အခန်း ၂၁၃၃
Vol. 149 Ch. 2133
အပိုင်း ( 2133 ) နိယာမ နယ်ပယ်သုံးခု။
မီးခိုးရောင်ဝတ်ရုံဝတ် လူငယ်က ယွမ်ရှင်းကို စိန်ခေါ်လိုက်သည်။
ယွမ်ရှင်းက သူ၏ မျက်လုံးများကို မှေးစင်းကြည့်လိုက်၏။ သူက မီးခိုးရောင်ဝတ်ရုံဝတ် လူငယ်ကို အနိုင်ရရှိနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိချေ။
သို့သော်လည်း တစ်ဖက်လူက သူ့ကို စိန်ခေါ်လာခဲ့သဖြင့် သူက ထိုစိန်ခေါ်မှုကို ရှောင်လွှဲ၍ မရနိုင်တော့ပါ။
ယွမ်ရှင်းက ရှေ့သို့ လှမ်းထွက်လိုက်သည်။ သူ့အရှိန်အဝါက ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ နိယာမအမျိုးအစား နှစ်ခု၏ စွမ်းအားကလည်း ပျံ့နှံ့သွားတော့သည်။
မီးခိုးရောင်ဝတ်စုံဝတ် လူငယ်က အံ့အားသင့်သွားပြီး ပြောလိုက်သည်။
"မင်းက နိယာမအမျိုးအစား နှစ်ခုကို နားလည်သဘောပေါက်တဲ့အပြင် အတူတူလည်း ပေါင်းစပ်ထားတာပဲ။ မဆိုးဘူး... မင်းရ ဘယ်လောက်အထိ သန်မာလဲဆိုတာ ငါ သိချင်မိတယ်"
"မင်းသိချင်ရင် ငါ ပြမယ်။ ကစဉ့်ကလျား နတ်ဘုရားခန္ဓာ"
ယွမ်ရှင်းက အနည်းငယ်မျှ မပေါ့ဆရဲချေ။ သူက သူ၏ အသန်မာဆုံး တိုက်ကွက်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ကစဉ့်ကလျား နတ်ဘုရားခန္ဓာကို ချက်ချင်း အသုံးပြုလိုက်၏။
ယွမ်ရှင်း၏ ခန္ဓာကိုယ်က ရှေးဦးကစဉ့်ကလျား အလင်းများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ကစဉ့်ကလျားကျောက်တုံးများဖြင့် ပြုလုပ်ထားသကဲ့သို့ မီးခိုးရောင် ပြောင်းလာတော့သည်။ သူ့အရှိန်အဝါက အမြင်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ၊ လာခဲ့စမ်း... မင်းရဲ့ ခွန်အားကို ငါ့ကိုပြပါ။ ဒါပေမဲ့ သိပ်တော့ မစိုးရိမ်ပါနဲ့လေ။ ငါက ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်နယ်ပယ်အထိ ဖိနှိပ်ထားဦးမှာပါ"
မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ စိတ်ဝင်စားသည့် အရိပ်အယောင်တစ်ခုကိုလည်း လှစ်ဟပြသလာ၏။ သို့သော်လည်း သူက လုံးဝ စိုးရိမ်ခြင်း မရှိချေ။
သူ့အမူအရာက ယွမ်ရှင်းကို အထင်အမြင်သေးနေကြောင်းပင် ပြသနေခဲ့သည်။
ယွမ်ရှင်း၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်သွားခဲ့သည်။ သူက ဟိန်းဟောက်မာန်သွင်းလိုက်ပြီး မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်ထံသို့ ပြေးဝင်သွား၏။
"ဝုန်း...
ယွမ်ရှင်းက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ သူ၏ လက်သီးမှာ ကစဉ့်ကလျားကျောက်တုံး တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်ထံသို့ ထိုးကြိတ်လိုက်၏။
မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ဒယ်စောက်အိုးကြီးတစ်လုံး သူ့လက်ဝါးတွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းက လျင်မြန်စွာ ကြီးမားလာခဲ့ပြီး တောင်တစ်လုံးခန့်အထိ ဖြစ်သွားခဲ့၏။
မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဒယ်စောက်အိုးကြီးက ယွမ်ရှင်းကို ဖိနှိပ်ရန်အတွက် ပျံသန်းသွားတော့သည်။
"ဒေါင်..."
ယွမ်ရှင်း၏ လက်သီးချက်က ဒယ်စောက်အိုးကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။ ဒယ်စောက်အိုးကြီးက ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး အသံလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ အကျော်အမော် အများအပြားက သူတို့၏ ခန္ဓာကိုယ်များမှ အလင်းများကို ထုတ်ဖော်လိုက်ကြပြီး အသံလှိုင်းများကို ပိတ်ဆို့လိုက်ကြရသည်။
တိုက်ခိုက်မှုအလယ်တွင်၊ ယွမ်ရှင်းက ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပြီး နောက်သို့သွားရ၏။ သူက လေထုကို နင်းချလိုက်တိုင်း ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာတော့သည်။
"မဆိုးပါဘူး။ မင်းက ငါ့ရဲ့ တိုက်ကွက်တစ်ခုကို ပိတ်ဆို့နိုင်တာပဲ။ မင်းမှာ ခွန်အားအချို့ ရှိနေတယ်။ ဒါဆိုရင် ငါ့ရဲ့ တိုက်ကွက် ဘယ်နှစ်ချက်ကို မင်း ပိတ်ဆို့နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က ပြောလိုက်သည်။ သူက အနည်းငယ် အံ့အားသင့်သွားပုံရ၏။ ထို့နောက် သူက လက်တစ်ဖက်ကို အောက်သို့ ဖိနှိပ်လိုက်ရာ ဒယ်စောက်အိုးကြီးက ယွမ်ရှင်းထံသို့ ထပ်မံ၍ ပျံသန်းသွားခဲ့ပြန်တော့သည်။
"ကွဲအက်စမ်း"
ယွမ်ရှင်းက ဟိန်းဟောက်လိုက်သည်။ သူက လက်သီးနှစ်ဖက်စလုံးဖြင့် ဆက်တိုက် တိုက်ခိုက်လိုက်၏။ လက်သီးတစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာပြီး ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
သို့သော်၊ မယုံနိုင်စရာကောင်းအောင် တစ်ချက် ထိုးနှက်လိုက်တိုင်း ယွမ်ရှင်းက နောက်သို့ ဆုတ်ရန် ဖိအားပေးခြင်း ခံနေရခြင်း ဖြစ်သည်။ သူက ထိုလူငယ်၏ ပြိုင်ဘက် မဟုတ်ခဲ့ဘဲ ဖိနှိပ်ခြင်းကို ခံနေခဲ့ရ၏။ တိုက်ကွက် တစ်ဆယ်ကျော် အပြီးတွင် သူက မီတာ ရာဂဏန်း အနည်းငယ်ခန့်အထိ နောက်ဆုတ်သွားခဲ့ရပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
"ဖိနှိပ်စေ"
မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က ခပ်တိုးတိုး ပြောလိုက်သည်။ သူ၏ မျက်လုံးများက တောက်ပသော အလင်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့၏။ သူက လက်တစ်ဖက်ဖြင့် အောက်သို့ ထပ်မံ၍ ဖိနှိပ်လိုက်ပြန်သည်။ ဒယ်စောက်အိုးကြီးက တုန်ခါသွားခဲ့ပြီး ပို၍ပင် ကြီးမားလာကာ ယွမ်ရှင်းအပေါ်သို့ ဖိနှိပ်လာတော့သည်။
"ဝုန်း..."
ဤအကြိမ်တွင် ယွမ်ရှင်းက ပို၍ပင် သနားစဖွယ် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်က အောက်သို့ တိုက်ရိုက် ပြုတ်ကျသွား၏။ သူက ကံကြမ္မာတောင်၏ တောင်ထိပ်ရှိ တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားခဲ့ရာ တိုက်ခိုက်ရေးစင်မြင့်ကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့တော့သည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ယွမ်လု၏ ပါရမီရှင် လူငယ်အများမှာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
ယွမ်ရှင်းသည် ကစဉ့်ကလျား၏ သားတော်ဖြစ်ပြီး ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဤအကြိမ်တွင် သူက ယွမ်လုရှိ ပါရမီရှင်အားလုံးထဲမှာ တတိယနေရာကို ရရှိထားခဲ့သူ ဖြစ်၏။
ထိုကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးပင်လျှင် အရေးနိမ့်သွားခဲ့ရသည်။ ထို့ပြင် သူက ထိုမျှအလွယ်တကူ ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။
အရေးကြီးအချက်က၊ တစ်ဖက်လူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် အဆင့်အထိ ဖိနှိပ်ထားခဲ့ပြီး ဖြစ်သော်လည်း ယွမ်ရှင်းကို အလွယ်တကူပင် ဖိနှိပ်နိုင်နေဆဲပင် ဖြစ်သည်။
ဘာတွေဖြစ်နေပါသနည်း။
ကစဉ့်ကလျား၏ သားတော်က တူညီသောအဆင့်ရှိ ကျင့်ကြံသူများထဲတွင် ပြိုင်ဘက်ကင်းသူ ဖြစ်နေသင့်သည် မဟုတ်ပါလော။
သို့ဆိုလျှင် သူက အဘယ်ကြောင့် ဤမျှလောက်အထိ သနားစဖွယ်ကောင်းအောင် ဖိနှိပ်ခြင်းကို ခံလိုက်ရပါသနည်း။
"ဒုတိယအဆင့် နိယာမ... တစ်ဖက်လူရဲ့ နိယာမက ဒုတိယအဆင့်ကို ရောက်ရှိနေပြီ"
အစစ်အမှန်ဧကရာဇ် တစ်ပါးက တအံ့တသြ ပြောလိုက်သည်။
"ဒုတိယအဆင့် နိယာမလား"
လူအများစုက နားမလည်ကြချေ။
ထိုအခါ၊ မျိုးဆက်ဟောင်း ပုဂ္ဂိုလ်တစ်ဦးက ရှင်းပြလိုက်သည်။
တစ်စုံတစ်ယောက်က ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသောအခါ သူတို့၏ နိယာမများက ပြီးပြည့်စုံခြင်းသို့ ရောက်ရှိမည်ဖြစ်ပြီး မြစ်တစ်စင်းအသွင် ဖွဲ့စည်းမည် ဖြစ်သည်။
သို့သော်လည်း ဤပြီးပြည့်စုံခြင်းဟု ခေါ်ဆိုသောအရာက သတ်မှတ်ထားသော အဆင့်တစ်ခု၏ ပြီးပြည့်စုံခြင်းသာ။ အတိအကျ ပြောရမည်ဆိုပါက၊ ၎င်းသည် နိယာမများ၏ ပထမအဆင့် ပြီးပြည့်စုံခြင်းသာ ဖြစ်သည်။
နိယာမများ၏ ကျင့်ကြံခြင်းကို နယ်ပယ်သုံးခု ပိုင်းခြားထားခဲ့သည်။
သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ပြီးနောက်တွင်၊ အချို့သော ကျွမ်းကျင်သူများက သူတို့၏ နိယာမများကို ဒုတိယ သို့မဟုတ် တတိယနယ်ပယ်အထိပင် ကျင့်ကြံနိုင်ကြသည်။
ဟုတ်သည်၊ ထိုအတွက် ခက်ခဲမှုကလည်း ကြောက်စရာကောင်း၏။ သို့သော်လည်း ထိုးဖောက်နိုင်ခဲ့ပါက စွမ်းအားကလည်း တုန်လှုပ်ဖွယ် ကောင်းလိမ့်မည်။
တစ်စုံတစ်ယောက်က ဒုတိယနယ်ပယ်သို့ ထိုးဖောက်သွားခဲ့သည်နှင့် သူတို့၏ နိယာမစွမ်းအားမှာ အဆမတန် တိုးပွားလာမည် ဖြစ်သည်။
သာမန် ဘုရင်လမ်းစဉ်ပင်လျှင် ဒုတိယနယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ အသန်မာဆုံး နိယာမများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။
မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်၏ နိယာမက ဒုတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ တူညီသောအဆင့်ရှိ တိုက်ပွဲတစ်ခုတွင် သူက ကစဉ့်ကလျား၏ သားတော်ကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
သို့သော်လည်း ဝါရင့်ပုဂ္ဂိုလ်များ၏ အဆိုအရမူ၊ မြင့်မားသောအဆင့်ရှိ သာမန်ဧကရာဇ်များသာ သူတို့၏ နိယာမများကို ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်ကြခြင်း ဖြစ်သည်။ အချို့လူများက သူတို့၏ တစ်သက်တာလုံးတွင် ဘယ်သောအခါမျှ ထိုးဖောက်နိုင်ကြမည် မဟုတ်ချေ။
သို့သော်လည်း တစ်ဖက်လူက ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် နိယာမ၏ ဒုတိယနယ်ပယ်သို့ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက တုန်လှုပ်ဖွယ် ကောင်းပေသည်။
"ယွမ်လုရဲ့ ပါရမီရှင်တွေက တကယ့်ကို မှန်အိမ်ထဲက ပန်းတွေပဲ။ သူတို့က တိုက်ကွက်တစ်ချက်ကိုတောင် မတောင့်ခံနိုင်ကြဘူး။ ပျင်းစရာကောင်းလိုက်တာ"
မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က ယွမ်ရှင်းကို ငုံ့ကြည့်ကာ လျစ်လျူရှုစွာ ပြောလိုက်သည်။ သူ့အသံတွင် အထင်သေးမှုများ ပြည့်နှက်နေခဲ့၏။
ယွမ်လုမှ ပါရမီရှင်များအားလုံး ဒေါသထွက်သွားခဲ့ကြသည်။ ဤကဲ့သို့ ရွယ်တူခြင်း အထင်မြင်သေးခြင်း ခံရခြင်းက တကယ့်ကို နေရထိုင်ရ ခက်ခဲပေသည်။
သို့သော်လည်း တစ်ဖက်လူ၏ တိုက်ခိုက်ရေးစွမ်းအားက တုန်လှုပ်ဖွယ် ကောင်းလွန်းသည်။ ထျန်းမင်နှင့် လုမင်တို့ပင်လျှင် သူနှင့် ရင်ဆိုင်ရပါက အရေးနိမ့်နိုင်ချေ ရှိပေသည်။ ထို့ကြောင့် သူတို့သည် ဘာမျှ မတတ်နိုင်ခဲ့ကြဘဲ သူတို့၏ ဒေါသကိုသာ မျိုသိပ်ထားခဲ့ကြရတော့သည်။
မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က ပြောဆိုပြီးနောက်တွင် စိတ်ဝင်စားမှု ဆုံးရှုံးသွားသည့်ပုံ ရကာ စစ်ရထားထံသို့ ပြန်သွားခဲ့၏။
ထိုအခိုက်အတန့်တွင် မိန်းကလေးတစ်ဦးက ထွက်လာခဲ့ပြန်သည်။
ဤမိန်းကလေးက သံမဏိချပ်ဝတ်ကို ဆင်မြန်းထား၏။ သူက ရဲရင့်ပြတ်သားပုံရပြီး သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခုလည်း ဖြာထွက်နေသေးသည်။
သူက လုမင်နှင့် အခြားသူများကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ယွမ်လုမှာ ကံကြမ္မာသားတော် မွေးဖွားလာခဲ့တယ်လို့ ငါ ကြားတယ်။ ကံကြမ္မာလမ်းစဉ်က ဘယ်လောက်အထိ အံ့သြဖို့ကောင်းလဲဆိုတာ ငါ သိပ်ပြီး သိချင်မိတယ်။ နင် ငါနဲ့ တိုက်ရဲလား"
ထျန်းမင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။ တစ်ဖက်လူက ကံကြမ္မာသားတော်ကို တိုက်ရိုက် စိန်ခေါ်လာခဲ့ခြင်း ဖြစ်၏။ သူက ထိုစိန်ခေါ်မှုကို လက်ခံခြင်းမှတစ်ပါး အခြားမရှိချေ။
သူက ရှေ့သို့ လှမ်းထွက်လိုက်ပြီး ရဲရင့်သော မိန်းကလေးကို ကြည့်ကာ ပြောလိုက်သည်။
"ငါက ကံကြမ္မာသားတော်ပဲ"
"နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလဲ"
မိန်းကလေးက မေးသည်။
"ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်"
ထျန်းမင်က ပြောလိုက်၏။
"ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်လား။ ကောင်းတယ်၊ ငါကလည်း ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်ပဲ"
မိန်းကလေးက ပြောလိုက်သည်။ နိယာမများ၏ အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။
"ဘုရင်လမ်းစဉ် နိယာမ... မင်းမှာ ဘုရင်ခန္ဓာပဲ ရှိနေတာလား"
ထျန်းမင်က မှင်တက်သွားခဲ့ရပြီးနောက် သူ့မျက်လုံးထဲတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
တစ်ဖက်လူက ဘုရင်ခန္ဓာသာ ရှိနေခဲ့ခြင်း ဖြစ်သည်။ သူက ဘုရင်ခန္ဓာတစ်ခုဖြင့် သူ့ကို စိန်ခေါ်ဝံ့၏။ ဤအရာက သူ့အား အထင်သေးခြင်းပင် မဟုတ်ပါလား။
"ငါ့မှာ ဘုရင်ခန္ဓာရှိတော့ ဘာဖြစ်လဲ။ ဘုရင်ခန္ဓာတစ်ခုဆိုရင်တောင် နင့်ကို အနိုင်ယူနိုင်သေးတယ်"
မိန်းကလေး၏ အရှိန်အဝါက ပိုမို အားကောင်းလာခဲ့သည်။ လှံရှည်တစ်စင်းက သူ့လက်ထဲတွင် ပေါ်ထွက်လာခဲ့၏။ လှံရှည်က ထျန်းမင်ထံသို့ ထိုးဖောက်သွားရာ လေနှင့် တိမ်တိုက်များကိုပင် လှုပ်ခတ်သွားစေခဲ့တော့သည်။
လှံရှည်ဖြင့် ထိုးသွင်းလိုက်သည်နှင့် မိန်းကလေး၏ ခန္ဓာကိုယ်မှ အရှိန်အဝါက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူက ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားမတစ်ပါးကဲ့သို့ ဖြစ်၏။
"မဟာကံကြမ္မာကျင့်စဉ်"
ထျန်းမင်လည်း သူ၏ ပြိုင်ဘက်ကို အထင်မသေးရဲချေ။ သူက မဟာကံကြမ္မာကျင့်စဉ်ကို ထုတ်ဖော်ပြီး သက်တံအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ မိန်းကလေးထံသို့ ပြေးဝင်သွားခဲ့သည်။
"ဝုန်း..."
ကံကြမ္မာအလင်းက ပြိုင်ဘက်၏ လှံရှည်နှင့် ထိပ်တိုက် တွေ့ဆုံသွားခဲ့သည်။ တုန်လှုပ်ဖွယ်ကောင်းသော လှုပ်ခတ်မှုတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
မိန်းကလေးက အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့သည်။
"ဒုတိယအဆင့် နိယာမပဲ... ဒါပေမဲ့ မင်းက ဘုရင်နိယာမတွေရဲ့ ဒုတိယအဆင့်မှာ ရှိနေရင်တောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး"
ထျန်းမင်က အော်ဟစ်လိုက်ပြီး တန်ပြန်တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်တော့သည်။
တစ်ဖက်လူက နိယာမများက ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ မြင်တွေ့နိုင်သည်။ သို့သော်လည်း သူက အသန်မာဆုံးနိယာမကို ကျင့်ကြံထားခြင်း ဖြစ်ပြီး တစ်ဖက်လူကမူ ဘုရင်လမ်းစဉ်ကိုသာ ကျင့်ကြံထားခြင်း ဖြစ်သည်။ သူက ကြောက်ရွံ့ခြင်းမရှိဘဲ တစ်ဖက်လူကို ချေမှုန်းနိုင်ပေသည်။
"ဝှစ်... ဝှစ်..."
ထျန်းမင်က လက်ညှိုးဖြင့် အဆက်မပြတ် ညွှန်ပြလိုက်သည်။ ကံကြမ္မာအလင်းတန်းများက တစ်ဖက်လူထံသို့ ထိုးဖောက်လိုက်၏။
"တစ်ခုက အလုပ်မဖြစ်ရင် နှစ်ခု... နှစ်ခုက မလုံေလာက်ရင် သုံးခု သုံးရုံပေါ့"
မိန်းကလေးက အေးစက်စွာ ပြောသည်။ သူ့အရှိန်အဝါက ပိုမို သန်မာလာခဲ့ပြီး နိယာမအမျိုးအစား သုံးခုက ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့ပြင် သူက ၎င်းတို့ကို အပြည့်အဝ နားလည်ထားခဲ့ခြင်း ဖြစ်သည်။
"ဘုရင်လမ်းစဉ် နိယာမ သုံးခု၊ ပြီးတော့ အဲဒီထဲက နှစ်ခုက ဒုတိယအဆင့်ကို ရောက်နေပြီ။ ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဆံဖြူ အစစ်အမှန်ဧကရာဇ်တစ်ပါးက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
သူကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီးဖြစ်၍ ထိုအဆင့်သို့ ရောက်ရှိနိုင်ရန် မည်မျှခက်ခဲကြောင်း ကောင်းကောင်း နားလည်ပေသည်။