← Chapters

ရုတ်တရက် သူမကို သတိရခြင်း

Vol. 18 Ch. 189

ရုတ်တရက် သူမကို သတိရခြင်း

Vol. 18 Ch. 189

ချူကျန့် အလန့်တကြားဖြင့် အသံလာရာသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ မီးတောက်များက တောင်ဘက်မှ ထိုးတက်လာပြီး ထိုနေရာမှာ... လျန်တူမြို့ ၏ တောင်ဘက် စပါးကျီပင်။

‘'အာ... စပါးကျီ မီးလောင်နေတာလား...'

ချူကျန့်၏ မျက်နှာ ကွက်ခနဲ ပျက်သွားတော့၏။ ကောရှန် အကြောင်းကို သူ ဆက်မတွေးနိုင်တော့ချေ။

ရုတ်ချည်းပင် ချူကျန့်.. ကိုယ်ဖော့ပညာ ကို အသုံးပြုကာ လေထုကို ထိုးခွဲလိုက်၏။ မီးတောက်များ ကောင်းကင်ယံသို့ ထိုးတက်နေသော အရပ်ဆီသို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။

...

နာရီဝက်ခန့် အကြာတွင် ချူကျန့်၏ မျက်နှာမှာ မှုန်ကုပ်နေသည်။ သူသည် မီးခဲများ ကျန်ရှိနေသေးသော စပါးကျီ အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်လျက် သွေးများ ဖုံးလွှမ်းနေပြီး အသက်ကင်းမဲ့နေသော စပါးကျီ အရာရှိ၏ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်ပေးလိုက်၏။

ဤစပါးကျီ အရာရှိမှာ တစ်ချိန်က သူ၏ ကိုယ်ရံတော် အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူသည် ယခုနှစ်မှ အသက် နှစ်ဆယ့်နှစ်နှစ်သာ ရှိသေးပြီး စပါးကျီ အရာရှိအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်ရက်သာ ရှိသေး၏။ မမျှော်လင့်ဘဲ ခိုးဝင်လာသော မီးရှို့သူများ၏ ဓားချက် တစ်ဒါဇင်ကျော် အခုတ်ခံခဲ့ရပြီး အသေခံ တိုက်ခိုက်သွားခဲ့ခြင်းပင်။

အခြား အလောင်း ငါးဆယ်နီးပါးမှာလည်း ဖရိုဖရဲ လဲကျနေပြီး အချို့မှာ မီးလောင်ကျွမ်းကာ ပြာဖြစ်လုမတတ် ဖြစ်နေလေပြီ။

စစ်သူကြီးချူ ထံမှ ထွက်ပေါ်နေသော အေးစက်သည့် အငွေ့အသက်များကြောင့် ပတ်ဝန်းကျင်ရှိ စစ်သည်များမှာ ကြက်သီးထသွားပြီး အသက်ရှူဖို့ပင်မေ့ ကာ ငြိမ်သက်နေကြတော့၏။

လျန်တူမြို့ ၏ တောင်ဘက် စပါးကျီမှာ ခိုးဝင် မီးရှို့ခံခဲ့ရသည်။ အချိန်မီ တွေ့ရှိခဲ့ပြီး စစ်သူကြီးချူ လျင်မြန်စွာ ရောက်ရှိလာကာ မီးငြိမ်းသတ်ရေးကို ဦးဆောင်ခဲ့ခြင်းသာ မရှိပါက လျန်တူမြို့ ၏ စပါး လေးပုံတစ်ပုံကို သိုလှောင်ထားသော ဤစပါးကျီမှာ သေချာပေါက် ပျက်စီးသွားမည်သာ။

ဆုံးရှုံးမှုများမှာ ကြီးမားနေပြီ ဖြစ်သည်။ မီးကြောင့် စပါးကျီရှိ စပါး ငါးပုံတစ်ပုံခန့် ပျက်စီးသွားခဲ့ပြီး စစ်သည် ဒါဇင်ချီ အသက်ဆုံးရှုံးခဲ့ရလေပြီ။

ချူကျန့်သည် ကျဆုံးသွားသော စစ်သည်များ၏ အလောင်းများကို မမှိတ်မသုန်ကြည့် ရင်း သူ၏ လက်သီးများကို အလိုအလျောက် တင်းကျပ်စွာ ဆုပ်ထားမိတော့၏။

မကြာသေးမီက သူ အမှန်တကယ် ပြောင်းလဲသွားကြောင်း သဘောပေါက်လိုက်သည်။ အတိတ်ကဆိုလျှင် လူ ဒါဇင်အနည်းငယ် သေဆုံးမှုကို သူ လုံးဝ ဂရုစိုက်မည် မဟုတ်ချေ။ လွန်ခဲ့သော နှစ်များစွာက ကလဲ့စားချေရန် အစွမ်းထက်သော မိစ္ဆာဂိုဏ်း တစ်ခုကို သတ်ဖြတ်ခဲ့စဉ်က သူ သတ်ဖြတ်ခဲ့သော လူအရေအတွက်မှာ မြစ်တစ်စင်းလုံးကိုပင် သွေးရောင် လွှမ်းသွားစေနိုင်၏။

သို့သော် ယခုအခါ ဤလူငယ်လေးများ၏ မျက်နှာများကို ကြည့်ရင်း ချူကျန့်၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ဒေါသများ ပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရတော့သည်။

"စစ်သူကြီးချူ... စစ်ဆေးမေးမြန်းမှုကနေ အဖြေထွက်လာပါပြီ..."

ချန်ကျားဖုန်း သည် ကပျာကယာ ချဉ်းကပ်လာပြီး သတိထားကာ သတင်းပို့သည်။

ချူကျန့် နောက်သို့ မလှည့်ကြည့်ဘဲ မေးလိုက်၏။

"ဒီကိစ္စရဲ့ နောက်ကွယ်က ဘယ်သူလဲ..."

မီးရှို့သူ သုံးဦး ရှိပြီး အားလုံးမှာ သိုင်းပညာ အမှတ် အနည်းဆုံး ၄၀၀ ရှိသော ကျွမ်းကျင် သိုင်းပညာရှင်များသာ။ တောင်ဘက် စပါးကျီတွင် အထင်အရှား အစောင့်များအပြင် လျှို့ဝှက် အစောင့်များပါ ရှိနေမည်ကို သူတို့ မျှော်လင့်မထားခဲ့ကြပုံ ရသည်။

ထိုသူတို့သည် ကင်းလှည့် စစ်သည်များကို ရှောင်ရှားကာ အစောင့်ကို သတ်ဖြတ်လိုက်သည်နှင့် လျှို့ဝှက် အစောင့်က သူတို့ကို မြင်တွေ့သွားပြီး သတိပေး ဥသြမှုတ်လိုက်သည်။ ဒါက သူတို့ အနေဖြင့် သိုလှောင်ရုံ တစ်ခုကိုသာ မီးရှို့ချိန် ရလိုက်ပြီး စပါးကျီ အရာရှိနှင့် လူ နှစ်ရာကျော်၏ ဝိုင်းရံခံလိုက်ရခြင်းပင်။

ဤကျွမ်းကျင် သိုင်းပညာရှင် သုံးဦးမှာ အလွန် ရက်စက်ကြမ်းကြုတ်ကြပြီး ထိုးဖောက် ထွက်ပြေးရန် ကြိုးစားစဉ် စစ်သည် ဒါဇင်ချီကို သတ်ဖြတ်ခဲ့ကြသော်ငြား ချူကျန့်က သူတို့ကို လက်ပူးလက်ကျပ် ဖမ်းမိသွားသဖြင့် မည်သူမျှ မလွတ်မြောက်သွားနိုင်ခဲ့ချေ။

ချူကျန့်မှာ မီးငြိမ်းသတ်ရန် အလျင်လိုနေသဖြင့် သူတို့၏ သိုင်းပညာများကို ဖျက်ဆီးကာ သတိလစ်သွားအောင် လုပ်လိုက်ပြီး နောက်မှ ရောက်လာသော ချန်ကျားဖုန်း ထံသို့ စစ်ဆေးမေးမြန်းရန် လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် သူသည် ရောက်ရှိလာသော စစ်သည်များနှင့် အနီးအနားရှိ အရပ်သားများကို ဦးဆောင်ကာ မီးငြိမ်းသတ်ခဲ့တော့၏။

ကံကောင်းထောက်မစွာဖြင့် အစောပိုင်းက လမ်းရှင်းခဲ့သော အလုပ်သမားများက နှင်းများ အားလုံးကို လမ်းဘေးတွင် စုပုံထားခဲ့သဖြင့် မီးငြိမ်းသတ်ရန် ပိုမို လွယ်ကူသွားခဲ့သည်။ နောက်ဆုံးတွင် အပြင်ဘက်ဆုံးရှိ သိုလှောင်ရုံများသာ အများစု ပျက်စီးသွားပြီး အတွင်းဘက်ရှိ အခြား သိုလှောင်ရုံ လေးခုမှာမူ အထိအခိုက် မရှိခဲ့ချေ။

ဤအချိန်တွင် ချန်ကျားဖုန်း သည် ချူကျန့်က နောက်ကွယ်မှ လူအကြောင်း မေးသည်ကို ကြားသောအခါ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ချူကျန့်၏ နားအနီးသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"တိန့် မိသားစု ပါ..."

'တိန့် မိသားစု ဟုတ်လား...'

လျန်တူမြို့ ကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သော ဤအစွမ်းထက်ပြီး ချမ်းသာသည့် မိသားစုကို ချူကျန့် သဘာဝကျကျပင် သိထားသည်။ တိန့် မိသားစုမှာ လျန်တူမြို့ တွင် အကြီးဆုံး ဆန်ကုန်သည်နှင့် ဒေသခံ အာဏာရှင်များ ဖြစ်ကြပြီး မြို့မျက်နှာဖုံးများ၏ ခေါင်းဆောင်လည်း ဖြစ်၏။ အတိတ်က ဖုန်လျန်အဖွဲ့ ပင်လျှင် တိန့် မိသားစုကို လမ်းဖယ်ပေးခဲ့ရသည်။ ခုံးကျုံး သည် လျန်တူမြို့ ကို သိမ်းပိုက်ပြီးနောက် ပြည်သူများ၏ စိတ်ကို လျင်မြန်စွာ တည်ငြိမ်စေရန်အတွက် တိန့် မိသားစုကို အဓိကထား၍ နှစ်သိမ့်ပေးခဲ့ရသည်။

ယခင်က ထွက်ပြေးသွားသော သူဌေးများ၏ ပိုင်ဆိုင်မှုများနှင့် အိမ်ကြီးများကို သိမ်းဆည်းရန် ချူကျန့် အမိန့်ပေးခဲ့စဉ်က ပြဿနာကို ဦးဆောင်ခဲ့သည်မှာ တိန့် မိသားစုပင် ဖြစ်၏။ လူမိုက်များနှင့် ဂျလေဘီ အမြောက်အမြားကို စုရုံးကာ အကယ်၍ စစ်သူကြီးချူ သာ ရေစုန်ဆန် ရန် တကယ် ရဲဝံ့ပါက အရိုက်ခံရလိမ့်မည်ဟု ကောလာဟလများ ဖြန့်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ချူကျန့်သည် လျန်တူမြို့ တွင် အချိန်ကြာကြာ နေမည် မဟုတ်သဖြင့် တိန့် မိသားစုကို စော်ကားမိမည်ကို မကြောက်ခဲ့ချေ။ သို့သော် ဒုက္ခသည်များကို အတတ်နိုင်ဆုံး ကူညီနိုင်ရန်အတွက် ချူကျန့်သည် ဤကဲ့သို့သော လူများကို ယာယီ လျစ်လျူရှုထားခဲ့ပြီး သိမ်းဆည်းရန် အမိန့်ကိုသာ အတင်းအကျပ် အကောင်အထည် ဖော်ခဲ့၏။

တိန့် မိသားစုမှာ ဒေါသထွက်သွားပြီး နောက်ပိုင်းတွင် ချူကျန့်သည် လုပ်ကြံသတ်ဖြတ်မှု နှစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ဆန်ပြုတ် တိုက်ကျွေးသည့် နေရာများပင်လျှင် လူမိုက်များ၏ မကြာခဏ နှောင့်ယှက်မှု ခံခဲ့ရ၏။

ထို့အပြင် လျန်တူမြို့ ရှိ ဆန်ကုန်သည်များက ပြီးခဲ့သည့် နှစ်ရက်အတွင်း စစ်သူကြီးလေး ၏ တပ်မတော် သို့ ဆန်ရောင်းချရန် ငြင်းဆန်ခဲ့ကြသည်။ ရွှီယွမ်လန် ထံမှ သိမ်းဆည်းရမိသော ဆန် အမြောက်အမြားသာ မရှိပါက နှင်းဘေး ဒုက္ခသည်များအတွက် ချူကျန့်၏ ကယ်ဆယ်ရေး လုပ်ငန်းများမှာ ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရမည်သာ။

စစ်သူကြီးလေး တပ်မတော် ၏ စပါးကျီများကို တိတ်တဆိတ် မီးရှို့ရန် တိန့် မိသားစုက ကျွမ်းကျင် သိုင်းပညာရှင်များကို စေလွှတ်ခဲ့ခြင်းမှာ ချူကျန့်ကို နောက်ဆုတ်သွားစေရန် အတင်းအကျပ် ဖိအားပေးသည့် လုပ်ရပ်ဖြစ်ကြောင်း သိသာလှသည်။

ချူကျန့် ဇာတ်လမ်း တစ်ခုလုံးကို ချက်ချင်း သဘောပေါက်သွားပြီး သူ၏ မျက်လုံးများထဲတွင် လူသတ်လိုသော အငွေ့အသက်များ ဝင်းလက်သွားတော့၏။

'တောက်... တိန့် မိသားစု က သေချင်နေတာပဲ...'

ချူကျန့်သည် အရှုံးခံတတ်သူ လုံးဝ မဟုတ်ချေ။ လုပ်ကြံသတ်ဖြတ်မှု နှစ်ခုအတွက် သူ ကလဲ့စား မချေသေးမီ ယခု အငြိုးအသစ် တစ်ခု ထပ်တိုးလာခဲ့ပြီ ဖြစ်ရာ သူ၏ ဒေါသကို မည်သို့ မြိုသိပ်ထားနိုင်မည်နည်း။

"စစ်သူကြီးချန်... လက်ရွေးစင် စစ်သည် တစ်ထောင်ကို ချက်ချင်း စုရုံးပြီး ကျုပ်နဲ့အတူ တိန့် မိသားစု ကို ဝင်စီးဖို့ လိုက်ခဲ့ပါ.. ခုခံတဲ့သူ မှန်သမျှ သနားညှာတာမှု မရှိဘဲ သတ်ပစ်မယ်..."

နက်ရှိုင်းသော လူသတ်လိုသည့် အငွေ့အသက်ကြောင့် ချန်ကျားဖုန်း လန့်သွားပြီး ကပျာကယာ တိုးတိုးလေး ပြောလိုက်သည်။

"စစ်သူကြီးချူ... ပြန်စဉ်းစားပါဦး... တိန့် မိသားစု က လျန်တူမြို့ မှာ အင်အား အရမ်း ကြီးမားပြီး မြို့မျက်နှာဖုံး တွေ အားလုံးက သူတို့နောက်ကို လိုက်ကြတာပါ... ကျွန်တော်တို့ တိန့် မိသားစု ကို ဝင်စီးရင် တခြား မိသားစုကြီးတွေလည်း ထိတ်လန့်သွားကြလိမ့်မယ်... လျန်တူမြို့ က အခုလေးတင် နှင်းဘေးအန္တရာယ်ကို ခံစားထားရတာဆိုတော့ အခု အချိန်မှာ ဖရိုဖရဲ ဖြစ်လို့ မရသေးဘူး..."

ချူကျန့် မဲ့ပြုံး ပြုံးလိုက်သည်။

"တိန့် မိသားစု က စည်းမျဉ်းတွေကို အရင် ဖောက်ဖျက်ခဲ့တာပဲ...ကျုပ်တို့ စစ်သူကြီးလေး ရဲ့ တပ်မတော် က ဒီနေ့ ဒီစော်ကားမှုကို ခေါင်းငုံ့ခံလိုက်ရင် လျန်တူမြို့ မှာ ကျုပ်တို့ ဆက်နေလို့ ရပါဦးမလား... ခင်ဗျားရဲ့ လူတွေကို ချက်ချင်း စုရုံးလိုက်ပါ... နောက်ဆက်တွဲ ဆိုးကျိုး အားလုံးကို ကျုပ် တာဝန်ယူတယ်..."

ချန်ကျားဖုန်း မှာ နောက်ဆုံးတွင် မဖီဆန်ရဲတော့ဘဲ တိန့် မိသားစုကို ဝင်စီးရန် ချူကျန့်နှင့် လိုက်ပါဖို့ လက်ရွေးစင် စစ်သည် တစ်ထောင်ကို လျင်မြန်စွာ စုရုံးလိုက်တော့၏။

တိန့် မိသားစု၏ ခြံစည်းရိုး တံတိုင်းများမှာ မြင့်မားပြီး အစေခံ ရာနှင့်ချီ ရှိသဖြင့် သူတို့၏ အင်အားကို အထင်သေး၍ မရနိုင်ချေ။

ချူကျန့်သည် ဤအရာများ အားလုံးကို လျစ်လျူရှုကာ သံပြားကွပ်ထားသော သစ်သားတံခါးထူကြီးကို ကန်ဖွင့်လိုက်ပြီး သူ၏ အကောင်းဆုံး သိုင်းပညာရှင် ဒါဇင်ချီကို ဦးဆောင်ကာ အထဲသို့ ထိုးဖောက်ဝင်ရောက် သွားတော့သည်။

ပြဿနာ စတင်ကတည်းက အသင့်ပြင်ထားခဲ့သော ကိုယ်ရံတော် ရာနှင့်ချီမှာ သူ၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများရှေ့တွင် ချက်ချင်း ပြိုလဲသွားကြ၏။ အစည်းအဝေး ခန်းမ အတွင်း၌ ချူကျန့်သည် ကြောက်လန့်တကြား တုန်ယင်နေကြသော တိန့် မိသားစု ခေါင်းဆောင်နှင့် ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည့် အခြား အစွမ်းထက် မိသားစု ခေါင်းဆောင် အချို့ကို ဖမ်းဆီးလိုက်၏။

ချန်ကျားဖုန်း လည်း အချိန်မဆွဲရဲဘဲ တိန့် မိသားစုမှ အကြီးအကဲများ အားလုံးကို လျင်မြန်စွာ ဖမ်းဆီးကာ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားတော့သည်။ သူတို့သည် တိန့် မိသားစု၏ မြေအောက်ခန်း အတွင်းမှ အံ့မခန်း များပြားလှသော ရွှေငွေများနှင့် ဆန် တင်းတစ်သောင်းနီးပါးကိုလည်း တွေ့ရှိခဲ့ကြသည်။

ထို့နောက် ချူကျန့်၏ အမိန့်အရ စစ်သူကြီးလေး ၏ တပ်မတော် က ဤကိစ္စတွင် ပါဝင်ပတ်သက်နေသော အခြား သူဌေး အချို့ကိုပါ ဝင်စီးကာ သူတို့၏ ပိုင်ဆိုင်မှု အားလုံးကို သိမ်းဆည်းလိုက်တော့၏။

မိုးလင်းချိန်တွင် သွေးများ စွန်းထင်းနေသော ခေါင်းများက မြို့ရိုးပေါ်တွင် အတန်းလိုက် စုပုံနေလေပြီ။

ဆူညံသံများကြောင့် မြို့တစ်မြို့လုံး တုန်လှုပ်နေစဉ် ချူကျန့်က သိမ်းဆည်းရမိသော ဆန် အများစုကို လျန်တူမြို့ ရှိ အိမ်ထောင်စုတိုင်းနှင့် ဒုက္ခသည်တိုင်းကို ခွဲဝေပေးရန် အမိန့်ပေးလိုက်သည်။

သတင်း ပျံ့နှံ့သွားသည်နှင့် မြို့တစ်မြို့လုံးရှိ သာမန် ပြည်သူများမှာ အလွန် ဝမ်းသာသွားကြပြီး လက်ခုပ်တီးကာ အားပေးကြပြီး ပြည်သူများကို ဒုက္ခပေးနေသော အစွမ်းထက်ပြီး အာဏာရှင်ဆန်သည့် မိသားစုများကို စစ်သူကြီးချူ က နှိမ်နင်းလိုက်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ထောက်ခံကြောင်း ပြသကြတော့၏။

အခြား သူဌေးများနှင့် အစွမ်းထက်သော မျိုးနွယ်စုများမှာမူ ထိတ်လန့်သွားကြပြီး ဤကဲ့သို့ ဖရိုဖရဲ ဖြစ်နေသော ခေတ်ကြီးတွင် မည်သူ့ကိုမဆို ရန်စနိုင်သော်ငြား အစွမ်းထက်သော စစ်တပ်ရှိသည့် စစ်သူကြီး တစ်ဦးကိုတော့ လုံးဝ ရန်မစသင့်ကြောင်း နောက်ဆုံးတွင် သဘောပေါက်

သွားကြလေတော့သည်။

ဖြူရော်နေသော မျက်နှာများဖြင့် အခြား မိသားစု ခေါင်းဆောင်များကို မြို့စားအိမ်တော် ၏ ခန်းမဆောင်ကြီး အတွင်း လက်ခံတွေ့ဆုံပြီး သူတို့၏ "အလှူငွေ" များဖြစ်သော ကယ်ဆယ်ရေးအတွက် ရည်ရွယ်သည့် သူတို့၏ ပိုင်ဆိုင်မှု ထက်ဝက်နီးပါးကို လက်ခံရယူပြီးနောက် ချူကျန့်က ညင်သာသော နှစ်သိမ့်စကား အချို့ ပြောကြားကာ ဤကိစ္စကို အဆုံးသတ်လိုက်သည်။

မှုန်ကုပ်နေသော မျက်နှာဖြင့် ချန်ကျားဖုန်း ထံသို့ နောက်ဆက်တွဲ ပြဿနာများကို လွှဲထားခဲ့ပြီး ချူကျန့် အကြောဆန့်လိုက်ချိန်မှသာ သူ ဗိုက်ဆာပြီး ပင်ပန်းနေကြောင်း သတိထားမိတော့၏။

အပြင်ဘက်တွင် ဆောင်းရာသီ နေမင်းကြီးက မြင့်မားစွာ သာအေးနေပြီး မွန်းတည့်ချိန်ပင် ရောက်နေလေပြီ။ သူ၏ အံ့မခန်း အတွင်းအား များနှင့်ပင် ရက်အတော်ကြာ အိပ်မပျော်ခြင်းက သူ၏ ပင်ပန်းနွမ်းနယ်မှုများကို မဖုံးကွယ်နိုင်ခဲ့ချေ။ အထူးသဖြင့် ယမန်နေ့ညက သူ ညစာပင် ကောင်းကောင်း မစားရသေးသောကြောင့် ဖြစ်၏။

ယမန်နေ့ညက စာရင်းပြုစုသည့် အခန်းထဲတွင် ချန်ထားရစ်ခဲ့သော ဆေးစွပ်ပြုတ် ကို သတိရသွားသဖြင့် ၎င်းကို ယူလာရန် ချူကျန့် ကပျာကယာ အမိန့်ပေးလိုက်သည်။

ဆေးစွပ်ပြုတ် မှာ အချိန်အတော်ကြာကတည်းက ခဲနေခဲ့ပြီ ဖြစ်သော်ငြား ချူကျန့်က သူ၏ အတွင်းအား ဖြင့် အပူပေးလိုက်ပြီး တစ်ခါတည်း အကုန် သောက်လိုက်ရာမှ အနည်းငယ် နေလို့ ကောင်းသွားတော့၏။ အရသာကတော့ သာမန်ပါပဲ... ကောရှန်၏ ဟင်းချက်စွမ်းရည်က သေချာပေါက် တိုးတက်ဖို့ လိုအပ်သေးသည်။

စားပွဲပေါ်ရှိ တောင်းလေးကို ကြည့်ရင်း ချူကျန့် ထိုကောင်မလေးကို ရုတ်တရက် လွမ်းဆွတ်မိသွားတော့၏။

ဤလွမ်းဆွတ်မှုက တစ်ကြိမ် ဖြစ်ပေါ်လာသည်နှင့် ဒီရေလှိုင်းကြီး တစ်ခုအလား ဖြစ်ပြီး အထူးသဖြင့် ယမန်နေ့က သူမ ငိုခဲ့သည်ကို သတိရသွားသောအခါ ချူကျန့် ငြိမ်ငြိမ် မထိုင်နိုင်တော့ချေ။

အလုပ်များကို လျင်မြန်စွာ စီစဉ်ပြီးနောက် အလွန် အရေးကြီးသော ကိစ္စများမှလွဲ၍ မည်သူမျှ သူ့ကို မနှောင့်ယှက်ရန် ညွှန်ကြားခဲ့ပြီး ချူကျန့်သည် မြို့စားအိမ်တော် မှ ခြေလှမ်းကျဲကျဲဖြင့် အလျင်စလို ထွက်ခွာသွားတော့သည်။

All Chapters