← Chapters

အခန်း ၃၀၀၁

Vol. 241 Ch. 3001

အခန်း ၃၀၀၁

Vol. 241 Ch. 3001

အခန်း (၃၀၀၁)

ယင်ယန်မိစ္ဆာဘုရင်၏ စကားဆုံးသည်နှင့် အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်များသည် အဆုံးအစမဲ့ သမုဒ္ဒရာလှိုင်းလုံးများ ကဲ့သို့ ကောင်းကင်ယံထက်ရှိ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် ဆီသို့ ရိုက်ခတ်သွားခဲ့သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အင်မော်တယ်ဘုရင် စွမ်းအားများသည် ကောင်းကင်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် ဆီသို့ တိုးဝင်လာသည့် အင်မော်တယ် မှော်စွမ်းအားများကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခု ထိပ်တိုက် ဆုံတွေ့သွားခဲ့ရာ ဟင်းလင်းပြင် တစ်ခုလုံးသည် ပရမ်းပတာ ဖြစ်သွားခဲ့သည်။

ယင်းကဲ့သို့ ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲတွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်နှင့် ယင်ယန်မိစ္ဆာဘုရင်တို့သည် မိုင်ပေါင်းထောင်ချီအကွာအဝေးသို့ တစ်ပြိုင်နက်တည်း နောက်ဆုတ်သွားကြသည်။

“ယင်ယန်မိစ္ဆာဘုရင်.. မင်းရဲ့စွမ်းအားက ဒီလောက်ပဲလား.. မ ဒီစွမ်းအားလောက်နဲ့ ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာတွေကို ဦးဆောင်ပြီး ငါ့ရဲ့မျက်စိအောက်ကနေ အင်မော်တယ်လောကကို ကျူးကျော်ဖို့ ကြံစည်နေတာက စိတ်ကူးယဥ်နေတာပဲ”

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က အထင်အမြင်သေးသော အမူအရာဖြင့် လှောင်ပြောင်ရေရွတ်လိုက်သည်။

“ကောင်းကင်မိစ္ဆာတောင်မှာ မိစ္ဆာဘုရင်တစ်ပါးတည်းပဲ ရှိတယ်လို့ မင်းထင်နေလား.. အခု ချိတ်ပိတ်စည်းတံဆိပ် တဖြည်းဖြည်း အားနည်းသွားပြီ ဖြစ်တဲ့အတွက် မိစ္ဆာတွေက တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာတော့မယ်.. အင်မော်တယ် လောကတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေတဲ့ ဒီလိုအချိန်မှာ ဘယ်သူမှ မင်းကို လာပြီး ကူညီနိုင်မှာ မဟုတ်ဘူး”

ယင်ယန်မိစ္ဆာဘုရင်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

“ဒီဘုရင်က မိစ္ဆာတွေကို ဦးဆောင်ပြီး မင်းနဲ့တိုက်ခိုက်နေသရွေ့ သွေးယဇ်ပူဇော်မှုက ဆက်လက်ရှိနေဦးမှာပဲ.. ကောင်းကင်မိစ္ဆာတောင်ကနေ နောက်ထပ် မိစ္ဆာဘုရင်တစ်ပါး နိုးထလာတဲ့ အချိန်ကျရင် မင်းဘယ်လိုခုခံမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

ထိုစကားကိုကြားလျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် မျက်နှာပျက်သွားခဲ့သည်။

သူက သူ့ရှေ့မှ ယင်ယန်မိစ္ဆာဘုရင်ကို မကြောက်ရွံ့သော်လည်း ယင်ယန်မိစ္ဆာဘုရင်ကို အမြစ်ပြတ် ချေမှုန်းရန်မှာမူ မလွယ်ကူပေ။

အကယ်၍ ယင်ယန်မိစ္ဆာဘုရင်နှင့် တိုက်ခိုက်ရင်း ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာဘုရင် နိုးထလာသည်အထိ အချိန်ကြန့်ကြာနေခဲ့လျှင် အခြေအနေက ပိုမို ဆိုးရွားသွားနိုင်သည် မဟုတ်ပါလော။

ထိုသို့ တွေးမိပြီးနောက်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ယင်ယန်မိစ္ဆာဘုရင်နှင့် တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် စကားသံ တစ်သံသည် ကောင်းကင်ယံထဲကနေ ရုတ်တရက် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။

“ယင်ယန်မိစ္ဆာဘုရင်.. မင်းပြောတာအမှန်ပဲ.. တကယ်လို့ ကောင်းကင်မိစ္ဆာတောင်က နောက်ထပ် မိစ္ဆာဘုရင်တစ်ပါး နိုးထလာခဲ့မယ် ဆိုရင် ငါတို့အတွက် ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်လာလိမ့်မယ်.. ဒါကြောင့် နောက်ထပ် မိစ္ဆာဘုရင် မနိုးထလာခင် မင်းကို အရင်ချေမှုန်းပစ်လိုက်တာ အကောင်းဆုံးပဲ”

ရုတ်တရက် ထွက်ပေါ်လာသော စကားသံကို ကြားလျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်နှင့် ယင်ယန်မိစ္ဆာဘုရင်တို့သည် အနည်းငယ် အံ့ဩ တုန်လှုပ်သွားကြသည်။

သူတို့က ချက်ချင်းဆိုသလိုပင် အသံလာရာ ဆီသို့ လှမ်းကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ထားသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

“ဟန်ယွင်အဆင့် ပါရမီရှင်ပါလား”

သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို မြင်လျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

ဟန်ယွင်အဆင့် ပါရမီရှင်သည် အင်မော်တယ်လောကတွင် အလွန်တရာ ရှားပါးသည်။

သူတို့ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်သည်ပင် အသက်တစ်သောင်းအောက်ဖြင့် ဟန်ယွင်အဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင်ကို မပျိုးထောင်နိုင်ခဲ့ပေ။

သူသိထားသလောက် အင်မော်တယ်လောက တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် အသက်တစ်သောင်းအောက်ဖြင့် ဟန်ယွင်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါး၏။

ယင်းကဲ့သို့ ဟန်ယွင်အဆင့် ပါရမီရှင်သည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာရပါသနည်း။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်နယ်မြေကြီး လေးခုရှိ ထိပ်တန်းအင်အားစုကြီးတစ်ခုခုမှ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်ကို အကူအညီပေးရန် စေလွှတ်လိုက်သူများ ဖြစ်နေနိုင်ပါသလော။

“ဟမ့်.. ငါက ဘယ်သူများလဲလို့.. လက်စသတ်တော့ ဟန်ယွင်အဆင့်ကို အခုမှ ထိုးဖောက်ကာစ ငချွတ်လေး တစ်ယောက်ကိုး.. မင်းလိုကောင်ကများ ငါ့ရှေ့မှာ ဘယ်လိုတောင် လေလုံးထွားရဲရတာလဲ”

ယင်ယင်မိစ္ဆာဘုရင်က ကျန်းချန်ကို အထင်အမြင်သေးစွာ ကြည့်၍ လှောင်ပြောင်လိုက်သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အသက်အရွယ်ဖြင့် ဟန်ယွင်အဆင့်သို့ ရောက်ရှိနေသည်မှာ အမှန်တကယ်ပင် ထူးခြားသော်လည်း မည်မျှပင် ထူးခြားစေကာမူ ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်သည် ဟန်ယွင်အဆင့်တွင်သာ ရှိနေသေးသည်။

ဆိုရလျှင် ဤမျှလောက်သော ကျင့်ကြံခြင်းအဆင့်ဖြင့် မည်မျှပင် ထူးချွန် ထက်မြက်နေပါစေ၊ သူ့အတွက် အနည်းငယ်မျှပင် ခြိမ်းခြောက်မှု ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။

“ဒီက မိတ်ဆွေလေး ကျေးဇူးပြုပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ကိုသွားပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်ကို ကူညီပေးပါ.. ဒီယင်ယန်မိစ္ဆာဘုရင်ကိုတော့ ငါ့လက်ထဲပဲ အပ်ထားလိုက်ပါ”

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က လျင်မြန်စွာ ပြောလိုက်သည်။

ထိုလူငယ်လေး၏ ပါရမီသည် အနှိုင်းမဲ့ ဖြစ်ပြီး ကောင်းကင်နယ်မြေကြီး လေးခုရှိ ထိပ်တန်းအင်အားစု တစ်ခုခုမှ လာခြင်းဖြစ်နိုင်သော်လည်း ယင်ယန်မိစ္ဆာဘုရင် ကဲ့သို့ သန်မာသည့် မိစ္ဆာဘုရင် တစ်ပါးနှင့် ရင်ဆိုင်ရလျှင် မည်သို့မျှ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

အကယ်၍ ထိုလူငယ်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ကျဆုံးသွားနိုင်ခြေ အလွန်တရာ များပြားနေခဲ့သည်။

“သူ့ကို ခင်ဗျားလက်ထဲ အပ်ထားရမယ်ဟုတ်လား.. ခင်ဗျားက ဒီမိစ္ဆာကောင်ကို သတ်နိုင်လို့လား”

ကျန်းချန်က မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ၏ အကြည့်ကို ဆန့်ကျင်ဘက်ရှိ ယင်ယန်မိစ္ဆာဘုရင် ဆီသို့ လွှဲလိုက်သည်။

“ကျုပ် ဒီကိုလာရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဒီမိစ္ဆာကောင်ကို ရှင်းပစ်ဖို့ပဲ”

ကျန်းချန်၏ စကားကိုကြားလျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် အနည်းငယ်မှင်တက်သွားခဲ့သည်။

ထိုကောင်လေး၏ ပြောပုံအရဆိုလျှင် ထိုကောင်လေးထံတွင် ယင်ယန်မိစ္ဆာဘုရင်ကို နှိမ်နင်းနိုင်မည့် နည်းလမ်းတစ်ခုခု ရှိနေနိုင်လောက်၏။

“ငါ့ကို ရှင်းပစ်မယ်ဟုတ်လား”

ယင်ယန်မိစ္ဆာဘုရင်က ကျန်းချန်ကို အထင်သေးစွာ ကြည့်လိုက်သည်။

“ကောင်လေး မင်း ဒီလောက်တောင် လေလုံးထွားနေမှတော့ မင်း ငါ့ကို ဘယ်လိုရှင်းပစ်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

“ယင်ယန်မိစ္ဆာဘုရင်.. ကျုပ်ကို အထင်သေးခဲ့တဲ့ အတွက် ခင်ဗျား တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်”

စကားဆုံးသည်နှင့် ကောင်းကင်ချိတ်ပိတ်အင်မော်တယ်စာအုပ်သည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ကောင်းကင်ထိန်းချုပ် နည်းစနစ်ဆယ်မျိုး ကျင့်စဥ်မှ နည်းစနစ်နှစ်မျိုးကို ချက်ချင်းဆိုသလို ပြုလုပ်လိုက်ပြီး ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို အသက်သွင်းလိုက်သည်။

ထိုအခိုက်အတန့်မှာပင် ကောင်းကင်ချိတ်ပိတ်အင်မော်တယ်စာအုပ်၏ ပထမစာမျက်နှာ နှစ်ခုသည် တစ်ပြိုင်နက်တည်း အသက်ဝင်လာခဲ့ပြီး ရှေးဟောင်းအရှိန်အဝါများ ထွက်ပေါ်နေသည့် ကြီးမားသော သားရဲတစ်ကောင်နှင့် သေးငယ်သော သားရဲတစ်ကောင်တို့သည် ကောင်းကင်ချိတ်ပိတ်အင်မော်တယ် စာအုပ်ထဲကနေ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ကြသည်။

“အင်မော်တယ်ဘုရင်အဆင့်ရှိတဲ့ ရှေးဟောင်းသားရဲကြီး နှစ်ကောင်ပါလား”

ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲကနေ ထွက်ပေါ်လာသည့် မိုးကြိုးနွားနှင့် ယုန်ပုံသဏ္ဌာန်သားရဲ တို့ကို ကြည့်ရင်း မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒဏ္ဍာရီအရ အင်မော်တယ်လောကတွင် ကောင်းကင်ချိတ်ပိတ်အင်မော်တယ်စာအုပ်ဟု ခေါ်သော ဧကရာဇ်အဆင့် အင်မော်တယ်ရတနာတစ်ပါး ရှိခဲ့ပြီး ထိုစာအုပ်ထဲတွင် ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ကို ချိတ်ပိတ်ထားခဲ့သည်။

အကယ်၍ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကိုသာ ထိန်းချုပ်နိုင်လျှင် တိုက်ပွဲတွင် အကူအညီပေးရန် အတွက် ရှေးဟောင်းသားရဲကြီးများကို ဆင့်ခေါ်နိုင်မည် ဖြစ်၏။

အနက်ရောင်ဝတ်စုံဝတ် လူငယ် ယခု ထုတ်ဖော်လိုက်သည့် စာအုပ်သည် ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ် ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

ဤအခိုက်အတန့်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်က ယင်ယန်မိစ္ဆာဘုရင်ကို ရှင်းလင်းပစ်မည်ဟု အဘယ်ကြောင့် ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့မှန်း အဆုံးသတ်၌ သဘောပေါက်သွားခဲ့သည်။

“ဒီမိစ္ဆာကောင်ကို သတ်ပစ်စမ်း”

မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်ဘုရင် အံ့ဩထိတ်လန့်နေစဥ်မှာပင် ကျန်းချန်သည် ရှေးဟောင်းသားရဲကြီး နှစ်ကောင်ကို ယင်ယန်မိစ္ဆာဘုရင်အား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

ကြောက်မက်ဖွယ် အရှိန်အဝါများရှိသည့် သားရဲနှစ်ကောင်ကိုကြည့်ရင်း ယင်ယန်မိစ္ဆာဘုရင်သည် တစ်ခဏအတွင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

ဤသားရဲကြီး နှစ်ကောင်အနက် မည်သည့်သားရဲမဆို သူ့ထက် ခွန်အား မနိမ့်ကျပေ။

ဆိုရလျှင် သားရဲကြီး နှစ်ကောင်စလုံး၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသည်ကို သူ့အနေဖြင့် မည်သို့မျှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် နံဘေးတွင်လည်း သူ့ကို စောင့်ကြည့်နေသည့် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် ရှိနေသေးသည်။

အကယ်၍ သူသာ အနည်းငယ် ပေါ့ဆမိလျှင် ယနေ့တွင် ဤနေရာ၌ပင် ကျဆုံးသွားနိုင်ခြေ ရှိနေခဲ့၏။

“ငါထွက်ပြေးမှဖြစ်မယ်”

ယင်ယန်မိစ္ဆာဘုရင်က တုံ့ဆိုင်းမနေတော့ဘဲ ယင်ယန်စွမ်းအားများ အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်မိစ္ဆာတောင်ဘက်သို့ ဦးတည်၍ ထွက်ပြေးလိုက်သည်။

သို့သော်လည်း ယင်ယန်မိစ္ဆာဘုရင်သည် မိုးကြိုးနွားနှင့် ယုန်ပုံသဏ္ဌာန် သားရဲတို့၏ စွမ်းအားကို အထင်သေးမိနေဆဲပင်။

မိုးကြိုးနွား ထံကနေ မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့ရာ ယင်ယန်မိစ္ဆာဘုရင်ပြောင်းလဲထားသော ယင်ယန်စွမ်းအင်များသည် ကောင်းကင်ယံတွင် တစ်ခဏမျှ ရပ်တန့်သွားခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ယုန်ပုံသဏ္ဌာန်သားရဲ၏ သေးငယ်သော ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး ယင်ယန်စွမ်းအင်များ အကြားသို့ တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ ကောင်းကင်ယံထဲကနေ ညည်းညူသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ယင်ယန်မိစ္ဆာဘုရင်၏ ပုံရိပ်သည် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

သူ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ပါးစပ်ထောင့်တွင်လည်း သွေးများ စွန်းပေနေခဲ့ကာ ခန္ဓာကိုယ် တစ်ခုလုံးသည် အလွန်တရာ အားနည်းနေခဲ့သည်။

“ဟားဟား ယင်ယန်မိစ္ဆာဘုရင်.. ဒါက မင်းတို့တွေ အင်မော်တယ်လောကကို ကျူးကျော်တဲ့ အကျိုးဆက်ပဲ.. မင်း ဒီနေ့ ဒီနေရာမှာ သေဆုံးဖို့ ကံပါလာခဲ့ပြီ”

ဤအခိုက်အတန့်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်ဖော်ကာ ယင်ယန်မိစ္ဆာဘုရင်ကို တိုးဝင်တိုက်ခိုက်လိုက်သည်။

အခန်း(၃၀၀၁)ပြီး၏။

All Chapters