အခန်း ၂၁၃၉
Vol. 149 Ch. 2139
အပိုင်း ( 2139 ) ရှေ့ဆက်လမ်းက ပြတ်တောက်ခဲ့ပြီ။
ကောင်းကင်ဧကရာဇ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
တိုင်းတစ်ပါးအမျိုးနွယ်စုများက ကျူးကျော်ဝင်ရောက်နေပြီး ကောင်းကင်ကမ္ဘာမှာ စစ်ပွဲများနှင့် ရင်ဆိုင်နေရသည်။ ပြိုင်ဘက်ကင်းသည့် ပါရမီရှင်များကို ပြုစုပျိုးထောင်ပေးပြီး သူတို့ကို ကြီးပြင်းလာခွင့်ပေးခြင်းက ကောင်းကင်ကမ္ဘာနှင့် ယွမ်လုအတွက် များစွာအဓိပ္ပာယ်ရှိပေလိမ့်မည်။
ထို့ကြောင့် အရင်းအမြစ်တစ်ခုချင်းစီတိုင်းက တန်ဖိုးရှိပြီး အလိုအပ်ဆုံးနေရာတွင် အသုံးပြုရမည် ဖြစ်သည်။
အကယ်၍ လုမင်သာ သိုင်းဧကရာဇ်နယ်ပယ်သို့ အဆင့်မတက်လှမ်းနိုင်ပါက လုမင်သည် သူ၏ တန်ဖိုးကို ဆုံးရှုံးရလိမ့်မည်။
ဧကရာဇ်တစ်ပိုင်းတစ်ဦးက မည်မျှပင် သန်မာနေပါစေ၊ တစ်ပါးအမျိုးနွယ်စုများနှင့် ဆင်နွှဲရမည့် စစ်ပွဲတွင် အသုံးမဝင်ချေ။ ကောင်းကင်ကမ္ဘာ၏ ကျွမ်းကျင်သူများက အမှိုက်တစ်စပေါ်တွင် အရင်းအမြစ်များကို ဖြုန်းတီးပစ်မည် မဟုတ်ပါ။
ထို့ကြောင့် လုမင်သာ သိုင်းဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်ပါက၊ သူသည် ယွမ်လု၌သာ နေထိုင်သွားရမည်ဖြစ်ပြီး ကောင်းကင်ကမ္ဘာသို့ သွားရောက်နိုင်မည် မဟုတ်ပေ။
"ကျွန်တော် နားလည်ပါပြီ"
လုမင်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ပြင်ဆင်လိုက်တော့။ မင်းရဲ့ အခြေအနေကို အထွတ်အထိပ်ရောက်အောင် ပြင်ဆင်ထားပါ"
ကောင်းကင်ဧကရာဇ်က ပြောလိုက်သည်။
လုမင်က ခေါင်းညိတ်ပြီး ဘေးသို့ လျှောက်သွားလိုက်၏။ သူက တင်ပျဥ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို ပိတ်ကာ အနားယူလိုက်တော့သည်။
သူက သူ၏ အခြေအနေ၊ အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိဉာဉ်တို့ကို အထွတ်အထိပ်သို့ ရောက်ရှိရန် ချိန်ညှိရန် လိုအပ်သည်။
ကောင်းကင်ဧကရာဇ်ကမူ ကံကြမ္မာတောင်ထိပ်တွင် အစီရင်တစ်ခုကို စတင်ချမှတ်လေသည်။ ကံကြမ္မာတောင်၏ တောင်ထိပ်က စူးရှတောက်ပသော အလင်းများဖြင့် တောက်ပလာခဲ့သည်။
လူတိုင်းကလည်း ဤနေရာတွင် စောင့်ဆိုင်းနေကြပေသည်။ စင်စစ်တွင်၊ လူဦးရေက ပို၍ပင် တိုးပွားလာခဲ့သည်။
လုမင်ကို ယွမ်ခု၏ သမိုင်းမှာပင် ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦးဟု ဆိုနိုင်သည်။ ထို့ကြောင့် လုမင်က သိုင်းဧကရာဇ် ဖြစ်လာနိုင်မလား ဆိုသည်ကို လူတိုင်းက မြင်တွေ့ချင်နေကြပေသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဆယ်ရက်တာ အချိန်က ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင် လုမင်က သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ရှေ့သို့ တစ်လှမ်းချင်းလှမ်းကာ ကံကြမ္မာတောင်ထိပ်သို့ ခြေချလိုက်၏။
"လုမင်... စကြရအောင်"
ကောင်းကင်ဧကရာဇ်က ဆိုသည်။ ဤကာလအတွင်း ကောင်းကင်ဧကရာဇ်ကို ခုန်းယင်ဟု ခေါ်ဆိုကြောင်းနှင့် ကောင်းကင်ဧကရာဇ် ခုန်းယင် လူသိများကြောင်း လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။
လုမင်က ခေါင်းညိတ်ပြီး ကံကြမ္မာတောင်ထိပ်တွင် ခြေတင်ပလ္လင်ခွေ ထိုင်လိုက်၏။
"အောင်မြင်ပါစေ"
လုရှန်းရှန်း၊ အိုးရန်မော့လီနှင့် အခြားသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး သူတို့၏ လက်သီးများကို တင်းတင်းဆုပ်ထားခဲ့ကြသည်။
ဟန်မိသားစု၊ ဟဲမိသားစု၊ ရွှေကျီးကန်းမျိုးနွယ်စု၊ ဝမ်မိသားစု၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြားသော အင်အားစုများမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။ သို့သော်လည်း သူတို့၏ ရင်ထဲ၌မူ လုမင် ကျရှုံးစေရန်သာ မျှော်လင့်နေကြတော့သည်။
"ဝုန်း"
လုမင်၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက အဆင့်တက်လှမ်းတော့မည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ မည်သည့် အသံမျှပင် မကြားရချေ။
ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ကြီးကြပ်နေခြင်းကြောင့် လုမင်အပေါ် ရန်ငြိုးဖွဲ့ထားသည့် မူမိသားစုကဲ့သို့ အင်အားစုများပင်လျှင် လုမင်၏ အဆင့်တက်လှမ်းမှုကို အနှောင့်အယှက်ဖြစ်စေမည့် မည်သည့် လှုပ်ရှားမှုမျိုးကိုမျှ မလုပ်ရဲကြပါ။
မဟုတ်ပါက၊ အကယ်၍ သူတို့သာ ကောင်းကင်ဧကရာဇ်ကို ဒေါသထွက်အောင် လုပ်မိလျှင် မူမိသားစုတစ်ခုလုံးသည် သူနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံရပေလိမ့်မည်။
ဟန်မိသားစုနှင့် ဟဲမိသားစုတို့သည်လည်း မည်သည့်လှုပ်ရှားမှုမျှ မလုပ်ရဲကြချေ။
ဤအချိန်တွင် လုမင်က သူ၏ သူတော်စင်နှလုံးသားကို ကမ္ဘာဦးနှလုံးသားအဖြစ် ဖွဲ့စည်းရန် နိယာမငါးမျိုးကို စတင်ထိန်းချုပ်လိုက်သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် နိယာမငါးမျိုးက ပေါက်ကွဲထွက်လာကြသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု တိုက်မိကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဆုတ်ဖြဲမှုစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။
လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရတော့သည်။
ယခင်အကြိမ်ကဲ့သို့ပင် သူ အောင်မြင်ရန် ခက်ခဲနေသည်။
"လုမင်... မင်းရဲ့ စိတ်ကို စုစည်းပြီး ဆင့်ကဲပြောင်းလဲဖို့အပေါ်မှာပဲ အာရုံစိုက်ထားပါ။ ငါ မင်းရဲ့ ခန္ဓာကိုယ်နဲ့ သူတော်စင်နှလုံးသားကို ကာကွယ်ပေးမယ်"
ကောင်းကင်ဧကရာဇ် ခုန်းယင်က ပြောလိုက်သည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အောက်သို့ ဖိချလိုက်၏။ ကံကြမ္မာတောင်၏ တောင်ထိပ်ဖျားတစ်ခုလုံးက သောင်းနှင့်ချီသော ရောင်ခြည်တန်းများဖြင့် ပြည့်နှက်သွားတော့သည်။
နတ်ဘုရားရောင်ခြည်တန်းများ ပေါ်ထွက်လာပြီးနောက် လုမင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး သူတော်စင်နှလုံးသားကို ဖုံးအုပ်သွားခဲ့၏။
ဤအရာက လုမင်၏ ခန္ဓာကိုယ်နှင့် သူတော်စင်နှလုံးသားကို ကာကွယ်ပေးသည့် အစီရင်၏စွမ်းအား ဖြစ်သည်။
"ဆင့်ကဲပြောင်းလဲစမ်း"
လုမင်က ဟိန်းဟောက်လိုက်သည်။ သူက သူ၏ ခန္ဓာကိုယ်နှင့် သူတော်စင်နှလုံးသားကို ဂရုမစိုက်တော့ချေ။ သူက သူ၏ အစွမ်းရှိသမျှဖြင့် နိယာမငါးမျိုးကို ထိန်းချုပ်လိုက်ပြီး သူတော်စင်နှလုံးသားထဲ၌ ကမ္ဘာနှလုံးသားကို ဆင့်ကဲပြောင်းလဲရန် ကြိုးစားလိုက်သည်။
သို့သော်လည်း နိယာမငါးမျိုးမှာ ဟန်ချက်ညီရန် ခက်ခဲလှပေသည်။ စွမ်းအားများက တိုက်မိပြီး တစ်ခုနှင့်တစ်ခု လှုံ့ဆော်မိကြရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
လုမင်၏ သူတော်စင်နှလုံးသားနှင့် ခန္ဓာကိုယ်မှာ ရုန့်ရင်းကြမ်းတမ်းသော စွမ်းအားတစ်ခု၏ ထိုးနှက်ခြင်းကို ခံရသဖြင့် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရ၏။
အကယ်၍ ကောင်းကင်ဧကရာဇ် ခုန်းယင်သာ သူ၏ သူတော်စင်နှလုံးသားနှင့် ခန္ဓာကိုယ်ကို ကာကွယ်မပေးထားပါက လုမင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်။ သူ၏ သူတော်စင်နှလုံးသားမှာ ပေါက်ကွဲသွားနိုင်ပြီး ခန္ဓာကိုယ်မှာလည်း အပိုင်းပိုင်းပြတ်သွားနိုင်သည်။
"ငါ အောင်မြင်ရမယ်"
လုမင်က ဟိန်းဟောက်လိုက်သည်။ သူက အရာရာကို လျစ်လျူရှုပြီး အစွမ်းကုန် ကြိုးစားလိုက်၏။
"ဝုန်း... ဝုန်း"
လုမင်၏ ခန္ဓာကိုယ်ထဲတွင် ကျွမ်းကျင်သူတစ်ဦးက တိုက်ခိုက်နေသည့်အလား ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်မှာ ဇကာကွက်တစ်ခုလိုမျိုး အလင်းရောင်ခြည်များ ပေါက်ကွဲထွက်လာခဲ့၏။ ၎င်းက အလွန်အမင်း တုန်လှုပ်စရာ ကောင်းသည်။
"ဝုန်း..."
ထို့နောက်တွင်၊ လုမင်က သွေးအမြောက်အမြား အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာမှာ ဖြူလျော်သွားခဲ့ရ၏။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာသည်ကို မြင်တွေ့နိုင်ပေသည်။
"မကောင်းဘူး"
ကောင်းကင်ဧကရာဇ် ခုန်းယင်၏ မျက်နှာ ပျက်သွားခဲ့ရသည်။
သူ၏ အကူအညီ ရှိနေသည့်တိုင်အောင် လုမင်က ဒဏ်ရာရရှိနေသေးသည်။
ဤသည်မှာ၊ သူက စွမ်းအားမလုံလောက်ခြင်းကြောင့် မဟုတ်ဘဲ လုမင် အဆင့်တက်လှမ်းချိန်တွင် နိယာမများ၏ စွမ်းအားက အရှိန်အဟုန်ပြင်းစွာ တက်လာပြီး လုမင်၏ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ပေါက်ကွဲထွက်လာခြင်းကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းက ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို ဆွဲဆောင်မိသွားပြီး လုမင်ကို ကိုယ်တိုင် ပျက်စီးသွားစေနိုင်ပေသည်။
"ဆရာ"
"လုမင်"
ဤအခိုက်အတန့်တွင် လုရှန်းရှန်း၊ ချင်ယွဲ့၊ ဟွမ်လင်နှင့် အခြားသူများအားလုံးမှာ အလွန်အမင်း စိတ်လှုပ်ရှား၍ စိုးရိမ်ပူပန်နေခဲ့ကြရသည်။
"အဆင့်တက်စမ်း"
လုမင်က ဟိန်းဟောက်လိုက်ပြီး ဆက်လက်၍ အဆင့်တက်လှမ်းရန် ကြိုးစားနေခဲ့သည်။
သူ အဆင့်တက်နိုင်ရမည်။ သူ၏ သိုင်းပညာလမ်းစဉ်ကို ဤကဲ့သို့ အဆုံးသတ်သွားခွင့် မပြုနိုင်ချေ။
"ခရတ်..."
လုမင်၏ သူတော်စင်နှလုံးသားပေါ်တွင်ပင် အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်မူ အက်ကြောင်းများ ပိုမိုများပြားလာခဲ့၏။ သွေးများက ဆက်တိုက် စိမ့်ထွက်နေခဲ့ပြီး အချိန်မရွေး အပိုင်းပိုင်းပြတ်သွားတော့မည့်အလား ဖြစ်နေတော့သည်။
"လုမင်... ရပ်လိုက်တော့။ မင်း ဆက်သွားလို့ မရတော့ဘူး။ မဟုတ်ရင် မင်း သေလိမ့်မယ်"
ကောင်းကင်ဧကရာဇ် ခုန်းယင်က အော်ဟစ်လိုက်သည်။
"အဆင့်တက်စမ်း"
လုမင်က ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်လုံးများမှာ အလွန်အမင်း ဇွဲနပဲကြီးစွာ ရှိနေခဲ့၏။ သူက အဆင့်တက်လှမ်းရန် ဆက်လက်ကြိုးစားနေသေးသည်။
လူအများမှာ စိတ်လှုပ်ရှားသွားခဲ့ကြရပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့အားလုံး လုမင်၏ ခံစားချက်ကို နားလည်နိုင်ကြပေသည်။
ပြိုင်ဘက်ဘက်ကင်းသော ပါရမီရှင်တစ်ဦးအနေဖြင့် အကယ်၍ သူ့တစ်သက်တာလုံး ဧကရာဇ်တစ်ပိုင်းနယ်ပယ်၌သာ ပိတ်မိနေပြီး အဆင့်မတက်လှမ်းနိုင်တော့ပါက မည်မျှဝမ်းနည်းစရာ ကောင်းလိုက်ပါမည်နည်း။
အခြားရှုထောင့်တစ်ခုမှ တွေးကြည့်မည်ဆိုလျှင် လူအများစုသည်လည်း မည်သည့်ပေးဆပ်မှုမျိုးဖြင့်မဆို အဆင့်တက်လှမ်းရန် ကြိုးစားကြမည်သာ ဖြစ်သည်။
လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ပိုမိုများပြားလာခဲ့သည်။ အက်ကြောင်းများစွာထဲမှ သွေးများ တိုက်ရိုက် ပန်းထွက်လာခဲ့၏။
"ဆရာ..."
လုရှန်းရှန်းက တိုးညင်းစွာ ဆိုလိုက်ပြီး သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာတော့သည်။
"သခင်လေး"
ချင်ယွဲ့အတွက်လည်း ထို့အတူပင် ဖြစ်သည်။ သူမ၏နှလုံးသားကို ဓားဖြင့် မွှန်းနေသကဲ့သို့ ခံစားနေရ၏။
လုမင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကြသူတိုင်းက စာနာသနားသော အကြည့်မျိုးဖြင့် ကြည့်နေခဲ့ကြသည်။
ရွှေကျီးကန်းမျိုးနွယ်စု၊ ဝမ်မိသားစုနှင့် အခြားသော အင်အားစုများအတွက်မူ အတိုင်းထက်အလွန် ဝမ်းမြောက်နေကြတော့သည်။ သူတို့က လုမင် ကျရှုံးစေရန် သူတို့၏စိတ်ထဲမှ အော်ဟစ်နေခဲ့ကြသည်။
"ဝမ်"
ဤအခိုက်အတန့်တွင် လုမင်၏ မျက်ခုံးနှစ်ခုကြား၌ အက်ကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ၎င်းက သူ၏ ဦးခေါင်းတစ်ခုလုံး ကွဲအက်ပွင့်ထွက်သွားတော့မည့်အလား ဖြစ်နေခဲ့ရ၏။
ဤအရာက အလွန်အမင်း အန္တရာယ်များသည်။ အကယ်၍ အနည်းငယ် သတိလက်လွတ် ဖြစ်သွားပါက သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်ပြီး သူ၏ ဝိဉာဉ်မှာလည်း ပျက်စီးသွားလိမ့်မည်။
"ရပ်လိုက်တော့"
ကောင်းကင်ဧကရာဇ် ခုန်းယင်က အော်ဟစ်လိုက်သည်။ သူက လက်တစ်ဖက်ဖြင့် အောက်သို့ ဖိချလိုက်ရာ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့ပြီး လုမင်အား ထိန်းချုပ်လိုက်၏။
အကယ်၍ သူသာ ဝင်ရောက်မစွက်ဖက်ပါက၊ လုမင်၌ သေခြင်းတရားတစ်ခုသာ လမ်းဆုံး ရှိတော့မည် ဖြစ်ကြောင်း သိရှိခြင်းကြောင့် ဖြစ်သည်။
ကောင်းကင်ဧကရာဇ်တစ်ဦး၏ ဝင်ရောက်စွက်ဖက်မှုကြောင့် လုမင်သည် နိယာမများကို မထိန်းချုပ်နိုင်တော့ချေ။ နိယာမများက ပျောက်ကွယ်သွားခဲ့ပြီး သွေးများ အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာမှာ ဖြူလျော်သွားလေသည်။
"ကျရှုံးသွားခဲ့ပြီ"
လုမင်က သူ့ရင်ထဲ၌ သက်ပြင်းချလိုက်မိသည်။
နောက်တစ်ကြိမ် ကျရှုံးခဲ့ပြန်ပြီ။
ကောင်းကင်ဧကရာဇ် ခုန်းယင်၏ အကူအညီဖြင့်ပင် ဖြစ်သော်လည်း ကျရှုံးခဲ့ရဆဲ ဖြစ်သည်။
သူက အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသည့် အမှိုက်ခန္ဓာကိုယ်မျိုး ရှိနေပြီး သိုင်းဧကရာဇ်တစ်ဦး ဖြစ်မလာနိုင်တော့ဘူးလား။
သူက လုံးဝ လက်မခံနိုင် ဖြစ်နေခဲ့ရသည်။ လမ်းတစ်လျှောက်တွင် သူသည် ရေတွက်၍မရနိုင်သော အန္တရာယ်များနှင့် မုန်တိုင်းများကို ကြုံတွေ့ခဲ့ရဖူးသည်။
သို့သော်လည်း အတားအဆီးအားလုံးကို ဖျက်ဆီးကျော်ဖြတ်ခဲ့၏။ ယနေ့တွင် သူက ယွမ်လုရှိ လူငယ်မျိုးဆက်များ၏ အထွတ်အထိပ်သို့ ခြေချနိုင်ခဲ့ပြီ။
နောက်ဆုံးတွင်၊ သူက ဧကရာဇ်တစ်ပိုင်းနယ်ပယ်တွင် ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ အဆင့်တက်လှမ်းရန်မှာ ခက်ခဲလွန်းပေသည်။
အကယ်၍ သူသာ ဧကရာဇ်တစ်ဦး ဖြစ်မလာနိုင်ပါက အရာရာတိုင်းမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ အနာဂတ်တွင် ကြီးမားသော စစ်ပွဲတစ်ခု ဖြစ်ပွားလာပါက စွမ်းအားမဲ့နေလိမ့်မည်ဖြစ်ပြီး သူ၏ မိသားစုကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
"မဖြစ်နိုင်ဘူး"
လုမင်က သူ့ရင်ထဲ၌ ဟိန်းဟောက်လိုက်မိသည်။ သူ လက်မခံနိုင်ချေ။ သူ လက်လျှော့မည် မဟုတ်ပါ။ သူက အချုပ်အနှောင်များကို ဖျက်ဆီးပြီး အံ့ဖွယ်အမှုကို ဖန်တီးပြဦးမည် ဖြစ်သည်။
"လုမင်... မင်းရဲ့ ဒဏ်ရာတွေကို အရင်ဆုံး ကုသလိုက်ပါ"
ကောင်းကင်ဧကရာဇ် ခုန်းယင်က ဆိုလိုက်သည်။ နွေးထွေးသော စွမ်းအားတစ်ခု လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့၏။
စွမ်းအင်များ စီးဆင်းလာသကဲ့သို့ သူ၏ ဒဏ်ရာများမှာလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာတော့သည်။
လုမင်လည်း သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ဒဏ်ရာများကို ကုသရန် ယွမ်ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည်။