တိုက်ဆိုင်လိုက်တာ
Vol. 18 Ch. 183
သုံ့ပန်းစခန်းတွင် ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုကို ဖြေရှင်းရသည်မှာ ရှုပ်ထွေးသလို ရိုးရှင်းမှုလည်း ရှိနေသည်။ ရှုပ်ထွေးရခြင်းမှာ ၎င်းတွင် ရှုပ်ထွေးသော ဆက်ဆံရေးများစွာ ပါဝင်နေသောကြောင့် ဖြစ်၏။ ဥပမာအားဖြင့် မူလက သုံ့ပန်းစခန်းကို စောင့်ကြပ်ရန် တာဝန်ယူထားသော်လည်း ပြည့်တန်ဆာအိမ်သို့ သွားရန် တာဝန်မှ ထွက်ပြေးသွားခဲ့သော ဗိုလ်မှူးမှာ အစ်မယင် နှင့် ဆက်သွယ်မှု ရှိနေသော ဖုန်လျန်အဖွဲ့ မှ ယခင် ခေါင်းဆောင်ဟောင်း ချွေ့ ဆိုသူ ဖြစ်နေခြင်းပင်။
ရိုးရှင်းရခြင်းမှာမူ သုံ့ပန်း အများစုမှာ လက်နက်မဲ့ဖြင့် အမှန်တကယ် ဆူပူအုံကြွရန် မဝံ့ရဲကြဘဲ အဆိုးရွားဆုံး ဆူပူသူများကို ကွပ်မျက်လိုက်ခြင်းဖြင့် ပြဿနာကို လျင်မြန်စွာ အဆုံးသတ်သွားစေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဤဖြစ်ရပ်၏ နောက်ကွယ်ရှိ ရှုပ်ထွေးသော ဆက်ဆံရေးများကို ပြီးပြည့်စုံအောင် ဖြေရှင်းရန်မှာမူ ခက်ခဲလှသည်။
ချူကျန့်သည် လျန်တူမြို့ တွင် အချိန်ကြာမြင့်စွာ မနေလိုသလို ခုံးကျုံး ပြန်လာချိန်တွင် ပြဿနာများ ချန်ထားရစ်ခဲ့ရန်လည်း မလိုလားသဖြင့် လူမုန်းခံရမည့် အခန်းကဏ္ဍကို ကိုယ်တိုင် ယူလိုက်တော့၏။
သူသည် ရှုပ်ထွေးနေသော ဆက်ဆံရေး ကွန်ရက်ကို လျင်မြန် ပြတ်သားစွာ ဖြိုခွဲပစ်လိုက်သည်။ ကြီးမားသော ဆူပူအုံကြွမှုအတွက် တာဝန်ရှိသည့် ခေါင်းဆောင် ချွေ့ ကို ပြန်လည် ဖမ်းဆီးကာ ကွပ်မျက်လိုက်၏။ တာဝန်ပျက်ကွက်ခဲ့သော အခြား အဆင့်မြင့်၊ အဆင့်နိမ့် အရာရှိများ အားလုံးကို ရာထူးချကာ အပြစ်ပေး အရေးယူလိုက်သည်။ ခွင့်ပြုချက်မရှိဘဲ သုံ့ပန်းစခန်းအတွင်းသို့ ဝင်ရောက်ကာ သုံ့ပန်းများကို သတ်ဖြတ်ပြီး ပြဿနာ ရှာခဲ့သော စစ်သည်များကိုလည်း ပြင်းထန်စွာ ပြစ်တင် ဝေဖန်ပြီး အပြစ်ပေးလိုက်တော့သည်။
နောက်ဆုံးတွင် လျန်တူမြို့ ၌ ကျန်ရှိနေသော အရာရှိများ အားလုံးကို ဆင့်ခေါ်ကာ စစ်စည်းကမ်း၏ အရေးပါမှုကို ထပ်လောင်း အတည်ပြုပြီး စစ်တပ်၏ စည်းကမ်းများကို အလုံးစုံ ပြုပြင် ပြောင်းလဲရန် တောင်းဆိုလိုက်သည်။ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ကြသော စခန်းအတွင်းရှိ သုံ့ပန်းများနှင့် ပတ်သက်၍မူ ချူကျန့်သည် သူတို့ကို အားလုံး ရှာဖွေဖော်ထုတ်ရန် သူ၏ နည်းလမ်းများကို အသုံးပြုခဲ့ပြီး သူတို့၏ ခေါင်းများကို ခုတ်ဖြတ်ကာ လျန်တူမြို့ မှ ပြည်သူများနှင့် စစ်သည်များ၏ ဒေါသကို ပြေလျော့စေရန် မြို့ရိုးပေါ်တွင် ချိတ်ဆွဲ ပြသထားလိုက်၏။ ကျန်ရှိနေသော သုံ့ပန်းများကိုမူ အပြစ်များ ပြေပျောက်စေရန် အလုပ်ကြမ်း စခန်းများသို့ ပို့ဆောင်လိုက်ပြီး စစ်သူကြီး၏ တပ်မတော် သို့ ဝင်ရောက်ခြင်းကို တားမြစ်လိုက်သည်။
အံ့ဩစရာ ကောင်းသည်မှာ လူမုန်းခံရမည်ဟု သူ ထင်မှတ်ထားခဲ့သော ဤနည်းလမ်းမှာ လုံးဝနီးပါး ကန့်ကွက်မှု မရှိဘဲ အကောင်အထည် ပေါ်သွားခြင်းပင်။ အစ်မယင် ကိုယ်တိုင်က တောင်းပန်စကား ဆိုရုံသာမက အပြစ်ပေးခံရသော စစ်သည်များကလည်း သူတို့၏ အမှားကို စိတ်ရင်းဖြင့် လက်ခံယုံကြည်သွားကြပြီး စစ်သူကြီးချူ ၏ သုံ့ပန်းများအပေါ် တရားမျှတစွာ ဆက်ဆံမှုကို ချီးကျူးကြသည်။
လူယုတ်မာများ၏ ခေါင်းများကို ရင်ပြင်တွင် ပြသထားသောအခါ မရေမတွက်နိုင်သော လျန်တူမြို့ မှ စစ်သည်များနှင့် ပြည်သူများက လက်ခုပ်တီးကာ အားပေးကြတော့၏။ အချို့က "စစ်သူကြီးချူ သက်တော်ရာကျော် ရှည်ပါစေ" ဟုပင် အော်ဟစ်ကြပြီး သုံ့ပန်းစခန်းရှိရာ အရပ်သို့ မျက်ရည်များ စီးကျလျက် ဦးချ ကန်တော့ကြရာ ချူကျန့်မှာ ကြက်သေ သေသွားရသည်။
ဤဖရိုဖရဲ ဖြစ်နေသော ခေတ်ပျက်ကြီးတွင် လူအင်အားမှာ အဓိကကျကြောင်း ချူကျန့် မသိခဲ့ချေ။ အင်အားစု အများစုမှာ ရန်သူ့ သုံ့ပန်းများကို ဖမ်းဆီးပြီး သူတို့၏ ကိုယ်ပိုင် စစ်တပ်များထဲသို့ ချက်ချင်း သိမ်းသွင်းတတ်ကြပြီး ဤသုံ့ပန်းများ၏ လက်များပေါ်တွင် ပြည်သူ မည်မျှ၏ သွေးများ စွန်းထင်းနေသည် ဆိုသည်ကို လုံးဝ ဂရုမစိုက်တတ်ကြပေ။ ထို့ကြောင့် သုံ့ပန်းများမှာ အသွင်ပြောင်းကာ ဒေသခံ ပြည်သူများကို ဆက်လက် ဒုက္ခပေးနေခြင်းမှာ သာမန် ကိစ္စတစ်ခုပင်။
ပြည်သူများအတွက် ကလဲ့စားချေပေးရန် လူ ခြောက်ရာနီးပါးကို တစ်ပြိုင်နက်တည်း ခေါင်းဖြတ် သတ်လိုက်ပြီး ကျန်သုံ့ပန်းများကို အပြစ်ပေးသည့်အနေဖြင့် အလုပ်ကြမ်း စခန်းများသို့ ပို့ဆောင်လိုက်ခြင်းကဲ့သို့သော လုပ်ရပ်မျိုးကို သူ ယခုမှ ပထမဆုံးအကြိမ် ပြုလုပ်ဖူးလေ၏။ မြို့တစ်မြို့လုံးရှိ စစ်သည်များနှင့် ပြည်သူများက သူ့ကို လေးစား ကြည်ညိုကြသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။
သုံ့ပန်းစခန်း ဆူပူအုံကြွမှု ပြဿနာကို ဖြေရှင်းပြီးနောက် မွန်းလွဲပိုင်း အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချူကျန့်သည် ဆက်နေပြီး ဗိုလ်ချုပ်များ၏ ညစာစားပွဲ ဖိတ်ကြားချက်ကို လက်မခံလိုသဖြင့် ညွှန်ကြားချက်များ ပေးကာ သုံ့ပန်းစခန်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ လျန်တူမြို့ သို့ ပြန်ရောက်သောအခါ သူ၏ ကိုယ်ရံတော်များကို လူစုခွဲလိုက်၏။ သူ သွားလေရာရာသို့ အမြဲတစေ လိုက်ပါနေသည့် ကြီးမားသော အခြွေအရံ အဖွဲ့ကြီးကို သူ မလိုလားသဖြင့် လျန်တူမြို့ ၏ လမ်းမများပေါ်တွင် တစ်ယောက်တည်း လမ်းလျှောက်ကာ စစ်ပွဲဒဏ် ခံခဲ့ရသော်လည်း ပြန်လည် နာလန်ထူလာနေသော မြို့ကို လေ့လာကြည့်နေမိသည်။
ခုံးကျုံး မှာ အုပ်ချုပ်ရေး စွမ်းရည်များကို အမှန်တကယ်ပင် ပိုင်ဆိုင်ထားကြောင်း ဝန်ခံရမည် ဖြစ်သည်။ တစ်ချိန်က ခြောက်ကပ်ပြီး ပျက်စီးနေခဲ့သော လျန်တူမြို့ မှာ ယခုအခါ လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး လမ်းမများ တစ်လျှောက်တွင် ဆိုင်ခန်းများ တန်းစီနေသည်။ ဈေးသည်များက သူတို့၏ ကုန်ပစ္စည်းများကို အော်ဟစ် ရောင်းချနေကြပြီး ကြီးပွားတိုးတက်မည့် အရိပ်အယောင်များကို ပြသနေသည်။ သည်အခြေအနေက ရွှီယွမ်လန် ၏ ကျူးကျော်တပ်ကို တွန်းလှန်ပြီးနောက် နောက်တစ်နေ့သာ ရှိသေးကြောင်း သတိပြုသင့်ပြီး ငြိမ်းချမ်းသော အချိန်တွင် မည်မျှ ကြီးပွားတိုးတက်ပြီး စည်ကားလာမည်ကို စိတ်ကူးကြည့်နိုင်၏။
ဤအချိန်တွင် ချူကျန့်၏ လုံးဝ ပြောင်းလဲသွားသော ရုပ်ရည်ကြောင့် လျန်တူမြို့ မှ လူအများစုက သူ့ကို မမှတ်မိကြချေ။ ထို့အပြင် သူသည် သာမန် အရပ်သား ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ချောမောခန့်ညားသော ရုပ်ရည်ကြောင့် အမျိုးသမီး အများအပြားက လှည့်ကြည့်ခံရသော်ငြား လူတွေက သူ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ပြီး ခြေလှမ်းတိုင်းတွင် လက်ဆောင်များ ပေးတတ်ကြသည့် အရင်ကထက်စာလျှင် အများကြီး ပိုကောင်းနေသေး၏။
တုန်းဖန်းပုပိုက် ကို ကတိပေးထားသော သရေစာ မုန့် ဆယ်ဆ အကြောင်း သတိရသွားသဖြင့် ကောရှန်အတွက် ပြန်မသွားမီ သရေစာ အချို့ ဝယ်ရန်နှင့် ကောရှန် အတွက် လက်ဆောင်အဖြစ် အချို့ကို ရွေးချယ်ရန် ချူကျန့် ဆုံးဖြတ်လိုက်သည်။ ကောရှန်ထံတွင် မုန့် အတော်များများကို သူ တွေ့ရှိခဲ့ရသဖြင့် ထိုကောင်မလေးကလည်း သရေစာ မုန့်များကို နှစ်သက်ကြောင်း ရှင်းလင်းစွာ ပြသနေသည် ။
လွန်ခဲ့သော ရက်အနည်းငယ်က ပြင်းထန်စွာ ဒဏ်ရာရထားသော တုန်းဖန်းပုပိုက် အတွက် ချူကျန့် အမြဲတစေ စိုးရိမ်နေခဲ့ရ၏။ ခရီးသွားနေစဉ်တွင်ပင် သူမကို နေ့စဉ် ခေါ်ယူကာ ပတ်တီးများ လဲလှယ်ပေးခြင်း၊ အစာကျွေးခြင်းနှင့် သူမ အိပ်ပျော်သွားသည်အထိ ပုံပြင်များ ပြောပြပေးခြင်းတို့ကို ပြုလုပ်ပြီးမှသာ သူ၏ စာအုပ်ထဲသို့ အနားယူရန် ပြန်လည် ထည့်သွင်းလေ့ ရှိသည်။
သို့သော် သူမ အနှစ်သက်ဆုံး နူးညံ့သော သရေစာများ မရှိသဖြင့် ချူကျန့်က ပုံပြင်များ ပြောပြပြီး ဖျော်ဖြေပေးခဲ့သည့်တိုင် တုန်းဖန်းပုပိုက် ၏ သဘောကျမှု အမှတ်မှာ ၃၀ တွင်သာ ရပ်တန့်နေခဲ့သည်။ တကယ်တော့ သူမက အာဏာရှင်လေး တစ်ယောက်နှင့်တောင် ပိုတူနေသေး၏။
ချူကျန့် ခေါင်းခါကာ သက်ပြင်းချရင်း သရေစာဆိုင် တစ်ဆိုင်ကို ရှာဖွေနေမိသည်။ လျန်တူမြို့ မှာ တကယ်ကို နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပြီး သရေစာဆိုင် တစ်ဆိုင်မှာ ပိုးထည်ဆိုင် တစ်ဆိုင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
ရုတ်တရက် ကြည်လင်သော မိန်းမပျိုလေး တစ်ဦး၏ အသံကို သူ ကြားလိုက်ရသည်။
"အစ်ကိုချူ..."
ထိုအသံမှာ အံ့ဩမှုများ ပြည့်နှက်နေ၏။
ချူကျန့် နောက်သို့ လှည့်ကြည့်လိုက်ရာ ကလေးငယ် ရှောင်လျန် ကို ပွေ့ချီလျက် လမ်းဘေးတွင် လှပစွာ ရပ်နေသော လီဝမ်ရှို့ ကို မြင်တွေ့လိုက်ရသည်။
ထိုကောင်မလေးက သူ့ကို ပြုံးပြကာ ပြောလိုက်၏။
"တကယ်ပဲ အစ်ကိုချူကိုး... တိုက်ဆိုင်လိုက်တာ..."
ယမန်နေ့က ချူကျန့်မှာ ကောရှန် ကို တွေ့ရန် မြို့ထဲသို့ အလျင်စလို ဝင်ရောက်ခဲ့သဖြင့် လီဝမ်ရှို့ ကို နေရာချထားပေးရန် အချိန်မရခဲ့ချေ။ နောက်ပိုင်း သူ သတိရသွားသောအခါ စုံစမ်းကြည့်ရာ ရွှီဇီလင်း နှင့် ချန်ကျားဖုန်း တို့က သူမနှင့် ရှောင်လျန် ကို ယခင် တည်းခိုခန်းတွင် ပြန်လည် နေရာချထားပေးခဲ့ကြောင်း သိလိုက်ရသည်။ ထို့နောက်ပိုင်း ချူကျန့်မှာ အလွန် အလုပ်များနေသဖြင့် အိပ်ရန်ပင် အချိန်မရခဲ့ရာ သူမကို သွားရောက် တွေ့ဆုံရန် ဆိုသည်မှာ ဝေလာဝေးပင်။
သူမနှင့် ဤကဲ့သို့ ဆုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
"တကယ်ကို တိုက်ဆိုင်တာပဲ..."
ချူကျန့်က အနားသို့ လျှောက်သွားကာ မေးလိုက်သည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ..."
လီဝမ်ရှို့သည် သူမ၏ ရင်ခွင်ထဲရှိ ကလေးငယ် ရှောင်လျန် ကို ညင်သာစွာ မြှောက်ချီလိုက်ပြီး သူ့ကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။
"ရှင် ရှာပေးခဲ့တဲ့ ပြဿနာလေး အတွက် အဝတ်အစားတွေနဲ့ လိုအပ်တာလေးတွေ လာဝယ်တာလေ..."
သူမနှင့် ပထမဆုံး စတွေ့စဉ်က လီဝမ်ရှို့၏ မျက်နှာပေါ်ရှိ မှိန်ပျပျ ဝမ်းနည်းမှုများ ပျောက်ကွယ်သွားပြီး တောက်ပကာ နူးညံ့သော အပြုံးတစ်ခုဖြင့် အစားထိုး နေရာယူထားသည်ကို ချူကျန့် သတိထားမိလိုက်ရာ သူမကို မြင်ရသည်မှာ ပို၍ ကြည့်ကောင်းပြီး ချစ်စရာ ကောင်းလာစေသည်။ ငယ်ရွယ်နုနယ်မှု အငွေ့အသက်လေးများ ရှိနေသေးသော မိန်းမပျိုလေး တစ်ဦးက ခြောက်လအရွယ် ကလေးငယ် တစ်ဦးကို ပွေ့ချီထားသည်ကို မြင်ရသောအခါ ချူကျန့်မှာ အတော်လေး ရယ်ချင်သွားပြီး မရယ်ဘဲ မနေနိုင်တော့ချေ။
"မင်း တကယ် ပျော်နေပုံရတယ်... မဟုတ်ရင်လည်း ဒီကလေးလေးကို တခြားလူ မွေးစားဖို့ ပေးလိုက်လို့ ရပါတယ်... လျန်တူမြို့ မှာ သူ့ကို မွေးစားချင်တဲ့ မိသားစုတွေ မရှားပါဘူး..."
ရှောင်လျန် က ဗလုံးဗထွေး အသံများ ပြုလုပ်ကာ သူမ၏ လက်သေးသေးလေးများကို ချူကျန့်ထံ ဆန့်ထုတ်လာရာ အလွန် ချစ်စရာကောင်းလှသည်။ ချူကျန့်က လက်ဆန့်ထုတ်ပြီး သူမကို စ, နောက်လိုက်ရာ ရှောင်လျန် မှာ ချက်ချင်းပင် ရယ်လာတော့၏။
လီဝမ်ရှို့သည် ချူကျန့်၏ ဘေးသို့ သဘာဝကျကျ လျှောက်လာပြီး သူနှင့်အတူ ယှဉ်တွဲ လျှောက်လာခဲ့သည်။
"ကျွန်မလည်း စဉ်းစားကြည့်ဖူးပါတယ်... ဒါပေမဲ့ တခြားလူတွေက သူ့ကို သေချာ ဂရုမစိုက်မှာကို စိုးရိမ်နေမိတယ်... ပြီးတော့ ကျွန်မလည်း နည်းနည်း နှမြောနေတယ်လေ... ရှောင်လျန် က အရမ်း ချစ်စရာကောင်းတာကိုး..."
သူမသည် ရှောင်လျန် ကို ချီလိုက်ပြီး သူမ၏ မျက်နှာနှင့် ပွတ်သပ်လိုက်သည်။ သူမ၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို ကြည့်ရင်း လွန်ခဲ့သော ရက်အနည်းငယ်က ကလေးကိုပင် သေချာ မချီတတ်ဘဲ ငိုလုမတတ် ဖြစ်နေခဲ့သော သူမ၏ အချိုးမကျမှုများကို ပြန်လည် မြင်ယောင်ရန်ပင် ခက်ခဲလှသည်။
"ဒါဆို မင်း သူ့ကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... အဲဒီလို ဝန်ထုပ်ဝန်ပိုးလေး တစ်ခု ပါလာရင် နောက်ကျ အိမ်ထောင်ဖက် ရှာဖို့ လွယ်မှာ မဟုတ်ဘူးနော်..."
ချူကျန့်က တစ်ဝက်နောက် တစ်ဝက်အမှန် ပြောလိုက်သည်။ အိမ်ထောင်မပြုရသေးသော မိန်းကလေး တစ်ဦးက ကလေးငယ် တစ်ဦးကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေမည် ဆိုပါက နားထောင်လို့ ကောင်းမည် မဟုတ်ချေ။ လူတွေက ကလေးကို သူမ၏ ကိုယ်ပိုင် ကလေးဟု အထင်အမြင် လွဲမှားနိုင်ကြသည်။
လီဝမ်ရှို့ အနည်းငယ် မျက်နှာ နီရဲသွားပြီး သူမ၏ လှပသော မျက်လုံးလေးများက သူ့ကို နောက်ပြောင်စွာ ကြည့်ရင်း ပြောလိုက်၏။
"ကျွန်မက အိမ်ထောင်ဖက် ရှာမယ်လို့ ဘယ်သူပြောလဲ..."
လီဝမ်ရှို့ အပေါ် ချူကျန့်၏ အမြင်မှာ အဆက်မပြတ် ပြောင်းလဲနေခဲ့၏။ အစပိုင်းတွင် သူမ၏ နိုင်ငံခြား ဝတ်စုံကို အလွန် ရွံရှာခဲ့သော်ငြား နောက်ပိုင်းတွင် အနိုင်ကျင့်ခံနေရသော ဟန်အမျိုးသမီး တစ်ဦးကို ကယ်တင်ရန် သူမ အသက်စွန့်ခဲ့သည်ကို မြင်ရသောအခါ သူ၏ မုန်းတီးမှုမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ သို့သော် သူမ၏ ဟန်ဆောင်ပြီး ပညာတတ်ဟန် ဖမ်းနေမှုက သူ့ကို သဘောမကျစေခဲ့ချေ။ အရှေ့ပင်လယ် မဟာမိတ်အဖွဲ့ နှင့် တိုက်ပွဲအတွင်း သူ့ကို ကူညီရန် လီဝမ်ရှို့ ပြန်လှည့်လာချိန်မှသာ လီဝမ်ရှို့ အပေါ် ချူကျန့်၏ အမြင်မှာ တိုးတက်လာခဲ့၏။ နောက်ပိုင်းတွင် အချိန်အတော်ကြာ အတူတကွ တိုက်ပွဲဝင်ခဲ့ကြပြီးနောက် သူမကို မိတ်ဆွေ တစ်ဦးအဖြစ်ရော ရဲဘော်ရဲဘက် တစ်ဦးအဖြစ်ပါ သတ်မှတ်လာခဲ့သည်။
သေချာသည်မှာ ထိုကောင်မလေး၏ ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် သူ ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိချေ။ လီဝမ်ရှို့ ကလေးကို မွေးစားလိုသည် ဖြစ်စေ၊ မမွေးစားလိုသည် ဖြစ်စေ သူ ဝင်ရောက် စွက်ဖက်၍ မရနိုင်ပေ။
ထို့ကြောင့် သူမက အိမ်ထောင်ဖက် မရှာချင်ဘူးဟု ပြောသောအခါ ချူကျန့်သည် အပြုံးယောင်ယောင်သာ ပြုံးလိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ချေ။
လီဝမ်ရှို့က အရင် စတင် မေးမြန်းလာသည်။
"ဒါနဲ့ နေပါဦး... ရှင့်ရဲ့ စီနီယာအစ်မ ရော ဘယ်လိုနေလဲ... သက်သာသွားပြီလား..."
"ဒီမနက် သူ နိုးလာပြီ... အဆင်ပြေလောက်ပါပြီ... သူကြိုက်လောက်မယ့် မုန့်လေးတွေ သွားဝယ်မလို့..."
လီဝမ်ရှို့သည် မြေကြီးပေါ်ရှိ ကျောက်ခဲငယ် တစ်လုံးကို ခြေထောက်ဖြင့် ခပ်ဖွဖွ ကန်လိုက်သည်။
"ရှင်က ရှင့်ရဲ့ စီနီယာအစ်မ အပေါ် အရမ်း ကောင်းတာပဲနော်..."
ချူကျန့် က ချောင်းနှစ်ချက် ဟန့်လိုက်၏။
"ဘာပဲဖြစ်ဖြစ် သူက ငါ့ဆရာ ရဲ့ သမီးလေ... အခု သူ လောကကြီးထဲမှာ လှည့်လည်သွားလာနေတော့ ငါက သူ့ကို သေချာ ဂရုစိုက်ပေးရမှာပေါ့..."
"အော်... ဒါနဲ့ စကားမစပ်... ကျွန်မ သူ့ကို မတွေ့ရသေးဘူးနော်..."
လီဝမ်ရှို့ က မော့ကြည့်လိုက်ရာ သူမ၏ တောက်ပသော မျက်လုံးလေးများက "ကျွန်မ သူနဲ့ သိကျွမ်းခွင့် ရနိုင်မလား..." ဟု မေးနေသကဲ့သို့ ရှိချေသည်။