← Chapters

အခန်း ၃၀၀၂

Vol. 241 Ch. 3002

အခန်း ၃၀၀၂

Vol. 241 Ch. 3002

အခန်း (၃၀၀၂)

ရှေးဟောင်းသားရဲကြီးနှစ်ကောင်နှင့် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်တို့၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ဒဏ်ရာအပြင်းအထန် ရရှိထားပြီးပြီ ဖြစ်သည့် ယင်ယန်မိစ္ဆာဘုရင်သည် ပြန်လည် ခုခံနိုင်စွမ်း လုံးဝမရှိတော့ပေ။

တစ်ခဏအတွင်းမှာပင် ယင်ယန်မိစ္ဆာဘုရင်သည် ဒဏ်ရာများ ထပ်မံ ရရှိသွားခဲ့ပြီး အဆုံးသတ်တွင်မူ သားရဲနှစ်ကောင်နှင့် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်၏ လက်ချက်ဖြင့် မိစ္ဆာဝိညာဥ်ပါမကျန် ချေမှုန်းခံလိုက်ရသည်။

“ဒီကမိတ်ဆွေလေး ဒီနေ့ကိစ္စ အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က ရှေးဟောင်းသားရဲကြီး နှစ်ကောင်ကို ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲသို့ ပြန်လည် ရုတ်သိမ်းလိုက်သည့် ကျန်းချန်ကိုကြည့်ကာ လက်သီးဆုပ်၍ ဂါဝရပြုလိုက်သည်။

အကယ်၍ ယနေ့တွင် ကျန်းချန်သာ ပေါ်မလာခဲ့လျှင် သူ့အနေဖြင့် ယင်ယန်မိစ္ဆာဘုရင်ကို ရှင်းလင်းပစ်ရန် အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။

“မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်.. ကောင်းကင်မိစ္ဆာတောင်မှာ မိစ္ဆာတွေရဲ့ ထိတ်လန့်စရာကောင်းတဲ့ အစီအစဥ်တစ်ခု ရှိနေတယ်.. အဲဒီအစီအစဥ်က ကောင်းကင်မိစ္ဆာတောင်မှာ စစ်ပွဲတွေ ဖန်တီးပြီး သွေးယဇ်ပူဇော်မှု ပြုလုပ်ဖို့ပဲ.. ရည်ရွယ်ချက်ကတော့ ချိတ်ပိတ်စည်းတံဆိပ်ကို ဖျက်ဆီးပြီး မိစ္ဆာတွေကို အင်မော်တယ်လောကထဲမှာ ပြန်လည် ပေါ်ပေါက်လာစေဖို့ပဲ"

"လက်ရှိမှာတော့ အင်မော်တယ်လောကထဲက အင်မော်တယ်နယ်မြေ တော်တော်များများမှာ မိစ္ဆာတွေ ထွက်ပေါ်နေပြီ ဖြစ်လို့ အင်မော်တယ်လောက တစ်ခုလုံး အကြီးအကျယ် ဖရိုဖရဲဖြစ်နေခဲ့ပြီ.. အခုအချိန်မှာ အကောင်းဆုံးနည်းလမ်းက ကောင်းကင်မိစ္ဆာတောင်နဲ့ တိုက်ခိုက်နေတာကို ယာယီရပ်ဆိုင်းပြီး ကောင်းကင်မိစ္ဆာတောင်ကို စည်းတံဆိပ်ခတ်ဖို့ပဲ.. ဒါကပဲ သွေးယဇ်ပူဇော်မှုကို တားဆီးနိုင်လိမ့်မယ်.. အင်မော်တယ်လောကထဲက တခြားမိစ္ဆာတွေရဲ့ ရန်ကို ငြိမ်သက်အောင်လုပ်ဆောင်ပြီးတဲ့ နောက်မှာပဲ ကောင်းကင်မိစ္ဆာတောင်ကို ကိုင်တွယ်ဖို့ အာရုံစိုက်ကြရမယ်”

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က သက်ပြင်းကို လေးပင်းစွာ ချလိုက်၏။

“ကောင်းကင်မိစ္ဆာတောင်ကို ယာယီစည်းတံဆိပ်ခတ်ဖို့က ပြဿနာမရှိပါဘူး.. ဒါပေမဲ့ ငါ့ရဲ့စွမ်းရည်နဲ့ဆိုရင် အင်မော်တယ်ဘုရင်အဆင့်အောက်က မိစ္ဆာတွေကိုပဲ တားဆီးနိုင်လိမ့်မယ်.. တကယ်လို့ မိစ္ဆာဘုရင်သာ ထွက်ပေါ်လာမယ်ဆိုရင် တားဆီးဖို့ ခက်ခဲလိမ့်မယ်”

“ပြဿနာမရှိပါဘူး.. အဓိကက ကောင်းကင်မိစ္ဆာတောင်ပေါ်မှာ သွေးယဇ်ပူဇော်မှုကို ဆက်ပြီး မလုပ်ဆောင်နိုင်ဖို့ပဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင်‌ အေးစက်သော အရိပ်အယောင်တစ်ခု ယှက်သန်းသွားခဲ့သည်။

“တကယ်လို့ မိစ္ဆာဘုရင်အဆင့် မိစ္ဆာကောင်တွေ ထွက်ပေါ်လာတယ် ဆိုရင်တော့ ထွက်ပေါ်လာတဲ့ မိစ္ဆာကောင်တွေကို သတ်ပစ်ရုံပဲ ရှိတော့တာပေါ့”

“ကောင်းပြီ.. ဒါဆို ငါ အခုပဲ ကောင်းကင်မိစ္ဆာတောင်ကို စည်းတံဆိပ်ခတ်လိုက်မယ်”

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်မိစ္ဆာတောင်ကို ချက်ချင်းဆိုသလိုပင် စည်းတံဆိပ် ခတ်လိုက်သည်။

ယင်ယန်မိစ္ဆာဘုရင်ကို သတ်ဖြတ်ပြီး ကောင်းကင်မိစ္ဆာတောင်ကို ယာယီစည်းတံဆိပ် ခတ်လိုက်ပြီးနောက်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ကို တိုက်ခိုက်နေသည့် ကျန်ရှိသော မိစ္ဆာများဆီ ထောက်ပံ့မှု ဆုံးရှုံးသွားသဖြင့် လျင်မြန်စွာပင် ရှင်းလင်းခြင်း ခံလိုက်ရသည်။

စစ်ပွဲ ပြီးဆုံးသွားသော်လည်း ကျန်းချန်သည် မြို့တော်ကနေ ထွက်မသွားသေးဘဲ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်တွင် ဆက်လက် နေထိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ကောင်းကင်မိစ္ဆာတောင်သည် မိစ္ဆာများ၏ အဓိကနေရာ ဖြစ်သည်။

အင်မော်တယ်လောကရှိ ကောင်းကင်နယ်မြေကြီး လေးခုမှ ထိပ်တန်း အင်အားစုများ အနေဖြင့် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်ကို အကူအညီပေးရန် အတွက် အင်အားများ မလွှတ်ပေးနိုင်သေးမီ ကျန်းချန်သည် မတော်တဆမှုများ ထပ်မံ မဖြစ်ပွားစေရန် အတွက် ဤနေရာကို ယာယီစောင့်ကြပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်တွင် တည်းခိုပြီးနောက်တွင် ကျန်းချန်သည် အချိန်ဖြုန်းမနေဘဲ ကျင့်ကြံရန်အတွက် အချိန်မျှော်စင်ထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။

သူက ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲမှ တတိယမြောက် စာမျက်နှာရှိ ရှေးဟောင်းသားရဲကြီးကို အသက်သွင်းရန် အသုံးပြုသည့် နည်းစနစ်ကို ကျင့်ကြံခဲ့သည်။

သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်မည်ဆိုလျှင် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲမှ ရှေးဟောင်းသားရဲကြီး သုံးကောင်ကို ဆင့်ခေါ်ရန် လုံလောက်၏။

ကောင်းကင်မိစ္ဆာတောင်တွင် မိစ္ဆာဘုရင်တစ်ပါး ထပ်မံ ပေါ်ပေါ်လာလျှင်ပင် ရှေးဟောင်းသားရဲကြီး သုံးကောင်သည် အချိန်တိုအတွင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။

ကျန်းချန်က အချိန်ကို အဆ ၁၀၀ စီးဆင်းမှုနှုန်း မြှင့်တင်ပေးနိုင်သည့် အချိန်မျှော်စင်၏ ဒုတိယထပ်ကို အသုံးပြုခဲ့ပြီး နှစ်ရက်အတွင်းမှာပင် ကောင်းကင်ထိန်းချုပ်နည်းစနစ် ဆယ်မျိုးကျင့်စဥ်၏ တတိယမြောက် နည်းစနစ်ကို တတ်မြောက်သွားခဲ့သည်။

ကျန်းချန်က တတိယမြောက်နည်းစနစ်ကို တတ်မြောက်ပြီး သိပ်မကြာခင်မှာပင် ကောင်းကင်မိစ္ဆာတောင်တွင် မိစ္ဆာဘုရင်အဆင့်ရှိ မိစ္ဆာတစ်ကောင် ထပ်မံ ပေါ်ပေါက်လာကြောင်း မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်ထံကနေ သတင်းရရှိခဲ့သည်။

ထိုသတင်းကို ရရှိသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုသလိုပင် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ကနေ ချက်ချင်းဆိုသလို ထွက်ခွာကာ ဟင်းလင်းပြင်ထဲရှိ စစ်မြေပြင်တစ်ခု ဆီသို့ အပြေးအလွှား သွားရောက်ခဲ့သည်။

မိုင်ပေါင်းတစ်သောင်း အချင်းဝက်ရှိသော ဟင်းလင်းပြင်သည် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာကောင်းသော ဂလက်ဆီမုန်တိုင်းကြီး အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူ တွေ့လိုက်ရသည်။

ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ပုံရိပ် နှစ်ခုသည် ဂလက်ဆီမုန်တိုင်းကြီးထဲတွင် အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြပြီး ၎င်းတို့မှာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်နှင့် ကောင်းကင်မိစ္ဆာတောင်ကနေ ထပ်မံ ပေါ်ပေါက်လာသည့် မိစ္ဆာဘုရင်တို့ ဖြစ်ကြသည်။

နှစ်ဦးလုံးက စွမ်းရည်ချင်း သိပ်မကွာ၍ အနိုင်အရှုံးမပေါ်ဘဲ လက်ရည်တူနေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို ထုတ်ယူလိုက်သည်။

ယင်းနောက်တွင် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲမှ ရှေးဟောင်းသားရဲကြီး နှစ်ကောင်ကို တိုက်ပွဲဝင်ရန်အတွက် ချက်ချင်းဆိုသလို ဆင့်ခေါ်လိုက်၏။

ရှေးဟောင်းသားရဲကြီး နှစ်ကောင်၏ ရုတ်တရက် တိုက်ခိုက်မှုအောက်တွင် မိစ္ဆာဘုရင်သည် မည်သို့မျှ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ထိုမိစ္ဆာဘုရင်သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်နှင့် ရှေးဟောင်းသားရဲကြီး အင်မော်တယ်နှစ်ကောင်တို့၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး အဆုံးသတ်တွင် မိုးကြိုးနွား၏ မိုးကြိုးလျှပ်စီး စွမ်းအားကြောင့် အပိုင်းပိုင်း ဖြစ်သွားခဲ့ကာ အဆုံးမဲ့ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာတွင် သွေးမြူအဖြစ်သို့ ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့သည်။

ထိပ်တန်း အင်မော်တယ်ဘုရင်များနှင့် ယှဥ်နိုင်သည့် သားရဲကြီး နှစ်ကောင်နှင့် အတွေ့အကြုံရင့်ကျက်သည့် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်တို့၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ကောင်းကင်မိစ္ဆာတောင်သည် မိစ္ဆာဘုရင် အများအပြား သို့မဟုတ် မိစ္ဆာဘုရင် အဆင့်ထက် ကျော်လွန်သော မိစ္ဆာကောင်များ ရှိမနေသရွေ့ တားဆီးနိုင်သူ မရှိသလောက်ပင်။

မိစ္ဆာဘုရင်ကို ရှင်းလင်းပြီးနောက်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်သည် နောက်တစ်ကြိမ် ပြန်လည် ငြိမ်သက်သွားခဲ့သည်။

သို့သော်လည်း ထိုငြိမ်သက်ခြင်းသည် ကြာရှည်မခံခဲ့ပေ။

ရက်အနည်းငယ် အကြာတွင် မိစ္ဆာဘုရင်နှစ်ပါးသည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်၏ ချိတ်ပိတ်စည်းတံဆိပ်ကို တစ်ပြိုင်နက်တည်း ဖောက်ထွက်ကာ မိစ္ဆာတပ်တော်ကို ဦးဆောင်၍ ကောင်းကင်မိစ္ဆာတောင်ကနေ ထွက်လာခဲ့ကြပြန်သည်။

ကျယ်ပြောလှသော ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် ကျန်းချန်သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်နှင့် ဘေးချင်းယှဥ်ကာ ရပ်နေခဲ့သည်။

သူတို့၏ ဆန့်ကျင်ဘက်တွင်မူ ပြင်းထန်သော မိစ္ဆာစွမ်းအင်များ လွှမ်းခြုံနေသည့် မိစ္ဆာဘုရင် နှစ်ပါး ရှိနေခဲ့သည်။

“ကောင်းကင်မိစ္ဆာတောင်ရဲ့ အပြင်ဘက်မှာ စောင့်ကြပ်နေတဲ့ အင်မော်တယ်ဘုရင်က သိပ်လည်း မသန်မာဘဲ ဘာလို့ ငါတို့ဘက်က မိစ္ဆာဘုရင်နှစ်ပါးက ကျဆုံးသွားရတာလဲ”

သွေးရောင်ဆံပင်နှင့် မိစ္ဆာဘုရင် တစ်ပါးက ကျန်းချန်တို့ နှစ်ဦးကို လှမ်းကြည့်ကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။

ကောင်းကင်မိစ္ဆာတောင်၏ အပြင်ဘက်တွင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ ဟူ၍ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် တစ်ပါးတည်းသာ ရှိသည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် နံဘေးမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဟန်ယွင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ထိုနှစ်ဦး၏ စွမ်းအားဖြင့်ဆိုလျှင် မိစ္ဆာဘုရင်နှစ်ပါးကို အလွယ်တကူ သတ်ဖြတ်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။

သို့ဆိုလျှင် ယင်ယန်မိစ္ဆာဘုရင်တို့ မိစ္ဆာဘုရင်နှစ်ပါးသည် မည်ကဲ့သို့ ကျဆုံးသွားရပါသနည်း။

“သတိထားပါ.. ယင်ယန်မိစ္ဆာဘုရင်တို့ မိစ္ဆာဘုရင် နှစ်ပါးစလုံး ဒီနေရာမှာ ကျဆုံးသွားတယ် ဆိုကတည်းက သာမန်တော့မဟုတ်လောက်ဘူး”

ကျောကုန်းတွင် အတောင်ပံနှစ်ဖက် ပါရှိသည့် နောက်ထပ်မိစ္ဆာဘုရင်တစ်ပါးက လေးနက်စွာ ပြောလိုက်သည်။

“ဒီနေ့ ကောင်းကင်မိစ္ဆာတောင်က စုပ်ယူထားတဲ့ သွေးပမာဏ မလုံလောက်လို့ သွေးယဇ်ပူဇော်မှုက ယာယီ ပြတ်တောက်သွားခဲ့ပြီ.. တကယ်လို့ မင်းနဲ့ငါ ဒီတစ်ကြိမ်ထပ်ပြီးရှုံးနိမ့်မယ်ဆိုရင် ရှေးဟောင်းမိစ္ဆာနန်းတော်က အင်မော်တယ်လောကမှာ ပေါ်ပေါက်လာဖို့ အချိန်အများကြီး ထပ်ယူရလိမ့်မယ်”

“ငါနားလည်ပါတယ်”

သွေးရောင်ဆံပင်နှင့် မိစ္ဆာဘုရင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။

“ငါက မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်ကို ထိန်းထားမယ် မင်းက ဟန်ယွင်အဆင့် ကောင်လေးကို ခပ်မြန်မြန်ရှင်းပစ်လိုက်.. ပြီးရင် ငါတို့နှစ်ယောက် ပူးပေါင်းပြီး မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်ဘုရင်ကို ရှင်းပစ်ကြတာပေါ့”

စကားဆုံးသည်နှင့် သွေးရောင်ဆံပင်နှင့် မိစ္ဆာဘုရင်သည် သူ၏ ခန္ဓာကိုယ်မှ သွေးနီရောင် မိစ္ဆာစွမ်းအင်များကို ထုတ်ဖော်ကာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်ကို တိုက်ခိုက်လိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ငါ ဒီမိစ္ဆာဘုရင်ကို ထိန်းထားလိုက်မယ်.. မင်းက ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို အသုံးပြုပြီး မိစ္ဆာဘုရင် တစ်ပါးကို အမြန်ဆုံးရှင်းပစ်လိုက်ပါ”

ထိုစကားကို ပြောပြီးသည်နှင့် မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်ဘုရင်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သွေးရောင်ဆံပင်နှင့် မိစ္ဆာဘုရင်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးကို ဗဟိုပြု၍ ဟင်းလင်းပြင် မိုင်ပေါင်းသောင်းချီ ဧရိယာသည် တစ်ခဏအတွင်း တွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်တို့ တိုက်ခိုက်နေသည့်အချိန်မှာပင် ကျောကုန်းတွင် အတောင်ပံများ ပါရှိသည့် မိစ္ဆာဘုရင်သည် သူ၏ အတောင်ပံများကို ခါရမ်းလိုက်ရာ ကျန်းချန်၏ ရှေ့တည့်တည့်တွင် တိုက်ရိုက် ဆိုသလို ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။

“ကောင်လေး.. မင်းက ကိုင်တွယ်ရခက်ခဲမယ်လို့ ငါခံစားနေရတယ်.. ငါ့အထင် မမှားဘူးဆိုရင် ယင်ယန်မိစ္ဆာဘုရင် ကျဆုံးသွားတာက မင်းနဲ့ ပတ်သက်နေလောက်တယ် ဟုတ်တယ်မလား”

အခန်း(၃၀၀၂)ပြီး၏။

All Chapters