အခန်း ၂၁၃၁
Vol. 149 Ch. 2131
အပိုင်း ( 2131 ) ကောင်းကင်ကမ္ဘာမှ လူများ။
ပတ်ဝန်းကျင်တစ်ခုလုံး၌ နားကွဲလုမတတ် သောသောညံညံ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခဲ့သည်။
ယခုအချိန်တွင် လုမင်က အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်နေသည်ကို မည်သူမျှ သံသယမရှိပေ။
နယ်မြေဆယ်ခု တိုက်ပွဲသည် တစ်လောကလုံးရှိ ပါရမီရှင်အားလုံးကို စုစည်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဤမျိုးဆက်ကို ရွှေခေတ်ဟု လူသိများပြီး ပါရမီရှင်များ အမြောက်အမြား ပေါ်ထွက်လာသလို ကျွမ်းကျင်သူများ စုဝေးခဲ့ကြ၏။ အသန်မာဆုံးနိယာမဆယ်ခုကို နားလည်ထားသူ ကောင်းကင်သားတော် အများအပြားပင် အရံလူများအဖြစ်သို့ လျှော့ချခံခဲ့ရပြီး တစ်လောကလုံး အာရုံစိုက်မှုကို ခံခဲ့ရပေသည်။
ထိုသို့သော ပါရမီရှင်အားလုံးကို လုမင်က ကျော်ဖြတ်ကာ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူက အသန်မာဆုံးဖြစ်ကြောင်း အားလုံးကို သူ၏ခွန်အားဖြင့် သက်သေပြခဲ့ပြီ။
"သူက သိုင်းဧကရာဇ်တစ်ပါး ဖြစ်မလာခင်မှာတောင် ဒီလောက်ကြောက်ဖို့ကောင်းနေတာ။ သူ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူး"
"ဒီလို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ပါရမီမျိုးနဲ့ဆိုရင် သူ ဆက်လက်ကြီးထွားလာတာနဲ့အမျှ လောကထိပ်တန်း ကျွမ်းကျင်သူတစ်ယောက် သေချာပေါက် ဖြစ်လာမှာပဲ"
လူအများစုက လုမင်အကြောင်းကိုသာ ဆွေးနွေးလိုက်ကြသည်။
သို့သော်လည်း ယွမ်ရှင်းနှင့် ထျန်းမင်တို့မှာမူ လျစ်လျူရှုခြင်း ခံထားရပေသည်။
ကံကြမ္မာသားတော်နှင့် ကစဉ့်ကလျားသားတော်တို့သည် မူလက တောက်ပပြီး အာရုံစိုက်စရာ ဖြစ်ခဲ့သော်လည်း၊ ဤအခိုက်အတန့်တွင်မူ သူတို့၏ အရှိန်အဝါ တောက်ပမှုအားလုံးကို လူတစ်ယောက်တည်းက လုယူသွားခဲ့ပြီ ဖြစ်သည်။
"ကိုကြီးလုမင်... ကိုကြီးက အစွမ်းထက်လွန်းတယ်"
ပေါင်ပေါင်က လုမင်၏လည်ပင်းတွင် တွဲလွဲခိုထားကာ မလွှတ်ပေးတော့ပေ။
"ဆရာက သန်မာလိုက်တာ"
လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့လည်း ရောက်ရှိလာကြပြီး လုမင်ကို ရိုသေလေးစားခြင်း၊ အားကျအတုယူခြင်း အမူအရာတို့ဖြင့် ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးထဲတွင် လုမင်သည် ထာဝရအောင်နိုင်သူ ဖြစ်ပေသည်။
"လုမင်... ဂုဏ်ယူပါတယ်"
ဟွမ်လင်၊ လုံချန်နှင့် အခြားသူများလည်း လျှောက်လာကြပြီး လုမင်ကို ဂုဏ်ပြုလိုက်ကြသည်။
အမှန်အတိုင်းဆိုရလျှင်၊ လုမင်အနေဖြင့် ထျန်းမင်ကို အနိုင်ယူနိုင်ခဲ့ခြင်းက သူတို့၏ မျှော်လင့်ချက်များကိုပင် များစွာ ကျော်လွန်သွားခဲ့သည်။
"အားလုံးပဲ... ဒါက မပြီးသေးပါဘူး။ အခုက လူငယ်လေးတွေကို ဆုလာဘ်တွေ ပေးရမဲ့အချိန်ပဲ"
ဤအခိုက်အတန့်တွင် ဆံပင်ဖြူအဘိုးအို၏ အသံက ထပ်မံထွက်ပေါ်လာခဲ့ပြန်ရာ မြင်ကွင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့ရသည်။
ဟုတ်သည်၊ ယခင်က စမ်းသပ်စစ်ဆေးမှုကို အောင်မြင်ခဲ့သူများအတွက် ဆုလာဘ်များ ရှိနေသေးသည်။ သူတို့က ထိုကမ္ဘာထောင်စွန်းတစ်နေရာသို့ ဝင်ရောက်နိုင်ခဲ့ချိန်မှာပင် ကြီးမားသော အခွင့်အရေးများကို ရရှိခဲ့ကြသည်။ ယခုအခါ ဆုလာဘ်များ မရှိဘဲ အဘယ်သို့ရှိမည်နည်း။
အနည်းဆုံးတော့ ထိပ်ဆုံး ဆယ်ဦးအတွက် ဆုလာဘ်များမှာ သေချာပေါက် တုန်လှုပ်ဖွယ် ကောင်းလိမ့်မည်။
အထူးသဖြင့် ပထမနေရာ ဖြစ်သည်။
လူအများမှာ မနာလိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့ရသည်။ အားလုံးက ဆုလာဘ်များအကြောင်း သိလိုစိတ်ဖြင့် ဆံဖြူအဘိုးအိုကို ကြည့်လိုက်ကြ၏။
သို့သော်လည်း ဆုလာဘ်များက ယခင်စမ်းသပ်စစ်ဆေးမှုထက် ပိုမိုကောင်းမွန်လိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
"ဒီတစ်ကြိမ် ဆုလာဘ်က နည်းနည်း ထူးဆန်းနေလိမ့်မယ်၊ ဒါကြောင့် မင်းတို့ ခေတ္တစောင့်ဆိုင်းရမယ်။ အချိန်တန်ရင်တော့ မင်းတို့ သိရမှာပါ"
ဆံပင်ဖြူ အဘိုးအိုက ပြောဆိုပြီးနောက် ကံကြမ္မာတောင်၏ ထိပ်ဆုံးရှိ ရှေးဟောင်းယဇ်ပလ္လင်တစ်ခုထံသို့ လျှောက်သွားလိုက်သည်။
သူက သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းများက ယဇ်ပလ္လင်ထဲသို့ ဝင်ရောက်သွားခဲ့၏။
ယဇ်ပလ္လင်မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
လူတိုင်းက သိလိုစိတ်ဖြင့် မရိုးမရွ ဖြစ်နေကြသော်လည်း မမေးမြန်းတော့ဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
ဤသို့ စောင့်ဆိုင်းခြင်းက နှစ်ရက်တိုင်တိုင် ကြာမြင့်ခဲ့ပေသည်။
ထိုနေ့တွင် ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ ထူးခြားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ယံ တစ်ဝက်ကို ဖုံးလွှမ်းသွားခဲ့၏။
"ကြည့်ကြစမ်း... ဟိုမှာ တံခါးတစ်ပေါက် ရှိနေတယ်"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာ၊ အလင်းရောင် အတောက်ပဆုံး ရှိနေသည့် နေရာတွင် တံခါးတစ်ပေါက်က ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
၎င်းက အလင်းတံခါးတစ်ခု မဟုတ်ဘဲ ကြေးဖြင့် ပြုလုပ်ထားသလို ထင်ရသည်။
"ဂါး..."
တံခါးပွင့်သွားခဲ့ပြီးနောက် အတွင်းပိုင်းမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေခဲ့တော့သည်။
နဂါးဟိန်းသံ...
၎င်းမှာ အစစ်အမှန်နဂါးတစ်ကောင်၏ ဟိန်းဟောက်သံဖြစ်ကြောင်း လူတိုင်း သိလိုက်ကြရသည်။
ထို့နောက် တံခါးဝဆီမှ ခြေသံများ ထွက်ပေါ်လာသည်ကို လူတိုင်း ကြားလိုက်ရပြီး နဂါးဟိန်းသံမှာလည်း ပိုမို ကျယ်လောင်လာခဲ့၏။
ထို့နောက် လူအားလုံးက တံခါးဝမှ ထွက်လာသော အစစ်အမှန်နဂါး ကိုးကောင်ကို မြင်တွေ့လိုက်ရတော့သည်။
အစစ်အမှန်နဂါး ကိုးကောင်က ဘေးချင်းယှဉ်လျက် ရှိနေခဲ့ပြီး ကြီးမားသည့် စစ်ရထားကြီးတစ်စီးကို ဆွဲခေါ်လာခဲ့ကြခြင်း ဖြစ်သည်။
စစ်ရထားပေါ်တွင် ရုပ်သွင်အများအပြား မတ်တပ်ရပ်နေခဲ့ကြသည်။ သူတို့ထဲမှ အများစုမှာ အသက်နှစ်ဆယ်ကျော်အရွယ် ပါရမီရှင် လူငယ်များ ဖြစ်ကြပုံရ၏။ အမျိုးသားရော အမျိုးသမီးပါ ရှိနေခဲ့ကြပြီး သူတို့အားလုံးတွင် ထူးခြားသော အရှိန်အဝါများ ရှိနေခဲ့ကြသည်။
စစ်ရထားဦးပိုင်းတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားက တစ်ဦးသာ ရှိနေခဲ့ပေသည်။ သူက ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့သည်။
၎င်းက မဟာဧကရာဇ်တစ်ပါး၏ အရှိန်အဝါပင်။
စစ်ရထား၏ အမြင့်ဆုံးနေရာတွင်မူ ရုပ်သွင်တစ်ခု ထိုင်နေသည်။ သို့သော်လည်း ထိုရုပ်သွင်ကို နတ်ဘုရားအလင်းရောင်များ ဝန်းရံထားသဖြင့် သူ၏ရုပ်သွင်ကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ချေ။
လူအများအပြား အံ့ဩသွားကြသည်။
ထိုပုဂ္ဂိုလ်က မည်သူနည်း။ သူက ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး အစစ်အမှန်နဂါး ကိုးကောင်ကသော စစ်ရထားကို စီးနင်းနိုင်သည်။
ယွမ်တောင်တွင်လည်း အစစ်အမှန်နဂါးများ ရှိနေခဲ့ကြရာ ဤအခိုက်အတန့်တွင် သူတို့ထဲမှ အများစုက မျက်နှာမသာမယာ ဖြစ်နေကြတော့သည်။
အစစ်အမှန်နဂါး ကိုးကောင်ကို စစ်ရထား ဆွဲခိုင်းခြင်းမှာ အစစ်အမှန်နဂါးမျိုးနွယ်စုအတွက် အရှက်ရစရာတစ်ခု ဖြစ်သည်။
သို့သော်လည်း ထိုသက်လတ်ပိုင်း အမျိုးသားထံမှ ထွက်ပေါ်နေသော အရှိန်အဝါက ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းသည်။ သူ့ထံမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒများနှင့် အဆုံးမရှိသော လူသတ်ငွေ့များ ပြည့်နှက်နေခဲ့၏။ သူတြို့ အဆုံးမရှိသော ငရဲသို့ ရောက်ရှိနေသည့်အလား ခံစားလိုက်ကြရသည်။ မဟာဧကရာဇ် အများအပြားပင် လေးနက်တည်ကြည်သော အမူအရာများ ဖြစ်သွားခဲ့ကြရတော့သည်။
အစစ်အမှန်နဂါးများက လေဟာနယ်သို့ ခြေလှမ်းလှမ်းလိုက်ကြပြီး ကံကြမ္မာတောင်အထက်သို့ ရောက်ရှိလာကာ လေထဲတွင် ဝဲပျံနေခဲ့ကြသည်။
ဆံပင်ဖြူ အဘိုးအိုနှင့် အခြားသော မဟာဧကရာဇ်အချို့လည်း ရှေ့သို့ လှမ်းထွက်လိုက်ကြပြီး လက်ယှက်ပြကာ အရိုအသေပေးလိုက်ကြတော့သည်။
"ကောင်းကင်ကမ္ဘာက တမန်တော်တွေကို နှုတ်ခွန်းဆက်ပါတယ်"
'ဘာ... ကောင်းကင်ကမ္ဘာက တမန်တော်တွေလား'
လူတိုင်း တုန်လှုပ်သွားခဲ့ကြရသည်။
ဤလူများက အမှန်တကယ်ပင် ကောင်းကင်ကမ္ဘာမှ လာခဲ့ကြသူများဖြစ်ကြောင်း သူတို့ နောက်ဆုံးတွင် နားလည်သွားခဲ့ကြပြီ။
ကောင်းကင်ကမ္ဘာက မဟာဧကရာဇ်များအတွက် များစွာ စိမ်းသက်လိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ မဟာဧကရာဇ်များတွင် ကောင်းကင်ကမ္ဘာသို့ ဝင်ရောက်နိုင်သော လမ်းကြောင်းများ ရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း မဟာဧကရာဇ်အဆင့်အောက်ရှိ လူများအတွက်မူ ကောင်းကင်ကမ္ဘာဆိုသည်မှာ ဒဏ္ဍာရီတစ်ခု ဖြစ်ပေသည်။
ကောင်းကင်ကမ္ဘာတွင် စစ်ပွဲများ ဖြစ်ပွားနေကြောင်း အစွမ်းထက်သော အင်အားစုအများအပြားက သိရှိထားကြသော်လည်း ကောင်းကင်ကမ္ဘာသို့ တစ်ခါမျှ မရောက်ဖူးခဲ့ကြချေ။
မျိုးဆက်သစ်လူငယ်များဆိုလျှင် ပိုဝေးသည်။ ယခုအခါမှာတော့ သူတို့သည် ကောင်းကင်ကမ္ဘာမှ လူများကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ။ လူအများ၏ မျက်လုံးများမှာ ကောင်းကင်ကမ္ဘာမှ လူများကို အကဲခတ်ကြည့်ရှုရင်း တောက်ပလာခဲ့ကြသည်။
"သူတို့ပဲ"
လုမင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။ ကောင်းကင်ကမ္ဘာ၏ စစ်ရထားပေါ်တွင် သူ ယခင်က မြင်တွေ့ခဲ့ဖူးသော လူငယ်နှစ်ဦးကို မြင်လိုက်ရ၏။
ယခင်က သူ ယွမ်လု၏ ကမ္ဘာထောင့်စွန်းသို့ ဝင်ရောက်ခဲ့စဉ််မှာ ထိုလူငယ်နှစ်ဦးကို သူ မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။
တစ်ယောက်မှာ ခရမ်းရောင်ဆံပင် ရှိနေခဲ့ပြီး ထူးခြားသော အရှိန်အဝါရှိကာ ခန့်မှန်းရခက်ပေသည်။
အခြားတစ်ယောက်မှာမူ ဝတ်ရုံနက်ကို ဆင်မြန်းထားခဲ့ပြီး ပြန်လည်ဝင်စားခြင်း နိယာမကို ချုပ်ကိုင်ထားခဲ့သူ ဖြစ်သည်။ သူသည် ပြန်လည်ဝင်စားခြင်း၏ သားတော်ဖြစ်ပြီး လုမင်နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသည်။
'ဒီနှစ်ယောက်က တကယ်ကို ကောင်းကင်ကမ္ဘာက လာတာပဲ'
လုမင် အံ့ဩသွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူက အကြောင်းအရာအများအပြားကို တွေးလိုက်မိ၏။
ထိုကမ္ဘာထောင့်စွန်းသို့ ဝင်ရောက်ခဲ့ကြသူများမှာ ယွမ်လုရှိ ပါရမီရှင်များသာမကဘဲ ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များလည်း ဝင်ရောက်ခဲ့ကြပုံရသည်။
"ကြည့်ရတာ ဒီအခွင့်အရေးဆိုတာက ကောင်းကင်ကမ္ဘာနဲ့ သက်ဆိုင်နေတာလား"
"ကောင်းကင်ကမ္ဘာက နှစ်ပေါင်းများစွာ ရှိလာခဲ့တာလေ။ ဒါက ယွမ်လုထက် အများကြီး ပိုပြီး သက်တမ်းရင့်တယ်။ ဒဏ္ဍာရီတွေအရဆိုရင် အဲဒီမှာ အဆုံးမရှိတဲ့ အခွင့်အရေးတွေ ရှိနေတာတဲ့"
လူတချို့က ခပ်တိုးတိုး ဆွေးနွေးလိုက်ကြသည်။
ကောင်းကင်ကမ္ဘာရှိ ကောင်းကင်နယ်မြေကိုးခုအနက် အများစုကို တိုင်းတပါးမျိုးနွယ်စုများက သိမ်းပိုက်ထားခဲ့ကြသော်လည်း၊ ကောင်းကင်ကမ္ဘာ၏ အသန်မာဆုံးနှင့် အကြီးမားဆုံးဖြစ်သော ထိုက်ချင်းကောင်းကင်နယ်မြေကိုတော့ လူသားများ ထိန်းချုပ်ထားနိုင်သေးသည်။
ဒဏ္ဍာရီများအရ၊ ထိုက်ချင်းကောင်းကင်နယ်မြေ၏ ဧရိယာမှာ ယွမ်လုထက် မသေးငယ်ချေ။ ၎င်းတွင် နှစ်ပေါင်းများစွာအတွင်း ကောင်းကင်ကမ္ဘာမှ ရရှိလာခဲ့သော အခွင့်အရေးမျိုးစုံလည်း ပါဝင်နေခဲ့သည်။
လူအများ၏ မျက်လုံးများမှာလည်း စိတ်အားထက်သန်မှုများဖြင့် တောက်ပလာခဲ့ကြတော့သည်။
"ယွမ်လုရဲ့ ထိပ်ဆုံး ပါရမီရှင်ဆယ်ဦးက ဘယ်သူတွေလဲ။ ရှေ့ကို လှမ်းထွက်ခဲ့ပြီး တစ်ချက်လောက် ကြည့်ခွင့်ပေးပါ"
ချပ်ဝတ်တန်ဆာဝတ် သက်လတ်ပိုင်းအမျိုးသားက ရှေ့သို့ လှမ်းထွက်လိုက်သည်။ သူ့အသံက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
လူအများအပြားက နောက်သို့ ဆုတ်သွားခဲ့ကြသည်။ လုမင်နှင့် အခြားသော ထိပ်ဆုံး ပါရမီရှင်ဆယ်ဦးတို့လည်း ရှေ့သို့ လှမ်းထွက်လိုက်ကြပြီး ကံကြမ္မာတောင်၏ အလယ်တွင် ပေါ်လာကြတော့သည်။
ချပ်ဝတ်တန်ဆာဝတ် အမျိုးသား၏ အကြည့်က ပါရမီရှင်ဆယ်ဦးထံသို့ လျှပ်စီးတန်းတစ်ခုကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။
လုမင်လည်း ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့ရ၏။ ချပ်ဝတ်တန်ဆာဝတ် အမျိုးသား၏အကြည့်က သူတို့အားလုံးကို ထိုးဖောက်မြင်သည့်အလား ထင်ရသည်။
ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက တစ်ချက်ဝေ့ကြည့်ပြီးနောက် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"မဆိုးပါဘူး၊ ယွမ်လုမှာလည်း ပါရမီရှင်တွေ ပြည့်နှက်နေတယ်လို့ ပြောသံကြားတယ်။ ကြည့်ရတာ မင်းတို့ ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ။ ဒီတစ်ကြိမ်မှာတော့ မင်းတို့ထဲက အများစုဟာ ကောင်းကင်ကမ္ဘာကို ဝင်ရောက်နိုင်ပြီး ကြီးမားတဲ့ အခွင့်အရေးတွေကို ရရှိနိုင်လိမ့်မယ်"
ချပ်ဝတ်တန်ဆာဝတ် အမျိုးသား၏ စကားသံကိုကြားတော့ လူအများ၏ မျက်လုံးများ တောက်ပလာခဲ့ကြသည်။
မမှားပေ။
ယခုတစ်ကြိမ် ဆုလာဘ်က ကောင်းကင်ကမ္ဘာနှင့် အမှန်တကယ် သက်ဆိုင်နေခဲ့သည်။
"စစ်သူကြီး၊ ယွမ်လုမှာလည်း ရွှေရောင်ခေတ်ကို ရောက်ရှိနေပြီး ပါရမီရှင်အများကြီး ပေါ်ထွက်လာတယ်လို့ ကျွန်တော် ကြားရပါတယ်။ အခု သူတို့မှာ ထိပ်တန်း ပါရမီရှင်ဆယ်ယောက်လည်း ထွက်ပေါ်လာပြီမို့ လက်ရည်စမ်း ယှဉ်ပြိုင်ကြည့်ချင်တယ်။ ခွင့်ပြုပေးမယ်လို့လည်း မျှော်လင့်ပါတယ်"
ထိုအခိုက်တွင်၊ ကောင်းကင်ကမ္ဘာမှ ခန္ဓာကိုယ်ကြံ့ခိုင်သော လူငယ်တစ်ဦးက ရှေ့သို့လှမ်းထွက်လာပြီး ချပ်ဝတ်တန်ဆာဝတ် အမျိုးသားကို လက်ယှက်ပြကာ ပြောလိုက်သည်။