အခန်း ၂၁၃၇
Vol. 149 Ch. 2137
အပိုင်း ( 2137 ) နတ်ဘုရားခန္ဓာ သို့မဟုတ် အသုံးမဝင်သောခန္ဓာ။
အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံက ကြည်လင်ပြတ်သားသော်လည်း လွန်ကဲသော မြင့်မြတ်သည့် အရှိန်အဝါများ ပါဝင်နေပေသည်။
ဤအသံကို ကြားလိုက်ရသည့်အခါ မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်၏ အမူအရာက ပြောင်းလဲသွားပြီး လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်။
လုမင်သည်လည်း ရပ်တန့်လိုက်ပြီး ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ချေ။ သူက တတိယသွေးမျိုးဆက်၏ စွမ်းအားကို ရုပ်သိမ်းလိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်း၏ မျက်လုံးများက နတ်ဘုရားအလင်းတန်းများ ဖုံးလွှမ်းနေသည့် ရထားလုံးပေါ်တွင် ထိုင်နေသော ပုံရိပ်ထံသို့ ရောက်ရှိသွားကြ၏။ ယခုလေးတင် စကားပြောခဲ့သူက သူက ဖြစ်သည်။
ဤအခိုက်အတန့်တွင် ထိုပုံရိပ်က မတ်တတ်ရပ်လိုက်ပြီး ရထားပေါ်မှ လှမ်းထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားအလင်းတန်းများလည်း ရုပ်သိမ်းသွားခဲ့ပြီး သူ၏ စစ်မှန်သော ရုပ်သွင်ကို ဖော်ပြလာခဲ့၏။
၎င်းမှာ အသက် လေးဆယ်ဝန်းကျင်ခန့် ရှိပုံရသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူက ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး တော်တော်လေး ခန့်ညားထည်ဝါပုံရပေသည်။
သို့သော်လည်း ယွမ်လု၏ မဟာဧကရာဇ်များက ပျာပျာသလဲ ဦးညွှတ်လိုက်ကြလိုက်သည်။
"ကောင်းကင်ဧကရာဇ် အရှင်ကို ဂါရဝပြုပါတယ်"
သူက စစ်မှန်သော ကောင်းကင်ဧကရာဇ်တစ်ပါးပင်။
လူတိုင်း တုန်လှုပ်သွားခဲ့ရပြီး သူတို့သည်လည်း ဦးညွှတ်လိုက်ကြသည်။ သူတို့၏ အသံများက ကောင်းကင်ယံတစ်ခုလုံး ပဲ့တင်ထွက်ပေါ်သွားခဲ့ပေသည်။
"အင်း..."
လူလတ်ပိုင်းအမျိုးသားက ခေါင်းညိတ်လိုက်သည်။ သူ့ အကြည့်က လုမင်ကို ဖြတ်သန်းသွားပြီးနောက် ထျန်းမင်၊ ယွမ်ရှင်းနှင့် အခြားသူများထံသို့ ရောက်ရှိသွားခဲ့၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"တကယ်ကို ယွမ်လုကလည်း သူ့ရဲ့ ရွှေခေတ်ကို ရောက်ရှိနေပြီပဲ။ ပါရမီရှင်တွေ စုဝေးနေကြတာ တကယ့်ကို ကောင်းမွန်ပါတယ်"
"မင်းတို့ထဲက အများစုဟာ အလွန် ပါရမီမြင့်မားကြတယ်။ မင်းတို့သာ ကောင်းကင်ကမ္ဘာကို ဝင်ရောက်ပြီး ကောင်းကင်ကမ္ဘာရဲ့ ပျိုးထောင်မှုကို ခံယူရမယ်ဆိုရင် အရှိန်အဟုန်နဲ့ တိုးတက်လာမှာ မလွဲမသွေပဲ။ ဒါကြောင့် ငါ ဒီတစ်ကြိမ်မှာ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ယွမ်လုရဲ့ ထိပ်ဆုံး သုံးရာနှစ်ဆယ်အတွင်းမှာ ရှိတဲ့သူတွေအားလုံး ငါ့နောက်ကိုလိုက်ပြီး ကောင်းကင်ကမ္ဘာမှာ သွားရောက်ကျင့်ကြံနိုင်တယ်။ အဲဒီ ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေတွေက မင်းတို့အတွက် တံခါးတွေကို ဖွင့်လှစ်ပေးလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ မင်းတို့ကို လမ်းညွှန်ပြသပေးမယ့် ကောင်းကင်ဧကရာဇ်တွေလည်း ရှိလိမ့်ဦးမယ်"
ခန့်ညားထည်ဝါသော လူလတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။
"ဘာ... ထိပ်ဆုံး သုံးရာနှစ်ဆယ်လုံး သွားလို့ရတာလား"
"ပြီးတော့ ကောင်းကင်ဧကရာဇ်တွေက ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးဦးမှာတဲ့"
လူအများ၏ မျက်လုံးများက စိတ်အားထက်သန်မှုတို့ဖြင့် တောက်လောင်လာခဲ့ကြသည်။
အထူးသဖြင့် ထိပ်ဆုံး သုံးရာနှစ်ဆယ်စာရင်းဝင် ပါရမီရှင်များ ဖြစ်ကြ။ သူတို့အားလုံး အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ စိတ်လှုပ်ရှားလာကြတော့သည်။
ဤအရာက ရွေးချယ်မှုအောင်မြင်ခဲ့သည့် လူသုံးရာနှစ်ဆယ်လုံး သွားရောက်နိုင်သည်ဟု အဓိပ္ပာယ်ရသည်။
ထိပ်ဆုံး သုံးရာနှစ်ဆယ်ထဲသို့ မဝင်ရောက်ခဲ့သည့် လူအများမှာမူ အကြည့်ရဆိုးသော အမူအရာများ ရှိနေခဲ့ကြပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်ကြတော့သည်။
ကောင်းကင်ကမ္ဘာ၏ အရင်းအမြစ်များက ယွမ်လုထက် များစွာ သာလွန်ကောင်းမွန်သည်။ ထို့ပြင် ကောင်းကင်ဧကရာဇ်များ၏ လမ်းညွှန်မှုလည်း ရှိသေးသည်။ ဤအရာက ဆွဲဆောင်မှု ရှိလွန်းသည်။
"ဒါပေမဲ့ မင်းတို့ ကောင်းကင်ကမ္ဘာကို ရောက်တဲ့အခါ သင့်တော်တဲ့အချိန်မှာ စစ်မြေပြင်ထဲကို ဝင်ရောက်ဖို့လည်း စေလွှတ်မှာဖြစ်တယ်။ တစ်ပါးအမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ ဘေးအန္တရာယ်အချို့လည်း ရှိလိမ့်မယ်။ ဒါကြောင့် တကယ်လို့ မင်းတို့ မသွားချင်ဘူးဆိုရင်တော့ ငါ အတင်းအကျပ် မလုပ်ပါဘူး။ မသွားချင်တဲ့သူတွေရှိရင် အခုပဲ ပြောနိုင်ပါတယ်"
ခန့်ညားထည်ဝါသော လူလတ်ပိုင်းအမျိုးသားက ပြောလိုက်၏။
မည်သူမျှ ရှေ့သို့ လှမ်းမထွက်လာခဲ့ချေ။
တစ်သက်တွင် တစ်ခါသာ ကြုံရမည့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်သူက လက်လွတ်ခံချင်ပါမည်နည်း။
ထို့ပြင် သူတို့ ပိုတိုးတက်လိုပါက သေခြင်းရှင်ခြင်း တိုက်ပွဲများကို မဖြစ်မနေ ရင်ဆိုင်ရမည် ဖြစ်သည်။ ဤပါရမီရှင်များထဲမှ မည်သူမျှ တိုက်ခိုက်ရမည်ကို မကြောက်ရွံ့ကြချေ။
မိမိကိုယ်ကိုယ် စမ်းသပ်မှုများ မပြုလုပ်ဘဲ မည်ကဲ့သို့ အထွတ်အထိပ်သို့ ခြေချနိုင်ပါမည်နည်း။
ထို့ကြောင့် တစ်ဦးတစ်ယောက်မျှ နောက်ဆုတ်ရန်မလိုလားပေ။
"သိပ်ကောင်းတယ်"
လူလတ်ပိုင်းအမျိုးသားက ခေါင်းညိတ်လိုက်ပြီးနောက် လုမင်ကို အံ့ဩသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ခေတ္တမျှ စဉ်းစားနေပြီးနောက် သူက ပြောလိုက်၏။
"ထိပ်ဆုံး သုံးရာနှစ်ဆယ်မှာ ရှိတဲ့သူတိုင်း သွားလို့ရပေမဲ့ မင်းကတော့... သွားလို့မရဘူး"
ဘာ...
ဤစကားလုံးများက လူတိုင်းကို မှင်တက်သွားစေခဲ့သည်။
ကောင်းကင်ဧကရာဇ်က လုမင် သွားရောက်၍ မရဟု ပြောလိုက်ခြင်းပင်လော။
ဘာတွေ ဖြစ်ပျက်နေသနည်း။
လုမင်၏ ခွန်အားကို အားလုံးက အထင်အရှား မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က တုနှိုင်းယှဉ်ဖွယ်မရှိချေ။ သူသည် သိုင်းဧကရာဇ်တစ်ဦး မဖြစ်သေးသော်လည်း နိယာမ အမျိုးအစား ငါးခုကိုပင် ဆုပ်ကိုင်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ထဲမှ နှစ်ခုက အသန်မာဆုံး နိယာမများ ဖြစ်ကြပြီး သုံးခုက ဘုရင်နိယာမမျာ ဖြစ်၏။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ရှေးခေတ်ကာလများကတည်းက ဤကဲ့သို့သော လူမျိုးကို မည်သူမျှ မမြင်တွေ့ခဲ့ဖူးဟု ဆိုနိုင်ပေသည်။
သို့သော်လည်း ယခုအခါ ကောင်းကင်ဧကရာဇ်က လုမင်ကို သွားရောက်၍ မရဟု အမှန်တကယ် ပြောလိုက်ခြင်းပင်လော။
ဤကိစ္စတွင် အခြားသော စီစဉ်မှုများ ရှိနေသေးပါသလား။
လူအများ၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာခဲ့ကြသည်။
လုမင် ကိုယ်တိုင်ပင်လျှင် အံ့ဩသွားခဲ့ရပေသည်။
"ဧကရာဇ်အရှင်... ကျွန်တော်က ဘာလို့ သွားလို့မရတာလဲ"
လုမင်က အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့ရသည်။ သူသည် ကောင်းကင်ကမ္ဘာ၏ ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေများသို့ သွားရောက်ကာ ကျင့်ကြံနိုင်ပြီး ကောင်းကင်ဧကရာဇ်၏ လမ်းညွှန်မှုကိုပင် ခံယူနိုင်မည်ဆိုလျှင်၊ သူ၏ ကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် တိုးတက်လာမည်မှာ သေချာသည်။
ယနေ့ခေတ်တွင် တစ်ပါးအမျိုးနွယ်စုများက ကျူးကျော်ဝင်ရောက်နေကြပြီ ဖြစ်သည်။ မည်သည့်အချိန်တွင် မဟာစစ်ပွဲကြီး ပေါက်ကွဲထွက်လာမည်ကို သူ မသိရှိချေ။ ထို့ကြောင့် သူ့ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံး မြှင့်တင်ရမည် ဖြစ်သည်။
"မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သိုင်းဧကရာဇ်နယ်ပယ်ရဲ့ အောက်မှာ ဆိုရင် ပြိုင်ဘက်ကင်း နတ်ဘုရားခန္ဓာလို့ ပြောလို့ရပြီး အတုမရှိပေဘူး"
ကောင်းကင်ဧကရာဇ်က လုမင်ကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
လူအများက တုန်လှုပ်သွားခဲ့ကြ၏။ ကောင်းကင်ဧကရာဇ် ကိုယ်တိုင်ပင်လျှင် လုမင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြိုင်ဘက်ကင်းသော နတ်ဘုရားခန္ဓာဟု ညွှန်းဆိုလိုက်ခြင်း ဖြစ်သည်။
သို့သော်...
အချို့သူများက ကောင်းကင်ဧကရာဇ်သည် "သိုင်းဧကရာဇ်နယ်ပယ်ရဲ့ အောက်မှာ"ဟု ပြောဆိုခဲ့သည်ကို သတိပြုမိလိုက်ကြသည်။
မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်ဧကရာဇ်က ဆက်ပြောလိုက်၏။
"ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ပြိုင်ဘက်ဘက်ကင်းတဲ့ အမှိုက်ခန္ဓာလည်း ဖြစ်နေပြန်တယ်"
ဘာ။
ရေတွက်မရနိုင်သော လူအများအပြား တုန်လှုပ်ခြောက်ခြားသွားခဲ့ကြရသည်။
ယခင်က ကောင်းကင်ဧကရာဇ်သည် လုမင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြိုင်ဘက်ကင်းသော နတ်ဘုရားခန္ဓာကိုယ်ဟု ပြောခဲ့သည်။ ယခုမူ သူက လုမင်ကို ပြိုင်ဘက်ကင်းသော အမှိုက်ခန္ဓာဟု အဘယ်ကြောင့် ပြောရပြန်သနည်း။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားခဲ့ကြရပြီး လုံးဝ နားမလည်နိုင်ကြတော့ပေ။
"ဟူး..."
ကောင်းကင်ဧကရာဇ်က စိတ်မကောင်းဖြစ်ဟန်ဖြင့် သက်ပြင်းချပြီး ရှင်းပြလိုက်သည်။
"ရှေးခေတ်ကာလတွေကတည်းက နိယာမလမ်းစဥ်ကို ကျင့်ကြံတဲ့သူတွေ သိကြတာကတော့ သိုင်းဧကရာဇ်နယ်ပယ်ရဲ့ အောက်မှာဆိုရင် လူတစ်ယောက်ဟာ အလွန်ဆုံး နိယာမ အမျိုးအစား တစ်ခုကိုပဲ နားလည်သဘောပေါက်နိုင်တာပဲ။ နိယာမ အမျိုးအစား နှစ်ခုကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
လူအများက စိတ်လှုပ်ရှားသွားခဲ့သည်။ တကယ်လည်း လုမင်သည် နိယာမ အမျိုးအစား အများအပြားကို ထိန်းချုပ်ထားခဲ့သည် မဟုတ်ပါလား။ သူတို့သည် ကောင်းကင်ဧကရာဇ်က ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ဟတော့မည်ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
ကောင်းကင်ဧကရာဇ်က ဆက်ပြောပြန်သည်။
"ဒါပေမဲ့ ကောင်းကင်ကမ္ဘာက ရေတွက်မရနိုင်တဲ့ နှစ်ပေါင်းများစွာကြာအောင် လက်ဆင့်ကမ်းလာခဲ့တာ။ ရှေးဦးခေတ်ရဲ့ အဆုံးသတ်မှာ နိယာမလမ်းစဉ်က ထင်ရှားလာခဲ့တယ်။ အခုအချိန်အထိဆိုရင် ရေတွက်မရနိုင်တဲ့ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီပေါ့"
"ဒီလိုမျိုး ရှည်လျားတဲ့ အချိန်ကာလအတွင်းမှာ ဘယ်လောက်တောင်များပြားတဲ့ ပါရမီရှင်တွေ ပေါ်ထွက်ခဲ့တယ်ဆိုတာ ဘယ်သူသိမှာလဲ။ ပါရမီရှင်အများစုဟာ အံ့ဩဖွယ်ကောင်းတဲ့ ပါရမီတွေ ရှိခဲ့ကြတယ်"
"လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းကလည်း စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ လူတွေ ရှိခဲ့ဖူးပါတယ်။ သိုင်းဧကရာဇ်နယ်ပယ်ရဲ့ အောက်မှာတင် နိယာမ အမျိုးအစား အများအပြားကို ထိန်းချုပ်နိုင်ခဲ့တဲ့ လူတွေ ရှိခဲ့ဖူးတယ်။ မင်းထက် ပိုများတဲ့ နိယာမတွေကို ထိန်းချုပ်နိုင်ခဲ့တဲ့ လူတွေတောင် ရှိခဲ့ဖူးသေးတယ်။ ဒါပေမဲ့ ဘယ်သူမှ အသန်မာဆုံးနိယာမ အမျိုးအစား နှစ်ခုကို တစ်ချိန်တည်းမှာ မထိန်းချုပ်နိုင်ခဲ့ကြဘူး"
"သိုင်းဧကရာဇ်နယ်ပယ်အောက်က အဲဒီလူတွေဟာ အံ့ဩစရာကောင်းလွန်းပါတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အတုမရှိခဲ့ဘူး။ တူညီတဲ့အဆင့်မှာရှိတဲ့သူတွေကို မပြောနဲ့ဦး၊ သူတို့အတွက် ဗလာနယ်ဧကရာဇ်တစ်ဦးကို သတ်ဖြတ်ဖို့တောင် လွယ်ကူခဲ့တယ်။ ဒါပေမဲ့... ဒီလူတွေဟာ သိုင်းဧကရာဇ်နယ်ပယ်ကို ဘယ်တော့မှ အောင်မြင်စွာ အဆင့်မတက်လှမ်းနိုင်ခဲ့ကြဘူး"
ကောင်းကင်ဧကရာဇ်က အသေးစိတ် ရှင်းပြလိုက်သည်။
လူတိုင်း တုန်လှုပ်သွားခဲ့ကြ၏။ သူတို့၏ ရင်ထဲတွင် တုန်ယင်နေကြပြီး စိတ်အေးအေးမထားနိုင်ကြတော့ပေ။
ကောင်းကင်ကမ္ဘာ၏ ရှေးခေတ်ကာလများတွင် နိယာမ အမျိုးအစား အများအပြားကို ထိန်းချုပ်နိုင်ပြီး အတုမရှိသော တိုက်ခိုက်ရေးစွမ်းရည်များ ရှိကြသည့် ကောင်းကင်ကို ဆန့်ကျင်သော ဤကဲ့သို့သော လူမျိုးများ အမှန်တကယ် ပေါ်ထွက်ခဲ့ဖူးသည်။
သို့သော်လည်း ဤလူများက သိုင်းဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ အဆင့်မတက်လှမ်းနိုင်ခဲ့ကြပေ။
လုမင်လည်း တုန်လှုပ်သွားခဲ့ရသည်။ သူ ဆွံ့အသွားခဲ့ရ၏။
သူက သိုင်းဧကရာဇ်နယ်ပယ်သို့ အဆင့်မတက်လှမ်းနိုင်တော့ဘူးလား။
မဖြစ်နိုင်ဘူး။
လုမင်၏ မျက်လုံးများ နီမြန်းလာခဲ့သည်။ ၎င်းကို သူ လက်မခံနိုင်ချေ။
တစ်ချိန်တည်းမှာပင် သူသည် ကမ္ဘာထောင့်စွန်းထဲ၌ ရှိစဉ်အခါက သိုင်းဧကရာဇ်နယ်ပယ်သို့ အဆင့်တက်လှမ်းရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်ကို ပြန်လည်အမှတ်ရသွားခဲ့သည်။ ထိုအချိန်က သူ၏ သူတော်စင်နှလုံးသားနှင့် ခန္ဓာကိုယ်ကိုပင် ဆုတ်ဖြဲပစ်လုနီးပါး ဖြစ်ခဲ့ရဖူးပေသည်။
"အားလုံးသိကြတဲ့အတိုင်း သိုင်းဧကရာဇ်နယ်ပယ်ကို အဆင့်တက်လှမ်းဖို့ဆိုရင် လူတစ်ယောက်ဟာ သူတော်စင်နှလုံးသားထဲက နိယာမတွေကို ကမ္ဘာနှလုံးသားအဖြစ် ပြောင်းလဲပစ်ရမယ်။ အဲဒီနောက်မှာ ကမ္ဘာနှလုံးသားနဲ့အတူ သူတော်စင်နှလုံးသားက ကမ္ဘာငယ်လေးတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားတာပေါ့"
"ဒါပေမဲ့ နိယာမ အမျိုးအစား အများအပြားကို ထိန်းချုပ်ရရင် မျှခြေဖြစ်ဖို့ ခက်ခဲလွန်းတယ်။ မျှခြေဆိုတာ လုံးဝမရှိနိုင်ဘဲ ကမ္ဘာနှလုံးသားအဖြစ် ဆင့်ကဲပြောင်းလဲဖို့ မဖြစ်နိုင်ဘူးလို့တောင် ပြောလို့ရတယ်။ မင်းက အတင်းအကျပ် အဆင့်တက်လှမ်းဖို့ ကြိုးစားရင် နိယာမတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေက မင်းရဲ့ သူတော်စင်နှလုံးသားနဲ့ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်လိုက်လိမ့်မယ်"
"သမိုင်းတစ်လျှောက်မှာ မင်းလိုမျိုး ပါရမီရှင်တွေက လမ်းနှစ်ခုကို လျှောက်လှမ်းခဲ့ကြတယ်။ တစ်ခုက အတင်းအကျပ် အဆင့်တက်လှမ်းဖို့ ကြိုးစားပြီး နိယာမတွေရဲ့ စွမ်းအားကြောင့် သေဆုံးသွားခဲ့ကြတယ်"
"အခြားတစ်ခုကတော့ ဧကရာဇ်တစ်ပိုင်းနယ်ပယ်မှာပဲ မင်းရဲ့ ဘဝသက်တမ်း ကုန်ဆုံးသွားပြီး သေဆုံးသွားတဲ့အထိ တစ်သက်လုံး ပိတ်မိနေခဲ့တာပဲလေ"
ကောင်းကင်ဧကရာဇ်၏ စကားလုံးများက မိုးကြိုးမုန်တိုင်းကဲ့သို့ လုမင်၏ စိတ်ထဲတွင် ပေါက်ကွဲသွားခဲ့ရသည်။
အကြောင်းမူ၊ ကောင်းကင်ဧကရာဇ် ပြောလိုက်သည့်အရာက သူ ရင်ဆိုင်ခဲ့ရသည်များနှင့် အလွန်ပင် ဆင်တူနေသောကြောင့်ပင်။
မဟုတ်ဘူး။
မဖြစ်နိုင်ဘူး။
လုမင် တုန်လှုပ်သွားခဲ့သည်။ သူ့မျက်လုံးများ နီရဲသွားခဲ့၏။ သူက ဤအမှန်တရားကို လက်မခံနိုင်ချေ။
သူကိုယ်တိုင် သိုင်းဧကရာဇ်နယ်ပယ်သို့ အဆင့်မတက်လှမ်းနိုင်တော့ပါက ကျင့်ကြံခြင်းမှာ အဘယ်သို့ အဓိပ္ပာယ်ရှိတော့မည်နည်း။
"မဖြစ်နိုင်ဘူး... ကျွန်မရဲ့ ဆရာက သိုင်းဧကရာဇ်နယ်ပယ်ကို သေချာပေါက် အဆင့်တက်လှမ်းနိုင်မှာ။ ကျွန်မရဲ့ ဆရာက အတုမရှိတဲ့သူပဲ"
လုရှန်းရှန်းက အော်ဟစ်လိုက်သည်။ သူမ၏ မျက်နှာက ဖြူလျော်သွားခဲ့ပြီး ၎င်းကို လက်မခံနိုင်ပေ။
"မဟုတ်ဘူး"
အိုးရန်မော့လီ၊ ချင်ယွဲ့၊ ဟွမ်လင်၊ လုံချန်နှင့် အခြားသူများလည်း သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြသည်။ သူတို့က ၎င်းကို မယုံကြည်နိုင် ဖြစ်ခဲ့ကြ၏။
မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တော့သည်။