ဆေးစွပ်ပြုတ်
Vol. 18 Ch. 190
ကောင်းကင်ကို ကြည့်လိုက်ရာ နောက်ထပ် တစ်နာရီခန့် ကုန်လွန်သွားပြီဖြစ်ပြီး ချူကျန့်မှာ ပင်ပန်းနွမ်းနယ်မှုကို မခံစားဘဲ မနေနိုင်တော့ချေ။
အိုက်ယား... မြို့စားအလုပ်က လူမဆန်တဲ့ အလုပ်ပဲ...။
ကံကောင်းထောက်မစွာဖြင့် သူ၏ တိုက်တွန်းမှုကြောင့် ခုံးကျုံး သည် မနက်ဖြန်တွင် ပြန်ရောက်လာမည်ဖြစ်ပြီး သူ ထမ်းဆောင်ရန် မလိုလားသည့် ဤစိတ်အနှောင့်အယှက် ဖြစ်စရာ တာဝန်မှ နောက်ဆုံးတွင် သူ လွတ်မြောက်နိုင်တော့မည်။
ချူကျန့် မနက်ဖြန် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဒုက္ခသည် သောင်းနှင့်ချီ၍ ခုံးကျုံး အတွက် ပြန်လည် ခေါ်ဆောင်လာပေးခဲ့သလို တိန့် မိသားစု၏ လျှို့ဝှက် အန္တရာယ်များကို ဖြေရှင်းပေးခဲ့ပြီး ငွေနှင့် ဆန် အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့သဖြင့် သူ၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခဲ့ပြီး ဖြစ်၏။
ဤသို့ တွေးရင်း ချူကျန့်သည် ကောရှန် နေထိုင်ရာ စံအိမ်သို့ ဝင်ရောက်လာခဲ့သည်။ ကျက်သရေရှိသော ခြံဝင်းကို နှင်းပွင့်များ ဖုံးလွှမ်းနေပြီး ဆီးနှင်းပန်းများ အပြည့်အဝ ပွင့်လန်းနေကာ အစေခံအိုကြီးများက နှင်းများကို ဖြည်းညင်းစွာ တံမြက်စည်း လှည်းနေကြသဖြင့် ငြိမ်းချမ်းပြီး အေးချမ်းသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေတော့၏။ ယမန်နေ့ညက သွေးထွက်သံယို မုန်တိုင်းကြီးမှာ အစစ်အမှန် မဟုတ်သော အိပ်မက်တစ်ခုအလားပင်။
ချူကျန့်ထံမှ သွေးနံ့များမှာ အများအားဖြင့် ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ၏ စိတ်ထဲတွင် ကိန်းအောင်းနေသော လျန်တူမြို့ နှင့် ပတ်သက်သည့် အသေးအဖွဲ ကိစ္စရပ်များနှင့် စိုးရိမ်ပူပန်မှု အားလုံးမှာလည်း လေထဲသို့ လွင့်ပါးသွားတော့သည်။
ဤကဲ့သို့သော ခမ်းနားကြီးကျယ်သည့် စံအိမ်ကြီးတွင် နေထိုင်ရခြင်းမှာ သူ့အတွက် အပြည့်စုံဆုံး ဘဝဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။
သဘာဝအတိုင်း နိုးလာသည်အထိ အိပ်နိုင်ပြီး လက်ညောင်းသည်အထိ ပိုက်ဆံရေတွက်နိုင်သည့် အေးအေးလူလူ ချမ်းသာသော ဘဝမျိုး။ သိုင်းလောက မှ ရန်ငြိုးရန်စတွေ၊ အာဏာပြိုင်ဆိုင်မှုတွေ အားလုံး ဝဲလိုက်။
ချူကျန့် တီးတိုး ရေရွတ်လိုက်သော်ငြား ကောရှန်း၏ အခန်းသို့ နီးကပ်လာသည်နှင့်အမျှ သူ၏ ခံစားချက်များမှာ ရှုပ်ထွေးလာတော့၏။
ယမန်နေ့ညက ရထားလုံးထဲတွင် ငိုနေခဲ့သော မိန်းကလေးကို တွေးမိသောအခါ သူ၏ ရင်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရပြီး သူမကို မည်သို့ မျက်နှာချင်းဆိုင်ရမည်ကို တွေးကာ အနည်းငယ် နေရခက်သွားသည်။
ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် ချူကျန့်မှာ ရုတ်တရက် ရယ်ချင်သွားတော့၏။
သူလို လျှို့ဝှက် သိုင်းလောက ၏ နံပါတ်တစ် သိုင်းပညာရှင် က မိန်းမပျိုလေး တစ်ဦး၏ အခန်းထဲ ဝင်ရမှာကို ကြောက်နေတယ်... ဟုတ်လား...
တကယ့် ဟာသပဲ...
သူ တံခါးကို တွန်းဖွင့်လိုက်ရာ အခန်းထဲတွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူ နဖူးကို ပွတ်သပ်ကာ မဲ့ပြုံး ပြုံးလိုက်၏။ သူ ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ တံခါးကို ဖွင့်ပြီး အခန်းထဲတွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရခြင်းက သူ အမှန်တကယ် ဂနာမငြိမ် ဖြစ်နေကြောင်း ပြသနေ၏။
ချူကျန့် အသေအချာ နားစွင့်လိုက်ရာ ပေတစ်ဒါဇင်ခန့် အကွာအဝေးရှိ မီးဖိုချောင်မှ အသံများကို ကြားလိုက်ရသည်။ ကောရှန် ထိုနေရာတွင် ရှိနေမည်မှာ သေချာသဖြင့် ချူကျန့် ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။
ထင်သည့်အတိုင်းပင် ကောရှန်၏ အစေခံ ကောင်မလေး သုံးဦးကို အဝေးမှ သူ မြင်တွေ့လိုက်ရသည်။ သူတို့သည် ပိတ်ထားသော တံခါးရှေ့တွင် ရှုံ့မဲ့နေသော မျက်နှာများဖြင့် ရပ်နေကြပြီး သူမကို အထဲဝင်ရန် မကြာခဏ နားချရန် ကြိုးစားကြသော်လည်း တွန့်ဆုတ်နေကြပုံ ရ၏။ ကောရှန် က သူတို့ကို ဆူညံသည်ဟု ထင်ကာ နှင်လွှတ်ထားခဲ့ကြောင်း သိသာလှသည်။
ချူကျန့် ပြုံးလိုက်မိသည်။ ဒုတိယ သခင်မလေးကော သည် လီဝမ်ရှို့ သို့မဟုတ် ချန်လင်းစု မဟုတ်ချေ။ သူမသည် စစ်မှန်သော သူဌေးသမီးလေး တစ်ဦးသာ။ သူမမှာ ဒေါသ မရှိဘဲ ဘယ်လိုနေမည်နည်း။ "အရှေ့ပိုင်း မိစ္ဆာမလေး" ဆိုသော နာမည်ပြောင်က ဟန်ပြသက်သက်လား။
အစေခံ ကောင်မလေး သုံးဦးမှာ ချူကျန့်ကို မြင်လိုက်ရသောအခါ ကြက်သေ သေသွားကြတော့၏။
သူမတို့ စကားပြောရန် ပြင်လိုက်စဉ် ချူကျန့်က တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီး ထွက်သွားရန် အချက်ပြလိုက်သည်။ အစေခံ ကောင်မလေး သုံးဦးမှာ အသံတစ်သံမျှ မထွက်ရဲဘဲ တိတ်တဆိတ် ဦးညွှတ်ကာ ထွက်သွားကြတော့၏။
ချူကျန့် မီးဖိုချောင် တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဆေးဖက်ဝင် ဟင်းလျာများ၏ သင်းပျံ့သော ရနံ့တစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။
ကောရှန် က နောက်သို့ပင် မလှည့်ကြည့်ဘဲ ရေရွတ်လိုက်၏။
"ဟေ့... ဝင်မလာနဲ့လို့ ငါ ပြောထားတယ် မဟုတ်လား... ငါ ဆေးစွပ်ပြုတ် ပြုတ်လို့ မပြီးမချင်း ဘယ်သူမှ လာမနှောင့်ယှက်နဲ့နော်... ထွက်သွားပါ..."
ချူကျန့် အတော်လေး ရယ်ချင်သွားပြီး တိုးတိုးလေး အသံပြုကာ ထွက်သွားဟန် ဆောင်လိုက်သော်ငြား တိတ်တဆိတ် ပြန်ဝင်လာပြီး တံခါးကို ပိတ်လိုက်သည်။
ကောရှန်း က "အစေခံ ကောင်မလေး" ထွက်သွားပြီဟု ထင်ကာ နောက်သို့ မလှည့်ကြည့်သလို ဘာမှ ထပ်မပြောတော့ချေ။
ချူကျန့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မီးဖိုချောင်မှာ သိပ်မကျယ်ဝန်းကြောင်း တွေ့လိုက်ရ၏။ နံရံဘေးရှိ မီးသွေးဖို သုံးခုရှေ့တွင် ကောရှန် သည် မီးသွေးများကို တစ်ခုပြီးတစ်ခု ထည့်နေသည်။ မီးဖို သုံးခုပေါ်တွင် မြေအိုး သုံးလုံး ရှိနေပြီး အားလုံးမှ ဆေးစွပ်ပြုတ် ရနံ့များ ထွက်ပေါ်နေတော့၏။
ကောရှန် သည် အဘယ်ကြောင့် တစ်ပြိုင်နက်တည်း သုံးအိုး ပြုတ်နေကြောင်း ချူကျန့် နားမလည်နိုင်ခဲ့ချေ။ သို့သော် မီးရောင်အောက်တွင် ကောရှန်၏ လှပသော မျက်နှာလေးမှာ ချွေးသီးချွေးပေါက်များဖြင့် ဖုံးလွှမ်းနေပြီး ချွေးသုတ်ရာမှ ပေကျံသွားပုံရသော မီးသွေး အမှုန်အမွှား အချို့လည်း ရှိနေသည်။ သူမ ဤနေရာတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီမှာ သေချာလှ၏။
သူမ၏ မျက်နှာလေးပေါ်တွင် လေးနက်မှုနှင့် စိတ်ပိုင်းဖြတ်ထားမှုများ အပြည့်အဝ ပေါ်လွင်နေပြီး ဤဆေးစွပ်ပြုတ် အိုးသုံးလုံးနှင့် ပြိုင်ဆိုင်နေသကဲ့သို့ အနိုင်မရမချင်း လက်မလျှော့ရန် ဆုံးဖြတ်ထားပုံရသည်။
ထိုအချိန်တွင် ဆေးစွပ်ပြုတ် အိုးတစ်လုံးမှာ ရုတ်တရက် ဆူပွက်လာတော့၏။ ကောရှန် က အော်ဟစ်လိုက်ပြီး အဝတ်စတစ်ခုကို အသုံးပြုကာ အဖုံးကို ကပျာကယာ မလိုက်သော်ငြား ထွက်ပေါ်လာသော ရေနွေးငွေ့များကြောင့် အပူဟပ်သွားကာ သူမ၏ မျက်နှာလေး ချက်ချင်း နီရဲသွားသည်။ ရေနွေးငွေ့များကို ဂရုမစိုက်ဘဲ သူမသည် ၎င်းတို့ကို လွင့်ပါးသွားစေရန် လက်ဖြင့် ဝှေ့ယမ်းလိုက်ပြီး အိုးထဲသို့ ချောင်းကြည့်ကာ စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်တော့၏။
"ဒီအိုးထဲမှာ ရေနံဆီတွေ များသွားတယ်... ပြီးတော့ မီးက အရမ်း မြန်မြန် တောက်သွားတော့ ဆေးစွမ်း သတ္တိတွေ လျော့သွားပြီ... ဂျူနီယာမောင်လေး ကို ဒါ တိုက်လို့ မရဘူး... ထားလိုက်ပါတော့... ငါ့ဘာသာငါပဲ သောက်လိုက်တော့မယ်..."
သူမသည် တီးတိုး ရေရွတ်ကာ ထိုမီးဖိုမှ မီးကို လျင်မြန်စွာ ငြိမ်းသတ်လိုက်ပြီးနောက် အခြား မီးဖို နှစ်ခုရှိ မီးသွေးမီးများကို အာရုံစိုက်လိုက်ကာ ရေပမာဏကို စစ်ဆေးရန် အဖုံးကို မကြာခဏ မ,ကြည့်ပြီး လိုအပ်ပါက ဟင်းခတ်အမွှေးအကြိုင်များ ထည့်နေသည်။
"အင်း... ဒါက ဆားများသွားတယ်... ငန်လွန်းတယ်... ရေနည်းနည်း ထပ်ထည့်ပြီး ရှောင်ချွေ့ နဲ့ တခြားသူတွေအတွက် ထပ်ပြုတ်ပေးလိုက်မယ်..."
ကောရှန် သည် မီးဖိုပေါ်ရှိ နောက်ဆုံး ဆေးစွပ်ပြုတ် အိုးကို စူးစိုက်ကြည့်နေပြီး သူမကိုယ်သူမ အားပေးရန် လက်သီးလေးများကို ဆုပ်ထားကာ အလွန် ချစ်စရာကောင်းပြီး ရယ်စရာ ကောင်းနေသည်။
"ဒါ အကောင်းဆုံး အခွင့်အရေးပဲ... ငါ ဆားကို နည်းနည်းချင်းစီ ထည့်ရမယ်..."
တင်းမာပြီး ဂရုတစိုက် အာရုံစိုက်နေသော မိန်းကလေး၏ လှုပ်ရှားမှုများကို ကြည့်ရင်း ချူကျန့်၏ ရင်ထဲတွင် ရုတ်တရက် နွေးထွေးသွားတော့၏။
သူ့ကို အကောင်းဆုံး တစ်အိုး တိုက်နိုင်ဖို့အတွက် သူမက တစ်ပြိုင်နက်တည်း ဆေးစွပ်ပြုတ် သုံးအိုး ပြုတ်ဖို့ အားထုတ်မှုတွေ အများကြီး လုပ်ခဲ့တာပဲ...။
ယမန်နေ့ မွန်းလွဲပိုင်းက သူမ လာပို့သော စွပ်ပြုတ်ကို သူ ဂျီးများခဲ့ပုံကို တွေးမိသောအခါ ချူကျန့်မှာ ကြည်နူးမှုနှင့် အပြစ်မကင်းမှု နှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။
ယမန်နေ့က သူမ လာပို့သော စွပ်ပြုတ်မှာလည်း ဤကဲ့သို့ပင် ပြင်းထန်သော အားထုတ်မှုများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။
" ဒါက မနေ့ကထက်တောင် အရသာ ပိုရှိသေးတယ်... ဂျူနီယာမောင်လေး သဘောကျလောက်မှာပါ..."
ကောရှန်း က မြည်းကြည့်လိုက်ရာ သူမ၏ မျက်နှာလေးပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လွင်လာတော့၏။
သူမသည် နောက်ဆုံး စွပ်ပြုတ်အိုးကို မီးပိတ်လိုက်ပြီး ဘေးရှိ တောင်းထဲမှ ပန်းကန်လုံးကြီး တစ်လုံးကို ထုတ်ယူကာ မြေအိုးကို ဂရုတစိုက် မ၍ ဆေးစွပ်ပြုတ် များကို ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် ပန်းကန်လုံးကို အဖုံးအုပ်ကာ အနွေးဓာတ် ထိန်းထားနိုင်ရန် မျက်နှာသုတ်ပုဝါဖြင့် ဂရုတစိုက် ပတ်လိုက်၏။
ချွေးထွက်နေသည်ကို ဂရုမစိုက်ဘဲ သူမသည် ပန်းကန်လုံးကြီးကို တောင်းထဲသို့ ပြန်ထည့်ကာ လှမ်းခေါ်လိုက်သည်။
"ရှောင်ချွေ့... ရှောင်ဟုန်... ဝင်ခဲ့ကြ... ဒီ ဆေးစွပ်ပြုတ် ကို စစ်သူကြီးချူ ဆီ သွားပို့ဖို့ ကူညီပေးကြပါဦး..."
"ဘာလို့ ဒီတစ်ခါ ကိုယ်တိုင် သွားမပို့တာလဲ..."
"သူ အလုပ်များနေလောက်တယ်... ငါ သူ့ကို သွားမနှောင့်ယှက်ချင်ဘူး... ဟင်..."
ထိုအခါမှ ကောရှန် သည် အသံ ကွဲလွဲနေကြောင်း သတိပြုမိသွားပြီး အံ့အားသင့်စွာ နောက်သို့ လှည့်ကြည့်လိုက်ရာ တံခါးကို မှီကာ သူမကို ကြည့်နေသော ချူကျန့်ကို မြင်တွေ့လိုက်ရသည်။
ကောရှန်၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားပြီး ခြင်းကို အနောက်တွင် ကပျာကယာ ဝှက်ထားလိုက်ကာ မျက်နှာ နီရဲလျက် ထစ်ငေါ့စွာ ပြောလိုက်၏။
"ဂျူနီယာမောင်လေး... မင်း... ဘယ်တုန်းက ရောက်နေတာလဲ..."
"အခုလေးတင် ရောက်တာ... တံခါး မပိတ်ထားတာ တွေ့လို့ ဝင်လာကြည့်တာ..."
ချူကျန့် က လျှောက်သွားကာ သူမ၏ မျက်နှာပေါ်ရှိ မီးသွေး အမှုန်အမွှားများနှင့် ချွေးများကို သူ၏ အင်္ကျီလက်ဖြင့် သုတ်ပေးလိုက်ပြီး သူမ၏ နဖူးကို ခပ်ဖွဖွ တောက်လိုက်သည်။
"ဘာလို့ ခုတင်ပေါ်မှာ မနားတာလဲ... ဒီမှာ ဘာလုပ်နေတာလဲ... ချွေးတွေလည်း ရွှဲနေပြီ..."
ကောရှန်း သည် အပြစ်မကင်းသလို နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး မျက်လုံးများကို ကလည်ကလည် လုပ်ကာ အကြံအစည် တစ်ခု ထုတ်လိုက်သည်။
"အင်း... အဘိုးစု က အလုပ်လေး နည်းနည်း ရှိနေလို့ သူပြုတ်ထားတဲ့ ဆေးစွပ်ပြုတ် ကို ခဏလောက် ကြည့်ပေးဖို့ ခိုင်းသွားတာ... ငါလည်း အခုလေးတင် ရောက်တာ... ဟားဟား... တိုက်ဆိုင်လိုက်တာနော်..."
'ဆက်ပြီး ဟန်ဆောင်နေလိုက်...'
"အင်း... တော်တော် တိုက်ဆိုင်တာပဲ..."
ချူကျန့် က တမင်တကာ အနံ့ခံကြည့်လိုက်သည်။
"မွှေးလိုက်တာ... ဒီနေ့ဟာက မနေ့ကထက်တောင် ပိုကောင်းနေပုံပဲ... ဒါနဲ့ စကားမစပ်... မနေ့က စွပ်ပြုတ် အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ... အရမ်း အရသာရှိတယ်... ပြုတ်ရတာ တော်တော် ပင်ပန်းမှာပဲနော်..."
"မပင်ပန်းပါဘူး..."
သူမ၏ စွပ်ပြုတ်ကို သူ သဘောကျကြောင်း ကြားရသောအခါ ကောရှန်၏ မျက်နှာလေးမှာ ပျော်ရွှင်သော အပြုံးဖြင့် လင်းလက်သွားတော့၏။ သူမသည် အလိုအလျောက် ပြန်ဖြေလိုက်ပြီးမှ ထောင်ချောက်ထဲ ကျသွားကြောင်း သတိပြုမိကာ ကပျာကယာ ပြန်ပြောလိုက်သည်။
"အဘိုးစု က ပင်ပန်းခံပြီး ပြုတ်ပေးတာပါ... ငါက သွားပို့ပေးရုံလေးပါ..."
"တကယ်တော့ ငါ ဒီမှာ ရောက်နေတာ အတော်ကြာပြီ..."
ချူကျန့်၏ အဓိပ္ပာယ် ပါသော အပြုံးကို မြင်သောအခါ ကောရှန် သည် သူ ရိပ်မိသွားကြောင်း သိလိုက်ရသည်။ သူမ ခြေဆောင့်လိုက်ပြီး ရှေ့သို့ တိုးကာ သူ့ကို ခပ်ဖွဖွ တစ်ချက် ထိုးလိုက်ပြီး မျက်နှာ နီရဲလျက် ဆူပူလိုက်တော့၏။
"ဂျူနီယာမောင်လေး... အရင်က မင်း အရမ်း ရိုးသားတာ... ဘယ်လိုဖြစ်လို့ အခုလောက်တောင် ဆိုးသွမ်းသွားရတာလဲ... စီနီယာအစ်မ ကိုတောင် နောက်ရဲနေပြီပေါ့..."
ချူကျန့် သည် ရုတ်တရက် လက်ဆန့်ထုတ်ကာ သူမ၏ ဆံပင်များကို ဖွလိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ... စီနီယာအစ်မ ပြုတ်ပေးတဲ့ စွပ်ပြုတ်က အရမ်း အရသာရှိတယ်..."
ကောရှန် မျက်နှာ ပို၍ပင် နီရဲသွားပြီး ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။
"မင်း... သဘောကျတယ် ဆိုရင် တော်ပါပြီ..."
တစ်ခုခုကို သတိရသွားသကဲ့သို့ သူမက စိုးရိမ်တကြီး မေးလိုက်သည်။
"ဒါနဲ့... မနေ့ညက စပါးကျီ တစ်ခု မီးလောင်တယ်လို့ အစေခံ ကောင်မလေး တွေ ပြောတာ ကြားတယ်... မင်း တစ်ညလုံး အလုပ်များနေပြန်ပြီလား... ထမင်းရော စားပြီးပြီလား..."
"မစားရသေးဘူး... မင်းရဲ့ ဆေးစွပ်ပြုတ် ကို စောင့်နေတာ... အတူတူ သောက်ရအောင်... ဒီနေ့ နေ့လယ်ပိုင်း အလုပ်များတယ်..."
ချူကျန့် က သူမ အနောက်ရှိ ခြင်းကို ညွှန်ပြလိုက်သည်။
ကောရှန် မျက်လုံးများ အရောင်တောက်သွားတော့၏။
"ဂျူနီယာမောင်လေး... မင်း နေ့လယ်ခင်း တစ်ခုလုံး ဒီမှာ ရှိနေတာလား..."
ချူကျန့် ခေါင်းညိတ်ပြလိုက်ပြီး သူမထံမှ ခြင်းကို ယူလိုက်၏။
မီးဖိုချောင်မှာ နွေးထွေးနေပြီး ထောင့်တစ်နေရာတွင် စားပွဲနှင့် ကုလားထိုင်များ ရှိနေသည်ကို မြင်သောအခါ သူသည် ကောရှန်ကို ဆွဲခေါ်ကာ ထိုင်စေလိုက်သည်။ ပန်းကန်လုံး အဖုံးကို ဖွင့်လိုက်ပြီး နောက်ထပ် ပန်းကန်နှင့် တူ နှစ်စုံကို ရှာယူကာ စွပ်ပြုတ်ကို နှစ်ပိုင်း ခွဲလိုက်၏။
"တစ်ယောက် တစ်ဝက် သောက်ကြတာပေါ့..."
ကောရှန်း က ခေါင်းခါလိုက်သည်။
"ဟိုဘက်မှာ ရှိသေးတယ်လေ ဂျူနီယာမောင်လေး... မင်း ဒါကိုပဲ သောက်လိုက်ပါ..."
"ဒါကို အရင် သောက်လိုက်ဦး..."
ချူကျန့်က အလျှော့မပေးသည်ကို မြင်သောအခါ ကောရှန် မှာ သူနှင့်အတူ သောက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
ချူကျန့် သည် တစ်ကျိုက်တည်း အများကြီး သောက်ချလိုက်ပြီး ကြည်နူးနေသော အမူအရာကို ပြသလိုက်သည်။
"အရမ်း အရသာရှိတာပဲ... စီနီယာအစ်မ နဲ့ လက်ထပ်ရမယ့်သူတော့ တကယ် ကံကောင်းမှာပဲ..."
သူ၏ စကားများမှာ တစ်ဝက်က မြှောက်ပင့်ပြီး တစ်ဝက်က ရင်ထဲမှ အမှန်တကယ် ပြောလေ၏။
ကောရှန်၏ မျက်နှာလေးမှာ နီရဲသွားပြီး ခဏအကြာတွင် ခြင်တစ်ကောင်အလား တိုးတိုးလေး ပြန်ပြောလိုက်သည်။
"မင်း.. သဘောကျတယ်ဆိုရင်... နောက်လည်း ငါ ပြုတ်ပေးပါ့မယ်…”
Book 18 end.