← Chapters

အခန်း ၂၁၃၅

Vol. 149 Ch. 2135

အခန်း ၂၁၃၅

Vol. 149 Ch. 2135

အပိုင်း ( 2135 ) လုမင် လှုပ်ရှားပြီ။

"မင်းက..."

ချပ်ဝတ်တန်ဆာဝတ် လူကြီးက လုမင်ကို လှမ်းကြည့်လိုက်သည်။ သူ အံ့ဩသွား၏။

သူ၏ ကျင့်ကြံခြင်းဖြင့် လုမင်၏ ကျင့်ကြံခြင်းအဆင့်ကို အလွယ်တကူ ထိုးဖောက်မြင်နိုင်သည်။ လုမင်၏ ကျင့်ကြံခြင်းက ဧကရာဇ်တစ်ပိုင်းအဆင့်မျှသာ ရှိသေးသဖြင့် သူက စိတ်ထဲ သိပ်မထားခဲ့ချေ။ သို့ရာတွင်၊ လုမင်က ယွမ်လု၏ နံပါတ်တစ်ပါရမီရှင် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

လုမင်က ကံကြမ္မာသားတော်ထက် ပိုပြီး သန်မာနေပါသလား။

ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များသည်လည်း အံ့အားသင့်စွာဖြင့် လုမင်ကို ကြည့်လိုက်ကြသည်။

"လက်စသတ်တော့ မင်းပဲ... စစ်သူကြီး၊ သူ့ကို ကျွန်တော်ပဲ ရင်ဆိုင်လိုက်ပါရစေ"

စကားသံ ထွက်ပေါ်လာခဲ့သည်။ စစ်ရထားထဲမှ မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦး ထွက်လာကာ လုမင်ထံသို့ လျှောက်လှမ်းလာ၏။

ဤလူငယ်က မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်များ ရှိသည်။ သူ့မျက်နှာကမူ အေးစက်ပြီး မာနထောင်လွှားမှုတို့ အထင်းသား ပေါ်လွင်နေပေသည်။

သူသည် လုမင်နှင့် ယွမ်လု၏ ‌ကမ္ဘာထောင့်စွန်းတွင် ဆုံတွေ့ခဲ့ဖူးသော လူငယ်ပင် ဖြစ်သည်။ ထိုစဉ်က ဤလူငယ်သည် ခရမ်းရောင်ဆံပင်ပိုင်ရှင် လူငယ်နှင့်အတူ ရှိနေခဲ့၏။ သူတို့နှစ်ဦးက ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ပုံရသည်။

ထိုစဉ်က လုမင်သည် ဤလူငယ်နှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း၊ တစ်ဖက်လူတွင် လုပ်စရာတစ်ခုခု ရှိနေပုံရပြီး လုမင်ကို လျစ်လျူရှုသွားခဲ့သည်။

သို့သော်လည်း လူငယ်မှာ ထိုစဉ်ကတည်းက လုမင်ကို တိုက်ခိုက်ချင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လုမင်က ယွမ်လု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ကြောင်း ကြားလိုက်ရသော်၊ သူက တိုက်ခိုက်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။

"တိုက်ကြမယ်၊ မင်း ဘယ်လောက် သန်မာလဲဆိုတာ ငါ့ကို ပြပါ"

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က လုမင်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲမှ ထောင်လွှားမှုများက ပိုမိုပြင်းထန်လာခဲ့၏။

သူ့အရှိန်အဝါက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူက ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦး ဖြစ်ပေသည်။

"ဝှစ်... ဝှစ်..."

ထို့နောက် သူ့နောက်ကွယ်တွင် ပိန်းပိတ်အောင် မည်းမှောင်နေသော ဝဲဂယက် ခြောက်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းတို့က လူများကို ပြန်လည်ဝင်စားခြင်း သံသရာထဲသို့ ဝါးမျိုပစ်ချင်သည့်အလား အဆက်မပြတ် လည်ပတ်နေကြသည်။ ၎င်းတို့မှာ ခြားမဟုတ်ဘဲ ပြန်လည်ဝင်စားခြင်း ဝဲဂယက်များ ဖြစ်တော့သည်။

ဤလူငယ်က ပြန်လည်ဝင်စားခြင်း၏သားတော်တစ်ဦး ဖြစ်သည်။

စင်စစ်တွင်၊ သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာပြီးနောက် ကောင်းကင်သားတော်ဟု ခေါ်ဆိုရန် မလိုအပ်တော့ပေ။ အကြောင်းမှာ၊ သိုင်းဧကရာဇ် ဖြစ်လာပြီးနောက် အသန်မာဆုံး နိယာမများကို ကျင့်ကြံနိုင်သူများ အများအပြား ရှိလာသောကြောင့် ဖြစ်သည်။

သိုင်းဧကရာဇ် ဖြစ်လာပြီးမှ ထိုသို့ ပြုလုပ်နိုင်သူများကိုမူ ကောင်းကင်သားတော်ဟု မခေါ်ဆိုနိုင်ချေ။ သို့သော်လည်း မည်သူက မွေးရာပါဖြစ်ပြီး မည်သူက မွေးရာပါမဟုတ်ကြောင်း ခွဲခြားရန် ခက်ခဲလှသည်။

ထို့ကြောင့် သိုင်းဧကရာဇ် ဖြစ်လာပြီးနောက်တွင် လူများက ထိုကဲ့သို့သော ဘွဲ့အမည်ကို ခေါ်ဝေါ်လေ့ မရှိကြတော့ချေ။

သို့သော်ငြားလည်း မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်၏ ပြန်လည်ဝင်စားခြင်း နိယာမက အလွန်ပင် ဖိနှိပ်ချုပ်ချယ်လွန်းသော အရှိန်အဝါ ရှိနေခဲ့သည်။ ထိုဝဲဂယက် ခြောက်ခုက တစ်လောကလုံးကို ဝါးမြိုပစ်တော့မည့်အလား ဖြစ်နေခဲ့၏။

"မှတ်ထားပါ၊ မင်းကို အနိုင်ယူတဲ့သူရဲ့ နာမည်က လီယိုတဲ့"

ထိုသို့ ပြောဆိုပြီးနောက် မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က လက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်ရာ ထိုဝဲဂယက် ခြောက်ခုက လုမင်အပေါ်သို့ ဖိနှိပ်ကျရောက်လာတော့သည်။

လုမင်၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

လီယို၏ တိုက်ခိုက်နိုင်စွမ်းက ယွမ်ရှင်းနှင့် ထျန်းမင်တို့ထက် များစွာ သာလွန်ကြောင်း ထင်ရှားသည်။

သူ၏ ကျင့်ကြံခြင်းက ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်တွင် ရှိနေခြင်း ဖြစ်၏။ သူသည် ထျန်းမင်နှင့် ယွမ်ရှင်းတို့ထက် လုံးဝ မနိမ့်ပါးချေ။ ထို့ပြင် သူ၏ ပြန်လည်ဝင်စားခြင်း နိယာမက ဒုတိယအဆင့်သို့ ထိုးဖောက်ဝင်ရောက်ထားပြီး ဖြစ်သည်။

သို့သော်၊ လုမင်က လုံးဝ မကြောက်ရွံ့ပေ။ သူက ခွန်အားအပြည့်ဖြင့် တိုက်ရိုက် ပေါက်ကွဲထုတ်ဖော်လိုက်သည်။

နိယာမ အမျိုးအစား ငါးခုလုံး ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ငါးရောင်ခြယ် နိယာမမြစ်ကြီးက သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့၏။

"ဝုန်း"

လုမင်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်တော့သည်။

"ဝုန်း..."

ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးအင်အားက ပြန်လည်ဝင်စားခြင်း ဝဲဂယက် ခြောက်ခုထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။ ၎င်းတို့က အဆက်မပြတ် တုန်ခါသွားခဲ့ရ၏။ လီယို၏ ခန္ဓာကိုယ်ကလည်း တုန်ခါသွားခဲ့ရပြီး အဆက်မပြတ် နောက်သို့ ဆုတ်ခွာသွားခဲ့ရတော့သည်။

"အထွတ်အထိပ် နိယာမနှစ်ခုလား။ မဖြစ်နိုင်တာ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လီယိုထံမှ တုန်လှုပ်နေသော အသံ ထွက်ပေါ်လာခဲ့သည်။

သူ့မျက်လုံးများ ပြူးကျယ်သွားကာ လုမင်ကို မယုံကြည်နိုင်သလို စိုက်ကြည့်လိုက်၏။

သူသည် လုမင်ထံမှ အထွတ်အထိပ် နိယာမနှစ်ခုကို အမှန်တကယ်ပင် အာရုံခံမိလိုက်ခြင်း ဖြစ်သည်။ ဤအရာက လုံးဝ မယုံကြည်နိုင်စရာပင်။

သူတင်မကဘဲ ကောင်းကင်ကမ္ဘာမှ အခြားပါရမီရှင်များသည်လည်း မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့က တအံ့တဩဖြင့် လုမင်ကို စိုက်ကြည့်နေကြ၏။ သူတို့၏အမူအရာက လောကကြီးကို မမြင်ဖူးသည့် သူငယ်နာနှပ်စားလေးများအသွင် ဖြစ်နေကြတော့သည်။

"အခုတော့ မင်းတို့ အလှည့် ရောက်ပြီပေါ့"

ယွမ်လုမှ ပါရမီရှင်အချို့မှာမူ စိတ်လှုပ်ရှားနေခဲ့ကြသည်။

ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များ တုန်လှုပ်သွားသည်ကို မြင်လိုက်ရသည့်အခါ သူတို့က အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပေသည်။

"ဝုန်း"

ချပ်ဝတ်တန်ဆာဝတ် လူကြီးပင်လျှင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ချေ။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများလည်း ပြူးကျယ်သွားကာ အလွန် အံ့ဩမင်သက်သွား၏။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းပြီး ဖိနှိပ်ချုပ်ချယ်လွန်းသော အရှိန်အဝါတစ်ခု ကောင်းကင်နှင့် မြေပြင်ကြားတွင် ပျံ့နှံ့သွားတော့သည်။

ဤအရှိန်အဝါက လူများကို ကောင်းကင်လမ်းစဥ်၏ တန်ခိုးအာဏာကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။ ၎င်းက လုံးဝ ခုခံမရဘဲ သူတို့ကိုယ်သူတို့ ပုရွက်ဆိတ်များကဲ့သို့ ခံစားရစေပေသည်။

တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက ပိုမိုသန်မာလေလေ၊ ထိုခံစားချက်က ပိုမိုနက်ရှိုင်းလေလေ ဖြစ်သည်။

မဟာဧကရာဇ်များ၏ မျက်နှာအမူအရာများက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့နဖူးမှ ချွေးစေးများ စီးကျလာခဲ့ကြ၏။ သူတို့က ကောင်းကင်ကမ္ဘာ၏ စစ်ရထားပေါ်တွင် ထိုင်နေသည့် ပုံရိပ်ကို လှမ်းကြည့်လိုက်ကြသည်။ ကောင်းကင်လမ်းစဥ်ကဲ့သို့သော အရှိန်အဝါမှာ ဤပုံရိပ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

ဤပုံရိပ်ကို နတ်ဘုရားအလင်းတန်းများဖြင့် ဖုံးလွှမ်းခြင်း ခံထားရသဖြင့် သူ၏ ရုပ်သွင်ကို ရှင်းလင်းစွာ မမြင်ရချေ။ ဤမတိုင်မီက သူသည် အလွန်ပင် တည်ငြိမ်နေခဲ့ပြီး မည်သည့် ထူးခြားမှုမျှ မရှိခဲ့ပါ။

ယခုအချိန်တွင်မူ လုမင်က အသန်မာဆုံး နိယာမနှစ်ခုဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်ကို မြင်တွေ့ပြီးနောက် ထိုပုံရိပ်သည် တည်ငြိမ်စွာ မနေနိုင်တော့ပေ။ သူ့ထံမှ အားကောင်းသော အရှိန်အဝါ အရိပ်အယောင်တစ်ခု အမှန်တကယ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

"ကောင်းကင်... ကောင်းကင်ဧကရာဇ်"

သိုင်းဧကရာဇ်တစ်ပါးက ခက်ခဲစွာဖြင့် ပြောလိုက်သည်။ လူအုပ်ကြီး၏ နှလုံးသားများက တဒိန်းဒိန်း ခုန်ပေါက်သွားကြတော့သည်။

ကောင်းကင်ဧကရာဇ်။

စစ်ရထားပေါ်တွင် ထိုင်နေသည့် ပုံရိပ်မှာ အမှန်တကယ်ပင် ကောင်းကင်ဧကရာဇ် ဖြစ်နေခဲ့သလော။

ကောင်းကင်ဧကရာဇ်တွင် ကောင်းကင်လမ်းစဉ်၏ တန်ခိုးအာဏာများ ပါဝင်နေခဲ့သည်။

သို့သော်လည်း ထိုအရှိန်အဝါက ထွက်ပေါ်လာပြီးသည်နှင့် ချက်ချင်းပင် ပြန်လည်ထိန်းချုပ်ခြင်း ခံလိုက်ရကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးမှာလည်း ပျောက်ကွယ်သွားတော့သည်။

"မင်းက ဧကရာဇ်တစ်ပိုင်းနယ်ပယ်မှာတင် အသန်မာဆုံး နိယာမနှစ်ခုနဲ့ ဘုရင်နိယာမသုံးခုကို နားလည်သဘောပေါက်နိုင်တာပဲ။ ဟားဟားဟား... ယွမ်လုမှာ ဒီလိုလူမျိုး ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဆက်လုပ်စမ်း၊ ငါ့ကို ခံစားခွင့်ပေးစမ်းပါဦး"

လီယိုက တုန်လှုပ်သွားသော်လည်း ချက်ချင်း စိတ်လှုပ်ရှားလာခဲ့သည်။ သူ၏ တိုက်ခိုက်လိုစိတ်က ပိုမိုသန်မာလာခဲ့၏။ သူက ရယ်မောလိုက်ပြီး လုမင်ထံသို့ ပြေးဝင်သွားတော့သည်။

လမ်းတစ်လျှောက်တွင်၊ သူ့အရှိန်အဝါက ပိုမိုသန်မာလာခဲ့သည်။ အခြားနိယာမတစ်ခုလည်း ထပ်မံထွက်ပေါ်လာခဲ့၏။

လီယိုက နိယာမနှစ်ခုကို တတ်မြောက်ထားခြင်း ဖြစ်ပြီး၊ တစ်ခုမှာ ပြန်လည်ဝင်စားခြင်း နိယာမ ဖြစ်ကာ အခြားတစ်ခုမှာ ဘုရင်လမ်းစဉ်နိယာမ ဖြစ်သည်။

သို့သော်လည်း ဘုရင်လမ်းစဉ် နိယာမက ဒုတိယအဆင့်သို့ ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။

သို့တိုင်၊ ၎င်းက လီယို၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆင့်တစ်ခုအထိ တိုးမြင့်ပေးနိုင်သည်။

"လမ်းစဉ်ခြောက်သွယ် ပြန်လည်ဝင်စားခြင်းလက်သီး"

လီယိုက လက်သီးဖြင့် ထိုးနှက်လိုက်သည်။ လက်သီးချက်က နိယာမစွမ်းအားကို သယ်ဆောင်သွားပြီး လုမင်ထံသို့ ဖိနင်းချေမှုန်းသွား၏။

"သေခြင်းရဲ့‌‌ဓား"

လုမင်က သူ၏ အသန်မာဆုံး သတ်ကွက်များထဲမှ တစ်ခုဖြစ်သည့် သေခြင်း၏ဓားကို အသုံးပြုလိုက်သည်။

ကြီးမားသော ဓားကြီးတစ်လက် ဖြစ်ပေါ်လာပြီး လုမင်က ဆုပ်ကိုင်လိုက်၏။

ယခင်က လုမင်သည် ထျန်းမင်၏ ကံကြမ္မာမြစ်ကြီးကို ဖြတ်တောက်ရန်အတွက် ဤတိုက်ကွက်ကို အသုံးပြုခဲ့ဖူးသည်။

"ဝုန်း"

သေခြင်း၏ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။

"ဝုန်း..."

‌ကမ္ဘာမြေကို တုန်ဟိန်းသွားစေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သေခြင်းဓားက တစ်ဖက်လူ၏ လက်သီးအလင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့၏။

ထိုစွမ်းအားက ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားကို ဖြာထွက်လာတော့သည်။

"ဝုန်း"

သူတို့နှစ်ဦးစလုံး မီတာတစ်ရာစီ နောက်သို့ ဆုတ်ခွာသွားခဲ့ကြရသည်။

လီယိုက ထျန်းမင်ထက် အမှန်တကယ် ပို၍ သန်မာသည်။ ယခင်က လုမင်သည် ဓားတစ်ချက်ဖြင့် ထျန်းမင်၏ ကံကြမ္မာမြစ်ကြီးကို ဖြတ်တောက်နိုင်ခဲ့သည်။ သို့သော်၊ ယခုအချိန်တွင်မူ သူက လီယိုကို အနိုင်မယူနိုင်ခဲ့ချေ။

"ထပ်လာမယ်"

လီယိုက ဟိန်းဟောက်လိုက်ပြီး လုမင်ထံသို့ ထပ်မံပြေးဝင်သွားခဲ့သည်။ လမ်းစဉ်ခြောက်သွယ် ပြန်လည်ဝင်စားခြင်းလက်သီးက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားခဲ့၏။

"လာခဲ့စမ်း"

လုမင်ကလည်း ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာခဲ့၏။

သူက အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။

ယွမ်လု၏ မျိုးဆက်သစ်လူငယ်များထဲတွင် သူက ပြိုင်ဘက်ကင်းနေပြီ။ သေခြင်းဓားကို အသုံးပြုလိုက်သည်နှင့် ထျန်းမင်ပင်လျှင် ရှုံးနိမ့်သွားရမည် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ လီယိုက သူနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့ပြီ။ ဤအရာက လုမင်ကို သေခြင်းဓား၏ လျှို့ဝှက်ချက်များအား ဆက်လက်၍ ပြည့်စုံကောင်းမွန်အောင် ပြုလုပ်နိုင်ခွင့် ပေးလိမ့်မည် ဖြစ်သည်။

လုမင်၏ သေခြင်းဓားက အစောပိုင်း နားလည်မှုအဆင့်တွင်သာ ရှိသေးသည်။ သူသည် နိယာမလေးခု၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ကြိုးစားထုတ်ဖော်နေရပြီး ၎င်းကို ကျွမ်းကျင်ပိုင်နိုင်ရန်အတွက်မူ ဝေးကွာနေဆဲ ဖြစ်သည်။

ကြီးမားသော တိုက်ပွဲတစ်ခုအတွင်း၌သာ သူက ၎င်းကို ဆက်လက်၍ ပြည့်စုံလာအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။

"ဝုန်း... ဝုန်း..."

သူတို့နှစ်ဦးလုံးက တစ်ဦးကိုတစ်ဦး ထိုးနှက်တိုက်ခိုက်ကြပြီး အပြန်အလှန် ခုခံနေခဲ့ကြရာ တိုက်ပွဲက အလွန်ပြင်းထန်ပေသည်။

"ယွမ်လုမှာ ဒီလိုလူမျိုး ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

ကောင်းကင်ကမ္ဘာမှ လူငယ်များက ရှားရှားပါးပါး တည်ကြည်လေးနက်သော အမူအရာမျိုး ရှိလာခဲ့ကြသည်။

"လုမင်က တကယ်သန်မာတာပဲ။ သူက ကောင်းကင်ကမ္ဘာရဲ့ ပါရမီရှင်တွေကိုတောင် ရင်ဆိုင်တိုက်ခိုက်နိုင်တယ်"

ယွမ်လုမှ ပါရမီရှင်များလည်း ပြုံးလိုက်ကြ၏။ နောက်ဆုံးတွင်၊ သူတို့က အနည်းငယ် စိတ်သက်သာရာရသွားခဲ့ကြပေသည်။

ယခင်က ယွမ်လုမှ ပါရမီရှင်များသည် ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များ၏ ဖိနှိပ်ခြင်းကို လုံးဝ ခံခဲ့ကြရသည်။ ကောင်းကင်ကမ္ဘာတွင် အရင်းအမြစ်များ ပိုများသဖြင့် ပြိုင်ဘက်များက ပို၍ သန်မာနေခြင်း ဖြစ်သော်လည်း...၊ သူတို့ကိုယ်တိုင် မယှဉ်နိုင်သဖြင့် စိတ်မသက်မသာ ဖြစ်နေခဲ့ကြရသေးသည်။

ယခုအခါတွင်၊ နောက်ဆုံးတွင်ကား တစ်စုံတစ်ယောက်က ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

All Chapters