ငယ်ရွယ်ရွယ်နှင့် ခွေးများ၊ ကြောင်များ မွေးမြူကာ သက်တောင့်သက်သာနေနိုင်မည့် ဘဝမျိုးအား ပိုင်ဆိုင်ရလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မှတ်မထားခဲ့မိပေ။

ယဲ့ချန်းရှန့်: “အစီအစဉ်တွေ အများကြီးဆွဲထားတာပဲနော်”

ယဲ့ရှောင်ရှောင်: “ဒါပေါ့! စတုတ္ထအစ်ကို နောက်ပိုင်း အိမ်ဝယ်မယ်ဆိုရင် ဒီနားမှာပဲဝယ်နော်၊ သမီးတို့ အိမ်နီးချင်းတွေ လုပ်လို့ရတယ်”

ယဲ့ချန်းရှန့်သည် တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်နေဆဲ ဖြစ်သော်လည်း ပါမောက္ခနှင့်အတူ ပရောဂျက်များကို လုပ်ဆောင်ရာမှ ကိုယ်ပိုင်ငွေအချို့ စုမိဆောင်းမိ ရှိခဲ့ပါသည်။

အိမ်တစ်လုံး ဝယ်ယူဖို့အတွက် မလုံလောက်သေးသော်လည်း ကိုယ်ပိုင်နေထိုင်စားသောက်မှုစရိတ်များအတွက်မူ လောက်ငမှု ရှိခဲ့သည်။

သို့သော် အစ်ကိုဖြစ်သူများ ပို့ပေးထားသည့် ငွေများက သုံးမကုန်နိုင်အောင် များပြားလွန်းသဖြင့် သူ့ကိုယ်ပိုင်ငွေကို ထုတ်သုံးရသည့် အချိန်က အလွန်ရှားပါသည်။

“နင့်ကို တတိယအစ်ကိုလိုမျိုး ဗီလာကြီးတွေကို သဘောကျတတ်မယ်လို့ ထင်ထားတာ”

“ဗီလာက ဘာတွေများကောင်းနေလို့လဲ၊ တတိယအစ်ကိုရဲ့ ဗီလာအိမ်ကြီးက အခုချိန်မှာ ဘယ်လောက်ပဲ ခမ်းနားနေပါစေ နောက်အနှစ် ၂၀ လောက်ကြာတဲ့အခါ သမီးရဲ့ ဒီအိမ်ဝင်းကြီးလောက် တန်ဖိုးရှိတော့မှာမဟုတ်ဘူး”

ယဲ့ရှောင်ရှောင်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် အခိုင်အမာ ပြောဆိုလိုက်ပါသည်။

သို့သော် ယဲ့ချန်းရှန့်၏ နားထဲသို့ရောက်သောအခါ ညီမဖြစ်သူ စိတ်ကူးယဉ်ဆန်နေသည်ဟုသာ ယူဆလိုက်မိသည်။

“ဟုတ်ပါတယ်၊ နင့်အိမ်ဝင်းလေးကလည်း မဆိုးပါဘူး၊ ပြီးတော့ တတိယအစ်ကိုရဲ့ ဗီလာထက်စာရင် မြို့လယ်ခေါင်နဲ့ ပိုနီးတယ်လေ”

ယဲ့ရှောင်ရှောင်က ပြောသည်။

“အခုချိန်မှာ မြို့ရဲ့ ကူးသန်းရောင်းဝယ်ရေးဇုန်တွေက အများကြီးမရှိသေးလို့ပါ၊ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာတဲ့အခါကျရင် တတိယအစ်ကိုတို့ နေရာကလည်း စည်ကားလာမှာ သေချာတယ်”

ထို့အပြင် ထိုနေရာသည် သူဌေးကြီးများသာ နေထိုင်သည့် အဖိုးတန် အိမ်ရာဝင်းဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာလည်း မိုးထိအောင် မြင့်တက်လာပါလိမ့်မည်။

အိမ်ဝင်းအား အပြည့်အဝ မပြုပြင်ရသေးသဖြင့် သူတို့သုံးဦး ခဏတာလှည့်လည်ကြည့်ရှုပြီးနောက် ပြန်ထွက်လာခဲ့ကြသည်။

ဝမ်ပေါင်နျန်နှင့် ယဲ့ချန်းရှန့်တို့ နှစ်ဦးက အနီးနားရှိ လည်ပတ်စရာနေရာများသို့ သွားရောက်ရန် ရည်ရွယ်ထားကြသည်။ ယဲ့ရှောင်ရှောင်၏ အိမ်ဝင်းသည် ပြတိုက်အတော်များများနှင့်လည်း နီးနီးကပ်ကပ် ရှိနေပါသည်။

ယဲ့ရှောင်ရှောင်ကမူ စုန့်ကွမ်းကျင့်၏အိမ်သို့ သွားရောက်ခဲ့သည်။

စုန့်ကွမ်းကျင့်: “လုဟန်ချွမ်ကို ဘာလို့ခေါ်မလာတာလဲ”

ယဲ့ရှောင်ရှောင်က ကျီစယ်သည်။

“ဆရာကြီး သူ့အကြောင်းတွေကိုတောင် မေးတတ်နေပြီပေါ့ ဟုတ်လား”

စုန့်ကွမ်းကျင့်က မျက်စပစ်ကာ ဆိုလိုက်သည်။

“နင်တို့နှစ်ယောက်က တရားဝင် အကြင်လင်မယားတွေဖြစ်နေပြီလေ၊ သူ့ကိုငါတစ်သက်လုံး အငြှိုးထားလို့ ရမှာတဲ့လား”

ယဲ့‌ရှောင်ရှောင် ရှင်းပြလိုက်သည်။

“သူစခန်းကို ပြန်သွားတယ်၊ မင်္ဂလာပွဲကျင်းပဖို့ ခွင့်ရက်သွားယူတာလေ”

ထိုအခါ စုန့်ကွမ်းကျင့်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“သူပါမလာတာလည်း ကောင်းပါတယ်၊ ဒုတိယထပ်က စာကြည့်ခန်းဆီ ခဏလိုက်ခဲ့ ရှောင်ရှောင်”

စုန့်ကွမ်းကျင့်၏ ရည်ရွယ်ချက်ကို ယဲ့ရှောင်ရှောင် မသိသော်လည်း ဆရာဖြစ်သူနောက်သို့ လိုက်ပါသွားခဲ့ပါသည်။

စုန့်ကွမ်းကျင့်သည် စာကြည့်ခန်းထဲရှိ မီးခံသေတ္တာထဲမှာ စာရွက်စာတမ်းအနည်းငယ်ကို ထုတ်ယူလိုက်သည်။

“ဒါကို အာမခံတစ်ခုလို့ သဘောထားလိုက်၊ နောင်တစ်ချိန် လိုအပ်လာတဲ့အခါကျရင် ဘဏ်မှာ သွားထုတ်လို့ရတယ်”

ယဲ့ရှောင်ရှောင် စာရွက်စာတမ်းများကို လှန်ဖတ်ကြည့်လိုက်ရာ ဘဏ်တစ်ခုရှိ လုံခြုံရေးသေတ္တာတစ်လုံးကို ဖွင့်လှစ်နိုင်သည့် စာချုပ်တစ်ခု ဖြစ်နေလေသည်။

အထဲတွင် သိမ်းဆည်းထားသော အရာများကို လျှို့ဝှက်ထားပြီး သော့တစ်ချောင်းကိုလည်း စာရွက်စာတမ်းများအကြား သေသေချာချာ ညှပ်ပေးထားပါသည်။

“အဲ့အထဲမှာ ဘာတွေ ရှိနေတာလဲ ဆရာကြီး”

“ရုပ်ဝတ္ထုပစ္စည်းတွေပါပဲ၊ ငါ့အတွက် အသုံးဝင်တာတွေလည်း မဟုတ်ဘူး”

စုန့်ကွမ်းကျင့်က ပေါ့ပေါ့တန်တန် လေသံဖြင့်သာ ပြန်ပြောလိုက်သည်။ ထိုအထဲရှိပစ္စည်းများမှာ သူ့အတွက် အမှန်တကယ် အရေးမကြီးလှဟု ခံစားရပါသည်။

စုန့်ကွမ်းကျင့်တွင် စည်းစိမ်ဥစ္စာများစွာရှိပြီး ထိုဘဏ်ထဲတွင် ထည့်သွင်းထားသည့်အရာများကလည်း အစိတ်အပိုင်း တစ်ခုသာ ဖြစ်ကြသည်။ သူ၏ စည်းစိမ်အများစုကို စုန့်ကောရှန့်က ကူညီစီမံပေးထားပါသည်။

သို့သော် တပည့်ဖြစ်သူ အိမ်ထောင်ပြုရတော့မည်ကို သူအတိုင်းထက်အလွန် ဝမ်းမြောက်မိသဖြင့် လက်ဆောင်အချို့ ပေးအပ်ခြင်းက မထူးဆန်းလှပေ။

အဘိုးအို၏ ပဟေဠိဆန်သော အပြုအမူများကို မြင်သောအခါ ယဲ့ရှောင်ရှောင်လည်း စာရွက်စာတမ်းများကို ရင်ခွင်ထဲ ထည့်ပိုက်ထားရုံသာရှိတော့သည်။

“အဲ့တာဆို သမီးယူသွားမယ်နော်”

စုန်ကွမ်းကျင့်က လက်ယမ်းပြလျက် ပြောလိုက်သည်။

“ယူသွား ယူသွား၊ ဘာပဲဖြစ်ဖြစ် နင့်မှာ အိမ်တွေ ကားတွေ ရှိပြီးသားဆိုတော့ ခန်းဝင်ပစ္စည်းအနေနဲ့ ငါပေးစရာ များများစားစား မရှိဘူး”

ယဲ့ရှောင်ရှောင်က ချေပလိုက်သည်။

“သမီးတို့လို လူငယ်တွေက အဲ့လိုအရာတွေကို ကိုယ်တိုင်ဝယ်နိုင်အောင် ကြိုးစားရမှာပေါ့ ဆရာကြီးရဲ့၊ ဆရာကြီးဆီကပဲ အစစအရာရာ တောင်းဆိုနေရင် သိုက်တူးသမားဖြစ်သွားမှာပေါ့”

စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်၏ စကားကို သိပ်နားမလည်ပေ။

“လူကြီးသူမတွေရဲ့ ပိုင်ဆိုင်မှုက နောက်ဆုံးကျရင် ကလေးတွေလက်ထဲပဲ ရောက်သွားမှာ မဟုတ်ဘူးလား၊ ငါ့သဘောထားအရဆိုရင်တော့ နင်ဘာအလုပ်မှမလုပ်ဘဲ ငါ့ကိုအိမ်မှာ အဖော်ပြုပေးနိုင်ရင် အကောင်းဆုံးပဲ”

ယဲ့ရှောင်ရှောင်က ကျီစယ်သည်။

“ဆရာကြီး တော်တော်ပြောင်းလဲသွားတာပဲ၊ အရင်ကပြောတော့ ဆရာကြီးရဲ့ ဂိုဏ်းတူအစ်ကိုကြီးတွေနဲ့ တိုက်ပွဲဆင်နွှဲချင်သေးတယ်ဆို”

“တိုက်ပွဲဆင်နွှဲချင်တယ်ဟုတ်လား၊ ဘယ်သူက တိုက်ပွဲဆင်နွှဲချင်တယ် ပြောလို့လဲ”

ဆရာကြီးစုန့်၏ မျက်နှာတစ်ခုလုံး မေးခွန်းသင်္ကေတများဖြင် ပြည့်နှက်သွားတော့သည်။

All Chapters