← Chapters

ဂျူပီတာ နှင့် ကမ္ဘာမြေကြီး ဝင်တိုက်ခြင်း (အပိုင်း ၂)

Vol. 18 Ch. 187

ဂျူပီတာ နှင့် ကမ္ဘာမြေကြီး ဝင်တိုက်ခြင်း (အပိုင်း ၂)

Vol. 18 Ch. 187

ချူကျန့် သက်ပြင်းချလိုက်မိသည်။

‘တော်သေးတာပေါ့... လီဝမ်ရှို့ ဖြစ်နေလို့... ဘာလို့ သူ သတိမထားမိခဲ့တာလဲဆိုတာ အံ့ဩစရာ မရှိပါဘူး... လတ်တလော သူမက သူ့အနားမှာ အမြဲရှိနေခဲ့တော့ သူ အသားကျနေလောက်ပြီလေ…’

သို့သော် အစေခံ ကောင်မလေး တစ်ယောက်အလား သူမက သူ၏ နားထင်များကို နှိပ်နယ်ပေးနေသည်ကို မြင်ရသောအခါ ချူကျန့်မှာ အနည်းငယ် နေရခက်သွားပြီး သူမ၏ လက်ကို ညင်သာစွာ ဖယ်ရှားလိုက်သည်။

"အလုပ်ရှုပ်ခံစရာ မလိုပါဘူး..."

"အလုပ်ရှုပ်စရာ မရှိပါဘူး..."

လီဝမ်ရှို့ က နူးညံ့စွာ ပြုံးလိုက်ပြီး အစားအသောက် တောင်းတစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။

"မီးဖိုချောင်ကနေ အခုလေးတင် ယူလာတာ... အရင် စားလိုက်ပါဦး... မဟုတ်ရင် အေးကုန်လိမ့်မယ်..."

သူမသည် သေသပ်လှပသော ဟင်းပွဲ အချို့ကို အလှအပ စီစဉ်ပေးပြီး ချူကျန့်အတွက် ပန်းကန်နှင့် တူများကို ဂရုတစိုက် ပြင်ဆင်ကာ ထမင်းပူပူလေး ခူးထည့်ပြီးနောက် နူးညံ့သော အပြုံးလေးဖြင့် သူ့ထံ ကမ်းပေးလိုက်သည်။

"တကယ်တော့... ငါ့ဘာသာ ငါ လုပ်လို့ ရပါတယ်..."

သူမ မည်မျှ ဂရုစိုက်ကြောင်း မြင်ရသောအခါ ချူကျန့်မှာ အနည်းငယ် နေရခက်သွားတော့၏။

"ရှင် ကိုယ်တိုင် လုပ်ရမယ်ဆိုရင်... အမြဲတမ်း စားဖို့ မေ့နေတတ်တယ်လေ..."

ထို့နောက် လီဝမ်ရှို့ က ဟင်းရည် တစ်ခွက် ခပ်ကာ သူ အလွယ်တကူ ယူသောက်နိုင်မည့် နေရာတွင် ချထားပေးလိုက်သည်။

ချူကျန့်မှာ အမှန်တကယ်ပင် ဗိုက်ဆာနေပြီ ဖြစ်ရာ နောက်ထပ် စကားမပြောတော့ဘဲ ပန်းကန်ကို ယူကာ စားလိုက်တော့၏။

အမှန်အတိုင်း ပြောရလျှင် လီဝမ်ရှို့ကို သူ အလွန် ကျေးဇူးတင်မိသည်။ ပြီးခဲ့သည့် နှစ်ရက် သုံးရက်အတွင်း ဤကောင်မလေးကသာ အချိန်မှန် အစားစားရန် သူ့ကို သတိမပေးခဲ့ပါက သူ၏ အလုပ်များလှသော အချိန်ဇယားများထဲတွင် ဆာလောင်မှုကို လုံးဝ မေ့လျော့နေမည်သာ။

"ဒါနဲ့... ရှောင်လျန် ရော ဘယ်လိုနေလဲ..."

"သူ အဆင်ပြေပါတယ်... အရင်ဆုံး ရေချိုးပေးပြီး သူ အိပ်ပျော်သွားမှ လာခဲ့တာ... အခု အစေခံ ကောင်မလေး က သူ့ကို စောင့်ကြည့်ပေးနေတယ်..."

"မင်း တကယ်ပဲ ပင်ပန်းနေပြီ... ရှောင်လျန် ကို ဂရုစိုက်ဖို့ တာဝန်ရှိတယ် ဆိုပေမဲ့ ငါက မင်းကို အလုပ်တွေ အများကြီး ပေးထားမိတယ်... ဒါနဲ့ စကားမစပ်... မင်းလည်း စားလေ... ငါက သခင်လေးမှ မဟုတ်တာ... အစေခံတွေ အလုပ်အကျွေးပြုတာကို ငါ အသားမကျဘူး..."

ချူကျန့် မော့ကြည့်လိုက်ရာ လီဝမ်ရှို့၏ လှပသော မျက်နှာလေးပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများကို မြင်တွေ့လိုက်ရပြီး ချက်ချင်းပင် အပြစ်မကင်းသလို ခံစားလိုက်ရတော့၏။

ပြီးခဲ့သည့် နှစ်ရက်အတွင်း ဒုက္ခသည်များကို နေရာချထားပေးသည့် လုပ်ငန်းစဉ်တွင် အမျိုးသမီးများနှင့် ကလေးများကို နှစ်သိမ့်ပေးခြင်းနှင့် သူတို့၏ လိုအပ်ချက်များကို နားထောင်ပေးခြင်း စသည့် အသေးစိတ် လုပ်ဆောင်ရမည့် အလုပ်များစွာ ရှိခဲ့သည်။ ဤအရာများ အားလုံးမှာ ကောင်းမွန်သော စိတ်နေသဘောထားနှင့် သည်းခံနိုင်စွမ်းရှိသော အမျိုးသမီး တစ်ဦး လိုအပ်သည်။

လီဝမ်ရှို့ က စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်ခဲ့ပြီး ချူကျန့်ကလည်း ဤကဲ့သို့သော အလုပ်မျိုး အားလုံးကို သူမထံ တန်းစီ ပုံချပေးခဲ့လေ၏။ ယခု ပြန်လည် တွေးကြည့်သောအခါ သူမကို အမှန်တကယ်ပင် ပင်ပန်းစေခဲ့ကြောင်း သူ သဘောပေါက်သွားသည်။

သူ အားရပါးရ စားသောက်နေသည်ကို ကြည့်ရင်း လီဝမ်ရှို့ က နူးညံ့စွာ ပြုံးလိုက်ပြီး ရေကဲ့သို့ နူးညံ့သော အကြည့်များဖြင့် ပြောလိုက်၏။

"လျန်တူမြို့ က ပြည်သူတွေရဲ့ စကားနဲ့ ပြောရရင်တော့... စစ်သူကြီးချူ ကို အလုပ်အကျွေး ပြုခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ..."

ထို့နောက် သူမသည် သူ၏ ဘေးတွင် ထိုင်ကာ ထမင်း တစ်ပန်းကန် ခူးလိုက်သည်။

အခန်းထဲတွင် ကျန်ရှိနေသေးသော အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိတ်တဆိတ် ထွက်သွားကြတော့၏။

ချူကျန့်မှာ အနည်းငယ် နေရခက်သလို ခံစားလိုက်ရသည်။ ဒါက သူနှင့် လီဝမ်ရှို့တို့ အခန်းထဲတွင် နှစ်ယောက်တည်း စားသောက်ဖူးခြင်း ပထမဆုံးအကြိမ် ပင်။

ယခင်က အစ်မယင် နှင့် ချန်ကျားဖုန်း တို့ ရှိနေခဲ့သဖြင့် အဆင်မပြေမှု မရှိခဲ့ချေ။ ယခုအခါ ဆီမီးအိမ်၏ မှိန်ပျပျ အလင်းရောင်အောက်တွင် နံရံပေါ်ရှိ သူတို့၏ နီးကပ်နေသော အရိပ်များက အတော်လေး ရင်းနှီးနေပုံပေါ်ပြီး အဓိပ္ပာယ် နှစ်ခွ ဖြစ်စေသော အငွေ့အသက်ကို ပေါင်းထည့်ပေးနေသည်။

သို့သော် ဤမိန်းမပျိုလေးမှာ မည်သည့် အဆင်မပြေမှုမျှ မရှိဘဲ ကျက်သရေရှိစွာ စားသောက်နေသည်ကို မြင်ရသောအခါ ချူကျန့်သည် သဘာဝကျကျပင် ဘာမှ မပြောတော့ဘဲ စားသောက်ရန်သာ အာရုံစိုက်လိုက်တော့၏။

သူတို့နှစ်ဦးမှာ လျန်တူမြို့ ၏ ဘေးအန္တရာယ် အပြီး ပြန်လည် တည်ဆောက်ရေး ကိစ္စများအကြောင်း အလာပသလာပ ပြောနေကြသည်။ ချူကျန့် က သာမန်ကာလျှံကာ ပြောလိုက်၏။

"ငါ နောက် သုံးရက်နေရင် ထွက်သွားတော့မယ်... ကယ်ဆယ်ရေးရဲ့ နောက်ဆက်တွဲ အလုပ်တွေကို သခင်လေးကျုံး နဲ့ ဇီလင်း တို့ကိုပဲ လွှဲထားခဲ့ရမှာပေါ့..."

လီဝမ်ရှို့၏ တူများမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့၏။ သူမ ကပျာကယာ ကုန်းကောက်လိုက်ပြီး သူမ၏ ထိတ်လန့်မှုကို ဖုံးကွယ်ကာ အတင်း ပြုံးပြလိုက်သည်။

"တကယ်လား... အစ်ကိုချူ ဘယ်သွားမလို့လဲ..."

"မိတ်ဆွေ တစ်ယောက်ကို အရေးကြီးတဲ့ ကိစ္စ တစ်ခု လုပ်ပေးဖို့ ကတိပေးထားတာ ရှိတယ်...နောက်ဆုံး သုံးရက်အတွင်း ထွက်သွားမှ ရမယ်... မဟုတ်ရင် ကတိဖျက်သလို ဖြစ်သွားလိမ့်မယ်..."

"သြော်... ဟုတ်လား..."

လီဝမ်ရှို့သည် သူမ၏ တူများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အတန်ကြာ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။

"ရှင့်ရဲ့ စီနီယာအစ်မ ရော ရှင်နဲ့အတူ လိုက်သွားမှာလား..."

"အင်း... သူ.. ငါနဲ့ လိုက်ခဲ့မှာ... သူ့ကို အိမ်ပြန်ပို့ပေးရမယ်လေ..."

လီဝမ်ရှို့ က ကောရှန် ကို ပြောလိုက်သည်ကို ကြားသောအခါ ချူကျန့်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှု တစ်ခု ဖြစ်ပေါ်လာတော့၏။

‘ထိုကောင်မလေး ဘယ်လို နေလဲ မသိဘူး... ပြီးခဲ့တဲ့ ရက်တွေက သူနဲ့ အချိန် သိပ်မကုန်နိုင်ခဲ့ဘူး…’

သို့သော် သူမကို ရှန်းချန်မြို့ သို့ ပြန်ပို့ပေးရန်နှင့် တာဝန်များတွင် သူနှင့်အတူ လိုက်ပါရန် အချိန်မရှိနိုင်လောက်ချေ။ သို့မဟုတ် စည်းစိမ်ချမ်းသာ စံအိမ် တွင် ဆက်လက် အနားယူရန် ပို့ထားရမည်လော။

အမှန်တကယ်တော့ ကောရှန်ကို တိတ်ဆိတ်သော မြို့လေးသို့ ပို့ပြီး ချန်လင်းစု ၏ စောင့်ရှောက်မှုအောက်တွင် ထားရှိခြင်းက အကောင်းဆုံး ဖြစ်နိုင်သော်ငြား ချန်လင်းစု ၏ စိတ်နေသဘောထားကို ထည့်သွင်း စဉ်းစားကာ ချူကျန့် ထိုအကြံကို စွန့်လွှတ်လိုက်သည်။ ချန်လင်းစု ၏ အေးစက်သော စရိုက်နှင့်ဆိုလျှင် သူမ ကောရှန်နှင့် အဆင်ပြေချင်မှ ပြေပေမည်။

ချူကျန့်.. ဤသို့ တွေးနေစဉ်မှာပင် သူ၏ အကြည့်များက အခန်းထဲသို့ အမှတ်မထင် ရောက်ရှိသွားပြီး စင်္ကြံလမ်းပေါ်ရှိ ကောရှန်နှင့် အလွန် တူသော သွယ်လျသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ချူကျန့်မှာ စိတ်ထဲမှ ရယ်လိုက်မိ၏။

‘ငါ ပင်ပန်းလွန်းလို့ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်... ကောရှန် က စံအိမ်မှာ အနားယူနေတာလေ... သူ ဘယ်လိုလုပ် ဒီကို ရောက်နေမှာလဲ…’

သို့သော် သေချာ စူးစိုက်ကြည့်လိုက်သောအခါ ကောရှန် သည် အစေခံ ကောင်မလေး နှစ်ဦး၏ အစောင့်အရှောက်ဖြင့် အလုပ်ခန်းဆီသို့ လျှောက်လာနေသည်ကို သူ အမှန်တကယ် မြင်တွေ့လိုက်ရသည်။

ကောရှန် သည် ထူထဲသော သားမွေး အင်္ကျီကို ဝတ်ဆင်ထားပြီး ဝက်ဝံပေါက်လေး တစ်ကောင်အလား ဖြစ်နေကာ သူမ၏ လှပသော မျက်နှာလေးမှာ နီရဲနေပြီး တောက်ပသော မျက်လုံးလေးများမှာ မျှော်လင့်ချက်များနှင့် ပျော်ရွှင်မှုများဖြင့် လင်းလက်နေသည်။ သူမ၏ ချစ်စရာကောင်းသော အသွင်အပြင်က မြို့စားအိမ်တော် အတွင်းရှိ ကိုယ်ရံတော်များနှင့် အဆင့်တိုင်းရှိ ဝန်ထမ်းများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေတော့၏။

'နေပါဦး... တကယ်ပဲ ကောရှန် ပါလား...'

ချူကျန့်သည် သူမကို ကြိုဆိုရန် ကပျာကယာ မတ်တပ်ရပ်လိုက်သည်။

ကောရှန် လည်း သူ့ကို မြင်လိုက်ရသဖြင့် လက်ဝှေ့ယမ်းကာ လှမ်းခေါ်လိုက်၏။

"ဂျူနီယာမောင်လေး..."

သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာပြီး တောင်းတစ်ခုကို သယ်ကာ ပြေးလာတော့၏။ အစေခံ ကောင်မလေး နှစ်ယောက်ကလည်း အနောက်မှ အလျင်စလို လိုက်ပါလာပြီး အော်ဟစ်နေကြသည်။

"သခင်မလေး..."

"ဟေ့... စီနီယာအစ်မ... မင်း အားနည်းနေသေးတယ်လေ... မပြေးနဲ့လေ..."

ချူကျန့်မှာ လန့်သွားပြီး ကိုယ်ဖော့ပညာကို အသုံးပြုကာ သူမကို ကြိုဆိုရန် လျင်မြန်စွာ သွားလိုက်ပြီး တွဲကူရန် လက်ဆန့်ထုတ်လိုက်သည်။

မိန်းကလေးမှာ ချူကျန့်၏ ရင်ခွင်ထဲသို့ ဝင်တိုက်မိမတတ် ဖြစ်သွားတော့၏။ သူမသည် ချူကျန့်၏ လက်မောင်းကို ကိုင်ကာ ကိုယ်ကို ထိန်းလိုက်ပြီး ခေါင်းကို နောက်သို့ လှန်ကာ ရွှတ်နောက်နောက်ဖြင့် မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။

သူမ၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။

"ဂျူနီယာမောင်လေး... ငါ လာမယ်လို့ မမျှော်လင့်ထားဘူး မဟုတ်လား..."

အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေသည်ကို မြင်သောအခါ ချူကျန့်က သူမကို အထဲသို့ ကပျာကယာ ဆွဲသွင်းလိုက်သည်။

"အပြင်မှာ အရမ်း အေးတာပဲ... မင်း မချမ်းဘူးလား..."

"နည်းနည်းမှ မချမ်းပါဘူး... အဘိုးစု က ငါ့ကို ဘောလုံး တစ်လုံးလို ဝတ်ခိုင်းထားတာလေ... ဘယ်လိုလုပ် ချမ်းမှာလဲ..."

ကောရှန်း သည် ပြုံးဖြဲဖြဲဖြင့် လှည့်ပြလိုက်ပြီး သူမ ဝတ်ဆင်ထားသော ထူထဲသည့် သားမွေး အင်္ကျီကို ချူကျန့်အား ပြသလိုက်သည်။ သူမ၏ စကတ်လေးမှာ လှပသော လိပ်ပြာလေး တစ်ကောင်အလား လွင့်ဝဲသွားတော့၏။

သူမ၏ မျက်နှာလေးမှာ အအေးဒဏ်ကြောင့် နီရဲနေသည်ကို မြင်ရသောအခါ ချူကျန့်သည် သူမ၏ ပါးလေးကို မဆွဲဘဲ မနေနိုင်တော့ချေ။

"အခုထိ ပြောနေတုန်းပဲလား... မင်း မျက်နှာကို ကြည့်စမ်း... အအေးဒဏ်ကြောင့် နီရဲနေပြီ... တစ်ခုခု ဖြစ်ရင် လူလွှတ်ပြီး သတင်းပို့လိုက်လေ... မင်းကို ငါ ပြေးလာကြည့်မှာပေါ့... မင်း ကိုယ်တိုင် ဒီအထိ လာစရာ မလိုပါဘူး..."

ဤရင်းနှီးသော အမူအရာကြောင့် ကောရှန်၏ မျက်နှာလေးမှာ ပို၍ပင် နီရဲသွားတော့၏။ သူမသည် ချိုမြိန်စွာ ပြုံးလိုက်သည်။

"သိပါတယ်... အဘိုးစု က ဒီတစ်ခါလေးပဲ ငါ့ကို အပြင်ထွက်ခွင့် ပြုတာပါ... ငါ မကြာခင် ပြန်ရမှာ... စိတ်မဆိုးပါနဲ့ ဂျူနီယာမောင်လေး ..."

သူမ၏ လိမ္မာပြီး ချစ်စရာကောင်းသော အသွင်အပြင်က လူတိုင်းကို ချစ်ခင်မြတ်နိုးသွားစေရန် လုံလောက်လှသည်။

'ဒီကောင်မလေး...'

ချူကျန့်သည် လျှာဖျားသို့ ရောက်နေသော ဆူပူကြိမ်းမောင်းမည့် စကားများကို ပြန်မြိုချလိုက်ပြီး မတတ်နိုင်စွာ ခေါင်းခါကာ သူမကို အခန်းထဲသို့ ဆွဲခေါ်သွားလိုက်ရသည်။

"စီနီယာအစ်မ... စားပြီးပြီလား... ငါနဲ့ အတူတူ စားမလား..."

"ဟီးဟီး... ငါ မင်းအတွက် ယူလာတာလေ..."

ကောရှန် ပြောလိုက်စဉ်မှာပင် သူမ၏ အကြည့်များက စားပွဲဘေးတွင် မတ်တပ်ရပ်နေသော လီဝမ်ရှို့ ထံသို့ ရောက်ရှိသွားပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်း အေးခဲသွားတော့၏။

ထိုအခါမှသာ လီဝမ်ရှို့ အခန်းထဲတွင် ရှိနေသေးကြောင်း ချူကျန့် သတိရသွားသည်။ လီဝမ်ရှို့ ကလည်း ကောရှန်ကို ကြည့်နေသည်ကို မြင်ရသောအခါ သူသည် အကြောင်းပြချက် မရှိဘဲ အပြစ်မကင်းသလို ခံစားလိုက်ရတော့၏။

မိန်းကလေး နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး မည်သူကမျှ စကားမပြောကြချေ။

တစ်ခဏတာမျှ အခန်းထဲတွင် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

ညအမှောင် ကျရောက်လာပြီး အပူချိန် မြင့်တက်လာသည်နှင့်အမျှ ချူကျန့်၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာတော့၏။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ကျန်ရှိတော့သည်။

'ဒီအခြေအနေမှာ ငါ ဘာလုပ်ရမလဲ... ငါ အဖြေတစ်ခု အရေးပေါ် လိုအပ်နေတယ်…’

All Chapters