← Chapters

အခန်း ၃၀၀၅

Vol. 241 Ch. 3005

အခန်း ၃၀၀၅

Vol. 241 Ch. 3005

အခန်း (၃၀၀၅)

“ဝုန်း..”

အင်မော်တယ်ဘုရင်ကျိချုံးက ထိုအကြောင်းကို ဆွေးနွေးတိုင်ပင်နေစဥ်မှာပင် ကောင်းကင်မိစ္ဆာတောင် ရှိရာဘက်ကနေ ရုတ်တရက် ပြင်းထန်သော တုန်ခါမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်မိစ္ဆာတောင်ကနေ တစ်ခဏအတွင်း ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာစွမ်းအင်လှိုင်းဂယက်များသည် ကောင်းကင်ယံအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ဆွေးနွေးနေကြသည့် အင်မော်တယ်ဘုရင်ကျိချုံးနှင့် အခြားသူများသည် မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူတို့၏ အကြည့်သည် ကောင်းကင်မိစ္ဆာတောင် ရှိရာ ဘက်သို့ ကျရောက်သွားခဲ့သည်။

အင်မော်တယ်ဘုရင်ကျိချုံးက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ကောင်းကင်မိစ္ဆာတောင်ကနေ အစွမ်းထက် မိစ္ဆာတစ်ကောင် ထပ်မံ ထွက်ပေါ်လာခဲ့ပြီ”

ဤအချိန်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် မပြောဘဲ မနေနိုင်တော့ပေ။

“ကောင်းကင်မိစ္ဆာတောင်မှာ သွေးယဇ်ပူဇော်မှု ရှိနေတယ်လို့ ငါ အစကတည်းက ပြောခဲ့သားပဲ.. ဒီသွေးယဇ်ပူဇော်မှုက ရှေးဟောင်းမိစ္ဆာနန်းတော်က အစွမ်းထက်မိစ္ဆာကောင်တွေကို အချိန်စောပြီး နိုးထလာစေဖို့ပဲ...ကောင်းကင်မိစ္ဆာတောင်နဲ့ တိုက်ပွဲဖြစ်တာက ဘာမှ အကျိုးမရှိဘဲ ရှေးဟောင်းမိစ္ဆာနန်းတော်ကို အင်မော်တယ်လောကဆီ အချိန်စောပြီး ပြန်ရောက်လာစေလိမ့်မယ်”

“ကိစ္စက ဒီအဆင့်အထိ ရောက်နေပြီ ဆိုမှတော့ ဒါတွေ ပြောနေလည်း အဓိပ္ပာယ်မရှိတော့ဘူး.. ငါတို့ ကောင်းကင်မိစ္ဆာတောင်ကို ဘာမှ မတိုက်ခိုက်ရင်တောင် ရှေးဟောင်းမိစ္ဆာနန်းတော် ပြန်လည် ပေါ်ထွက်လာဖို့က အချိန်တစ်ခုပဲ လိုအပ်လိမ့်မယ်.. ငါတို့အနေနဲ့ ခဏတဖြုတ်တော့ အချိန်ဆွဲထားနိုင်ပေမဲ့ ထာဝရတော့ ဖြစ်နိုင်မှာမဟုတ်ဘူး”

အင်မော်တယ်ဘုရင်ကျိချုံးက လေးနက်စွာ ပြောလိုက်သည်။

“ငါ အခြား ကောင်းကင်နယ်မြေကြီး သုံးခုနဲ့ ဆက်သွယ်ပြီးပြီ ဒါ့အပြင် စစ်ကူအတွက် အင်မော်တယ်လောကရဲ့ အစွမ်းထက် ကျင့်ကြံသူတွေကို ဆင့်ခေါ်ထားတယ်.. အခု ငါတို့ လုပ်ရမှာက ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာကောင်တွေကို အင်မော်တယ်လောကဆီ ကျူးကျော်မလာအောင် တားဆီးဖို့ပဲ”

စကားဆုံးသည်နှင့် အင်မော်တယ်ဘုရင် ကျိချုံး၏ ခန္ဓာကိုယ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ အထက်ရှိ အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် ပေါ်လာခဲ့သည်။

သူက ကောင်းကင်မိစ္ဆာတောင်ကနေ ကောင်းကင်ယံကို ဖြတ်ကျော်ကာ ရောက်ရှိလာသည့် မိစ္ဆာဘုရင်ကို စူးစိုက်ကြည့်လိုက်သည်။

နောက်ထပ် တစ်ခဏတွင် သူတို့နှစ်ယောက်၏ အရှိန်အဝါသည် ဟင်းလင်းပြင်ထဲတွင် တစ်ချိန်တည်းနီးပါး ပျောက်ကွယ်သွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသော အင်မော်တယ်ဘုရင်များသည်လည်း ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ကြပြီး ကောင်းကင်မိစ္ဆာတောင်မှ ထွက်ပေါ်လာသည့် မိစ္ဆာဘုရင်များကို ဟန့်တားလိုက်ကြသည်။

ယင်းနောက်တွင် အင်မော်တယ်ဘုရင်များသည် မိစ္ဆာဘုရင်များကို တိုက်ခိုက်ရန်အတွက် သီးခြားနေရာလွတ်ဟင်းလင်းပြင် ထဲသို့ ဆွဲခေါ်သွားခဲ့ကြ၏။

သို့သော်လည်း ဤတစ်ကြိမ် ကောင်းကင်မိစ္ဆာတောင်ကနေ ထွက်ပေါ်လာသည့် မိစ္ဆာဘုရင်များသည် အရေအတွက်ရော အရည်အသွေးအရပါ ယခင်ထက် ပိုမိုသန်မာနေခဲ့သည်။

ထို့ကြောင့် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေမှ အင်မော်တယ်ဘုရင် ဆယ်ပါးကျော် ဤနေရာတွင် ရှိနေစေကာမူ တောင့်ခံရန် ခဲယဥ်းနေခဲ့သည်။

တိုက်ခိုက်ပြီး သိပ်မကြာခင်မှာပင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေတစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်က ငိုကြွေးသည့် နိမိတ်လက္ခဏာ ဖြစ်ပေါ်လာခဲ့သည်။

ဤမြင်ကွင်းသည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေအတွင်းရှိ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ မျက်နှာအမူအရာကို ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားစေခဲ့သည်။

ကောင်းကင်နှင့်မြေပြင် ငိုကြွေးခြင်းသည် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးသွားခြင်း နိမိတ်လက္ခဏာ ဖြစ်သည်။

တိုက်ပွဲစပြီး သိပ်မကြာမီမှာပင် အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးသွားခဲ့သည်။

ယင်းမှာ အင်မော်တယ်လောကဘက်မှ အရေးနိမ့်နေမှန်း ထင်ရှားစွာ သက်သေပြနေခဲ့၏။

အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ ကျဆုံးသွား၍ အင်မော်တယ်လောကရှိ လူတိုင်းက ထိတ်လန့်တုန်လှုပ်မှုကနေ သတိပြန်မဝင်လာနိုင်သေးမီမှာပင် ကောင်းကင်နှင့်မြေပြင် ငိုကြွေးခြင်း နိမိတ်လက္ခဏာသည် နောက်တစ်ကြိမ် ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။

“နောက်ထပ် အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားပြန်ပြီလား”

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော် အတွင်းရှိ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ မျက်နှာသည် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။

အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများသည် အင်မော်တယ်ဧကရာဇ်အဆင့် မရှိတော့သည့် ယနေ့ခေတ်ကာလတွင် အင်မော်တယ်လောက၏ အထွတ်အထိပ် နေရာ၌ ရပ်တည်နေသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ယခုအခါတွင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်မပြည့်မီမှာပင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ဦးသည် ဆက်တိုက်ဆိုသလို ကျဆုံးသွားခဲ့ရ၏။

ယနေ့ခေတ် အင်မော်တယ်လောကသည် ကောင်းကင်မိစ္ဆာတောင်မှ တဖြည်းဖြည်း ပြန်လည်နိုးထလာသည့် မိစ္ဆာမျိုးနွယ်စုများကို ခုခံနိုင်စွမ်း မရှိတော့သည်မှာ ထင်ရှားနေခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်တစ်ခုလုံးသည် အန္တရာယ်ကြီးစွာ ကျရောက်နေပြီ ဆိုလည်း မမှားပေ။

လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြစဥ်မှာပင် အဆုံးမဲ့ဟင်းလင်းပြင်တွင် တိုက်ခိုက်နေကြသည့် အင်မော်တယ်ဘုရင်ကျိချုံးနှင့် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် တို့သည် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ပြီး သီးခြားနေရာလွတ် ဟင်းလင်းပြင်ထဲကနေ ထွက်လာခဲ့ကြသည်။

“ကျိချုံး.. ဒီတစ်ကြိမ် ထွက်ပေါ်လာတဲ့ ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာကောင်တွေကို ငါတို့ရဲ့ခွန်အားနဲ့ တားဆီးဖို့ မဖြစ်နိုင်တော့ဘူး.. တကယ်လို့ ဒီအတိုင်း ဆက်တိုက်နေမယ် ဆိုရင် ငါတို့အားလုံး ဒီနေ့ ဒီနေရာမှာပဲ ကျဆုံးသွားလိမ့်မယ်”

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က အင်မော်တယ်ဘုရင်ကျိချုံးကို ပြောလိုက်သည်။

အင်မော်တယ်ဘုရင်ကျိချုံးက လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။

“မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်မြို့တော်ကို ဆက်ပြီး ထိန်းထားလို့ မဖြစ်နိုင်‌တော့ဘူး.. အားလုံးကို ချက်ချင်းနောက်ဆုတ်ခိုင်းပြီး အခြား ကောင်းကင်နယ်မြေကြီး သုံးခုရဲ့ စစ်ကူတွေ လာတဲ့အထိ စောင့်ကြရအောင်”

ထိုစကားကိုကြားလျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်၏ မျက်နှာအမူအရာထက်တွင် မကျေမနပ် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက ဤနေရာကို နှစ်ပေါင်း မရေမတွက်နိုင်အောင် စောင့်ကြပ်လာခဲ့ခြင်းဖြစ်ပြီး မိစ္ဆာများကို တစ်ခါမှ ကျူးကျော်ခွင့် မပေးခဲ့ပေ။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ အင်မော်တယ်ဘုရင်ကျိချုံးသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေမှ အင်အားစုများနှင့်အတူ ကောင်းကင်မိစ္ဆာတောင်ကို တိုက်ခိုက်ခဲ့၍ သွေးယဇ်ပူဇော်မှုကို ပိုမို အားကောင်းစေခဲ့ပြီး မိစ္ဆာကောင်များကို အလုံးအရင်း ထွက်ပေါ်လာစေခဲ့သည်။

ယင်းက သူတို့ကို အထိနာစေကာ တစ်မြို့လုံးကိုပင် စွန့်လွှတ်ရန် အကြောင်းဖန်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

သို့သော်လည်း မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် စိတ်နှလုံးထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေသည့်တိုင် ဤအချိန်က တိုက်ခိုက်ရမည့်အချိန် မဟုတ်မှန်း ကောင်းစွာ သိနေခဲ့သည်။

ကိစ္စက ဤအဆင့်အထိပင် ရောက်ရှိလာပြီ ဖြစ်ရာ အကယ်၍ သူတို့ အနေဖြင့် နောက်ဆုတ်ရန် မရွေးချယ်လျှင် တစစီ ချေမှုန်းခံလိုက်ရမည် မဟုတ်ပါလား။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် သီးခြားနေရာလွတ် ဟင်းလင်းပြင်ထဲတွင် သူနှင့် တိုက်ခိုက်ခဲ့သည့် မိစ္ဆာဘုရင်သည် သူ့ကို သတ်ဖြတ်ရန်အတွက် တိုးဝင်လာခဲ့သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး အင်မော်တယ်ဘုရင်အဆင့် ဥပဒေသကို အသုံးပြုကာ သီးခြားနေရာလွတ် ကမ္ဘာတစ်ခုကို ဖန်တီးပြီး မိစ္ဆာဘုရင်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က မိစ္ဆာဘုရင်နှင့် ရင်ဆိုင်နေသော အချိန်တွင် အောက်ဘက်ရှိ မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်မြို့တော် အထက်သို့ အနက်ရောင်သံချပ် ဝတ်စုံဝတ် မိစ္ဆာဘုရင်နှစ်ပါး ဆင်းသက်လာခဲ့ကြသည်။

ထိုအနက်ရောင်သံချပ်ဝတ် မိစ္ဆာဘုရင်နှစ်ပါး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာစွမ်းအင်များသည် ကောင်းကင်နှင့်မြေပြင်ကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ရှိ မရေမတွက်နိုင်သော ဟန်ယွင်အဆင့် ကျင့်ကြံသူများ ဦးဆောင်ကြီးကြပ်ထားသည့် ကာကွယ်ရေး အတားအဆီးကို ပြိုလဲပျက်စီးသွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် လေထဲရှိ မိစ္ဆာဘုရင်နှစ်ပါးကို ကြည့်ကာ သူတို့၏ မျက်နှာ၌ မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များ ထင်ဟပ်လာခဲ့ကြသည်။

လက်ရှိအချိန်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၌ အင်မော်တယ်ဘုရင်တစ်ပါးမျှပင် မရှိတော့သည် ဖြစ်ရာ သူတို့အနေဖြင် မိစ္ဆာဘုရင်နှစ်ပါးကို မည်ကဲ့သို့ ခုခံနိုင်ပါတော့မည်နည်း။

ရှင်းလင်းစွာဆိုရလျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်က ယနေ့တွင် လုံးဝ ပျက်သုဥ်းရမည်မှာ သေချာသလောက် ရှိနေခဲ့၏။

“အချိန်မဖြုန်းဘဲ ဒီမိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ကို ဖျက်ဆီးလိုက်ကြရအောင်”

စကားဆုံးသည်နှင့် မိစ္ဆာဓားကို ကိုင်ဆောင်ထားသော အနက်ရောင်သံချပ်ဝတ်စုံဝတ် မိစ္ဆာဘုရင်သည် အောက်ဘက်ရှိ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ဆီသို့ ဓားချက်တစ်ချက်ကို ခုတ်ပိုင်းချလိုက်သည်။

ဤဓားချက်သည် အလွန်တရာ မိစ္ဆာဆန်လွန်းပြီး ကမ္ဘာလောကကြီးကို တစ်ခဏအတွင်း သီးခြားစီ ခွဲထုတ်ပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ကာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားသည် ဝုန်းခနဲ ထိုးဆင်းလာခဲ့သည်။

အကယ်၍ ထိုစွမ်းအားသာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်သို့ ကျရောက်သွားခဲ့မည် ဆိုလျှင် မြို့တော်တစ်ခုလုံးကို တစ်ခဏအတွင်း အပျက်အစီးပုံများ အဖြစ်သို့ ပြောင်းလဲပစ်ရန် လုံလောက်လိမ့်မည် ဖြစ်၏။

“ပြီးသွားပြီ.. မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်မြို့တော်ကတော့ ပျက်စီးသွားပြီ”

ဤအခိုက်အတန့်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်အတွင်းမှ မရေမတွက်နိုင်သော လူများ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြပြီး သူတို့၏ မျက်လုံးများကို မှိတ်ထားလိုက်ကြရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။

သို့သော်လည်း မျှော်လင့်မထားသော အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။

အနက်ရောင်သံချပ် ဝတ်စုံဝတ် မိစ္ဆာဘုရင် ခုတ်ပိုင်းလိုက်သော ဓားချက်သည် သူတို့ဆီသို့ ကျရောက်မလာခဲ့ပေ။

လူတိုင်းက ဇဝေဇဝါဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ကြသည်။

ထိုအခါ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ အထက်ကောင်းကင်ယံတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို သူတို့ တွေ့လိုက်ရ၏။

အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် လက်တစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ကမူ အနက်ရောင်သံချပ် ဝတ်စုံဝတ် မိစ္ဆာဘုရင်၏ လက်ထဲမှ ဓားကို ဖမ်းဆွဲထားသည်။

လူတိုင်းက မှင်တက်သွားခဲ့ပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြသည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ သေရေးရှင်ရေးအကျပ်အတည်းတွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ရုတ်တရက် ထွက်ပေါ်လာပြီး အနက်ရောင်သံချပ်ဝတ် မိစ္ဆာဘုရင်၏ ဓားကို လက်ဗလာဖြင့် ဟန့်တားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

“သူပါလား”

ဤအခိုက်အတန့်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်အတွင်းမှ ကျန်းချန်၏ အကြောင်းကို သိရှိထားကြသူ တချို့၏ မျက်ဝန်းထဲ၌ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြသည်။

သူတို့ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်သည် အင်မော်တယ်ဘုရင် ကျိချုံးတို့ ရောက်မလာမီက ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာများကို တစ်သုတ်ပြီး တစ်သုတ် မောင်းထုတ်နိုင်ခဲ့ခြင်းမှာ ထိုပုဂ္ဂိုလ်၏ အကူအညီကြောင့် ဖြစ်သည်။

ယခု ထိုပုဂ္ဂိုလ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ရာ မိစ္ဆာဘုရင်နှစ်ပါးကို နှိမ်နင်းနိုင်မည့် မျှော်လင့်ချက်ရှိလာခဲ့ပြီ မဟုတ်ပါလား။

အခန်း(၃၀၀၅)ပြီး၏။

All Chapters