ဂျူပီတာ နှင့် ကမ္ဘာမြေကြီး ဝင်တိုက်ခြင်း (အပိုင်း ၂)
Vol. 18 Ch. 188
တိတ်ဆိတ်မှုကို ကောရှန် က စတင် ချိုးဖျက်လိုက်၏။ သူမ မျက်တောင်လေး ခတ်လိုက်ပြီး မေးလိုက်သည်။
"ဂျူနီယာမောင်လေး... ဒီ အစ်မ က ဘယ်သူလဲ..."
ကောရှန်၏ အမူအရာမှာ အနည်းငယ် တောင့်တင်းနေသော်ငြား အတော်လေး တည်ငြိမ်နေဆဲ ဖြစ်သည်ကို မြင်ရသောအခါ ချူကျန့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"စီနီယာအစ်မ... ဒါက မိန်းကလေး လီဝမ်ရှို့ ပါ... မိန်းကလေးလီ... သူက ငါ့ရဲ့ စီနီယာအစ်မ ကောရှန် ပါ..."
ကောရှန် သည် သူမရှေ့ရှိ လှပပြီး နူးညံ့သော မိန်းကလေးကို ကြည့်ကာ အတင်း ပြုံးပြလိုက်ပြီး ပြောလိုက်၏။
"သြော်... အစ်မလီ ကိုး... တွေ့ရတာ ဝမ်းသာပါတယ် အစ်မလီ..."
ကောရှန်သည် ဘေးသို့ ယိမ်းနေသော ထိုင်ခုံ နှစ်လုံးနှင့် တစ်ဝက်တစ်ပျက် စားလက်စ ပန်းကန်နှင့် တူ နှစ်စုံကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသော်ငြား .. ချက်ချင်း အပြုံးကို ပြန်လည် ထိန်းသိမ်းလိုက်ပြီး လက်ထဲရှိ ခြင်းကို ချူကျန့်ထံ ကမ်းပေးလိုက်သည်။
"ဂျူနီယာမောင်လေး... ဒါက အဘိုးစု ပြုတ်ပေးထားတဲ့ ဆေးစွပ်ပြုတ် လေ... အလုပ်တွေ အရမ်း မလုပ်ပါနဲ့... အနားယူဖို့လည်း သတိရဦးနော်... ငါ အခု မြန်မြန် မပြန်ရင် အဘိုးစု က ငါ့ကို ဆူနေဦးမယ်... သွားပြီနော်.. ဂျူနီယာမောင်လေး..."
သူမသည် စကားများကို တစ်ဟုန်ထိုး ပြောချလိုက်ပြီး ချူကျန့်၏ အဖြေကိုပင် မစောင့်တော့ဘဲ ခေါင်းငုံ့ကာ လှည့်ထွက်သွားတော့၏။
ချူကျန့်မှာ ခြင်းကို အလိုအလျောက် လှမ်းယူလိုက်မိသည်။
ကောရှန် အလျင်စလို ထွက်သွားသည်ကို မြင်သောအခါ သူသည် ခြင်းကို စားပွဲပေါ်တွင် ကပျာကယာ ချလိုက်ပြီး သူမနောက်သို့ လိုက်သွားရန် ပြင်လိုက်၏။
"စီနီယာအစ်မ... ခဏစောင့်ဦးလေ... မင်းကို ငါ လိုက်ပို့ပေးမယ်..."
ကောရှန် သည် နောက်သို့ပင် မလှည့်ကြည့်တော့ဘဲ လက်ဝှေ့ယမ်းကာ အခန်းထဲမှ ပြေးထွက်သွားလေပြီ။
"မလိုပါဘူး... အစေခံ ကောင်မလေးတွေ ငါနဲ့အတူ ပြန်လိုက်လာကြလိမ့်မယ်... ဂျူနီယာမောင်လေး လည်း စားလို့ မပြီးသေးဘူး မဟုတ်လား... ပူတုန်းလေး စားလိုက်ပါဦး..."
သူတို့၏ သခင်မလေး စစ်သူကြီးချူ ၏ ရင်ခွင်ထဲသို့ ဝင်တိုက်မိသည်ကို မြင်ကတည်းက အစေခံ ကောင်မလေး နှစ်ယောက်မှာ သူတို့နှစ်ဦး၏ အချိန်ကို မနှောင့်ယှက်လိုသဖြင့် အနားမကပ်ရဲဘဲ အဝေးတွင် ရပ်နေခဲ့ကြ၏။ သူတို့၏ သခင်မလေး အထဲဝင်သွားပြီး မကြာမီမှာပင် ပြန်ထွက်ပြေးလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။ သူတို့သည် သူမအနားသို့ ကပျာကယာ ပြေးသွားပြီး မေးလိုက်ကြ၏။
"သခင်မလေး... ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ပါဘူး... ပြန်ကြမယ်..."
ကောရှန် သည် အစေခံ ကောင်မလေး နှစ်ယောက်ကို ကျော်ဖြတ် ပြေးသွားသည်။
"ဟေး... သခင်မလေး... ကျွန်မတို့ကို စောင့်ပါဦး..."
အစေခံ ကောင်မလေး နှစ်ယောက်မှာ ထွက်ပြေးသွားသော ကောရှန် နောက်သို့ ကပျာကယာ လိုက်သွားကြပြီး ပုံရိပ် သုံးခုမှာ ညအမှောင်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
ချူကျန့်မှာ ဘာခံစားရမှန်း မသိဘဲ ထိုနေရာတွင် ငိုင်လျက် ရပ်ကျန်နေခဲ့သည်။
သူ၏ မျက်နှာပေါ်ရှိ အမူအရာကို ကြည့်ပြီးနောက် လီဝမ်ရှို့ သည် ရုတ်တရက် အံကြိတ်ကာ သူ့ကို ပြင်းပြင်းထန်ထန် တွန်းလိုက်တော့၏။
"သူ့နောက် လိုက်သွားလေ..."
"ဟင်... သူ့နောက် လိုက်သွားရမယ်..."
ချူကျန့် မျက်နှာမှာ အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။
လီဝမ်ရှို့ မှာ စိတ်ပျက်သွားသည့် အမူအရာဖြင့် ခြေဆောင့်ကာ ပြောလိုက်၏။
"ဘာရပ်လုပ်နေတာလဲ... ရှင့်ရဲ့ စီနီယာအစ်မ က ကျွန်မတို့ရဲ့ ဆက်ဆံရေးကို အထင်လွဲသွားပုံရတယ်... ရှင် သေချာ မရှင်းပြရင် သူ အရမ်း ဝမ်းနည်းနေလိမ့်မယ်..."
‘ကောရှန် က အရမ်း ဝမ်းနည်းနေလိမ့်မယ်... ဟုတ်လား…’
ချူကျန့်၏ ခေါင်းထဲတွင် ပြုံးနေသလိုလို၊ ငိုနေသလိုလို ဖြစ်နေခဲ့သော ကောရှန်၏ မျက်နှာ အမူအရာကို ချက်ချင်း ပြန်လည် မြင်ယောင်လာတော့၏။
သူ၏ နှလုံးသားမှာ ဖရိုဖရဲ ဖြစ်သွားသည်။
လီဝမ်ရှို့ က သူ့ကို တံခါးအပြင်သို့ တွန်းထုတ်လိုက်ချိန်တွင် သူ အနည်းငယ် ဝေဝါးနေသေး၏။ အဝေးတွင် ကောရှန်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီပင်။
လီဝမ်ရှို့ က အနောက်မှ လှမ်းပြောလိုက်သည်။
"ရိုးရိုးသားသား ရှင်းပြနော်... တွေဝေပြီး စိတ်ဓာတ်ကျနေတဲ့ ပုံစံမျိုး မလုပ်နဲ့... အဲဒါက အခြေအနေကို ပိုဆိုးသွားစေလိမ့်မယ်..."
'တွေဝေပြီး စိတ်ဓာတ်ကျနေတာ... ငါကလား...'
ချူကျန့်သည် သူ၏ မျက်နှာကို အလိုအလျောက် စမ်းသပ်ကြည့်လိုက်မိ၏။
‘နည်းနည်း တောင့်တင်းနေတာက လွဲရင် ငါ့မှာ ဘာမှ မှားယွင်းမနေပါဘူး... နောက်နေတာလား... မရေမတွက်နိုင်တဲ့ အလောင်းတောင် တွေ၊ သွေးပင်လယ် တွေကို မြင်ဖူးခဲ့တဲ့ ငါ့လို လူတစ်ယောက်က ဒီလို ကိစ္စသေးသေးလေး အတွက်နဲ့ တွေဝေပြီး စိတ်ပျက်အားငယ်နေတဲ့ အမူအရာမျိုး ဘယ်လိုလုပ် ပြနိုင်မှာလဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…’
ချူကျန့် မယုံကြည်သော်ငြား လီဝမ်ရှို့ က အဆက်မပြတ် တိုက်တွန်းနေသဖြင့် ကောရှန် ထွက်သွားရာ လမ်းကြောင်းအတိုင်း သူမနောက်သို့ လိုက်သွားလိုက်သည်။
မည်သို့ပင်ဆိုစေ ကောရှန် နေထိုင်ရာ စံအိမ်နှင့် နှစ်မိုင်ခန့် ကွာဝေးပြီး ထိုကောင်မလေး၏ အားနည်းနေသေးသော ခန္ဓာကိုယ်ဖြင့် ဆောင်းရာသီ အလယ်ခေါင်တွင် ပြေးလွှားနေခြင်းမှာ နောက်စရာ ကိစ္စ မဟုတ်ချေ။ သူမ အအေးမိသွားပါက ဒုက္ခရောက်ပေလိမ့်မည်။
သူသည် သူ၏ ကိုယ်ဖော့ပညာ ကို အသုံးပြုလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရုတ်ချည်း ပျောက်ကွယ် သွားတော့၏။
လီဝမ်ရှို့ သည် သူ ပျောက်ကွယ်သွားသော နေရာကို အတန်ကြာ မမှိတ်မသုန်ကြည့် နေပြီးနောက် စားပွဲသို့ ပြန်သွားကာ ဆက်လက် စားသောက်နေလိုက်သည်။
ယခင်က အတော်လေး အရသာရှိသည်ဟု ထင်ရသော အစားအသောက်များမှာ ရုတ်တရက် အရသာ ကင်းမဲ့သွားပြီး မျက်ရည်များနှင့် ရောနှောနေသကဲ့သို့ အနည်းငယ် ခါးသက်လာသည်ဟုပင် ခံစားလိုက်ရတော့၏။
‘ဟင်…’
ထိုအခါမှ လီဝမ်ရှို့ သည် ကြီးမားသော ရေပေါက်များ သူမ၏ မျက်နှာပေါ်မှ လိမ့်ဆင်းလာပြီး ပန်းကန်ထဲရှိ ထမင်းများပေါ်သို့ ကျဆင်းလာသည်ကို သတိထားမိလိုက်သည်။
တိယန် လူမျိုးစု မှ ထွက်ခွာလာစဉ်က သူမ မျက်ရည် တစ်စက်မျှ မကျခဲ့သော်ငြား ယခုအခါ သူမ ငိုနေမိလေပြီ။
လီဝမ်ရှို့ သည် သူမ၏ မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ဖယ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
"ငိုစရာ ဘာအကြောင်း ရှိလို့လဲ... သူ့ရဲ့ ရင်ထဲမှာ သခင်မလေးကော ရဲ့ နေရာက တခြားလူတွေ အားလုံးနဲ့ မတူဘူး ဆိုတာကို နင် အရင်ကတည်းက ခန့်မှန်းမိပြီးသား မဟုတ်လား... ဒါက နင့်ရဲ့ ကံကြမ္မာပဲ ဖြစ်ရမယ် လီဝမ်ရှို့... နင် ချစ်တဲ့လူရဲ့ ရင်ထဲမှာ အမြဲတမ်း တခြားလူ တစ်ယောက် ရှိနေလိမ့်မယ်..."
နားလည်သဘောပေါက်သော်ငြား သူမ၏ နှလုံးသား တစ်စိတ်တစ်ပိုင်းကို ဆွဲထုတ်ခံလိုက်ရသကဲ့သို့ သူမ ခံစားနေရဆဲပင်။ ဤနာကျင်မှုက သူမ ယခင်က ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးထက် အဆမတန် ပိုမို ပြင်းထန်လှပြီး အစ်ကိုချူ သည် သူမ၏ နှလုံးသားထဲတွင် အခြား မည်သူနှင့်မျှ မယှဉ်သာအောင် ကြီးမားသော နေရာတစ်ခုကို ယူထားကြောင်း သူမကို ရှင်းလင်းစွာ သိမြင်သွားစေခဲ့သည်။
လီဝမ်ရှို့ သည် သူမ၏ မျက်ရည်များကို နောက်တစ်ကြိမ် သုတ်ဖယ်လိုက်သော်ငြား ၎င်းတို့မှာ ပို၍ပို၍ ထိန်းမရအောင် စီးကျလာတော့၏။
လီဝမ်ရှို့ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အံကြိတ်ကာ သူမ၏ ရှိုက်သံများကို မျိုသိပ်ထားရန်သာ။
...
ချူကျန့် သည် မြို့စားအိမ်တော် အပြင်ဘက်အထိ လိုက်သွားခဲ့သော်ငြား ကောရှန် ကို မတွေ့ရချေ။ ထိုအစား ရထားလုံး တစ်စီးက ဖြည်းညင်းစွာ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။
သူ အသေအချာ နားစွင့်လိုက်၏။ သူ၏ ယခု အလွန် အစွမ်းထက်နေပြီဖြစ်သော အတွင်းအား များဖြင့် တိုက်ခတ်နေသော မြောက်လေပြင်းများ ကြားမှပင် မိုင်ပေါင်းများစွာ အကွာအဝေးရှိ သူ ကြားလိုသော အသံများကို အလွယ်တကူ ကြားနိုင်လေ၏။
"သခင်မလေး... ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ..."
"ဆေးစွပ်ပြုတ် ပို့ပြီးပြီ ဆိုတော့ ပြန်သင့်ပြီလေ... ငါ ဆက်နေရင် ဂျူနီယာမောင်လေး ရဲ့ အလုပ်တွေကို နှောင့်ယှက်သလို ဖြစ်သွားလိမ့်မယ်... သူက အရမ်း အလုပ်များတာ..."
၎င်းမှာ ကောရှန်၏ အသံဖြစ်ပြီး နှိုင်းယှဉ်ချက်အရ အတော်လေး တည်ငြိမ်နေပုံ ရသည်။
ချူကျန့် သက်ပြင်းတစ်ချက် ချလိုက်ပြီး ထိုအသံမှာ ရှေ့ရှိ ရထားလုံးထဲမှ ထွက်ပေါ်လာကြောင်း အတည်ပြုလိုက်သည်။ သူသည် တိတ်ဆိတ်စွာ နောက်မှ လိုက်ပါရန် သူ၏ ကိုယ်ဖော့ပညာ ကို အသုံးပြုလိုက်၏။
ကောရှန် မှာ ရထားလုံးထဲတွင် ရှိနေသဖြင့် ထိုကောင်မလေး အအေးမိမည်ကို သူ စိုးရိမ်ရန် မလိုတော့ချေ။
ထို့နောက် အစောပိုင်းက အစေခံ ကောင်မလေး ပြောသည်ကို သူ ကြားလိုက်ရသည်။
"ညစာစားချိန် မဟုတ်ဘူးလား... သခင်မလေး လည်း မစားရသေးဘူးလေ... ကျွန်မတို့ အတူတူ စားရင်း အနွေးဓာတ် ယူလို့ ရတာပဲ..."
အခြား အစေခံ ကောင်မလေး တစ်ဦးကလည်း ဝင်ပြောလာ၏။
"ဟုတ်တယ်... ဟုတ်တယ်... ဒီ ဆေးစွပ်ပြုတ် နဲ့ ပတ်သက်ပြီး စစ်သူကြီးချူ ဘယ်လို ထင်လဲဆိုတာ ကြားရရင် ကောင်းမှာပဲ... သခင်မလေး က မီးသွေးဖို ဘေးမှာ နေ့လယ်ခင်း တစ်ခုလုံး အချိန်ကုန်ခံပြီး ပြုတ်ထားတာလေ... အဲဒီအတွက် ဆရာကြီးစု ရဲ့ ဆူတာကိုတောင် အကြိမ်ကြိမ် ခံခဲ့ရသေးတယ်..."
ကောရှန် က နေ့လယ်ခင်း တစ်ခုလုံး ဆေးစွပ်ပြုတ် ကို ကိုယ်တိုင် ပြုတ်ပေးခဲ့ကြောင်း တွေးမိသောအခါ ချူကျန့်မှာ နှုတ်ခမ်းကို မကိုက်ဘဲ မနေနိုင်တော့ချေ။
'ဒီကောင်မလေးက ငါ့ကိုတောင် စုရှင်းဟယ် ပြုတ်ပေးတာလို့ လိမ်ပြောခဲ့သေးတယ်...'
သူ၏ စိတ်ကို အခြားသို့ လွှဲပြောင်းရန် ကြိုးစားသော်ငြား သူ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခုက ဆွဲထုတ်ခံလိုက်ရသကဲ့သို့ စူးရှသော နာကျင်မှုကို သူ ဖုံးကွယ်၍ မရနိုင်ခဲ့ချေ။
အထူးသဖြင့် ကောရှန် သည် အစာပင် မစားရသေးဘဲ သူ့ထံသို့ စွပ်ပြုတ် လာပို့ရန် အပြေးအလွှား ရောက်လာခဲ့သည်ကို တွေးမိသောအခါ သူ၏ ရင်ထဲမှ နာကျင်မှုမှာ ပို၍ပင် ရှင်းလင်းလာတော့၏။
ကောရှန် က တိုးတိုးလေး ပြောသည်ကို သူ ကြားလိုက်ရသည်။
"... သူ စားလို့ ပြီးနေပြီလေ... တကယ်တော့ သူ့ကို မြင်လိုက်ရရုံနဲ့တင် ငါ ပျော်ပါတယ်... တကယ်ပါ..."
"သခင်မလေး... အဆင်ပြေရဲ့လား... ဘာလို့ ငိုနေတာလဲ..."
" မျက်လုံးထဲ သဲဝင်သွားလို့ပါ..."
သူမ၏ ဆို့နင့်နေသော အသံလေးကြောင့် ချူကျန့်၏ နှလုံးသားမှာ နောက်တစ်ကြိမ် တင်းကျပ်သွားတော့၏။ စူးရှသော နာကျင်မှုကြောင့် သူ အလိုအလျောက် တုံ့ခနဲရပ်လိုက်ပြီး ရထားလုံး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေမိသည်။
သူ တုံးအသူ မဟုတ်ချေ။
ကောရှန် သည် အဘယ်ကြောင့် အိမ်မှ ထွက်ပြေးလာပြီး သိုင်းလောက ၏ အန္တရာယ်များကို ဂရုမစိုက်ဘဲ သူ့ကို ရှာဖွေခဲ့သနည်း သို့မဟုတ် ပြန်လည် ဆုံတွေ့ပြီးနောက် အဘယ်ကြောင့် သူ့အနားတွင် အလွန် ရင်းနှီးစွာ နေထိုင်ခဲ့သနည်း ဆိုသည်ကို သူ နားမလည်ခဲ့သော်ငြား တစ်ချက်ကတော့ ရှင်းလင်းနေလေပြီ။
ဤမိန်းမပျိုလေးမှာ သူ့အပေါ် ကြီးမားသော သံယောဇဉ် ရှိနေပုံ ရသည်။
ချူကျန့် သေချာ မသိခဲ့ချေ။
ယုတ္တိတန်တန် စဉ်းစားကြည့်ပါက သူသည် ကောရှန် နှင့် အချိန် အများကြီး မကုန်ဆုံးခဲ့သလို သူမ သူ့ကို သဘောကျသွားစေလောက်မည့် အရာမျိုး ဘာတစ်ခုမှ မလုပ်ခဲ့ဖူးချေ။
သို့သော် ဤသံသယမှာ ထိုမိန်းကလေး၏ မျက်ရည်များနှင့်အတူ ယခု အခိုက်အတန့်တွင် အတည်ပြုချက် ရရှိသွားခဲ့လေပြီ။
ကောရှန် သည် သူ့အပေါ် အမှန်တကယ်ပင် ကြီးမားသော သံယောဇဉ် ရှိနေသည်။
ချူကျန့်မှာ ဘာခံစားရမှန်း မသိတော့ချေ။
ကြောက်ရွံ့မှုလား... စိတ်အနှောင့်အယှက် ဖြစ်မှုလား... ပျော်ရွှင်မှုလား... ဇဝေဇဝါ ဖြစ်မှုလား...
ဒါက သူ တစ်ခါမှ မကြုံဖူးသော ထူးဆန်းသည့် ခံစားချက် တစ်ခု ဖြစ်ပြီး သူ့ကို အတော်လေး အရှိုက်ခက်သွားစေ၏။
လျှို့ဝှက် သိုင်းလောက တွင် သူသည် လှပသော အမျိုးသမီး ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ပတ်သက်ခဲ့ဖူးသော်ငြား ၎င်းတို့မှာ အပြန်အလှန် အကျိုးပြုသော အပေးအယူများသာ ဖြစ်ပြီး မည်သည့် အစစ်အမှန် ခံစားချက်မျှ မပါဝင်ခဲ့ချေ။
အတိုချုပ် ပြောရလျှင် အချစ်နှင့် ပတ်သက်လာပါက သူသည် စာရွက်အလွတ် တစ်ရွက်သာ ဖြစ်သည်။
ထို့ကြောင့် ယခုအခါ ဤမျှ ရိုးသား၊ အပြစ်ကင်း၊ ချစ်စရာကောင်း၊ ထက်မြက်ပြီး လှပသော မိန်းကလေး တစ်ယောက်က သူ့ကို သဘောကျနေကြောင်း သိလိုက်ရသောအခါ သူ လုံးဝ အကူအညီမဲ့ သွားသကဲ့သို့ ခံစားလိုက်ရတော့၏။
ချူကျန့်သည် ဤခံစားချက်ကို မည်သို့ ရင်ဆိုင်ရမည်ကို မသိသလို ဤမျှ ဖြူစင်သော ချစ်ခြင်းမေတ္တာကို လက်ခံရန် သူ ထိုက်တန်မှု ရှိမရှိကိုလည်း မသိခဲ့ချေ။
ကောရှန်း မှာ ငယ်ရွယ်သေးပြီး ဤသံယောဇဉ်မှာ မိန်းမပျိုလေး တစ်ဦး၏ ခဏတာ စွဲလမ်းမှုသာ ဖြစ်နိုင်ကာ သူ၏ အစစ်အမှန် ပုံစံကို မြင်တွေ့သွားပါက ပျောက်ကွယ်သွားလိမ့်မည်ဟုပင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သေး၏။
ချူကျန့် သည် ထိုနေရာတွင် အတွေးနက်နေပြီး သူ၏ စိတ်များ ဖရိုဖရဲ ဖြစ်နေစဉ်မှာပင် အဝေးမှ မီးတောက်ကြီး တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။
"မီး... မီး... ကယ်ကြပါဦး... မီးဝိုင်းငြိမ်းပေးကြပါဦး…”