← Chapters

အခန်း ၃၀၀၄

Vol. 241 Ch. 3004

အခန်း ၃၀၀၄

Vol. 241 Ch. 3004

အခန်း (၃၀၀၄)

ယင်းသို့တွေးမိသည်နှင့် ကျန်းချန်က အချိန်မျှော်စင်၏ ပဉ္စမထပ်သို့ တိုက်ရိုက်ပင် သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ဆဋ္ဌမမြောက်ထပ်၏ အဝင်ဝသို့ ခြေလှမ်းလိုက်သည်။

လက်တွေ့အရှိတရားက ကျန်းချန် ခန့်မှန်းထားသည့်အတိုင်းပင်ဖြစ်နေခဲ့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က ဟန်ယွင်အဆင့်သို့ ထိုးဖောက်သွားပြီဖြစ်၍ ဆဋ္ဌမထပ်ရှိ အတားအဆီးသည် သူ့အပေါ်တွင် သက်ရောက်မှု သိပ်မရှိတော့ပေ။

ကျန်းချန်က ဆဋ္ဌမထပ်သို့ အောင်မြင်စွာရောက်ရှိလာသောအခါတွင် အလွန်တရာ စူးရှတောက်ပသော အလင်းတန်းသည် ကျန်းချန်ကို မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်စေခဲ့သည်။

ထိုမျှနှင့်မကသေးဘဲ ကျန်းချန်သည် ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားမိခဲ့၏။

“ဒါက ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ် အရှိန်အဝါပဲ.. ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်က အချိန်မျှော်စင်ထဲမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”

ကျန်းချန်က အံ့ဩ တုန်လှုပ်သွားခဲ့ပြီး သူ၏ မျက်လုံးများကို အလျင်အမြန် ဖွင့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဆန်းကြယ်သော အလင်းတန်းများ ထွက်ပေါ်နေသည့် အလင်းလုံး ဒါဇင်ပေါင်းများစွာသည် ကျန်းချန်၏ မြင်ကွင်းထဲ၌ တိုက်ရိုက်ပင် ပေါ်လာခဲ့သည်။

အချိန်မျှော်စင်၏ ဆဋ္ဌမထပ်တွင် ရှိနေသော အရာမှာ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် ဖြစ်နေခဲ့သည်။

ကျန်းချန်က မျက်လုံးများကို အနည်းငယ် ဝေ့ကြည့်လိုက်ရာ ဆဋ္ဌမထပ်တွင် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် စုစုပေါင်း သုံးဆယ့်သုံးခု လွင့်မျောနေသည်ကို တွေ့ရှိနေခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သော မူလအသက်ဓာတ် အပိုင်းအစ သုံးဆယ့်ခြောက်ခု ထဲတွင် သူ စုပ်ယူခဲ့သည့် မူလအသက်ဓာတ် အပိုင်းအစနှစ်ခုမှ လွဲ၍ နောက်ဆုံး မူလအသက်ဓာတ် အပိုင်းအစ တစ်ခုသာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ကျန်ရှိသော ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစ သုံးဆယ့်သုံးခုကိုမူ အချိန်မျှော်စင်၏ ပိုင်ရှင်က ဆဋ္ဌမထပ်တွင် စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။

ထိုခဏဝယ် မိုးကြိုးခန်းမသို့ သွားရောက်ခဲ့စဥ်က မိုးကြိုးခန်းမမှ ပုဂ္ဂိုလ် ပြောခဲ့သည့် စကားများကို ပြန်လည်တွေးတောမိပြီး ကျန်းချန် သဘောပေါက်သွားခဲ့သည်။

မိစ္ဆာဘုရင်ထံမှ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို ပြန်လည် လုယူခဲ့သောပုဂ္ဂိုလ်သည် အချိန်မျှော်စင်၏ ပိုင်ရှင် ဖြစ်နိုင်ခြေ အလွန်များ၏။

သူ့အထင် အချိန်မျှော်စင်၏ ပိုင်ရှင်သည် အနည်းဆုံး ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်သည် ဧကရာဇ်အဆင့်လကျင့်ကြံသူအတွက် များစွာ အသုံးဝင်လိမ့်မည်မဟုတ်ပေ။

သို့ဆိုလျှင် အချိန်မျှော်စင်၏ ပိုင်ရှင်သည် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစများကို အချိန်မျှော်စင်ထဲတွင် အဘယ်ကြောင့် စုဆောင်းထားခဲ့ပါသနည်း။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ဆက်လက် မတွေးတောတော့ပေ။

မည်သို့ပင်ဖြစ်စေကာမူ အချိန်မျှော်စင်၏ ပိုင်ရှင်သည် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို အချိန်မျှော်စင်၏ ဆဋ္ဌမထပ်တွင် စုဆောင်းထားပေးသဖြင့် ယင်းသည် သူ့အတွက် သံသယဖြစ်ဖွယ်ရာမရှိ အလွန်ကြီးမားသော ဆုလာဘ်ပင်။

ယခုအခါတွင် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်အပိုင်းအစ သုံးဆယ့်သုံးခုသည် အချိန်မျှော်စင်၏ ဆဋ္ဌမထပ်တွင် ရှိနေခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစများကို ရှာဖွေရန်အတွက် အလွန်အမင်း အားထုတ်နေစရာ မလိုတော့ပေ။

ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် သုံးဆယ့်သုံးခုကို စုပ်ယူနိုင်သရွေ့ သူက အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်မလာသေးလျှင်ပင် ထိုအဆင့်နှင့် မဝေးလောက်တော့ချေ။

“ငါ ဒီကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ် အပိုင်းအစတွေကို အချိန်မျှော်စင်ရဲ့ ဒုတိယထပ်ဆီ ယူသွားလို့ ရမလားမသိဘူး”

ကျန်းချန်က သူ၏ရှေ့မှ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်များကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကျန်းချန်တွင် အဆ ၁၀၀ စနစ်ရှိနေလျှင်ပင် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူရန်မှာ အလွန်တရာ ရှည်လျားသော လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။

ထျန်းယွမ်ခန်းမနှင့် ထျန်းကန်းခန်းမ တို့မှ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူရန်အတွက် ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့ဖူးသည်။

ထိုအရှိန်အဟုန် အတိုင်းသာဆိုလျှင် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစ သုံးဆယ့်သုံးခုကို လုံးဝစုပ်ယူနိုင်ရန်အတွက် အနည်းဆုံး ရာစုနှစ် အနည်းငယ် ကြာမြင့်ပေလိမ့်မည်။

အကယ်၍ သူသာ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်အပိုင်းအစများကို အချိန်မျှော်စင်၏ ဒုတိယထပ်သို့ ယူဆောင်သွားနိုင်ခဲ့မည် ဆိုလျှင် ဒုတိယထပ်ရှိ အဆ ၁၀၀ အချိန်စီးဆင်းမှုနှုန်း အထောက်အပံ့ဖြင့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူရန် နှစ်အနည်းငယ်သာ လိုအပ်လိမ့်မည် ဖြစ်သည်။

ဤအချက်ကို တွေးမိလျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို အချိန်မျှော်စင်၏ ဒုတိယထပ်သို့ ယူဆောင်၍ ရမရ စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

ယခုအခါတွင် ကျန်းချန်သည် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစနှစ်ခုကို စုပ်ယူထားခဲ့ပြီဖြစ်ရာ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်နှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အသုံးပြုရန် မလိုအပ်တော့ဘဲ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် ထံသို့ ချဥ်းကပ်နိုင်ခဲ့သည်။

သူက ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစတစ်ခုကို ဖမ်းဆွဲလိုက်ပြီး အတွေးတစ်ချက်ဖြင့်ပင် အချိန်မျှော်စင်၏ ဒုတိယထပ်၌ တိုက်ရိုက်ဆိုသလို ပေါ်လာခဲ့သည်။

“ဒုတိယထပ်ကို ယူလာလို့ရသားပဲ”

သူနှင့်အတူ ဒုတိယထပ်တွင် ပေါ်လာခဲ့သည့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့ဩဝမ်းသာသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အချိန်မျှော်စင်၏ ဒုတိယထပ်ရှိ အဆ ၁၀၀ အချိန်စီးဆင်းမှု အထောက်အပံ့ဖြင့်ဆိုလျှင် သူ့အနေဖြင့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူရန် ပိုမို လွယ်ကူသွားတော့မည် မဟုတ်ပါလား။

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူကာ စတင် ကျင့်ကြံလိုက်သည်။

ဤသို့ဖြင့် အချိန်မျှော်စင်၏ ဒုတိယထပ်တွင် ဆယ်နှစ်ဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ကျန်းချန်က ပထမဆုံးသော ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က ဟန်ယွင်အဆင့်သို့ ထိုးဖောက်သွားခဲ့ပြီ ဖြစ်၍ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစကို စုပ်ယူခဲ့သည့်တိုင် ကျင့်ကြံခြင်း အရှိန်အဟုန်သည် များစွာနှေးကွေးနေခဲ့သည်။

ထို ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစသည် ကျန်းချန်ကို ဟန်ယွင်အင်မော်တယ် အစောပိုင်းအဆင့်ကနေ ဟန်ယွင်အင်မော်တယ် အလယ်အလတ်အဆင့်သို့သာ တိုးမြှင့်ပေးနိုင်ခဲ့၏။

သို့သော်လည်း ဤကဲ့သို့ ကျင့်ကြံခြင်း အရှိန်အဟုန်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းနေဆဲ ဖြစ်သည်။

ယေဘုယျအားဖြင့် အင်မော်တယ်လောကမှ အနှိုင်းမဲ့ပါရမီရှင်များသည် မရေမတွက်နိုင်သော အရင်းအမြစ်များကို သုံးစွဲခဲ့လျှင်ပင် နှစ်ပေါင်းရာချီ ကျင့်ကြံအားထုတ်မှု မရှိဘဲ ဟန်ယွင်အဆင့်တွင် အဆင့် တစ်ဆင့် ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

အချိန်မျှော်စင်နှင့် အဆ ၁၀၀ စနစ်၏ အကူအညီဖြင့် ကျန်းချန်က ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူခဲ့ပြီး အဆင့်ငယ် တစ်ဆင့်ကို ထိုးဖောက်ရန်အတွက် ဆယ်စုနှစ်သာ ကြာမြင့်ခဲ့သည်မှာ အမှန်တကယ်ပင် ထူးခြားလွန်းနေခဲ့သည်။

အချိန်မျှော်စင်တွင် ဆယ်နှစ် ကြာမြင့်ခဲ့သော်လည်း ပြင်ပကမ္ဘာတွင်မူ တစ်လကျော်သာ ကုန်လွန်ခဲ့၏။

ကျန်းချန်က ထိုနည်းအတိုင်းပင် ပြုလုပ်ခဲ့ပြီး အချိန်မျှော်စင်၏ ဆဋ္ဌမထပ်မှ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်များကို ဒုတိယထပ်သို့ ဆက်လက် ရွှေ့ပြောင်းကာ အဆက်မပြတ် စုပ်ယူခဲ့ပြီး သူ၏ ခွန်အားများကို တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

ကျန်းချန်က ပဉ္စမမြောက် မူလအသက်ဓာတ်ကို စုပ်ယူပြီးချိန်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် ဟန်ယွင်အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ အင်မော်တယ်ဘုရင် အဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။

သူက ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူခြင်းအား မရပ်တန့်သေးပေ။

သူက ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို အသုံးပြုကာ အင်မော်တယ်ဘုရင်အဆင့် ဥပဒေသကို နားလည်သဘောပေါက်အောင် အားထုတ်ပြီး အင်မော်တယ်ဘုရင်အဆင့်ကို တစ်ရှိန်ထိုး ချိုးဖြတ်ရန် ရည်ရွယ်ထားခဲ့သည်။

ကျန်းချန်က ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူကာ ကျင့်ကြံနေသော အချိန်တွင် ပြင်ပကမ္ဘာ၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။

ခရမ်းရောင်မီးလျှံ အင်မော်တယ် နန်းတော်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ အနှံ့အပြားတွင် ပေါ်ပေါက်လာသော မိစ္ဆာများကို နှိမ်နင်းပြီးနောက်တွင် ခရမ်းရောင်မီးလျှံကောင်းကင်နယ်မြေ ထဲရှိ အင်အားစုများကို စုစည်းကာ ကောင်းကင်မိစ္ဆာတောင် ဆီသို့ ချီတက် တိုက်ခိုက်ခဲ့သည်။

ရည်ရွယ်ချက်မှာ ကောင်းကင်မိစ္ဆာတောင်၏ ကပ်ဘေးကို ဖြေရှင်းရန်နှင့် အင်မော်တယ်လောကသို့ ရှေးဟောင်းမိစ္ဆာနန်းတော် ပြန်လည်ခြေချမည်ကို တားဆီးရန် ဖြစ်သည်။

ကောင်းကင်မိစ္ဆာတောင်တွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကောင်းကင်မိစ္ဆာတောင်၏ သွေးယဇ်ပူဇော်မှုသည် အားကောင်းလာခဲ့ပြီး ပိုမို များပြားသော အစွမ်းထက်မိစ္ဆာကောင်များကို ထွက်ပေါ်လာစေခဲ့သည်။

အဆုံးသတ်တွင်မူ ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော် ဦးဆောင်သော အင်အားစုများသည် ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာများကြောင့် ကောင်းကင်မိစ္ဆာတောင်ကနေ တပ်ဆုတ်ခဲ့ရသည်။

----------------------

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်၏ ပင်မခန်းမထဲတွင် လူရိပ်တစ်ဒါဇင်ကျော် စုရုံး၍ ရှိနေကြသည်။

အဓိက ထိုင်ခုံတွင် ထိုင်နေသူမှာ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

ထိုသူမှာ ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်၏ လက်ရှိနန်းတော်သခင်ဖြစ်သူ အင်မော်တယ်ဘုရင်ကျိချုံး ဖြစ်၏။

အင်မော်တယ်ဘုရင်ကျိချုံး၏ ရှေ့တွင်မူ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် အပါအဝင် အင်မော်တယ်ဘုရင် ဒါဇင်ပေါင်းများစွာ ရှိနေကြသည်။

ဆိုရလျှင် ကောင်းကင်မိစ္ဆာတောင်ကို ရင်ဆိုင်ရန်အတွက် ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ အင်အား ကိုးဆယ်ရာခိုင်နှုန်းကျော်ကို စုစည်းခဲ့ခြင်းပင်။

“အားလုံးပဲ ကောင်းကင်မိစ္ဆာတောင်ရဲ့ မိစ္ဆာတွေက အတော်လေး ရမ်းကားလွန်းနေပြီ.. ဒီအတိုင်းဆိုလျှင် အင်မော်တယ်လောကကို ရှေးဟောင်းမိစ္ဆာနန်းတော်က အနှေးနဲ့အမြန် ပြန်လည် ခြေချလာတော့မှာပဲ.. အခု အင်မော်တယ်လောကရဲ့ အခြေအနေက စိုးရိမ်စရာ သိပ်ကောင်းနေပြီ.. မင်းတို့တွေမှာ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိကြလား”

အင်မော်တယ်ဘုရင် ကျိချုံးက ခန်းမထဲမှ အင်မော်တယ်ဘုရင်များကို အနည်းငယ် ဝေ့ကြည့်ကာ ပြောလိုက်သည်။

သူ၏ လေးနက်သော စကားသံသည် ခန်းမထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။

အင်မော်တယ်ဘုရင် ကျိချုံး၏ စကားကိုကြားလျှင် ခန်းမထဲရှိ အင်မော်တယ်ဘုရင်များသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ကြသည်။

ရှေးဟောင်းမိစ္ဆာနန်းတော်သည် အင်မော်တယ်လောက၏ ကပ်ဘေး အရင်းအမြစ် ဖြစ်သည်။

ထိုစဉ်က အင်မော်တယ်လောကတွင် အင်မော်တယ်ဧကရာဇ်များစွာ ရှိခဲ့ဖူးပြီး ၎င်းတို့သည် အင်မော်တယ်လောကကို ကျူးကျော် ဝင်ရောက်လာသည့် ရှေးဟောင်းမိစ္ဆာနန်းတော်ကို တားဆီးရန် အတွက် အလွန်တရာ ပြင်းထန်သော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည်။

ယခုအခါ ရှေးဟောင်းမိစ္ဆာနန်းတော်က ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သော်လည်း သူတို့ အင်မော်တယ်လောကဘက်တွင်မူ အင်မော်တယ် ဧကရာဇ် တစ်ပါးမျှပင် ရှိမနေတော့ရာ ရှေးဟောင်းမိစ္ဆာနန်းတော်ကို မည်ကဲ့သို့ ခုခံနိုင်ပါတော့မည်နည်း။

အခန်း(၃၀၀၄)ပြီး၏။

All Chapters