← Chapters

တာဝန် အချိန်ကန့်သတ်ချက်

Vol. 18 Ch. 181

တာဝန် အချိန်ကန့်သတ်ချက်

Vol. 18 Ch. 181

ကိုယ်ရံတော်များသည် သူတို့၏ ပခုံးများကို ပုတ်ခံလိုက်ရသောအခါ သူတို့၏ ခန္ဓာကိုယ်များမှာ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရပြီး အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားကြတော့၏။ စစ်သူကြီးချူ ထံမှ ချီးကျူးစကား ကြားရကြောင်း သူတို့၏ ရဲဘော်ရဲဘက်များကို ကြွားလုံးထုတ်ရန် တပ်စခန်းသို့ ပြေးပြန်ချင်စိတ်များကိုပင် မနည်း ထိန်းချုပ်ထားရသည်။ ဤကဲ့သို့သော လေးစားမှုနှင့် အသိအမှတ်ပြုမှုမျိုးမှာ မည်သည့် ငွေကြေးနှင့်မျှ ဝယ်ယူ၍ မရနိုင်ချေ။

ပါးနပ်သော ကိုယ်ရံတော် တစ်ဦးက အထဲရှိ လူများက ချူကျန့်ကို မမှတ်မိဘဲ နားလည်မှုလွဲမှားမည်ကို စိုးရိမ်သဖြင့် သူ၏ နောက်သို့ လိုက်ဝင်သွားကာ သူ ရောက်ရှိလာကြောင်း ကြေညာပေးသည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် ချူကျန့်က ကောရှန်၏ အခန်းထဲသို့ ဝင်ကာ သူမ၏ ခုတင်ဘေးတွင် ထိုင်လိုက်သော်ငြား ကောရှန်ကို ပြုစုနေသော အစေခံ ကောင်မလေးများမှာ သူ့ကို မတားဆီးရဲကြတော့ချေ။

ရှီချီကျိန်း လည်း ထိုနေရာတွင် ရှိနေသည်။ ချူကျန့်၏ ရုပ်ရည်မှာ လုံးဝ ပြောင်းလဲသွားသော်ငြား သူ၏ ခန္ဓာကိုယ် အချိုးအစားနှင့် အသံမှာမူ အတူတူပင် ဖြစ်ရာ ရှီချီကျိန်း က သူ့ကို မှတ်မိနေဆဲဖြစ်ပြီး ကပျာကယာ ဦးညွှတ် နှုတ်ဆက်သည်။

ကောရှန်၏ မျက်လုံးများမှာ မှိတ်ထားဆဲဖြစ်ပြီး အချိန်အတော်ကြာ နေရောင်နှင့် မထိတွေ့ရသဖြင့် သူမ၏ မျက်နှာလေးမှာ ဖြူရော်ပြီး ပိန်ချုံးနေသည်ကို ချူကျန့် မြင်တွေ့လိုက်ရ၏။ သို့သော် သူမ၏ အသက်ရှူသံမှာ တည်ငြိမ်နေပြီး သူ မထွက်ခွာမီကထက် ပို၍ အားနည်းသွားခြင်း မရှိသည်ကို သတိထားမိလိုက်သည်။ ဒါက အပ်ခုနစ်ချောင်း စိုက်ထားမှုကြောင့် ဖြစ်တန်ရာသည်။

သူက ရှီချီကျိန်း နှင့် ယဉ်ကျေးမှု အရ စကားအနည်းငယ် ပြောဆိုပြီးနောက် စုရှင်းဟယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"စီနီယာ အစ်ကိုကြီး... အစ်ကို့ကိုပဲ အားကိုးရတော့မယ်နော်..."

ချူကျန့်က ဤမိန်းကလေးကို အလွန် အလေးထားကြောင်း စုရှင်းဟယ် ရိပ်မိသဖြင့် လုံးဝ ပေါ့ဆခြင်း မရှိချေ။ သူသည် ကောရှန်၏ သွေးခုန်နှုန်းကို သေချာစွာ စမ်းသပ်ကြည့်ပြီးနောက် သူမ၏ လက်ချောင်းလေးကို ညင်သာစွာ ဖောက်ကာ သွေးတစ်စက် ညှစ်ထုတ်ပြီး အခြား ဆေးဝါးများနှင့် ရောစပ်လိုက်သည်။

ခေတ္တမျှ စောင့်ကြည့်ပြီးနောက် သူက ပြုံးကာ ပြောလိုက်၏။

"ဂိုဏ်းချုပ်... စိတ်ချပါ... သူ့ကို ကုသနိုင်ဖို့ ကျွန်တော် ယုံကြည်မှု အပြည့် ရှိပါတယ်... ဒီမိန်းကလေး နောက်အကျဆုံး မနက်ဖြန်လောက်ဆိုရင် နိုးလာမှာပါ... ပြီးတော့ ငါးရက်လောက်ဆိုရင် ခုတင်ပေါ်က ဆင်းပြီး လမ်းလျှောက်နိုင်ပါလိမ့်မယ်..."

"ကျေးဇူးတင်ပါတယ်... စီနီယာ အစ်ကိုကြီး..."

ခုတင်ဘေးကို အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သော ချူကျန့်၏ လက်များမှာ ပြေလျော့သွားတော့၏။

မာကျောသော သစ်သား ခုတင်ဘောင်ပေါ်တွင် နက်ရှိုင်းသော လက်ဗွေရာများကို မြင်လိုက်ရသောအခါ စုရှင်းဟယ် မှာ တိတ်တဆိတ် အံ့အားသင့်သွားပြီး ခုတင်ပေါ်ရှိ သတိလစ်နေသော မိန်းကလေးကို ပို၍ပင် အလေးထားလာတော့သည်။

"ဂိုဏ်းချုပ်... အရမ်း ယဉ်ကျေးနေပါပြီ..."

စုရှင်းဟယ် သည် သူ၏ ဆေးသေတ္တာထဲမှ ဆေးဖက်ဝင် အပင် တစ်ဒါဇင်ကျော်ကို ထုတ်ယူကာ ဆေးကြိုရန် မီးဖိုချောင်သို့ လူတစ်ယောက်ကို ကိုယ်တိုင် သွားရောက် ပို့ဆောင်ခိုင်းလိုက်သည်။

ချူကျန့်သည် ရှီချီကျိန်း က စုရှင်းဟယ် နှင့် ပြန်လည် ပေါင်းဖက်ရန် ကြိုးစားနေခြင်းကို ဂရုမစိုက်တော့ချေ။ သူသည် ခုတင်ဘေးတွင် တိတ်ဆိတ်စွာ ထိုင်လျက် အနည်းငယ် ပိန်ချုံးနေသော်ငြား အလွန်တရာ လှပနေဆဲဖြစ်သော ကောရှန်၏ မျက်နှာလေးကို ငေးကြည့်နေမိ၏။

ပါးနပ်သော အစေခံ ကောင်မလေးများမှာ တိတ်တဆိတ် အပြင်သို့ ထွက်သွားကြပြီး တံခါးကို ပိတ်ပေးထားခဲ့ကြသည်။

ဆောင်းရာသီ နေရောင်ခြည်က ပါးလွှာသော စက္ကူပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေပြီး ခုတင်ဘေးရှိ တောက်လောင်နေသော မီးသွေးခဲများက ကောရှန်၏ ဖြူရော်နေသော မျက်နှာလေးပေါ်တွင် ပန်းရောင်သန်းနေစေကာ သူမ၏ နူးညံ့သော အသားအရေကို ရင့်မှည့်နေသော ပန်းသီးလေး တစ်လုံးအလား လှပနေစေသည်။

ချူကျန့် လက်လှမ်းကာ ကောရှန်၏ ဆံပင်များကို သပ်တင်ပေးလိုက်သည်။ သူ၏ လက်ချောင်းများကြားမှ ချောမွေ့သော အထိအတွေ့က သူ၏ ခရီးပန်းမှုများကို ဆေးကြောပေးလိုက်သကဲ့သို့ ရှိသော်ငြား သူ တစ်ခါမှ မခံစားဖူးသော ခံစားချက် တစ်ခုကိုလည်း လှုံ့ဆော်ပေးလိုက်သည်။ ထိုခံစားချက်က သူ့ကို အနည်းငယ် ဂနာမငြိမ် ဖြစ်စေပြီး နောက်ဆုတ်သွားချင်စိတ်ကိုပင် ဖြစ်ပေါ်စေသော်လည်း တစ်ချိန်တည်းမှာပင် သူမကို လက်ထဲတွင် ဆုပ်ကိုင်ထားချင်စိတ်ကိုလည်း ပြင်းပြစွာ ခံစားနေရ၏။

သူ၏ နူးညံ့သော အထိအတွေ့ကို ခံစားမိ၍ ဖြစ်ကောင်းဖြစ်မည်။ အိပ်မောကျနေစဉ် တစ်လျှောက်လုံး အနည်းငယ် တွန့်ချိုးနေခဲ့သော ကောရှန်၏ မျက်ခုံးလေးများမှာ ဖြည်းညင်းစွာ ပြေလျော့သွားတော့၏။

ချူကျန့်၏ စိတ်အခြေအနေမှာလည်း သူမနှင့်အတူ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ခုတင်စွန်းတွင် ထိုင်ကာ ကောရှန်၏ ဆံပင်များကို ညင်သာစွာ သပ်ပေးနေမိ၏။

အချိန်အတော်ကြာပြီးနောက် ရွှေရောင်လင်းယုန် တစ်ကောင်က ပြတင်းပေါက်မှတစ်ဆင့် ရုတ်တရက် ပျံသန်းဝင်ရောက်လာပြီး သူ၏ ပခုံးပေါ်တွင် နားခိုလိုက်သည်။

ချူကျန့်သည် စာလွှာကို ဖွင့်ကြည့်လိုက်ရာ ချင်ရူယွင် ၏ သေသပ်လှပသော လက်ရေးများကို မြင်တွေ့လိုက်ရ၏။

'တာဝန် အချိန်ကန့်သတ်ချက်က ဆယ်ရက်ပဲ လိုတော့တယ်... နင် မြန်မြန် မလာရင် တခြားလူတွေကို အရင် စမ်းခိုင်းကြည့်ရတော့မယ်... အချိန်ကြာလေလေ တာဝန်က ပိုပြီး ခက်ခဲလာလေလေပဲ ဖြစ်လိမ့်မယ်...'

ချင်ရူယွင် သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူနှင့် အဆက်အသွယ် ရှိနေခဲ့သဖြင့် သူ၏ အခြေအနေကို ကောင်းစွာ သိရှိထားသည်။ လီဇီတုန်း၏ တပ်များကို သူ အနိုင်ယူပြီးနောက် ချင်ရူယွင် သည် သူ့ကို ဆွေ့ကျိုးဒေသ မှ ချက်ချင်း ထွက်ခွာပြီး ခိုလှုံရန် တိုက်တွန်းခြင်း မရှိခဲ့ချေ။ သို့သော် ယနေ့တွင်မူ ထိုအလွန် ထူးခြားသော တာဝန်ကို လုပ်ဆောင်ရန် နောက်တစ်ကြိမ် တိုက်တွန်းလာလေ၏။

ဒါက မူလက သဘောတူထားသည့် အချိန်ထက် ဆယ်ရက်နီးပါး နောက်ကျနေလေပြီ။

ချူကျန့်၏ ရင်ထဲတွင် ချင်ရူယွင် အပေါ် အပြစ်မကင်းသလို ခံစားရပြီး ကျေးဇူးတင်စိတ်များလည်း ဖြစ်ပေါ်လာတော့၏။

အဝေးရှိ မြို့လေး တစ်မြို့တွင် သူ့ကို စောင့်ဆိုင်းနေသော ချန်လင်းစု နှင့် သူ့အတွက် ထိုအားနည်းသော မိန်းကလေး စွန့်လွှတ်ပေးခဲ့ရသည့် ဆယ်နှစ်တာ သက်တမ်းကို တွေးမိသောအခါ သူက ပြတ်ပြတ်သားသားပင် အကြောင်းပြန်လိုက်သည်။

'ကျေးဇူးတင်ပါတယ်... ဆယ်ရက်အတွင်း ချင်ကျိုးနယ် ယန်ချန်မြို့ မှာ မင်းနဲ့ သေချာပေါက် လာတွေ့ပါ့မယ်...'

...

ဆေးသောက်ပြီး အပ်စိုက်ကုသမှု ခံယူပြီးနောက် ကောရှန်၏ မျက်နှာ အရောင်အဆင်းမှာ သိသိသာသာ ကောင်းမွန်လာပြီး သူမ၏ အဖျားတငွေ့ငွေ့မှာလည်း ကျသွားလေပြီ။

ထို့နောက် ချူကျန့်သည် သူမ၏ အခြေခံကို ခိုင်မာစေရန်နှင့် သက်စောင့်စွမ်းအားများကို ပြန်လည် ဖြည့်တင်းပေးရန် နတ်ဘုရားအလင်းဖြာ အတွင်းအား များကို အသုံးပြုလိုက်၏။ ကောရှန်၏ အခြေအနေအရ သူမသည် သန်းခေါင်ယံ အချိန် သို့မဟုတ် နောက်နေ့ နံနက်တွင် နိုးလာနိုင်သည်။

ချူကျန့်သည် စုရှင်းဟယ် အား အနားယူရန် စီစဉ်ပေးလိုက်ပြီး သတိလစ်နေဆဲဖြစ်သော ကောရှန်ကို ဂျင်ဆင်း စွပ်ပြုတ် ကိုယ်တိုင် တိုက်ကျွေးပြီးနောက်မှသာ ထွက်ခွာရန် မတ်တပ်ရပ်လိုက်တော့၏။

သူမ နိုးလာသည်အထိ ကောရှန်၏ အနားတွင် သူ နေချင်ခဲ့သည်မှာ သေချာလှ၏။ သို့သော် မိန်းမပျိုလေး တစ်ဦး၏ အိပ်ခန်းထဲတွင် ညဉ့်နက်သည်အထိ နေထိုင်ခြင်းမှာ မသင့်တော်သလို ကောရှန်၏ ဂုဏ်သိက္ခာကိုလည်း ကြီးမားစွာ ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ညဉ့်နက်လာသည်ကို မြင်သောအခါ ချူကျန့်သည် အစေခံ ကောင်မလေး သုံးဦးကို ကောရှန်အား သေချာ ဂရုစိုက်ရန်နှင့် တစ်ခုခု ထူးခြားပါက သူ့ကို ချက်ချင်း အသိပေးရန် ညွှန်ကြားပြီးနောက် ဘေးခန်းသို့ အနားယူရန် ဝင်သွားသည်။

သူ၏ အခန်းသို့ ပြန်ရောက်ပြီး မကြာမီမှာပင် ခုံးကျုံး သည် လေဆင်နှာမောင်း တစ်ခုအလား အခန်းထဲသို့ ဝင်ရောက်လာပြီး ချူကျန့်ကို စကားတစ်ခွန်းမျှ မဆိုဘဲ အားပါးတရ ဖက်လိုက်တော့၏။ ရွှီဇီလင်း ကလည်း အနောက်မှ ပြုံးရွှင်စွာ လိုက်ပါလာသည်။

ခုံးကျုံး သည် ချူကျန့်ကို အသေအချာ အကဲခတ်ကြည့်ရင်း ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။

"အစ်ကိုချူ... ခင်ဗျားက ပိုချောလာတာပဲ... အခုဆိုရင် ဒီလူချောလေး ဇီလင်းတောင် လျန်တူမြို့ ရဲ့ အချောဆုံး လူသားလို့ သူ့ကိုယ်သူ မပြောရဲတော့ဘူး..."

ရွှီဇီလင်း က ရယ်ကာ ပြန်လည် ချေပလိုက်သည်။

"မင်းကမှ လူချောလေးလေ... မင်းပဲ လျန်တူမြို့ ရဲ့ အချောဆုံး လူသားလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတာ မဟုတ်လား..."

ခုံးကျုံး မှာ အားရပါးရ ရယ်လိုက်ပြီး ရွှီဇီလင်း ကို လျစ်လျူရှုကာ ချူကျန့်ကို ဆွဲထိုင်စေလိုက်၏။

"အစ်ကိုချူ... ဒီတစ်ခေါက် ခင်ဗျား..ကျွန်တော့်ကို လက်ဆောင်ကြီး နှစ်ခုတောင် ပေးလိုက်တာပဲ...... ဆွေ့ကျိုးဒေသ မှာ လီဇီတုန်း နဲ့ ရွှီယွမ်လန် လို လူမျိုးတွေ နောက်ထပ် မရှိတော့ဘူး..."

ချူကျန့် မေးမြန်းကြည့်လိုက်ရာ ခုံးကျုံး သည် ထိုနေ့မွန်းလွဲပိုင်းက မြင်းတပ်သား နှစ်ရာကို ကိုယ်တိုင် ဦးဆောင်ကာ ရွှီယွမ်လန် ကို လိုက်လံ ဖမ်းဆီးခဲ့ပြီး သူ့ကို တစ်ချက်တည်း သတ်ဖြတ်ကာ လက်နက်ချ အညံ့ခံသူ သုံးထောင်နီးပါးကိုလည်း သိမ်းသွင်းနိုင်ခဲ့ကြောင်း သိလိုက်ရသည်။

"ဂုဏ်ယူပါတယ်.. စစ်သူကြီး... လောကကြီးကို တစ်ပြေးညီ အုပ်စိုးနိုင်ဖို့ဆိုတာ မဝေးတော့ပါဘူး..."

ချူကျန့်က သူ့ကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်ကို မြင်သောအခါ ခုံးကျုံး က သူ့ကို ခပ်ဖွဖွ တစ်ချက် ထိုးလိုက်ပြီး ပြုံးကာ ပြောလိုက်၏။

"ရှောင်ယောင်ဂိုဏ်း ရဲ့ အမွေအနှစ်တွေကို ရပြီးကတည်းက ခင်ဗျားရဲ့ သိုင်းပညာတွေ အများကြီး တိုးတက်လာတယ်လို့ ကြားတယ်... လာ... ကျွန်တော့်ကို တစ်ချက်လောက် ပြစမ်းပါဦး..."

သိုင်းလောက တွင် တစ်စုံတစ်ယောက်၏ သိုင်းပညာကို "ကြည့်ချင်တယ်" ဟု ပြောဆိုခြင်းမှာ များသောအားဖြင့် စိန်ခေါ်ခြင်းနှင့် မကျေနပ်မှုကို ဆိုလိုသော်ငြား ခုံးကျုံးနှင့် ပတ်သက်လာလျှင်မူ ချူကျန့်၏ ရင်ထဲတွင် နွေးထွေးမှုနှင့် သူ့အတွက် အမှန်တကယ် ဝမ်းသာမှုကိုသာ ခံစားရသည်။

"အမှန်တကယ်တော့ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံထားတဲ့ အတွင်းအားတွေရယ်... အတွင်းအား ကျင့်စဉ် နှစ်ခုရယ် ရလိုက်တာပါ... ဒါနဲ့ စကားမစပ်... ငါ့အတွက် ပြဿနာကြီး တစ်ခုကို ဖြေရှင်းပေးခဲ့တဲ့ ဇီလင်း ကို ကျေးဇူးတင်ရမယ်..."

ချူကျန့်သည် မြောက်ပိုင်း အမှောင် နတ်ဘုရား ကျင့်စဉ် နှင့် အငယ်စား ပုံသဏ္ဌာန်မဲ့ ကျင့်စဉ် တို့၏ အကျိုးသက်ရောက်မှုများကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

"မင်း သင်ချင်တယ်ဆိုရင် မင်းကို အသေးစိတ် ရှင်းပြပေးလို့ ရပါတယ်..."

"ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံထားတဲ့ အတွင်းအားလေး ရလိုက်တာပါ... ဟုတ်လား..."

ခုံးကျုံးက အံ့အားသင့်စွာ ရေရွတ်လိုက်၏။

"အငယ်စား ပုံသဏ္ဌာန်မဲ့ ကျင့်စဉ် ကို ကျွန်တော် တကယ် စိတ်ဝင်စားတယ်... ဒါပေမဲ့ အခု ကျန်းတူး ကို ထွက်ခွာတော့မှာမို့လို့... ကျွန်တော် ပြန်လာမှ အဲဒီအကြောင်း ဆက်ပြောကြတာပေါ့..."

ချူကျန့်၏ မျက်လုံးများ အရောင်တောက်သွားတော့သည်။

"ကျန်းတူး ကို သွားမလို့လား..."

ခုံးကျုံး က အောင်ပွဲခံသည့်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်၏။

"ဟုတ်တယ်... ခင်ဗျားရဲ့ အကြံဉာဏ်ကို ဇီလင်း.. ကျွန်တော့်ကို ပြောပြပြီးပြီ... ကံကောင်းထောက်မစွာပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လှေ ဒါဇင်ချီ စုဆောင်းနိုင်ခဲ့လို့... မဟုတ်ရင် ခင်ဗျား ပေးတဲ့ ဒီလက်ဆောင်ကြီးကို ကျွန်တော် တကယ် လက်ခံနိုင်မှာ မဟုတ်ဘူး... ကျွန်တော် မကြာခင် ထွက်ခွာတော့မယ်... ညဘက် အမှောင်ကို အခွင့်ကောင်းယူပြီး ကျွန်တော့်ရဲ့ တပ်တွေကို မြစ်အတိုင်း စုန်ဆင်းသွားမယ်ဆိုရင် မနက်မလင်းခင် ကျန်းတူး ကို ရောက်လောက်တယ်... ကျန်းတူး မှာ အခု ခေါင်းဆောင် မရှိဖြစ်နေတာဆိုတော့ သူတို့ နေရာကို ဝင်ယူဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ..."

ထိုအခိုက် ကျန်းတူး ကို သိမ်းပိုက်ပြီး ကျေးဇူးဆပ်သည့် အနေဖြင့် ခုံးကျုံး ကို ပေးအပ်ရန် စဉ်းစားနေခဲ့သော ချူကျန့်က ပြောလိုက်သည်။

"ငါ သွားလိုက်ရင်ကော... ပြီးခဲ့တဲ့ ရက်တွေက လျန်တူမြို့ ဝိုင်းရံခံထားရပြီးကတည်းက ကိစ္စတွေကို ဖြေရှင်းဖို့ တစ်ယောက်ယောက်တော့ ဒီမှာ နေခဲ့ဖို့ လိုတယ်လေ..."

စစ်ပွဲအပြီး လျန်တူမြို့ စစ်တပ်ကို ပြန်လည် ဖွဲ့စည်းခြင်း လက်နက်ချ အညံ့ခံသူများကို သိမ်းသွင်းခြင်းနှင့် ဆုလာဘ်များ ခွဲဝေခြင်းတို့မှာ ရှုပ်ထွေးပြီး ပြဿနာ များသော်ငြား ၎င်းတို့မှာ ဩဇာအာဏာ တည်ဆောက်ရန်အတွက် အကောင်းဆုံး အခွင့်အရေးပင်။ လွယ်ကူပြီး အခွင့်သာသော တိုက်ပွဲတစ်ခုကို သွားရောက် တိုက်ခိုက်မည့်အစား ခုံးကျုံး အနေဖြင့် လျန်တူမြို့ တွင် နေခဲ့ခြင်းက ပို၍ သင့်တော်မည်ဟု ချူကျန့် ခံစားမိသည်။

ခုံးကျုံး က ခေါင်းခါလိုက်၏။

"ကျန်းတူး ရဲ့ မြေပြင်အနေအထားကို ကျွန်တော် အသိဆုံးပဲ... ပြီးတော့ လီဇီတုန်း ရဲ့ ကျန်ရစ်သူတွေထဲက လူအများကြီးကိုလည်း ကျွန်တော် သိတယ်... သူတို့ကို သိမ်းသွင်းပြီး ကျန်းတူး ကို လုံးဝ သိမ်းပိုက်နိုင်ရင် အကောင်းဆုံးပဲ... ကျွန်တော် ထွက်သွားပြီးတာနဲ့ ဇီလင်း က ဖုန်ချန်မြို့ ကို သွားပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကို ကြီးကြပ်လိမ့်မယ်... ဒါကြောင့် လျန်တူမြို့ က ခင်ဗျားရဲ့ လက်ထဲမှာပဲ ရှိနေလိမ့်မယ်... ဒါ့အပြင် ခင်ဗျားးရဲ့ ချောမောလှပတဲ့ စီနီယာအစ်မ မကြာခင် နိုးလာတော့မယ်လို့ ကျွန်တော် ကြားတယ်... သူ နိုးလာတာနဲ့ အစ်ကိုချူကို အတွေ့ချင်ဆုံး ဖြစ်နေမှာ သေချာတယ်..."

ချူကျန့်မှာ ဤရှုပ်ထွေးသော ကိစ္စများတွင် ထပ်မံ မပါဝင်ချင်တော့ချေ။

သို့သော် ရွှမ်ယုံ သည် အခန်းထဲသို့ ဝင်လာပြီး တပ်များ စုရုံးပြီးစီးကာ ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ခုံးကျုံး အား သတိပေးလိုက်လေပြီ။

ချူကျန့်မှာ တာဝန်ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လက်ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။ တစ်ချိန်တည်းမှာပင် သူ့အပေါ် ခုံးကျုံး၏ အပြည့်အဝ ယုံကြည်မှုကိုလည်း ခံစားလိုက်ရသည်။ အခြား စစ်သူကြီးများသာဆိုလျှင် အလယ်ဗဟိုတွင် ထိုင်ကာ ဩဇာအာဏာ တည်ဆောက်ပြီး အခြားသူများကို ရှေ့တန်းသို့ အန္တရာယ်ခံရန် စေလွှတ်လိုကြမည် ဖြစ်သော်ငြား ခုံးကျုံး မှာမူ လုံးဝ ဆန့်ကျင်ဘက်ပင်။

ခုံးကျုံး သည် စစ်တပ်ကို ဦးဆောင်ကာ ထွက်ခွာသွားပြီးနောက် ရွှီဇီလင်း ကလည်း ချူကျန့်ကို နှုတ်ဆက်ကာ ညတွင်းချင်း ဖုန်ချန်မြို့ သို့ အပြေးအလွှား ထွက်ခွာသွားတော့၏။ ဤတစ်ကြိမ်တွင် ရွှီယွမ်လန် ၏ ကျူးကျော်မှုက ဖုန်ချန်မြို့ ကို ကြီးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ရွှီဇီလင်း သည် စစ်ပွဲတွင် ပါဝင်ရန် စိတ်မဝင်စားသော်ငြား ဓားပြလှေပေါ်သို့ ဆွဲတင်ခံလိုက်ရပြီဖြစ်ရာ စစ်ပွဲအပြီးတွင် ဒုက္ခသည်များကို ပစ်ထား၍ မရနိုင်တော့သဖြင့် ခုံးကျုံး အတွက် အံကြိတ်ကာ အလုပ်လုပ်ပေးရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

အဓိကကျသော လူနှစ်ယောက် ထွက်ခွာသွားသည်နှင့်အမျှ ချူကျန့်မှာ လျန်တူမြို့ ၏ ယာယီ ခေါင်းဆောင် နောက်တစ်ကြိမ် ပြန်ဖြစ်လာပြီး သတင်းပို့ရန် လာရောက်သူများ အဆက်မပြတ် ဝင်ထွက်နေသဖြင့် သူ၏ တံခါးပေါက်မှာ ပျက်တော့မတတ် ဖြစ်နေတော့သည်။

ချူကျန့်မှာ ခေါင်းကိုက် ဝေဒနာကို ခံစားနေရလေပြီ။ ကြီးမားလှသော အာဏာကို ကိုင်စွဲထားရပြီး မရေမတွက်နိုင်သော လူများ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးရသည့် ခံစားချက်မှာ ငြင်းမရနိုင်အောင် စိတ်လှုပ်ရှားဖွယ် ကောင်းသော်ငြား အလွန်တရာ အချိန်ကုန်ပြီး ပင်ပန်းနွမ်းနယ်လှသည်။ သူသည် အစ်မယင် နှင့် ချန်ကျားဖုန်း တို့ကို အလုပ်များ ကူညီလုပ်ဆောင်ပေးရန် ကပျာကယာ ခေါ်ယူလိုက်သော်ငြား သူတို့မှာ အလုပ်များလွန်းသဖြင့် အသက်ပင်ဝအောင် မရှုကြရချေ။

အရှေ့ဘက် ကောင်းကင်ယံတွင် နံနက်ခင်း အရုဏ်ဦး အလင်းတန်းများ ပေါ်ထွက်လာချိန်တွင် အစေခံ ကောင်မလေး တစ်ဦးက သခင်မလေးကော နိုးလာပြီဖြစ်ကြောင်း လာရောက် သတင်းပို့လေသည်။

All Chapters